အခန်း (၂၁၀)
Vol. 14 Ch. 210
ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် အိုလတ်ဂ်တို့မှာ ရှေ့သို့ခြေတစ်လှမ်းတိုးရုံရှိသေးစဥ်မှာပင် သူတို့၏အရှေ့တွင်ရှိနေသောရန်သူများအားလုံးသေဆုံးသွားပြီဖြစ်ကြောင်းကို သိရှိလိုက်ရသည်။ သူတို့အားလုံးကြောင်တောင်တောင်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ လမ်းပါ့ဒ်သည်အရင်ဦးစွာ လှုပ်ရှားလိုက်သည့်အတွက် သူတို့အတွက်လုပ်စရာပင်မကျန်ရှိတော့ချေ။
လူငယ် လူကာမှာ ဖှေးနောက်ကျောမှ အသာချောင်းကြည့်လိုက်ပြီး သူမြင်တွေ့လိုက်ရသည့်အရာကြောင့်ကြက်သေသေသွားတော့သည်။
“မကောင်းဆိုး၀ါး အယောက်လေးဆယ်က အကုန်သေသွားကြပြီလား...” လူငယ်မှာ သူ၏မျက်လုံးကိုပင်မယုံနိုင်ဖြစ်သွားသည်။
“လူတွေအားလုံးရင်ပြင်ပေါ်လာပြီး ခံစစ်ပုံပြင်ထားကြတော့။”
ဖှေးအော်ဟစ်အမိန့်ပေးလိုက်ပြီး အံ့သြနေသည့် လူငယ်အားရုတ်တရက်မချီကာ လေပေါ်သို့ပြန်တက်သွားသည်။ သူ၏အားလူတိုင်း၏ နားမှကြားလိုက်ရသည့်အချိန်တွင် သူသည်ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ပုံရိပ်ယောင်အနည်းငယ်သာ ကျန်ရှိခဲ့တော့သည်။ ဖှေးအသံကိုကြားလိုက်ရသည့် ဆရာခြောက်ပါးမှာ ချက်ချင်းတပ်ဖွဲ့ထံသို့ ပြန်သွားကာ စစ်သည်များကို ရင်ပြင်သို့ခေါ်ဆောင်လာခဲ့သည်။ ဥပဒေပြုစစ်သည်အယောက်၁၀၀နှင့် သူတော်စဥ်စစ်သည်အယောက်၅၀တို့မှာ သံမဏိနံရံများကိုဖန်တီးကာ ပတ်၀န်းကျင်သို့သတိကြီးကြီးထားပြီး အသင့်အနေထားဖြင့်ရှိနေကြ၏။
“မင်းပြောတဲ့ အဖိုးဇိုလာဆစ် စီကို ငါ့ကိုခေါ်သွားပေး။”
ဖှေး၏တည်ငြိမ်သောအသံကို လူငယ်၏နားထဲတွင်ရှင်းလင်းစွာကြားလိုက်ရသည်။ သို့သော် ပုန်းကွယ်ထားသည့် ဒေါသကိုလည်းလူငယ်ကြားလိုက်ရသည်။ ဤလူငယ်အား အံ့ဩစေသည်မှာ သူ၏မျက်လုံးရှေ့တွင်ရှိနေသည့် မြင်ကွင်းများမှာ လျှင်မြန်စွာပြောင်းလဲနေခြင်းပင်။ လူငယ်မှာ သူသည် ယခုကဲ့သို့ လေပေါ်တွင်ပျံသန်းနေရမည်ဟု တစ်ခါမှပင်မတွေးဖူးချေ။ ဖှေး၏စွမ်းအားများကြောင့် လူသေချာစွာပင်ထိတ်လန့်အံ့သြလျှက်ရှိနေ၏။ သူဖှေး၏မေးခွန်းကို ကြားသည့်အချိန်တွင လျှင်မြန်စွာပင် လမ်းကြောင်းကိုညွှန်ပြလိုက်သည်။
“ဘယ်ကောင်ဒီနေရာကို ၀င်လာရဲတာလဲကွ...”
