← Chapters

ဓားပျံအစိတ်အပိုင်းကို ရယူခြင်း

Vol. 61 Ch. 844

ဓားပျံအစိတ်အပိုင်းကို ရယူခြင်း

Vol. 61 Ch. 844

ရွှေခန်းမက အလွန်ကျယ်ဝန်းပြီး မျက်နှာကျက်က မီတာတစ်ရာကျော် မြင့်မားသော်လည်း ဝိညာဥ်ကျောက်ပုံကြီးက ၎င်းကို မီလုမီခင်အထိ မြင့်မားနေသည်။ ၎င်းတို့က အနီရောင်တဖိတ်ဖိတ်တောက်၍ လှပနေပြီး အပူလှိုင်းတစ်ခုက ယဲ့ချန်၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။ ၎င်းက သူ၏ဝိညာဥ်ကို သက်တောင့်သက်သာရှိစေပြီး ပူနွေးသွားစေခဲ့သည်။ များပြားလှသော အရေအတွက်ကြောင့် သူက အလွန်စိတ်လှုပ်ရှားနေပြီး အတိအကျသိလိုသဖြင့် လျင်မြန်စွာ သိမ်းယူလိုက်သည်။ ဝိညာဥ်ကျောက်များက ရေစီးကြောင်းတစ်ခုပမာ သူ့ထံ စီးဝင်သွားနေသဖြင့် ချန်ဟူတို့က အားကျမိသော်လည်း မနာလိုတော့မဖြစ်ချေ။ သူတို့၏အရည်အချင်းဖြင့် ၎င်းတို့ကို မရယူနိုင်သကဲ့သို့ အစီအရင်ကို ချိုးဖျက်ခဲ့သူမှာလည်း ယဲ့ချန်သာ ဖြစ်သည်။ နာရီဝက်အကြာတွင် တောင်ပုံရာပုံရှိနေသော ဝိညာဥ်ကျောက်အားလုံးကို သူက သိမ်းဆည်းနိုင်ခဲ့ပြီး အရေအတွက်က ၁၁သန်းကျော် ဖြစ်သည်။

ယဲ့ချန်သည် ဤခန်းမအတွင်းမှ ဝိညာဥ်ကျောက်များစွာ ရရှိမည်ဟု မမျှော်လင့်ထားသော်လည်း ဓားပျံအစိတ်အပိုင်းကို ရယူရန်အတွက် နောက်ထပ်ရှစ်သန်းကျော်သာ လိုအပ်တော့သဖြင့် ကျေနပ်နေခဲ့သည်။ သူက ဝိညာဥ်ကျောက် သန်းနှစ်ဆယ်ကို စုဆောင်းနိုင်လျှင် ၎င်းကို ချက်ချင်းလဲလှယ်ပေလိမ့်မည်။

"အပြင်ကိုရောက်ရင် မင်းတို့တစ်ယောက်ချင်းစီကို ကောင်းကင်နတ်လှေတစ်စီးစီ ပေးမယ်"

ထိပ်တန်းမဟာမိတ်၏ တပည့်များသာ မကူညီလျှင် ဝိညာဥ်ကျောက်များကို ဤမျှလွယ်လွယ်ကူကူ မရနိုင်သောကြောင့် သူက လေးနက်စွာ ကတိပေးလိုက်ပြီး ကျေးဇူးတင်လိုက်သည်။ ချန်ဟူတို့သည် ယဲ့ချန် စကားမတည်မည်ကို စိုးရိမ်သော်လည်း တစ်ဖက်လူက သူတို့၏ကယ်တင်ရှင် ဖြစ်နေသောကြောင့် မေးခွန်းမထုတ်ခဲ့ပေ။ ယဲ့ချန်ကြောင့်သာ မဟုတ်လျှင် ကုရန်းက သူတို့ကို သတ်ဖြတ်သွားနိုင်သည့်အပြင် ယဲ့ချန်၏စွမ်းအားအရ အားလုံးကို လက်ဝါးကြီးအုပ်သွားလျှင်လည်း ပြောစရာ မရှိပေ။

