← Chapters

အစစ်အမှန်သိုင်းပြိုင်ပွဲ စတင်ပြီ

Vol. 61 Ch. 845

အစစ်အမှန်သိုင်းပြိုင်ပွဲ စတင်ပြီ

Vol. 61 Ch. 845

နတ်ကိုယ်ထည်ကျင့်စဥ်၏ စာအုပ်သည် ပါးလွှာပြီး အဖုံးက အဝါရောင်သမ်းနေကာ ထောင့်ဖုံးများက စုတ်ပြဲနေသည်။ သို့သော် အဖုံးတွင် ရေးမှတ်ထားသော စာလုံးများက ကြီးစိုးလွှမ်းမိုးသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။

"ယဲ့ချန် ဒါက သာမန်ခန္ဓာကျင့်စဥ်တွေထက် ပိုပြီးထူးခြားရမယ်။ သေချာပေါက် မရိုးရှင်းဘူး"

ခြင်္သေ့ကြီးက ၎င်းကျင့်စဥ်ကို နှစ်ခြိုက်နေပုံရသည်။

"နတ်ကိုယ်ထည်ကျင့်စဥ်၊ ကောင်းပြီ။ လဲလိုက်ကြတာပေါ့"

ယဲ့ချန်က ခဏတာစဥ်းစား၍ ခွင့်ပြုပေးလိုက်ပြီး ဝိညာဥ်ကျောက် နှစ်သန်းရှစ်သိန်းဖြင့် နတ်ကိုယ်ထည်ကျင့်စဥ်အား လဲလှယ်လိုက်သည်။ နောက်ထပ်ဝိညာဥ်ကျောက်နှစ်သိန်းကျော် ကျန်ရစ်သော်လည်း သုံးစရာမရှိတော့သည့်အပြင် ဤနယ်မြေသို့ နောက်တစ်ကြိမ် လာရောက်နိုင်မည်ဟု ယုံကြည်သောကြောင့် သူက သိမ်းဆည်းထားလိုက်သည်။ ဝိညာဥ်နယ်မြေအပြင်ဘက်ရှိ သူ၏ရုပ်ခန္ဓာ လဲလျောင်းနေသော အခေါင်းကြီးအတွင်း၌ အချိန်လေဟာနယ်ချီ ခုနစ်ရောင် လည်ပတ်နေကာ တောက်ပနေသဖြင့် နေ့အချိန်ကဲ့သို့ ထွန်းလင်းနေသည်။ အခေါင်း၏နံရံများရှိ သရဲများကလည်း သက်ဝင်လှုပ်ရှားနေကာ ကြမ်းကြုတ်ရက်စက်သော မျက်ဝန်းများတွင် မိစ္ဆာစိတ်အစား ရိုသေလေးစားစိတ်များ ထင်ဟပ်နေကာ သူ့ကို ဝိုင်းကြည့်နေကြသည်။ ထိုအချိန်၌ သူက နိုးထလာတော့မည် ဖြစ်သောကြောင့် ရုပ်ခန္ဓာက လှုပ်ခါသွားသောအခါ ချီများ ချက်ချင်းပျောက်ကွယ်သွားပြီး သရဲများကလည်း နံရံပေါ်ရှိ ပန်းချီကားများအဖြစ် ပြန်လည်အသက်မဲ့သွားသောကြောင့် အမှောင်ထု ဖြစ်ပေါ်လာသည်။

ယဲ့ချန်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နိုးထလာသောအခါ တစ်ကိုယ်လုံး အင်အားများပြည့်နှက်နေပြီး အဆုံးမဲ့ခွန်အားများ ပိုင်ဆိုင်ထားကြောင်း ခံစားနေရ၏။

"ဝိညာဥ်နတ်ဘုရားနယ်မြေက ဒီလောက်အရေးကြီးမယ်လို့ မထင်ထားဘူး။ ငါ့ခွန်အားတွေ အများကြီး တိုးတက်လာတယ်။ ပိုပြီးအရေးကြီးတာက ဓားပျံအစိတ်အပိုင်းကို ရယူနိုင်ခဲ့တယ်။ နောက်ထပ်အစိတ်အပိုင်းတွေကရော စကြဝဠာထဲမှာ ပြန့်ကြဲနေတာလား သိချင်မိတယ်။ ဘယ်အချိန်မှ ငါက အားလုံးကို စုစည်းပြီး ဓားပျံကို ပြန်လည်ဖန်တီးနိုင်မှာလဲ"