သူတို့အောက်တွင်ရှိနေသည့် မဟူရာစစ်သည်တစ်ချို့မှာ သူတို့ခေါင်းပေါ်တွင် ခုန်ကျော်ကာသွားလာနေကြသည့် လူများကိုမြင်လိုက်ရသဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဖှေးသူတို့အား အရေးမလုပ်ချေ။ လျှပ်စီးကဲ့သို့ပင် လူကာညွှန်ပြရာအရပ်သို့သာ တဟုန်ထိုးသွားလာနေသည်။
“ဒါကတားမြစ်နယ်မြေပဲ ရပ်လိုက်”
“ရပ်..မရပ်ရင်ပစ်မှာနော်..”
ဖောက်ထွင်း၀င်ရောက်လာသူမှာ သူတို့၏စကားများကိုကြားသော်လည်း ရပ်တန့်သွားခြင်းမရှိသည့်အတွက် မဟူရာတိုင်းပြည်မှစစ်သည်များ အံ့သြသွားသည်။ စစ်သည်အရာရှိတစ်ယောက်၏ အမူအရာမှာ ရုတ်တရက်မှောင်မဲလာပြီး ပစ်မိန့်ပေးလိုက်ရာမြှားပေါင်းများစွာသည့် ဖှေးနှင့် လူကာတို့ထံသို့ မိုးများကဲ့သို့ရွာကျလာတော့သည်။
“လစ်စမ်းကွာ...”
ဖှေးလွန်စွာ ဒေါသဖြစ်စိတ်ဆိုးလာသည်နှင့် အတူအလင်းတန်းတစ်ခုသည်လည်း သူ၏မျက်လုံးများအတွင်းတွင် လင်းလတ်သွားသည်။ လူရိုင်းဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး လေထဲတွင်လက်သီးဖြင့်ထိုးလိုက်၏။ ပေါင်ချိန်တစ်သိန်းခန့်အားအင်ရှိသည့် လက်သီးချက်များကို လေထဲတွင်ထိုးနှက်လိုက်သဖြင့် လေပေါ်တွင်ကျယ်လောင်သည့် ဆူညံသံများထွက်ပေါ်လာတော့သည်။ ဤအင်အား၏အောက်တွင် လေထုသည် ဖိသိပ်ခြင်းခံလိုက်ရသည်။ မြင့်မားသည့် ဖိအားမှာ အောက်သို့ဆင်းသက်သွား၏။ ဤဖြစ်ရပ်မှာ လေအမြောက်တစ်လက်ဖြင့် ပစ်လိုက်သကဲ့သို့ပင်။ သန်မာသည့်ခံတပ်နံရံများမှာ မမြင်နိုင်သည့် လေဖိအားများ၏ရိုက်ခတ်ခြင်းကိုခံလိုက်ရသဖြင့် စက္ကူများဖြင့်ပြုလုပ်ထားသကဲ့သို့ပင် လဲပြိုကာကျဆင်းလာတော့သည်။ ထိုနံရံများပေါ်တွင် ရပ်နေကြသည့်စစ်သည်များလည်း အော်ဟစ်ကာအောက်သို့ပြုတ်ကျကုန်ကြတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ကျန်ရှိနေသည့် မဟူရာတိုင်းပြည်မှ စစ်သည်များအားလုံးကျက်သေသေကုန်ကြတော့သည်။
ဤကဲ့သို့စွမ်းအားမျိုးမှာ သူတို့သိနိုင်သည့်ပမနထက်ပင် ကျော်လွန်နေသောကြောင့်ပင်။ လက်နက်များကိုင်ထားသည့် သူတို့၏လက်များတုန်ခါလာကြတော့သည်။ မည်သူမျှမြှားများပစ်ခတ်ခြင်းမပြုကြရဲတော့ပဲ ပျံသန်းနေသည့်သေမင်းသူတို့ထံသို့ရောက်ရှိလာမည်ကို ကြောက်လန့်နေကြတော့သည်။
“ဒူ.....”
