ခေါင်းဆောင်လင်လုံ
Vol. 61 Ch. 846
အစစ်အမှန်သိုင်းပြိုင်ပွဲ ကျင်းပတော့မည်ဖြစ်ပြီး လွန်ခဲ့သော နှစ်များအတွင်း ဤနေရာမှ ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့သည်။ လူမသိသူမသိ ကျင့်ကြံသူများစွာက ဤပြိုင်ပွဲမှ ထွန်းတောက်လာခဲ့ပြီး အင်အားစုများ၏ တန်ဖိုးထားခြင်းကို ရယူနိုင်ခဲ့သည်။ လက်ရှိမျိုးဆက်တွင် ခေါင်းဆောင်ဖြစ်နေသူများမှာ ဤပြိုင်ပွဲမှတဆင့် လက်ရှိအဆင့်အတန်းသို့ လှမ်းတက်လာသူများသာ ဖြစ်သည်။ ဤပြိုင်ပွဲတွင် အောင်မြင်မှုအတွက် နှင့် မရေမတွက်နိုင်သူများ အိပ်မက်မက်နေရသော ထိပ်တန်းအဆင့်သို့ တက်လှမ်းရန် ပါရမီရှင်များ အသင့်ဖြစ်နေခဲ့ကြသည်။
ဤပြိုင်ပွဲတွင် နတ်အစေခံပြိုင်ပွဲနှင့် အဆင့်နိမ့် ကြယ်သခင်ပြိုင်ပွဲက စိတ်ဝင်စားမှုအများဆုံး ရရှိထားသည်။ နတ်အစေခံ အဆင့်တစ်ဆယ်တွင် အခြေခံကောင်းကောင်း တည်ဆောက်ထားနိုင်လျှင် ကြယ်သခင်အဆင့်ရောက်ပါက ခုန်ပေါက်တိုးတက်နိုင်သကဲ့သို့ အဆင့်နိမ့်ကြယ်သခင်များကလည်း ကြယ်သခင်အဆင့်၏ ပထမဆုံးခြေလှမ်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် ၃၂နေရာသာရှိသော စွမ်းအားရှင်စာရင်းကို စိန်ခေါ်မည့် အစွမ်းထက်ကျင့်ကြံသူများလည်း ရှိနေသည်။ မရေမတွက်နိုင်သော ထိပ်တန်းကြယ်သခင်များက စွမ်းအားရှင်စာရင်းသို့ ဝင်ရောက်လိုသောကြောင့် စိန်ခေါ်မည်ဖြစ်ပြီး အသစ်တစ်ယောက် ဝင်ရောက်လာလျှင် ဤစာရင်းက ပြောင်းလဲသွားပေလိမ့်မည်။
ဘီလီယံချီသော ကျင့်ကြံသူများ၏ အကြည့်က ဟင်းလင်းပြင်ထက်ရှိ တာအိုစင်မြင့်သို့ ရောက်ရှိနေကြသည့်အပြင် ရှင်းဟွမ်များကလည်း ကြယ်သလင်းကျောက်မှတဆင့် ကိုယ်စီစောင့်ကြည့်နေကြသည်။ တိုက်ပွဲစင်မြင့်များလည်း ထွက်ပေါ်လာပြီး အစီအရင်များဖြင့် ကာကွယ်ထားကာ အချင်းမီတာသိန်းချီသောကြောင့် အလွန်တရာ ကျယ်ဝန်းနေသည်။ ဤစင်မြင့်များကို ဖန်တီးရန်အတွက် အလွန်အစွမ်းထက်သော ကျင့်ကြံသူများ လိုအပ်ပေလိမ့်မည်။ ခေါင်းလောင်သံများနှင့် စစ်ပွဲဗုံသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသောကြောင့် လူတိုင်း၏သွေးများ ပွက်ပွက်ဆူနေသည်။
ယဲ့ချန်သည် ထိပ်တန်းမဟာမိတ်၏ နတ်အစေခံတပည့်များနှင့်အတူ တိုက်ခိုက်ရေးစင်မြင့်တစ်ခုတွင် စာရင်းပေးသွင်းလိုက်သည်။ အတွင်းစည်းတပည့်အရေအတွက်သည် အနည်းငယ်သာဖြစ်သော်လည်း စကြဝဠာတစ်ခွင် ပြန့်ကြဲနေသော အပြင်စည်းတပည့်များက မရေမတွက်နိုင်အောင် များပြားလှသည်။ သန်းချီသော အပြင်စည်းတပည့်များ ဝန်းရံ၍ သိန်းချီသော အတွင်းစည်းတပည့်များက