သူက ပျော်ရွှင်နေပြီး ဓားပျံအစိတ်အပိုင်းကို အတွေးတစ်ချက်ဖြင့် ဖော်ထုတ်နိုင်စွမ်းရှိနေသည်။ သူက ၎င်းကို လက်ဖြင့် ညှင်သာစွာပွတ်သပ်ရင်း ဓားပျံ၏ဇစ်မြစ်အ​ကြောင်း စဥ်းစားနေမိသည်။ ထို့နောက် ၎င်းကို ပြန်လည်သိမ်းဆည်း၍ အဖုံးကို တွန်းဖွင့်ကာ အခေါင်းအတွင်းမှ ခုန်ထွက်လိုက်သောအခါ စောင့်ကြည့်နေသည့် ရှန်မူ၏မျက်နှာထက်တွင် စိတ်အေးသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ သူက ယဲ့ချန်အနေဖြင့် အခေါင်းထဲ၌ ထာဝရပိတ်မိသွားမည်ကို တစ်ချိန်လုံး စိုးရိမ်နေခြင်းဖြစ်သည်။

"ဘယ်လိုလဲ။ မင်းတို့အကျိုးအမြတ် ရလိုက်ကြလား။ ဝိညာဥ်ပေါင်းစပ်မြက်လို ရတနာမျိုးကိုရော အသုံးပြုခဲ့သေးလား"

ရှန်မူသည် ရှေ့မှောက်သို့ ရောက်ရှိလာသော တပည့်နှစ်ယောက်ကို ကြင်နာစွာ မေးလိုက်သည်။

"ဟုတ်ကဲ့။ ဝိညာဥ်နတ်ဘုရားနယ်မြေကို ခေါ်ဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ"

ရှန်မူကြောင့်သာမဟုတ်လျှင် ယဲ့ချန်အနေဖြင့် ဓားပျံ၏အစိတ်အပိုင်းတစ်ခုကို လုံးဝရှာတွေ့မည် မဟုတ်ပေ။ ရှန်မူ၏အမြင်တွင် တပည့်နှစ်ယောက်၏ ခွန်အားအရ ဝိညာဥ်ကျောက်တစ်သိန်းနှစ်သိန်းပင် ရှာနိုင်မည်ဟု ထင်ထားခဲ့သည်။ အကယ်၍ သူသာ ဝိညာဥ်နယ်မြေ၏ တန်ဖိုးအကြီးဆုံး ရတနာကို ယဲ့ချန်က ရယူနိုင်ခဲ့ကြောင်းသိလျှင် အလွန်မင်သက်သွားပေလိမ့်မည်။ ဝိညာဥ်နယ်မြေမှ ထွက်လာကြသော အခြားကြယ်သခင်များသည် ယဲ့ချန်ကို မြင်သောအခါ ဒေါသထွက်နေကြသော်လည်း စွမ်းအားရှင်တစ်ယောက်၏ တပည့်ကို ပေါ်တင်ရန်စခြင်းသည် သေလမ်းရှာခြင်းဖြစ်သောကြောင့် မျက်နှာလွှဲသွားကြသည်။ ရှယ်ကျင်းရန်နောက်မှ လိုက်ပါလာသော တပည့်များက ယဲ့ချန်ကို မြင်သောအခါ မုန်းတီးဒေါသထွက်နေကြသော်လည်း ထွက်ခွာသွားခဲ့သည်။ စွမ်းအားရှင်တစ်ယောက်ကို ရန်မစဝံ့သော်လည်း တောင်ပုံရာပုံရှိနေသည့် ဝိညာဥ်ကျောက်များအကြောင်း တွေးမိသောအခါ ရင်ဘတ်ကို ဓားဖြင့် မွှန်းနေသကဲ့သို့ မခံချိမခံသာ ဖြစ်နေကြသည်။

"ပြန်ကြစို့"

ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ ခွန်အားများ တိုးတက်လာကြောင်း အာရုံခံနိုင်ခဲ့သော ရှန်မူက ကျေနပ်သွားကာ ညွှန်ကြားလိုက်သည်။ ထို့နောက် သူတို့သည် မိုးတိမ်နတ်လှေပေါ်သို့တက်၍ ၎င်းက လေထဲသို့ မြင့်တက်သွားကာ စကြဝဠာအတွင်း ဖြတ်ခနဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ထိပ်တန်းမဟာမိတ်၏ မြင့်မြတ်နယ်မြေတွင် မိုးထောင်ချီကြယ်သည် အရံကြယ်တစ်ခုသာ ဖြစ်သော်လည်း ကြယ်သခင်က စွမ်းအားရှင်စာရင်းဝင် ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ယုချန် ဖြစ်နေသောကြောင့် အဆင့်အတန်းက ထူးခြားသည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတွင် သူမက ရှန်မူ၏အထက် အဆင့်ငါးဖြစ်သည်။ သူမက အစစ်အမှန်အုပ်ချုပ်သူဖြစ်သော်လည်း သာမန်အရေးကိစ္စများကို တပည့်တစ်ယောက်ဖြစ်သည့် ထိပ်တန်းကြယ်သခင် ယုဝူနှင့် လွှဲအပ်ထားသည်။ သူမက ချန်ဟူနှင့် အပေါင်းအပါများ၏ ဆရာဖြစ်ကာ ထောင်ချီမိုးကြယ်၏ ခြံဝန်းတစ်ခုအတွင်း တပည့်များကို သင်ခန်းစာပို့ချပေးနေသည်။ သူမက ကျက်သရေရှိကာ လှပသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကုလားထိုင်ထက်တွင် နေရာယူထားသည်။

"သတင်းပို့ပါတယ်။ အပြင်ဘက်မှာ ခေါင်းဆောင်ရှန်ရဲ့ တပည့် ချန်ရဲ စေလွှတ်လိုက်တဲ့ အစေခံတွေ ရောက်နေပါတယ်"

ထိုအချိန်၌ အစေခံတစ်ယောက်က ခန်းမအတွင်း လာရောက်သတင်းပို့ခဲ့သည်။

"မင်းတို့က သူနဲ့ အသိအကျွမ်း ဖြစ်ဖူးသလား"

သူမက အနည်းငယ် မျက်မှောင်ကြုတ်၍ တပည့်များကို မေးလိုက်သည်။

"ဟုတ်ပါတယ် ဆရာ။ ဝိညာဥ်နတ်ဘုရားနယ်မြေမှာ တွေ့ဖူးပါတယ်"

ယဲ့ချန်က ချက်ချင်းကတိတည်မည်ဟု ထင်မထားသောကြောင့် အံ့သြနေသည့် ချန်ဟူက အလျင်အမြန် ခေါင်းညိတ်လိုက်၏။

"ဆရာ အစ်ကိုကြီး အစ်ကိုချန်က တကယ်ကတိတည်တယ်။ ကျုပ်တို့ငါးယောက်အတွက် အဖိုးအတန်ဆုံး ကောင်းကင်နတ်လှေငါးစီး ပို့ပေးလိုက်တယ်။ ပြီးတော့ ကြယ်အဆီအနှစ်တွေနဲ့ ရတနာတွေလည်း ပါနေသေးတယ်။ ဒါက အစီအရင်ကိုချိုးဖျက်ဖို့ ကူညီပေးတဲ့အတွက်တဲ့"

ချန်ယုက အူယားဖားယားပြေးဝင်လာကာ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။

"သူက တကယ်ကြီး ပို့လိုက်တာလား"

တည်ငြိမ်သော ချန်ဟူသည် ယဲ့ချန်၏ ကတိတည်မှုကြောင့် မင်သက်သွားခဲ့သည်။ ကောင်းကင်နတ်လှေငါးစီး၏ တန်ဖိုးက မနည်းမနောပင်ဖြစ်ရာ ကျန်ကြယ်သခင်များလည်း အိပ်မက်မက်နေသည်ဟု ခံစားနေရသည်။ သူတို့က ယဲ့ချန် စကားမတည်နိုင်ဟု ပြောခဲ့မိသောကြောင့် အရှက်ရနေပြီး တစ်ဖက်လူအပေါ် ရိုသေလေးစားစိတ်များ တိုးပွားလာခဲ့သည်။