တိုက်ပွဲအချက်ပေးသံသည့် တိုင်းပြည်ထဲတွင်ထွက်ပေါ်လာတော့ရာ မဟူရာတိုင်းပြည်မှစစ်သည်များ၏မျက်နှာများ အရောင်ပြောင်းလဲကုန်ကြသည်။ ဤအချက်ပေးသံမှာ တစ်စုံတစ်ခုသာ အဓိပ္ပာယ်ရသည်။ ရန်သူများသည် မြို့အတွင်းသို့ပင်ရောက်ရှိလာနေပြီဖြစ်သဖြင့် စစ်သည်တိုင်းတိုက်ပွဲအတွက်ပြင်ဆင်ရတော့မည်ဖြစ်သည်။ ရန်သူနှင့် အသေအကြေတိုက်ပွဲ၀င်ရန်အတွက် မဟူရာတိုင်းပြည်မှစစ်သည်များလက်နက်များချပ်၀တ်များကို တပ်ဆင်ကာအဆင့်သင့်ပြင်ကြရတော့သည်။
တစ်ချိန်တည်းမှာပင်။
တောက်တစ်ဖက်တွင်ရှိသောခိုင်မာသည့် လျို့၀ှက်အခန်းတစ်ခုထဲတွင် ရွှေရောင်ဆံပင်ရွှေရောင်မုတ်ဆိတ်နှင့် မဟူရာတိုင်းပြည်ဘုရင်မှာ လျို့၀ှက်ထူးဆန်းသည့်လူတစ်ယောက်နှင့် သောက်စားရင်းတစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ အချက်ပေးသံကိုကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်မှာအမူရာမှာရုတ်တရက်ပြောင်းလဲသွားပြီး လိုဏ်ဂူအ၀သို့လမ်းလျှောက်သွားသည်။ သူအပြင်သို့ရောက်သည့်အချိန်တွင် ဖှေးလေပေါ်မှနေ၍ ခံတပ်များကိုဖျတ်ဆီးနေသည့် မြင်ကွင်းကိုမြင်လိုက်ရတော့သည်။
“ခွမ်း...”
မဟူရာဘုရင်၏လက်ထဲတွင်ရှိနေသည့် ၀ိုင်ခွက်မှာ တစ်စစီကြေမွသွားတော့သည်။ သူ၏ခန္ဓာကိုယ်သည်လည်းတုန်ခါလာပြီး “ချမ်းဘော့ဒ်ဘုရင်မင်းကတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေပြီ...”
.....
.....
ဆယ်မိနစ်ခန့်အကြာတွင် ဖှေးနှင့် ပိန်ခြောက်နေသည့်ကောင်လေးလူကာတို့မှာ ကောင်လေး၏လမ်းညွန်မှုနှင့်အတူ မဟူရာခံတပ်၏အနောက်တွင်ရှိနေသည့် တောင်စွန်းတစ်ခုသို့ရောက်ရှိလာကြတော့သည်။
တောင်စွန်းအောက်တွင် မီတာ၁၀၀မကကျယ်၀န်းသည့် ကျဥ်းကြီးတစ်ခုကို လူများ၏အင်အားဖြင့်တူးဖော်ထားပုံရသည်။ တွင်း၏အောက်ခြေတွင် လူသေအလောင်းထောင်ပေါင်းများစွာ စုပုံနေသည်နှင့်အတူ အပုတ်နံ့များမှာလည်းတွင်းထဲမှ ထွက်လာလျှက်ရှိသည်။
ထိုလူအများစုမှာ လွန်ခဲ့သည့်ရက်ပေါင်းအနည်းငယ်ခန့်ကမှ သေဆုံးသွားသူများဖြစ်ကြလိမ့်မည်။ သူတို့ကိုယ်ပေါ်တွင် အနီရောင်သွေးစက်များ၊ ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်။ အလွန်ပိန်ကျနေပြီး အရိုးပေါ်အရေတင်ရုံမျှသာ အသားရေများရှိကြသည်။ ဤကျင်း၏အောက်ခြေဆုံးနေရာတွင်ရှိနေသည့် အလောင်းများမှာ လွန်ခဲ့သည့် ၁၀ရက်၁၅ရက်ခန့်က