အခန်း (၂၁၉)
Vol. 15 Ch. 219
မဟူရာဘုရင်၏ ခေါင်းထဲတွင် မေးခွန်းများဖြင့်ပြည့်နှက်နေသည်။ “ဘာတွေဖြစ်ကုန်တာလဲ..ဘာလို့ငါ့ခေါင်းထဲမှာ အဲ့လိုရက်စက်ကြမ်းကြုတ်တဲ့အကြံတစ်ခုက ရုတ်တရက်ပေါပေါက်လာရတာလဲ။ ငါထိန်းချုပ်မှုကင်းမဲ့သွားတော့မလို့...”
ဤဆံပင်အမဲရောင်နှင့်မင်းသားအီဗန်မှာ မဟူရာတိုင်းပြည်အနေဖြင့် ရန်သွားမစသင့်သည့် မင်းသားတစ်ပါးဖြစ်ကြောင်းသူ့ကိုယ်သူပြောကာ သူ၏ဓားဆုပ်ကိုင်ထားသည့် လက်များကိုလွှတ်ချလိုက်သည်။ သို့သော် ဆုပ်ကိုင်ထားကို လွှတ်ရသည်မှာ သူ့အတွက် သူ၏စစ်သည်များနှင့် မဟူရာခံတပ်ကို လက်လွှတ်ဆုံးရှုံးရသည်ထက်ပင် ပို၍ခံရခက်နေကြောင်းကိုသတိထားလိုက်မိသည်။
ဆံပင်အနက်နှင့် မင်းသားအီဗန်မှာ ဤကိစ္စများကို သိရှိခြင်းမရှိပေ။ အရှေ့မှနေ၍ မြင်းစီးကာသွားနေ၏။
သူ၏အနောက်တွင် သွေးဆာနေသည့်မျက်လုံးနှစ်စုံမှာ သူ့အားစိုက်ကြည့်နေသည်ကို သူသတိမထားမိခဲ့ချေ။ သေမင်းသည်သူအနားတွင် နီးနီးကပ်ကပ်ရှိနေသည်ကို လည်းသူသိရှိခြင်းမရှိပေ။
သူတို့နှစ်ယောက်လုံးတိတ်တဆိတ်ဖြင့် မြင်းစီးကာ မဟူရာနန်းတော်သို့ပြန်လာခဲ့ကြသည်။
သူတို့နှစ်ယောက်မှာ ချမ်းဘော့ဒ်ဘုရင်အားကြောက်လန့်ခဲ့မိကြသည်။ တစ်ယောက်မှာ မြင်းပေါ်မှပြုတ်ကျခဲ့သဖြင့် မူးနှောက်နေဆဲဖြစ်သည်။ ကျန်တစ်ယောက်မှာ အနောက်သို့ပင် ပြန်လှည့်မကြည့်တော့ပဲ ကြောက်လန့်တကြားထွက်ပြေးလာခဲ့သူဖြစ်သည်။ မင်းသားအီဗန်မှာ ဖှေးအောက်လမ်းဆရာဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ပြုလုပ်ခဲ့သည်များကို မမြင်လိုက်ရချေ။ သူသည်လည်း မဟူရာဘုရင်ကဲ့သို့ပင် ဖြစ်ပျက်ခဲ့သည်များကို တခြားသူများအား ပြန်ပြောပြရန်အတွက် ရှက်ရွံ့နေသည်။
တစ်ချိန်တည်းမှာပင် မင်းသား၏အဖြူရောင်သိမ်းငှက်ကြီးသည် တိမ်တိုက်များအတွင်းသို့၀င်ရောက်ပျံသန်းကာ ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားတော့၏။
.......
.......
မဟူရာခံတပ်အတွင်းတွင်ရှိသော မြေအောက်ခန်းတစ်ခုအတွင်းတွင်ဖြစ်သည်။
အပြင်မှအော်ဟစ်သံများကို မြေအောက်ခန်းထဲမှပင် ကြားနေခဲ့ရခြင်းကြောင့် မြေအောက်ခန်းအတွင်းတွင်ရှိနေသောလူများ၏ သိလိုစိတ်မှာလည်းတစ်စထက်တစ်စပို၍ပြင်းပြလာ၏။
“မယုံနိုင်းစရာပဲ ဘယ်လိုလူကများမဟူရာခံတပ်ထဲမှာ ဗရမ်းဗတာအခြေနေတစ်ခုကို ဖန်တီးလိုက်တာလဲ...”