ကောင်းကင်ထက်တွင် တစ်နေရာရယူထား၏။ ကြယ်အလင်းနယ်မြေမှ ပါရမီရှင်၁၃ယောက်သာ ဝတ်ဆင်ခွင့်ရရှိသော ကြယ်အလင်းတာအိုဝတ်စုံကို ဆင်မြန်းထားသည့် ယဲ့ချန်တို့ထံ အကြည့်များစွာ ကျရောက်နေသည်။ ဤဝတ်စုံက ကြယ်အလင်းနယ်မြေ၏ သင်္ကေတဖြစ်သည့်အပြင် ဤ၁၃ဦးသည် ထိပ်တန်းမဟာမိတ်တွင် အစွမ်းအထက်ဆုံး ပါရမီရှင်များ ဖြစ်ကြောင်းဖော်ပြနေရာ ရုန်ယွမ်၊ လင်ချိုးနှင့် အခြားလူများသည် ခေါင်းမော့ခါးမတ်၍ ရင်ကော့လိုက်ကြသည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကမူ မည်သည်ကိုမှ အလေးအနက်မထားဟန်ဖြင့် ပျင်းရိနေပုံပေါ်သည်။ အခြားအင်အားစုများမှ နတ်အစေခံများသည်လည်း တူညီဝတ်စုံများ ဆင်မြန်းထားကာ တိုက်ပွဲစင်မြင့်၏ ထောင့်တစ်ဖက်တစ်ချက်စီ၌ နေရာယူထားကြ၏။ ထိပ်တန်းမဟာမိတ်၏ မျက်နှာချင်းဆိုင်တွင် အနီရောင်တောက်တောက် ဝတ်စုံကိုယ်စီနှင့် မီးတောက်နီနန်းတော်မှ နတ်အစေခံများ ရှိနေသည်။
"ငါ ကြားထားသလောက်ဆိုရင် မီးတောက်နီနန်းတော်မှာ ခွန်းရန်ဆိုတဲ့တစ်ယောက်က အချိန်လေဟာနယ်အဆင့်ငါးကို နားလည်ထားတယ်။ သူ့ကို မီးတောက်နီနန်းတော်ရဲ့ အကြီးအကဲတွေက အသန်မာဆုံးလို့ သတ်မှတ်ထားကြတယ်"
"ဂိုဏ်းတူအစ်မကုရန် ကြယ်သခင်ဖြစ်သွားတော့ ငါတို့ထိပ်တန်းမဟာမိတ်မှာ အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်နိုင်တဲ့ ပါရမီရှင် မရှိတော့ဘူး"
"ဂိုဏ်းတူအစ်ကိုရုန်ယွမ်က အဆင့်လေးအထိတော့ နားလည်ထားတယ်။ သူက အဆင့်ငါးကို မရောက်သေးတာ နှမြောစရာကောင်းလွန်းတယ်"
အခြားတပည့်များ၏ စကားကို ကြားလိုက်ရသောအခါ ရုန်ယွမ်က ယဲ့ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ အကယ်၍ သူသာ ဒဏ်ရာမရသွားလျှင် အဆင့်ငါးအထိ နားလည်နိုင်မည်ဖြစ်သော်လည်း လက်ရှိတွင် ထိုအဆင့်နှင့် ပိုမိုဝေးကွာလာခဲ့သည်။
"ငါတို့တွေ ဒီပြိုင်ပွဲကို အနိုင်ရပါ့မလား။ ငါတို့က မီးတောက်နီနန်းတော်ကို ဆယ်နှစ်ဆက်တိုက် ဖိနှိပ်ထားနိုင်ပေမယ့် သူတို့က အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ်။ သူတို့မှာ ခေါင်းဆောင်ငါးယောက်တောင်ရှိပြီး ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရဲ့ ဧရိယာတော်တော်များများ ချုပ်ကိုင်ထားနိုင်တယ်"