သေဆုံးသွားသည့် အလောင်းများဖြစ်ကြသည်။ ဆောင်းဦးဖြစ်ပြီး ရာသီဥတုမှာအေးစက်နေသော်လည်းအလောင်းများမှာ မျက်နှာပုံများပျက်သည်အထိပင် ပုတ်ပွနေပြီးဖြစ်သည်။ အ၀ါရောင်အရည်များသည် အလောင်းများထံမှ စီးထွက်နေပြီး အဖြူရောင်လောက်ကောင်များဖြင့်ပြည့်နှက်နေသည်။ အ၀ေးမှကြည့်ပါက ဖှေးလှုပ်လှုပ်ရွရွဖြစ်နေကြသည့် အဖြူရောင်များကိုသာမြင်နိုင်စွမ်းရှိသည်။ အစစ်မှန်ငရဲခန်းတစ်ခုကဲ့သို့ပင်။
“ဦးလေးဇိုလာရစ်က အဲ့နားလေးမှာ...ကျေးဇူးပြုပြီးသူ့ကိုကယ်တင်ပေးပါ....” လူငယ်မှာ ပိန်ကပ်ကာ အလောင်းကဲ့သို့ပင်ဖြစ်နေပြီဖြစ်သော လူတစ်ယောက်ကိုညွှန်ပြကာ စိုးရိမ်စွာဖြင့်အော်ဟစ်လိုက်သည်။
ဖှေး ဒရူးဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ငှက်ကြီးတစ်ကောင်ကိုဆင့်ခေါ်ကာ သူ၏လက်ကို၀ှေ့ရမ်းလိုက်သည်။ ငှက်ကြီးမှာ လေပေါ်တွင်အော်ဟစ်၍ ထိုအလောင်းကဲ့သို့ဖြစ်နေသာ ခန္ဓာကိုယ်ကိုသယ်ဆောင် တောင်ထိပ်သို့ပျံသန်းသွားသည်။ ဖှေး လူကာကိုဆွဲကိုင်လိုက်ပြီး မြေပေါ်တွင် ခြေအနည်းငယ်ဆောင့်ကာ တောင်ပေါ်သို့ခုန်တက်သွားသည်။
တောင်ထိပ်တွင် လေ၀င်လေထွက်ကောင်သဖြင့် အပုတ်နံ့မှာလည်းဤနေရာတွင် သိပ်ပြီးမဆိုး၀ါးလှချေ။
အသေးစိတ်လေ့လာစစ်ဆေးပြီးနောက်တွင် ဤအဘိုးကြီးများ စက္ကန့်အနည်းငယ်အတွင်းမှာပင် သေဆုံးတော့မည်ဖြစ်ကြောင်းကို ဖှေးသိလိုက်ရသည်။ သူ၏နှလုံးခုန်သံမှာ အလွန်လျော့နည်းနေပြီးဖြစ်သဖြင့် ဖှေးအာရုံခံနိုင်သည်ဆိုရုံမျှသာ ခံနိုင်တော့သည်။ သူ၏ ဒူးတွင်ရှိသောအရိုးများမှာ ရက်စက်သည့် နည်းလမ်းတစ်ခုကိုအသုံးပြုကာ ချိုးခြေခြင်းခံထားရပုံရသည်။ သူ၍လျှာမှာဖြတ်ထုတ်ခြင်းခံထားရသည်။ မျက်လုံးတစ်လုံးကိုလည်းဖောက်ထုတ်ထားသည်။ လက်တစ်ဖြတ်ကိုလည်း ပိုင်းဖြတ်ထား၏။ သူသည် အလွန်ဆိုး၀ါးသည့်အခြအနေတစ်ခုတွင် ရှိနေရာ သူအချိန်ကြာမြင့်သည်အထိမည်သည့်အစာမှ စားသောက်ရခြင်းမရှိသည့်အတွက် အသက်အနည်းငယ်သာကျန်ရှိတော့သည်။
“ဦးလေး ကျေးဇူးပြုပြီးသူ့ကိုကယ်ပေးပါ...ကျေးဇူးပြုပြီး သူ့ကိုကယ်တင်ပေးပါ..” အဘိုးကြီး၏အခြအနေကိုမြင်ရသည့်အချိန်တွင် လူကာ၏မျက်လုံးများမှ မျက်ရည်များသည် ရေပန်းကဲ့သို့စီးကျလာတော့သည်။
“အား..နာလိုက်တာ...လူလေးလူကာလား...မငိုပါနဲ့လူလေးရယ်...ချမ်းဘော့ဒ်ကယောက်ျားတွေကဘယ်တော့မှ မငိုဘူးကွ...”