"အစ်ကိုချန်က အားနာလွန်းနေပါပြီ။ အစီအရင်လည်း ပျက်စီးသွားပြီဆိုတော့ ကျုပ်တို့အလုပ် မရှိတော့ဘူး။ အရင်ဆုံး သွားခွင့်ပြုပါဦး"

ချန်ဟူက လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။

"အပြင်လောကကိုရောက်ရင် မင်းတို့ကို ဘယ်လိုဆက်သွယ်ရမလဲ"

ယဲ့ချန်က မေးလိုက်သည်။

"ကျုပ်တို့က မိုးထောင်ချီကြယ်ရဲ့ မိုးစံအိမ်မှာ နေထိုင်ပါတယ်"

သူတို့က ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို နှုတ်ဆက်၍ မြေအောက်နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့၏။

"ငါ့အထင် သူက ကတိမတည်လောက်ပါဘူး။ ငါတို့တစ်ယောက်ချင်းစီအတွက် ကောင်းကင်နတ်လှေတစ်စီးစီ ပေးမယ်ဆိုတာက အကုန်အကျများလွန်းတယ်"

ချန်ယုဆိုသူက ရေရွတ်လိုက်ခြင်း ဖြစ်သည်။

"ဟုတ်တယ်။ ငါးစီး မပြောနဲ့၊ တစ်စီးတည်းကိုတောင် ဝယ်ယူဖို့ အရမ်းစျေးကြီးတယ်။ သူက ဘယ်လိုလုပ် ရက်ရောနိုင်မှာလဲ"

နောက်တစ်ယောက်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

"ဘာဖြစ်ဖြစ် သူက ငါတို့ကို ကယ်တင်ပေးခဲ့ပြီး ငါတို့က ဘာမှကူညီနိုင်ခဲ့တာလည်း မဟုတ်ဘူး။ လူတစ်ယောက်အနေနဲ့ အကျိုးအမြတ်ကို မျှော်ကိုးပြီး မျက်စိမကန်းစေနဲ့။ သူက ကတိမတည်ရင်လည်း ကိစ္စမရှိဘူး"

ချန်ဟူက သူတို့၏စကားများကို ချက်ချင်းတားမြစ်လိုက်သည်။ ယဲ့ချန်က ကတိတည်မည်ဆိုလျှင် မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပြီး ကတိဖျက်လျှင်လည်း သူတို့ကြား၌ အကြွေးတင်နေခြင်း မရှိပေ။

"ခြင်္သေ့ကြီး ကျုပ်တို့ နောက်ထပ်ဝိညာဥ်ကျောက်ရှစ်သန်း ရှာရဦးမယ်"

ရှစ်သန်းဆိုသော အရေအတွက်က ရှာဖွေရန် ခက်ခဲသော်လည်း ယခင်ကထက် ပို၍လွယ်ကူနေသည်။ ဝိညာဥ်နယ်မြေအတွင်း နောက်ထပ်လျှို့ဝှက်နေရာများ ထပ်မံပေါ်ပေါက်လာလျှင် အနည်းဆုံး တစ်သန်းခန့်က ပြေးမလွတ်ပေ။

"ငါတို့ အခု ဘယ်သွားကြမလဲ"

ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်သည်။

"ဒီမြေအောက်နန်းတော်ကို ဆက်ရှာကြမယ်။ ဘာမှမရှိရင်တော့ အပြင်ထွက်ပြီး လျှို့ဝှက်နေရာတွေ ဖော်ထုတ်ရမယ်။ ကျုပ်မှာ အဆင့်မြင့်ကြယ်သခင် ခွန်အား ပိုင်ဆိုင်ထားတယ်ဆိုတော့ လုယူဖို့အတွက် လွယ်ကူနေပြီ"