စိုစွတ်ကာ အေးစက်နေသည့် ကျောက်နံရံတစ်ခုပေါ်တွင် ချိန်းကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသည့် ပိန်ကပ်နေသောလူတစ်ယောက်မှာ ဘေးတွင်ရှိသော သူ၏သူငယ်ချင်းကို မေးမြန်းလိုက်သည်။ သူသည် လက်ကောက်၀တ်ကိုသာ လှုပ်ရှားနိုင်တော့၏။ ထောင်စောင့်တစ်ယောက်မှာ ဤလူ၏ခြေလက်နေရာများပြားကို ဆူးချွန်ပါရှိသည့် သံမဏိချိန်းကြိုးများဖြင့် ချည်နှောင်ထားခဲ့သည်။ ဒဏ်ရာများမှာ ပျောက်ကင်းစဖြစ်သော်လည်း ထိုလူလှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် ဆူးများစိုက်၀င်ကာ ဒဏ်ရာအသစ်များဖြစ်ပေါ်လာ၏။ အနီရောင်သွားများမှာ အောက်တွင် ထိုလူ၏ဒူးသို့ရောက်သည်ထိတိုင်မြုပ်နေသည့် အမဲရောင်အရည်များထဲသို့ကျဆင်းလျှက်ရှိသည်။ အံ့သြစရာကောင်းသည်မှာ ထိုသူ၏ခန္ဓာကိုယ်မှာ ပိန်ချောက်ကပ်ပြီး ဒဏ်ရာများဖြင့်ဖုံးလွှမ်းနေသော်လည်း သူ၏မျက်နှာ အမူအရာမှာ ငရဲခန်းသို့ရောက်ရှိနေသည်နှင့်မတူပဲ ပေါ့ပေါ့ပါးပါးသာဖြစ်နေခြင်းပင်။ သူ၏မျက်နှာတွင် အပြုံးတစ်ခုသာအမြဲရှိနေပြီး မျှော်လင့်ချက်ကင်းမဲ့ကာ စိတ်ဓာတ်ကျနေသည့် အမူယာမျိုးလုံး၀မရှိပေ။
“ကုန်သည်အဖွဲ့တစ်ခုခုက မဟူရာစစ်သည်တွေရဲ့အနိုင်ကျင့်စရာ ပစ်မှတ်တစ်ခုဖြစ်သွားတာနေမှာပေါ့...ဒါမှမဟုတ်ရင် အရင်တစ်ခါတွေကလို မဟူရာဘုရင်က လူတစ်ဖွဲ့ကို ငွေတစ်ခုတည်းအတွက်ကြောင့်သတ်လိုက်ပြန်ပြီထင်တယ်...” ထိုလူ၏ဘေးတွင်ရှိသော တစ်စုံတစ်ယောက်မှာ ပြန်လည်ကာဖြေကြားလိုက်သည်။ “မင်းက အံ့ဩဖွယ်ဖြစ်ရပ်တစ်ခုကို မျှော်လင့်နေသေးတာလား။ သေချာနားစိုက်ထောင်ကြည့်ပါဦး။ ဆူညံသံတွေထပ်ပြီး မထွက်ပေါ်လာတော့ပြီလေ။ သနားစရာသားကောင်တွေပဲ။ သူတို့လဲမကောင်းဆိုး၀ါးတွေရဲ့အမဲဖြတ်တာကို ခံလိုက်ရပြန်ပြီထင်တယ်...”
“မင်းတွေးနိုင်သေးတယ်ဆိုရင်တော့ ငါတို့ရဲ့ကံကြမ္မာကိုပဲ တွေးကြည့်လိုက်ပါကွာ။ မဟူရာဘုရင်က ငါတို့ချမ်းဘော့ဒ်ကမိုင်းတွင်းကျေးကျွန်တွေကို တကယ်ပဲအကုန်သတ်ပစ်တော့မှာ ထင်ပါတယ်...”