မီးတောက်နီနန်းတော်၏ အနီရောင်ဝတ် တပည့်များကြားတွင် အဖြူရောင်ဝတ်ဆင်ထားသည့် ခွန်းရန်က ထင်ရှားနေသည်။ နတ်အစေခံများက သူ့ကို မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေသောကြောင့် မောက်မာစွာ ရပ်နေခြင်းဖြစ်သည်။ ဤပြိုင်ပွဲမှ နှစ်စဥ်ထွက်ပေါ်လာသော ပါရမီရှင်များက ကြယ်များ မြင့်တက်လာသကဲ့သို့ အနာဂတ်တွင် ကြယ်အဖွဲ့အစည်း၏ ထောက်တိုင်များ ဖြစ်လာကြပေလိမ့်မည်။ လက်ရှိတွင် အဆင့်တစ်ဆယ်နတ်အစေခံများကြားတွင် ခွန်းရန်က အတောက်ပဆုံးဖြစ်နေပြီး အချိန်လေဟာနယ်အဆင့်ငါးကို နားလည်ထားသဖြင့် လက်ရှိကျင့်ကြံဆင့်၌ ခွန်အားက အထွတ်အထိပ်သို့ ရောက်နေသည်။ မီးတောက်နီနန်းတော်က သူ့ကို နတ်အစေခံအဆင့်တွင် ပြိုင်ဘက်ကင်းဟု ပေါ်တင်ထုတ်ပြောပြီး မည်သူမှ စိန်ခေါ်နိုင်စွမ်း မရှိပေ။
"ယဲ့ချန် မင်း အချိန်လေဟာနယ် အဆင့်ခြောက်နဲ့ အဆင့်ခုနစ်ကို အောင်မြင်သွားပြီလား။ ဒီကောင်က အဆင့်ငါးလေးအောင်မြင်ထားတာကို မောက်မာပြနေတယ်။ မင်းနဲ့ယှဥ်ရင် ပါရမီရှင်လို့တောင် မခေါ်ထိုက်ဘူး"
ခြင်္သေ့ကြီးသည် ခွန်းရန်ကို တစ်ချက်ကြည့်၍ ယဲ့ချန်ထံ အသံချင်း ဆက်သွယ်လိုက်၏။ သူက အချိန်လေဟာနယ်အဆင့်သုံးအထိသာ နားလည်ထားသော်လည်း ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာအားကိုးဖြင့် ခွန်းရန်ကို ကြောက်စရာ မလိုပေ။
"သိပ်မကြာခင် အောင်မြင်တော့မယ်"
ယဲ့ချန်သည် ထိုအဆင့်နှစ်ခုကို ထိန်းချုပ်နိုင်ရန်အတွက် အနည်းငယ် လိုအပ်နေသည်။
"ဒီနေ့ ရာသီဥတုက နည်းနည်းကောင်းတယ်။ ငါ လုပ်စရာကိစ္စလေး ပေါ်လာပြီ"
ခြင်္သေ့ကြီးက ယနေ့တွင် လူအသွင်ပြောင်းထားပြီး ကြယ်အလင်းတာအိုဝတ်စုံကြောင့် ခန့်ညားနေသည်။ သူက နောက်ကျွမ်းပစ်၍ တပည့်အုပ်အတွင်း ဝင်ရောက်သွားကာ မျက်စိကျနေသော မိန်းမလှလေးတစ်ယောက်ထံ ဦးတည်လိုက်သည်။ ဤအခွင့်အရေးကို လက်လွှတ်ခံလိုက်လျှင် သူလောက် မိုက်မဲသူရှိမည် မဟုတ်ပေ။ ထိပ်တန်းမဟာမိတ်၏ နတ်အစေခံများက ရိုရိုသေသေနှင့် လမ်းဖယ်ပေးလိုက်ကြသဖြင့် ပစ်မှတ်ထံ သူက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။ သူမက မှော်ခြင်္သေ့မျိုးနွယ်ဝင်ဖြစ်ပြီး ဆွဲဆောင်အားပြင်းလွန်းကာ နောက်လိုက်နောက်ပါများစွာ ရှိနေသောကြောင့် အဆင့်အတန်းမြင့်မားပုံရသည်။
"ဟေ့ အလှလေး မင်းက ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ငါနဲ့အတူ ကြယ်အလင်းနယ်မြေကို လိုက်ခဲ့ရင် ဘယ်လိုလဲ။ ငါ မင်းကို ဝိညာဥ်ကျင့်စဥ်တစ်ခု သင်ပေးမယ်လေ"
ခြင်္သေ့ကြီးက သူမကို အပြုံးတစ်ခုနှင့် ချဥ်းကပ်သွားခဲ့သည်။
"တကယ်လားဟင်"
သူမက မျက်လုံးရွဲကြီးများနှင့် သနားစဖွယ် ပြန်ကြည့်လာခဲ့သည်။
"ဒါပေါ့"
ခြင်္သေ့ကြီးက ရင်ကို ကော့၍ ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။