ယဲ့ချန်က ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။ သူတို့က မြေအောက်နန်းတော်အတွင်း ဆက်လက်ရှာဖွေခဲ့သော်လည်း ဝိညာဥ်ကျောက်များ မရှိတော့သဖြင့် ဝိညာဥ်နတ်ဘုရားနယ်မြေတစ်ခွင် ခရီးဆန့်လိုက်ကြ၏။ နောက်ထပ်ရက်အနည်းငယ်အတွင်း လျှို့ဝှက်နေရာများ ပွင့်လာသောကြောင့် ဝိညာဥ်ကျောက် အရေအတွက်က ဆက်လက်များပြားလာနေသည်။ အခြားကျင့်ကြံသူများမှာ လျှို့ဝှက်နေရာများ ရှာတွေ့ပြီး ချမ်းသာပြီဟု ထင်ထားသော်လည်း လူတစ်ယောက်နှင့် ခြင်္သေ့တစ်ကောင် ချက်ချင်းရောက်လာကာ ဝိညာဥ်ကျောက်အားလုံးကို မသွားသောကြောင့် သေလောက်အောင် စိတ်ဓာတ်ကျနေသည်။ သူတို့က သွေးအန်မတတ် ဒေါသထွက်နေသော်လည်း ယဲ့ချန်၏ခွန်အားကို မယှဥ်နိုင်သောကြောင့် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ထို့အပြင် အဆင့်မြင့် ကြယ်သခင်တစ်ယောက်က ဝိညာဥ်နယ်မြေသို့ ဝင်ရောက်လာသော နည်းလမ်းကိုလည်း သိချင်နေကြသည်။

ရက်အနည်းငယ်အတွင်း ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ဓားပျံအစိတ်အပိုင်းကို လဲလှယ်ရန်အတွက် လုံလောက်သော ပမာဏထက် ပိုသည့် ဝိညာဥ်ကျောက်၂၃သန်းကျော် စုဆောင်းနိုင်ခဲ့သည်။ သူက ဝိညာဥ်နတ်ဘုရားကို ချက်ချင်းဆက်သွယ်လိုက်ပြီး ဝိညာဥ်ကျောက်သန်းနှစ်ဆယ် လက်လွှဲပေးလိုက်သောအခါ ဓားပျံအစိတ်အပိုင်းက သူ၏ရှေ့မှောက် လေထဲတွင် ထွက်ပေါ်လာ၏။ ၎င်းက လက်မအရွယ်သာဖြစ်သော်လည်း နေအငယ်စားလေးပမာ ထွန်းလင်းနေပြီး ဝိညာဥ်နတ်ဘုရားနယ်မြေတစ်ခုလုံးကိုပင် တောက်ပစေနိုင်သည်။ သို့သော် ဤအလင်းက ခဏသာကြာရှည်ခံ၍ မှေးမှိန်သွားကာ ငွေရောင်ဓားပျံအစိတ်အပိုင်းက ထွက်ပေါ်လာသည်။ သူက ၎င်းကို စေ့စပ်စွာကြည့်လိုက်ပြီး အလွန်ချွန်ထက်နေသောကြောင့် ဓားပျံ၏ အဖျားပိုင်းဖြစ်ကြောင်း သိလိုက်ရသည်။

ယဲ့ချန်သည် စိတ်လှုပ်ရှားနေသောကြောင့် အချိန်ကြာမြင့်စွာ မတည်ငြိမ်နိုင်ခဲ့ပေ။ သူက ဓားပျံ၏ဆန်းကျယ်မှုများကို ဆက်တိုက်အဖြေရှာနေခဲ့ပြီး နောက်ဆုံးတွင် ၎င်း၏ အစစ်အမှန် အစိတ်အပိုင်းတစ်ခုကို ရလိုက်ခြင်းက များစွာအဓိပ္ပါယ်ရှိပေသည်။ သူက ညာလက်ကို ဆန့်ထုတ်၍ ၎င်းကို ထိလိုက်သောအခါ စိတ်အတွင်းရှိ ဓားပျံက တဝုန်းဝုန်း လှုပ်ခါလာသည်။ ၎င်းက ပုစဥ်းတောင်ပံအလား ပါးလွှာ၍ ငှက်မွှေးပမာ ပေါ့ပါးသော်လည်း ပင်လယ်ထက် နက်ရှိုင်းပြီး ကောင်းကင်ထက် ကျယ်ဝန်းသည့် စွမ်းအင်များကို သယ်ဆောင်ထားသည်။ တစ်ချက်ထိလိုက်ရုံဖြင့် ၎င်းက သူ၏စိတ်အတွင်း ရောက်ရှိသွားသယောင် ထင်မှတ်ရပြီး ဓားပျံမှ ဖွဲ့စည်းလိုက်သော အချိန်လေဟာနယ်ချီများအကြား သူက ရောက်ရှိသွားသည်။