"ဘာတွေဖြစ်ခဲ့တာလဲ။ ပြောပါဦး"

ယုဝူသည် အလွန်အမင်း သိချင်နေသောကြောင့် ချန်ဟူကို မေးလိုက်ခြင်းဖြစ်သည်။ သူမအနေဖြင့်ပင် ကောင်းကင်နတ်လှေငါးစီးကို ရက်ရက်ရောရောပေးပစ်ရန် နှစ်ခါပြန် စဥ်းစားရမည်ဖြစ်သောကြောင့် ချန်ရဲက မည်သို့သောလူမျိုးဖြစ်ကြောင်း သိချင်နေသည်။ ချန်ဟူက ဝိညာဥ်နတ်ဘုရားနယ်မြေမှ အကြောင်းစုံကို ရှင်းပြလိုက်သည်။

"ဝိညာဥ်နတ်ဘုရားနယ်မြေမှာ အဆင့်မြင့် ကြယ်သခင်ခွန်အားကို ထုတ်ဖော်နိုင်တယ်ဆိုတော့ သေချာပေါက် ထူးခြားရမယ်"

သူမက ချီးကျူးလိုက်ပြီး ခေါင်းဆောင်ရှန်အနေဖြင့် ဤမျှထူးချွန်သော ပါရမီရှင်တစ်ယောက်ကို မည်သို့ရှာဖွေထားကြောင်း မသိသော်လည်း လူငယ်မျိုးဆက်များကြားတွင် ဝင်မပါတတ်သဖြင့် စကားထပ်မပြောတော့ပေ။

ကြယ်အလင်း မြင့်မြတ်နယ်မြေတွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည်လည်း ခေါင်းဆောင်ရှန်၏ တပည့်များဖြစ်သောကြောင့် ရုန်ယွမ်နှင့်အဆင့်တူ ခြံဝန်းများ ပိုင်ဆိုင်လာကြ၏။ သို့သော် ယဲ့ချန်၏နန်းတော်က ရုန်ယွမ်ထက် ပို၍ကြီးကျယ်ခမ်းနားပြီး သူက ကြယ်သခင်အဆင့်မတက်ခင် အချိန်လေဟာနယ်အဆင့်ခုနစ်ကို ပေါက်မြောက်အောင်မြင်ရန် ကြံစည်နေသည်။ သူက တင်ပျဥ်ခွေထိုင်ချပြီး နတ်ကိုယ်ထည်ကျင့်စဥ်အား အကြမ်းဖျင်း လေ့လာလိုက်သည်။ ၎င်းက သွေး၊ အရိုးနှင့် ဝိညာဥ်ကို သန့်စင်ခြင်းဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားကာ နတ်အစေခံအဆင့်ဖြင့် ကျင့်ကြံနိုင်သော်လည်း ထိပ်တန်းကြယ်သခင်အဆင့်ရောက်မှသာ အလုံးစုံ အောင်မြင်ပေလိမ့်မည်။ ၎င်းကို သန့်စင်ပြီးလျှင် နတ်ဘုရားများပမာ အစွမ်းထက်ခြင်းသို့ ရောက်နိုင်သည်ဟု ဖော်ပြထားသည်။

"နတ်သွေးစက် ဟုတ်လား"

ယဲ့ချန်၏အတွေးထဲသို့ မဟာလမ်းစဥ် တော်ဝင်သင်္ချိုင်းအတွင်း၌ ကောင်းကင်သခင်တစ်ယောက်၏ နတ်သွေးစက်မှ ဖြစ်ပေါ်လာသော အရာများအကြောင်း ရောက်ရှိလာသည်။ ထိုကျင့်ကြံသူက နတ်ကိုယ်ထည်ကျင့်စဥ်ကဲ့သို့ အစွမ်းထက် ရုပ်ခန္ဓာကျင့်စဥ်တစ်ခုခုကို အောင်မြင်ထားပုံပေါ်သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၌လည်း သဏ္ဍာန်တူကျင့်ကြံခြင်းမျိုး ပါဝင်ကာ ထိပ်ဆုံးအဆင့် ကြယ်သခင်ဖြစ်မှသာ ကျင့်ကြံနိုင်မည်ဟု ဆိုထားသဖြင့် နတ်ကိုယ်ထည်ကျင့်စဥ်ထက် ပို၍နက်နဲအဆင့်မြင့်နေသည်။ ၎င်းက အခြားကျင့်စဥ်များနှင့် မတူကွဲပြားသောကြောင့် ကျင့်စဥ်ချင်း ပြဿနာမဖြစ်စေရန် သူက နတ်ကိုယ်ထည်ကျင့်စဥ်အား မကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။