သေဆုံးခါနီးအခိုက်တန့်ဖြစ်သောကြောင့် ဖြစ်ပုံရ၏။ အဘိုးကြီးမှာ အံ့သြဖွယ်ကောင်းစွာပင် သတိပြန်လည်လာတော့သည်။ မျက်နှာတွင်ညင်သာသည့်အပြုံးတစ်ခုနှင့်အတူ သူ့အားဖက်တွယ်ကာ ငိုကြွေးနေသည့် လူငယ်ကိုမျက်လုံးတစ်ဖက်ထဲဖြင့် ကြည်ရှုလိုက်သည်။ သူလူကာ၏ဦးခေါင်းကို သူ၏ခြောက်သွေ့ကာ အိုမင်းနေသည့် လက်များဖြင့်ပွတ်သပ်လိုက်သည်။ ကျန်ရှိနေသောခွန်အားများကို စုစည်းကာ သူ၀ေ၀ေ၀ါး၀ါးဖြင့်ပြောလိုက်သည်။ “လူလေး...မင်းသတ္တိရှိရှိနဲ့နေသွားရမယ်..တစ်ချိန်ကျချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်ငါတို့ကို လာကယ်တဲ့အချိန်ကျရင် ငါတို့ခံစားခဲ့ရတဲ့၀ေဒနာတွေ၊ ဒုက္ခတွေကို ပြောပြလိုက်ပါ...အရှင်မင်းကြီးက ငါတို့အတွက် လက်စားချေပေးလိမ့်မယ်...”
“ဦးလေးဇိုလာရစ် ကျွန်တော်ဦးလေးကိုကယ်တင်မယ့်တစ်ယောက်ကို တွေ့ခဲ့တယ်..ဦးလေးအဆင်ပြေမှာပါ...ဦးလေးအကုန်အဆင်ပြေသွားမှာပါ...” လူငယ်မှာ ရှိုက်ကြီးတင်ငိုကြွေးနေသည်။ သူတစ်ဖက်သို့လှည့်ကာ ဖှေးရှေ့တွင်ဒူးထောက်လိုက်ပြီး အသနားခံနေသည်။ “ဦးလေး..ဦးလေး ကျေးဇူးပြုပြီး ဒီကဦးလေးဇိုလာရစ်ကိုကယ်တင်ပေးပါ။”
ဖှေး ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ရွှေရောင်စွမ်းအင်များသည် ချက်ချင်းပင် အဘိုးကြီးခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။
ရွှေရောင်အလင်းတန်းမှာ အဘိုးကြီး၏ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာပြီး သူ၏ပြင်ပတွင်ရှိနေသောဒဏ်ရာများသည်လည်းစတင်၍ ပျောက်ကင်းလာတော့သည်။ သို့သော် အဖိုးကြီးမှာ များပြားလှသည့်ဒဏ်ရာများကိုခံစားနေရသည်။ တစ်ချို့ခန္ဓာကိုယ်အစိတ်ပိုင်းများမှာ ရှိပင်မရှိတော့ပေ။ သူသည်ဆာလောင်နေပြီး ခန္ဓာကိုယ်မှာ ကောင်မွန်စွာအလုပ်အလုပ်တော့ချေ။ [ကုသခြင်း]အစွမ်းမှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ခြင်းမရှိပေ။ ဖှေးစဥ်းစားကြည့်လိုက်ကာ ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကိုထုတ်ယူလိုက်သည်။ ပုလင်းမှဆေးရည်တစ်၀က်ခန့်ကို အဘိုးကြီး၏ဒဏ်ရာများပေါ်သို့လောင်းချလိုက်ပြီး ကျန်ရှိနေသည့်တစ်၀က်ကိုအဘိုးကြီး၏ ပါးစပ်အတွင်းသို့လောင်းချလိုက်သည်။
အံ့သြဖွယ်ရာတစ်ခု စတင်ကာဖြစ်ပျက်တော့သည်။