ထိုအချိန်၌ ယဲ့ချန်သည် သူ၏စိတ်အတွင်းရှိ ဓားပျံမှာ လက်နက်ဝိညာဥ်ဖြစ်ကြောင်း သေချာသွားခဲ့ပြီး လက်နက်ကိုယ်ထည်သည် စကြဝဠာအတွင်း ပြန့်ကြဲနေပုံပေါ်သည်။ ၎င်းတို့ကို စုစည်းပြီး ပေါင်းစပ်ကာ လက်နက်ဝိညာဥ်နှင့် ပူးပေါင်းစေလျှင် မူလဓားပျံ ပြန်လည်ထွက်ပေါ်လာနိုင်သည်။ ဓားပျံ၏ လက်နက်ဝိညာဉ်သက်သက်ကပင် အလွန်အစွမ်းထက်နေသည်ဖြစ်ရာ အစစ်အမှန်လက်နက်ဆိုလျှင် ဆိုဖွယ်ရာ မရှိသောကြောင့် သူက တုန်လှုပ်နေသည်။ ၎င်းက ကောင်းကင်နတ်လက်နက်ဖြစ်နိုင်ပြီး ဖန်တီးသူက သေချာပေါက် အစွမ်းထက်ရပေလိမ့်မည်။ သို့မဟုတ်လျှင်လည်း ဒဏ္ဍာရီများအတိုင်း ၎င်းက လောကကြီးမှ အလိုလိုမွေးဖွားလာခြင်း ဖြစ်နိုင်သည်။

ဓားပျံအစိတ်အပိုင်းကို လက်ဖြင့် ကိုင်ထားစဥ် ယဲ့ချန်၏စိတ်အတွင်း၌ အချိန်လေဟာနယ်ချီငါးမျိုးသည် ကြယ်ကိုးလုံး ပတ်ဝန်းကျင်၌ စီးဆင်းလာသည်။ ၎င်းတို့ကြားတွင် နောက်ထပ်ချီနှစ်မျိုးက ဝေဝေဝါးဝါးဖြစ်တည်နေကာ သူက အဆင့်ခြောက်နှင့် အဆင့်ခုနစ်ကို စတင်ဖမ်းဆုပ်နိုင်ခဲ့ပြီဖြစ်သည်။ အချိန်လေဟာနယ်အဆင့်ငါးကို နားလည်ခြင်းကပင် ထူးခြားနေပြီဖြစ်သောကြောင့် အဆင်ခုနစ်ခုလုံး ဖြစ်ပေါ်လာသောအခါ သူက ဝမ်းသာလုံးဆို့နေသည်။ လက်ရှိအချိန်အထိ အချိန်လေဟာနယ်အဆင့်ခြောက်ကို နားလည်နိုင်သူ တစ်ယောက်တလေအကြောင်းပင် မကြားဖူးပေ။ သို့သော် ဓားပျံအစိတ်အပိုင်းကို ထိလိုက်ရုံဖြင့် ၎င်းတို့ကို ထိတွေ့နိုင်ခဲ့ခြင်းမှာ အံ့သြစရာကောင်းလွန်းနေပြီး အဆင့်ခုနစ်အထိ ထိန်းချုပ်နိုင်လျှင် အနာဂတ်အောင်မြင်မှုများမှာ အံ့မခန်း ဖြစ်ပေလိမ့်မည်။

ယဲ့ချန်သည် မျက်လုံးမှိတ်၍ စိတ်အတွင်း ထွက်ပေါ်လာသည့် ဉာဏ်အလင်းကို အာရုံခံနေသည်။ ဓားပျံအစိတ်အပိုင်းသည် အဆုံးမရှိသော အချိန်လေဟာနယ်ချီများကို ထုတ်လွှတ်ပေးနေပြီး သူ့ကို နှစ်ပေါင်းတစ်ထောင်အား ခဏအတွင်း ဖြတ်သန်းသွားသယောင် ထင်မှတ်စေခဲ့သည်။