ချမ်းဘော့ဒ်မှာမိုင်းတွင်းလုပ်သားကျေးကျွန်များအားလုံးကို ဤမြေအောက်ခန်းထဲတွင် စုစည်းကာထားရှိထားခြင်းဖြစ်သည်။ ဤမြေအောက်အကျဥ်းခန်းမှာ ချမ်းဘော့ဒ်တွင် ယခင်ကရှိခဲ့သည့် မြေအောက်ရသံမဏိအကျဥ်းထောင်နှင့်များစွာဆင်တူသည်။ သို့သော် အခြေအနေများမှာ အဆတစ်ရာခန့် ပို၍ဆိုး၀ါးလှသည်။ မြေအောက်ခန်းထဲတွင် ရေဆိုးများမှာ ဒူးလောက်ထိပြည့်နှက်နေပြီး ရေပေါ်တွက် ပုပ်ပွနေသာ ကြွက်၊ လင်းနို့ စသည့် သတ္တ၀ါအငယ်များ၏အလောင်းမျာဖြင့် ပြည့်နှက်နေသည်။ ဆောင်းဦးနှောင်းပိုင်းသို့ရောက်ရှိလာပြီးဖြစ်သဖြင့် ရာသီဥတုမှာလည်း အေးစက်စပြုလာပြီဖြစ်သည်။ မြေအောက်ခဲထဲတွင်ရှိနေသည့် ရေများသည်လည်းထိုနည်းလည်းကောင်းပင် ပို၍အေးစက်လာပြီဖြစ်သည်။ အားနည်းကြသည့် ကျေးကျွန်များစွာမှာ အေးဒဏ်နှင့်ဆာလောင်မှုဒဏ်တို့ကြောင့် ဤမြေအောက်ခန်းထဲတွင် တစ်ရက်ပင်အသက်ရှင်နိုင်ခြင်းမရှိခဲ့ကြချေ။ သူတို့၏အသက်များမှာ ဖုန်မှုန့်များကဲ့သို့ပင် စျေးပေါလှသည်။ သို့သော်လည်း လူပေါင်းများစွာမှာ ကြံ့ကြံ့ခိုင်ကာ အသက်ရှင်လျှက်ရှိနေကြသေးသည်။ ဤကဲ့သို့အခြေအနေမျိုးမှာပင်လျှင် ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် တစ်ယောက်နှင့် တစ်ယောက်ရိုင်းပင်းကူညီခြင်းဖြင့် လူပေါင်းများစွာအသတ်ရှင်လျှက်ရှိနေသေးကြသည်။ ဤသည်မှာ အံ့ဩဖွယ်ရာတစ်ခုပင်။
ဤသည်မှာ သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းရောင်တစ်ခုမှာ တောက်ပနေဆဲဖြစ်သောကြောင့်ပင်။
ချမ်းဘော့ဒ်တိုင်းပြည်တွင် သူတော်စဥ်ဘုရင်တစ်ပါးပေါ်ပေါက်ခဲ့ပြီဖြစ်သည်။
ဤသည်မှာ အဖိုးကြီးဇိုလာရစ် သူတို့ကိုပြောခဲ့သည့်စကားပင်။
ထိုသူတော်စဥ်ဘုရင်သည် သူ၏ပြိုင်ဘက်ကင်းတပ်ဖွဲ့နှင့်အတူလာရောက်ပြီး မဟူရာတိုင်းပြည်ကိုဖျက်ဆီးကာ ချမ်းဘော့ဒ်တိုင်းပြည်မှကျေးကျွန်များကိုလည်းနှိပ်စက်ခံနေရခြင်းတို့မှ ကယ်တင်မည်ဟုလည်း အဖိုးကြီးဇိုလာရစ်မှ ပြောခဲ့သေးသည်။
သို့သော် ဤသည်မှာ လှပသည့်အိမ်မက်တစ်ခုမျှသာဖြစ်သည်။
သို့သော် အိမ်မက်ဆိုသည်မှာ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။
ယခင်က သူတို့သည်မိုင်းတွင်းထဲတွင် နာကြင်မှုများကို ငြီးငြူခြင်းမရှိတော့ပဲ ဖုတ်ကောင်များကဲ့သို့သာ မိုင်းတွင်းထဲတွင်နေထိုင်ခဲ့ကြသည်။ မျှော်လင့်ချက်ဟူသည် သူတို့ထံတွင်ပျောက်ဆုံးခဲ့သည်မှာ ရှည်ကြာပြီးဖြစ်သည်။ ထို့ကြောင့် ချမ်းဘော့ဒ်ဘုရင်လာရောက်၍သူတို့အားကယ်တင်ရန်အိမ်မက်မှာ ဖြစ်နိုင်ခြေလွန်စွာနည်းပါးသော်လည်း မျှော်လင့်ချက်မဲ့သည်ထက်စာလျှင် ကောင်းသေးသည်။
သို့သော် ယခုလက်ရှိအခြေအနေတွင်မူ ထိုမျှော်လင့်ချက်သည်လည်းသေဆုံးတော့မည်ဖြစ်သည်။
တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့ကို အနိုင်ယူခဲ့သည့် သူတော်စဥ်ဘုရင်မှာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် မဟူရာတိုင်းပြည်ကို သိမ်းပိုက်ကောင်းသိမ်းပိုက်လိမ့်မည်။ သို့သော်လက်ရှိအခြေအနေတွင်မူ သူတို့အားလုံးသည် မနက်ဖြန်နေအလင်းရောင်ကိုပင် မြင်နိုင်တော့မည်မဟုတ်တော့ပေ။ မည်သည့်အရာမှ မဖြစ်ပျက်သေးခင် မဟူရာဘုရင်သည် သူတို့အားအရင်သတ်ဖြတ်ပစ်လိုကြောင်း သူတို့အားလုံးသိထားကြသည်။
မြေအောက်ခန်းထဲတွင် ရှိနေကြသည့်လူများအားလုံးသည် တိတ်ဆိတ်သည့်အခိုက်တန့်တစ်ခုသို့ကျရောက်သွားကြသည်။
“မဟုတ်ဘူး...အဲ့လိုမဟုတ်ဘူး...” ပိန်ကပ်နေသည့်လူမှာ တစ်စုံတစ်ခုကို ရုတ်တရက်အာရုံခံလိုက်မိသည်။ သူမျက်မှောင်ကြုံ့ကာဂရုတစိုက်အသေချာနားထောင်ကြည့်နေသည်။ သူ၏မျက်လုံးပေါ်တွင် စိတ်လှုပ်ရှားမှုအလင်းရောင်တစ်ခုလင်းလတ်သွားပြီး သူ၏ဘေးတွင်ရှိနေသည့် အပေါင်းဖော်ကိုပြောလိုက်သည်။ “အပြင်မှာ အတော်တိတ်ဆိတ်နေတယ်။ လေတိုက်လိုက်တိုင်းချမ်းလို့ဆိုပြီး ဆဲတတ်တဲ့အစောင့်အသံကိုတောင်မကြားရတော့ဘူး။”
“အက်ဒီ...မင်း ဘာကိုဆိုလိုချင်တာလဲ...” အပေါင်းဖော်မှာ တုန်ခါစပင်ပြုလာသည်။ သူလည်းသူ၏သူငယ်ချင်းပြောလိုသည်ကို နားလည်သည်။ သူမယုံနိုင်သာဖြစ်နေ၏။ သူသည် မေးမြန်းနေသော်လည်း အတည်ပြုနေသကဲ့သို့ပင်။
“အဖိုကြီး ဇိုလာရစ်က တစ်ခါတော့မှန်သွားပြီလားမသိဘူး...” ပိန်ပိန်နှင့်အရပ်ရှည်ရှည် အက်ဒီမှာ ကျယ်လောင်စွာအော်ဟစ်ပြောလိုက်သည်။
“မင်းဆိုလိုတာက...မဟုတ်..မဟုတ်သေးဘူး...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...” ကျန်ရှိနေသည့်လူများပါ စကား၀င်ရောက်ပြောလာကြတော့သည်။
ခပ်၀၀ပုံစံရှိသည့် လူတစ်ယောက်မှာ ၀င်ပြောလိုက်သည်။ သူသည်ယခင်က ၀က်၀ံကြီးတစ်ကောင်ကဲ့သို့ ကြံ့ခိုင်သန်မာသည့်လူတစ်ယောက်ဖြစ်သည်။ သို့သော်မိုင်းတွင်းထဲရှိအခြေအနေများမှာ သူ့အား အရိုးပေါ်အရေတင်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲစေခဲ့သည်။ သို့ရာတွင် သူသည် ဤနေရာတွင်ရှိနေသည့် လူ၅၀၀ကျော်ထဲတွင် အခြေအနေအကောင်းဆုံးလူတစ်ယောက်ဖြစ်၏။ သူအက်ဒီ၏စကားများကို ကြားသည့်အချိန်တွင် စိတ်လှုပ်ရှားလာခဲ့သည်။ သူအက်ဒိပြောသည်ကို မဖြစ်နိုင်သည့်ဟန်ဖြင့်ပြေလိုက်သော်လည်း အမှန်တိုင်းဖြစ်စေရန်အတွက်အလွန်မျှော်လင့်နေသည်မှာ ပေါ်လွင်ထင်ရှားနေသည်။
ဤအခိုက်တန့်တွင် မြေအောက်ခန်းထဲတွင်ရှိနေကြသည့် လူများအားလုံးစိတ်လှုပ်ရှားလာကြတော့သည်။
“အဲ့တာက အမှန်ပဲဆိုရင်ရော...”
“အဖိုးကြီးဇိုလာရစ် ပြောခဲ့တာက အမှန်ပဲဆိုရင်ရော...”