အဘိုးကြီး၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများမှာမြင်နိုင်သည့် အမြန်နှုန်းဖြင့်စတင်ပျောက်ကင်းလာတော့သည်။ မျက်စိတမိတ်အတွင်းမှာပင် ပြတ်ထွက်နေသောလက်မှ အရိုးများစတင်ကာ ကြီးထွားလာသည့် အသားများပြန်လည်ပြည့်တင်းလာတော့သည်။ ဖောက်ထုတ်ခြင်းခံထားရသည့် မျက်လုံးမှာလည်းတစ်နည်းနည်းဖြင့် ပြန်လည်ကာဖြစ်ပေါ်လာတော့သည်။ ကျိုးကြေနေသည့်ခြေထာက်ရိုးများမှာလည်း အကောင်းပတိပြန်လည်ဖြစ်လာတော့သည်။ ပြန်လည်သစ်လွင်ဆေးပုလင်းမှာ ဒိုင်ရာဘလိုကမ္ဘာတွင်ရှိသည့် ထိပ်တန်းဆေးပုလင်းများထဲမှတစ်ခုဖြစ်သည်။ ဤသာမန်အဖိုးကြီးကို လွယ်ကူစွာပင်အကောင်းပတိအတိုင်းပြန်ဖြစ်ရန်အတွက် ကုသနိုင်သည်။
အေးစက်သည့် လေပြေတစ်ခုတိုက်ခတ်သွားသည်နှင့်အတူ အဖိုးကြီးဇိုလာရစ်မှာလည်း အပြည့်၀ပြန်လည်ကာ သတိရလာတော့သည်။
သူ သူ၏လက်များ၊ မျက်လုံးများကို ထိကိုင်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ခြေထောက်ကိုထိကိုင်ကြည့်လိုက်ပြီး သူ၏အာရုံခံစားမှုများကိုမယုံနိုင်ဖြစ်နေတော့သည်။ “ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း...ငါ..ငါသေတာ့မှာမဟုတ်ဘူးလား...” သူတွေးလိုက်မိသည်။ သူသည်အသက်ရွယ်ရနေသည့်အဘိုးကြီးတစ်ယောက်ဖြစ်သဖြင့် ဖြစ်ရပ်ပေါင်းများစွာကို ကြုံတွေ့ဖူးသည်။ သူသည် အံ့သြလွန်းဖြင့် စကားမပြောနိုင်ပင်ဖြစ်နေသည့် လူကာကိုတစ်ချက်ကြည့်လိုက်ပြီး သေခါနီးတွင်ဖြစ်ပေါ်ခဲ့သည့် အရာများကိုပြန်လည်သတိရသွားသည်။ ထို့နောက်တွင် လူကာ၏ဘေးတွင်ရှိသောလူငယ်တစ်ယောက်ကိုကြည်လိုက်သည်။
ဤလူမှာ သာမန်လူတစ်ယောက်မဟုတ်ပေ။ သူဖြစ်ခဲ့သည်များကို ချက်ချင်းပင်သဘောပေါက်နားလည်သွားတော့သည်။
“ဒီလူငယ်က ငါ့ကိုကယ်တင်ခဲ့တာပဲ...”
ဤသည်မှာ အံ့သြဖွယ်ရာပင်။
ဤသည်မှာ မဖြစ်နိုင်သည့်အရာတစ်ခုပင်။
“ကျွန်တော့အသက်ကို ကယ်တင်တဲ့အတွက်ကျေးဇူးတင်ပါတယ်...” အဘိုးကြီးမှာ ချက်ချင်းပင် ဖှေး၏အရှေ့တွင်ဒူးထောက်ကာအရိုသေပြု၍ ကျေးဇူးတင်စကားပြောလိုက်သည်။ “ကျွန်တော် ဒီကလူငယ်ရဲ့နာမည်ကို သိခွင့်ရမလား...ချမ်းဘော့ဒ်တိုင်းပြည်ကလူတွေက လူလေးရဲ့ကြင်နာသနားမှုကိုအမြဲသတိရနေမှာပါ...” သူမေးလိုက်သည်။
“အဘိုး...ကျေးဇူးပြုပြီးထပါ...ကျွန်တော်..ကျွန်တော်က...” ဖှေး၏မျက်နှာပေါ်တွင်ရှက်ရွံ့သည့် အမူရာတစ်ခုထွက်ပေါ်လာသည်။ အချိန်ခိုက်တန့်တစ်ခုကြာ သူအဖိုးကြီး၏မျက်လုံးများအတွင်းသို့ စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် တစ်စက္ကန့်ကြာတွေ၀ေသွားပြီး ပြန်ဖြေလိုက်၏။ “ကျွန်တော်ကချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်အသစ် အလတ်ဇန္ဒားပါ...”