"အရာအားလုံးက ခဏတာသာဖြစ်ပြီး ကောင်းကင်တာအိုသာ အစစ်အမှန် ဖြစ်တယ်"

ဤအချိန်၌ သူ၏တာအိုနားလည်မှုက အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကာ အချိန်လေဟာနယ် အဆင့်ခုနစ်ကို ထိန်းချုပ်ရန်က ထင်ထားသလောက် မခက်ခဲတော့ပေ။ သူက ဆန်းကျယ်စွာ ပြုံးလိုက်သောကြောင့် ခြင်္သေ့ကြီးက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းက အတိတ်နှင့် ပစ္စုပ္ပန်ကို လူးလာခေါက်ပြန်သွားနေသည်ဟု အမြင်မှားသွားခဲ့သည်။

"ယဲ့ချန် မင်း ဘာတွေနားလည်လိုက်တာလဲ"

"အရာရာထက်သာလွန်တဲ့ ကောင်းကင်တာအို"

ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်ပြီး လက်ဖဝါးအတွင်းမှ ဓားပျံအစိတ်အပိုင်းကို ငုံ့ကြည့်လိုက်သည်။ ဓားပျံ၏ပိုင်ရှင်သည် သူ၏ တာအိုသဘောတရားအားလုံးကို ၎င်းအတွင်း ထည့်သွင်းဖန်တီးထားခြင်း ဖြစ်နိုင်သည်။ သူက ၎င်းထံမှ အနည်းငယ်သာ သိလိုက်ရသော်လည်း ကျင့်ကြံခြင်းတွင် များစွာအကျိုးရှိခဲ့သည်။

"အရာရာကို ကျော်လွန်တဲ့ ကောင်းကင်တာအို ဟုတ်လား။ ဒီဓားပျံက ဒီလောက်​တောင် အစွမ်းထက်တာလား"

ယဲ့ချန်၏စကားကြောင့် ခြင်္သေ့ကြီးက ရင်ထိတ်သွားကာ ဓားပျံအကြောင်း ချက်ချင်းတွေးမိလိုက်သည်။ ဓားပျံအစိတ်အပိုင်းက သေးငယ်သော်လည်း လောက၏ အထက်ဆုံးလက်နက်များမှ တစ်ခုဖြစ်သောကြောင့် ယဲ့ချန်က ဂရုတစိုက် သိမ်းဆည်းလိုက်၏။

"နောက်ထပ်ဝိညာဥ်ကျောက် သုံးသန်းကျော် ကျန်သေးတယ်။ ခင်ဗျား လိုချင်တာရှိရင် မြန်မြန်လဲလိုက်ဦး။ အချိန်က သိပ်မကျန်တော့ဘူး"

ယဲ့ချန်က ခြင်္သေ့ကြီးကို တိုက်တွန်းလိုက်သည်။ ဝိညာဥ်ကျောက်သုံးသန်းကျော်သည် ရတနာများစွာ လဲလှယ်ရန် လုံလောက်သောကြောင့် ခြင်္သေ့ကြီးက စာရင်းကို တစ်ချက်ကြည့်လိုက်သည်။

"အခု ငါ့မှာ လက်နက်နဲ့ ဝိညာဥ်ကျင့်စဥ် ရှိနေပြီဆိုတော့ ဝိညာဥ်ချပ်ဝတ် ဝယ်ရမလား"

သူက အတွေးများနေစဥ် နတ်ကိုယ်ထည်ကျင့်စဥ်ဟု ရေးထားသော စာအုပ်ငယ်တစ်ခုထံ အကြည့်ရောက်သွားခဲ့သည်။ ၎င်း၏တန်ဖိုးက ဝိညာဥ်ကျောက်နှစ်သန်းရှစ်သိန်း ဖြစ်သောကြောင့် စျေးကြီးသည်ဟု ဆိုနိုင်သဖြင့် သူက မျက်မှောင်ကြုတ်လိုက်မိလေသည်။

All Chapters