"အရူးကောင် နင်ကများ ဒီဘွားဘွားကို စော်ကားရဲတယ်။ ဒီနေ့ နင့်ကို အပိုင်းပိုင်းအစစ လုပ်ပစ်မယ်။ နင်က ကြယ်အလင်းနယ်မြေရဲ့ ပါရမီရှင်ဆိုရင်ရော ကြောက်နေရမှာလား။ ငါ့အဖေက မှော်ခြင်္သေ့မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး ငါ့အဘိုးက ခေါင်းဆောင်မူယဲ့ ဖြစ်တယ်။ ဟေ့ကလေးတွေ ဒီကောင့်ကို ရိုက်ကြစမ်း"
သို့သော် တန်းလင်းအာဆိုသော ခြင်္သေ့မလေး၏ အမူအရာက ချက်ချင်းပြောင်းလဲသွားကာ ဟန်ရေးပြနေသော ခြင်္သေ့ကြီး၏ပေါင်ကြားကို ဆောင့်ကန်ပစ်လိုက်သည်။ ခြင်္သေ့ကြီးက နာကျင်စွာ အော်ဟစ်လိုက်ရသော်လည်း နတ်ခန္ဓာကျေးဇူးကြောင့် ဒဏ်ရာမရသွားခဲ့ပေ။ သို့သော် မှော်ခြင်္သေ့များက သူ့ကို ရိုက်နှက်ရန်အတွက် အုပ်လိုက်ကြီး ပြေးတက်လာကြသည်။
"နူးညံ့လိုက်တာကွာ"
သို့သော် ခြင်္သေ့ကြီးက ဤအခြေအနေကို အခွင့်ကောင်းယူ၍ တန်လင်းအာထံ ပြေးကပ်သွားကာ ရင်ဘတ်ကို လက်ဖြင့် ဖျစ်ညှစ်လိုက်သည်။
"ခွေးကောင် နင် ငါ့ကို အသားယူရဲတယ်ပေါ့။ သတ်ပစ်မယ်"
တန်လင်းအာမှာ ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။ ထိုအချိန်၌ ခြင်္သေ့ကြီးက တဟားဟားရယ်မောရင်း မှော်ခြင်္သေ့များကြားတွင် ပတ်ပြေးနေခဲ့သည်။
"ဘာတွေဆူညံနေတာတုန်း"
ထိုအချိန်၌ လူတစ်ယောက် ရောက်ရှိလာသောကြောင့် မှော်ခြင်္သေ့များက ချက်ချင်းနောက်ဆုတ်သွားကြသည်။ ရောက်ရှိလာသူမှာ ထိပ်တန်းမဟာမိတ်၏ အဆင့်မြင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့် ကြယ်သခင်တစ်ယောက် ဖြစ်သည်။ ထိုအကြီးအကဲက ဖြစ်ပျက်သမျှကို သိသွားသောအခါ တန်လင်းအာမှာ ရှက်စိတ်ကြောင့် ပါးစပ်ပိတ်နေခဲ့သည်။ ခြင်္သေ့ကြီးမှာ ခေါင်းဆောင်ရှန်၏ တပည့်ဖြစ်နေသောကြောင့် အပြစ်ကြီးမလုပ်ထားလျှင် ကြီးသည့်အမှု ငယ်အောင် သူက လုပ်ပေးရမည်ဖြစ်သည်။ သို့သော် တစ်ဖက်လူကလည်း စွမ်းအားရှင်တစ်ယောက်၏ မြေးဖြစ်နေသောကြောင့် သူက အကျပ်ရိုက်သွားသည်။ ဤမြင်ကွင်းကို မြင်နေရသော ယဲ့ချန်မှာ ခြင်္သေ့ကြီး၏ ရဲတင်းမှုကြောင့် ခေါင်းကိုက်သွားကာ မသိချင်ယောင်ဆောင်၍ တစ်ဖက်လှည့်နေလိုက်သည်။
"ယဲ့ချန် ဒီကောင်မစုတ်ကလေးက တစ်ခုခုပဲ။ ငါ သူမကို ကြိုက်နေပြီထင်တယ်။ ကူညီပေးဦး"
ခြင်္သေ့ကြီးက စိတ်ဓာတ်တက်ကြွနေပုံရသည်။
"ခင်ဗျားဘာသာလုပ်ဗျာ။ ကျုပ် စိတ်မဝင်စားဘူး"
ယဲ့ချန်က ချက်ချင်းခေါင်းယမ်းပြလိုက်သည်။ အကယ်၍ သူသာ ဤကိစ္စ၌ ဝင်ပါသွားလျှင် ခြင်္သေ့ကြီးနှင့်တန်းတူ တဏှာရူးအဖြစ် သေချာပေါက် အထင်ခံရနိုင်သောကြောင့် ဘေးထွက်နေရပေလိမ့်မည်။
"ယဲ့ချန် မင်း သစ္စာမရှိတဲ့ကောင်"