လူတိုင်းသည် မြေအောက်အကျဥ်းထောင်၀င်ပေါက်နေရာသို့ မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေကြတော့သည်။ မည်ကဲ့သို့ဖြစ်ပျက်တော့မည်ကို သိရှိရန်အတွက် မစောင့်နိုင်ကြတော့ပေ။
ဤအချိန်၌ပင်လျှင် အခန်းထဲတွင် ခြေသံများစွာထွက်ပေါ်လာတော့သည်။
ဤသည်မှာ အမှန်တရားပေါ်လွင်တော့မည့်အခိုက်တန့်တစ်ခုပင်။
လက်ရှိအချိန်တွင် လူတိုင်း၏နှလုံးခုန်သံများမှာ မြန်ဆန်နေသည်။ သူတို့အားလုံး ချမ်းဘော့ဒ်ဘုရင်မဟုတ်ပဲ ဓားများကိုင်ဆောင်ထားသည့် မဟူရာစစ်သည်များ၀င်ရောက်လာမည်ကို လွန်စွာစိုးရိမ်နေကြသည်။ သူ၏အကောင်းမြင်စိတ်တို့ဖြင့် မျှော်လင့်ချက်မဲ့နေသည့်လူများကို အားပေးနေခဲ့သည့် လူငယ်အက်ဒီပင်လျှင်သူ၏နှုတ်ခမ်းများခြောက်သွေ့နေသကဲ့သို့ခံစားနေရသည်။ ရိုးသားစွာပင် သူလည်းသေရမည်ကိုကြောက်လန့်သည့် လူတစ်ယောက်ပင်။ သူ၏အပေါင်းဖော်များစွာ ဤကဲ့သို့စိုစွက်ကာ အေးစက်နေသည့် မြေအောက်ခန်းထဲတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမည်ကို မလိုလားပေ။
“ကျွီ...”
သံကြေးတက်နေသည့် ဂိတ်တံခါးပွင့်လာသည်။
ထို့နောက်တွင် တောက်ပသောနေရောင်ခြည်သည် မြေအောင်ခန်းအတွင်းသို့ ၀င်ရောက်လာာ၏။
မြေအောက်ခန်းထဲတွင် ရှိနေကြသည့် ကျေးကျွန်များမှာ နေရောင်ခြည်ကိုမမြင်ရသည်မှာ ကြာပြီဖြစ်သဖြင့် မျက်လုံးများစူးရှလွန်းသောကြောင့်လက်ဖြင့်အုပ်ထားလိုက်ရသည်။ တောက်ပသည့်နေရောင်ထဲတွင် သူတို့အားလုံးချပ်၀တ်၀တ်ဆင်ထားသည့် လူငယ်တစ်ယောက်ကိုသာမြင်လိုက်နိုင်သည်။ ထိုလူငယ်၏မျက်နှာကိုကား မြင်နိုင်ခြင်းမရှိပေ။
“ချပ်၀တ်နဲ့...”
“မဟူရာစစ်သည်တစ်ယောက်များလား...”
“အား...ငါတို့တော့သေတော့မှာပဲ...”
“ငါတို့ရဲ့သူတော်စဥ်ဘုရင်က ဘယ်မှာလဲ...ငါတို့ကိုလာမကယ်တော့ဘူးလား...”
ချမ်းဘော့ဒ်တိုင်းပြည်မှ ကျေးကျွန်အများစုမှာ ဤအရာကိုမြင်လိုက်သည့်အချိန်တွင် စိတ်ဓာတ်ကျလွန်းသဖြင့်သတိလစ်ကာမေ့မျောသွားကြတော့သည်။ တစ်ချို့မှာ ဒေါသဖြင့်လက်သီးများကို တင်းကြပ်စွာဆုပ်ထားလိုက်ကြသည်။ သူတို့မှာ နောက်ဆုံးအချိန်ထိအသေခံကာ တိုက်ခိုက်ရန်အတွက် အဆင်သင့်ပြင်ထားလိုက်ကြသည်။ သို့သော် ဤအခိုက်တန့်တွင် သူတို့အားလုံးရင်းနှီးသည့်အသံတစ်ခုကိုကြားလိုက်ရသည်။
“အရှင်မင်းကြီး ဒါကတော့မဟူရာခံတပ်မှာရှိတဲ့ မြေအောက်အကျဥ်းခန်းပါ...ဒါပေမယ့်အထဲကို ၀င်မနေပါနဲ့တော့ အထဲမှာက အလွန်ညစ်ပတ်တဲ့ရေဆိုးတွေနဲ့ပြည့်နှက်နေလို့ပါ...”
“ဒီအသံက...အဖိုးကြီးဇိုလာရစ်ရဲ့အသံမလား...”