"ခြင်္သေ့ကြီး ခင်ဗျား ဒီကျင့်စဥ်ကို ကျင့်ကြံသင့်တယ်"

သူက နတ်ကိုယ်ထည်ကျင့်စဥ်ကို ခြင်္သေ့ကြီးထံ လွှဲအပ်လိုက်သည်။ ၎င်းက သူ့အတွက် မသင့်တော်သော်လည်း သွေး၊ အရိုးနှင့် ဝိညာဥ်ကိုသန့်စင်ရန် ဖော်ပြထားသော နည်းလမ်းများကြောင့် အမြင်သစ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံရန်အတွက် ၎င်းတို့အပေါ် နားလည်မှုအား အသုံးချနိုင်သည်။ အချိန်လေဟာနယ် အဆင့်ခြောက်နှင့် အဆင့်ခုနစ်ချီများက ရာနှုန်းပြည့် မဖြစ်တည်သေးသော်လည်း နောက်ဆုံးခြေတစ်လှမ်းသာ လိုနေသည်ဟု သူက ခံစားလိုက်ရသည်။

ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ကျင့်ကြံနေစဥ် ထိပ်တန်းမဟာမိတ်၏ မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ သွေးများ ဆူပွက်စေသော စစ်ဘုံများ မြည်ဟီးသွားသောကြောင့် အစစ်အမှန်သိုင်းပြိုင်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။ မရေမတွက်နိုင်သော ယာဥ်များက စကြဝဠာအတွင်းမှ ရောက်ရှိလာသောကြောင့် ကြယ်များပေါ်တွင် လူဦးရေက ချက်ချင်းတိုးပွားလာသည်။ ဗဟိုကြယ်၏အထက်ရှိ ဟင်းလင်းပြင်တွင် တာအိုစင်မြင့်ကြီးတစ်ခု မျောလွင့်နေကာ ကျင့်ကြံသူတိုင်းက မော့ကြည့်နေကြသည်။ ၎င်းအထက်တွင် စွမ်းအားရှင်ကြယ်သခင်များ၏ ပုံရိပ်ကြီးများ နေရာယူထားပြီး နတ်ဘုရားများပမာ ငုံ့ကြည့်နေကြသည်။ ထိပ်တန်းမဟာမိတ်၊ နန်းတော်သုံးခု၊ အိမ်တော်နှစ်ခုနှင့် ပျောက်ကွယ်ဓားစံအိမ်မှ ခေါင်းဆောင်များအားလုံး လူစုံတက်စုံ ရောက်ရှိနေကြပြီဖြစ်သည်။

"ကောင်းကင်သူတော်တစ်ယောက် ရောက်လာမယ်လို့ သတင်းတွေ ထွက်နေတာ မဟုတ်ဘူးလား"

ကျင့်ကြံသူများက တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုး ဆွေးနွေးနေကြသည်။

"သူက ဘယ်လိုလု ပ်ကိုယ်ထင်ပြမှာလဲ။ တစ်နေရာရာကနေ စောင့်ကြည့်နေတာ ဖြစ်ရမယ်"

"ဒါက ကောလဟာလသက်သက်ပါကွာ။ အစစ်အမှန်သိုင်းပြိုင်ပွဲကို ကောင်းကင်သူတော်တစ်ယောက် ရောက်လာတာ တစ်ခါမှ မမြင်ဖူးပါဘူး"

ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရှိ သန်းချီသော ကျင့်ကြံသူများက တာအိုစင်မြင့်ကြီးအနားတွင် စုဝေးကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။ ဤပြိုင်ပွဲက ကြယ်အဖွဲ့အစည်းတစ်ခုလုံးရှိ ကျင့်ကြံသူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သော ထိပ်ဆုံးပြိုင်ပွဲတစ်ခု ဖြစ်လာပေတော့မည်။

All Chapters