ခြင်္သေ့ကြီးက ခါးသက်သက်ရယ်မော၍ ဆူပုတ်ပုတ်ဖြစ်နေသော ဒေါသအိုးကလေး၏ မျက်နှာကို တစ်ချက်ခိုးကြည့်လိုက်သည်။ ယဲ့ချန်က တစ်ချက်ပြုံးကာ နေရာ၌ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး စိတ်ကို တည်ငြိမ်စွာထားကာ ဆူညံပွက်လောရိုက်နေသည့် ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး ကျင့်ကြံနေလိုက်သည်။ ကောင်းကင်ထက်တွင် ရောင်စုံအချိန်လေဟာနယ်ချီများ ယှက်သန်းနေသဖြင့် စွမ်းအားရှင်အချင်းချင်း အရှိန်အဝါ ပြိုင်ဆိုင်နေပုံရသည်။ လှည့်ပတ်သွားလာနေသော ချီများအကြားတွင် အမျိုးသမီးတစ်ယောက်၏ အရှိန်အဝါက အစွမ်းအထက်ဆုံးဖြစ်ကာ သူမသည် ရိုးရိုးရှင်းရှင်း ဝတ်စားထားသော်လည်း လောကကြီးတစ်ခုလုံး အရောင်အဆင်းကင်းမဲ့သွားအောင် လှပနေသည်။ လကို ဖုံးကွယ်သော တိမ်ပမာ၊ လေအလာ၌ လွင့်ပျံသွားသော နှင်းများပမာ သူမက လှပလွန်းနေသဖြင့် အိပ်မက်ပန်းချီတစ်ချပ်ပမာ ထင်မှတ်ရ၏။ သူမ၏အရှိန်အဝါက ကျင့်ကြံသူများကို လွှမ်းခြုံသွားသောအခါ လူတိုင်းက စိတ်ထားများ သန့်စင်ခံလိုက်ရသကဲ့သို့ ကြည်လင်သွားခဲ့သည်။ လူတိုင်းမှာ သူမကို စိတ်ထဲမှ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် မည်သူမှ အမှောင်အတွေးများ မတွေးဝံ့ကြပေ။
သူမသည် ထိပ်တန်းမဟာမိတ်၏ အစွမ်းအထက်ဆုံး ခေါင်းဆောင်လင်လုံဖြစ်ပြီး အသက်နှစ်ထောင်ကျော်ပြီဖြစ်သည်။ စွမ်းအားရှင်များ၏ သက်တမ်းက ပုံမှန်ဆိုလျှင် နည်းလမ်းမျိုးစုံဖြင့် ဆွဲဆန့်ထားသော အသက်ငါးထောင် ခြောက်ထောင်ကျော် အိုကြီးအိုမများဖြစ်သည်။ လင်လုံက လောကကို အလင်းဆောင်သော နေတစ်စင်းပမာ ထွန်းတောက်လာပြီး ပြိုင်ဘက်ကင်းအလှနှင့် ပြိုင်ဘက်ကင်းခွန်အားကို ပိုင်ဆိုင်ထားသည်။ ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်ဟောင်းက မဟာအကြီးအကဲအဖြစ် အငြိမ်းစားယူသွားသောအခါ သူမလက်တွင်းသို့ အုပ်ချုပ်ရေးအာဏာ ရောက်ရှိလာသည်။ သူမက အခြားကိစ္စများတွင် ထွက်ပေါ်လာခြင်းမရှိဘဲ အစစ်အမှန် သိုင်းပညာပြိုင်ပွဲ၌သာ လူမြင်ကွင်းသို့ ထွက်ပေါ်လာတတ်သည်။
လေထဲတွင် အချိန်လေဟာနယ်ချီများ ဖြတ်သန်းသွားလာနေပြီး လင်လုံ၏ ခွန်အားကြောင့် လူတိုင်း ရင်သပ်ရှုမောဖြစ်နေကြသည်။ သူမ၏အရှိန်အဝါက အားလုံးကို ဖိနှိပ်ထားနိုင်ပြီး ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် ကောင်းကင်တာအိုနှင့် အနီးစပ်ဆုံး ကျင့်ကြံသူဟု ပြောစမှတ်ရှိသည်။ သူမက ကြယ်သခင်အဆင့်ထက် ကျော်လွန်သွားပြီလားဟူသော မေးခွန်းကို မည်သူမှ မဖြေနိုင်ပေ။ လွန်ခဲ့သော နှစ်တစ်ထောင်ကပင် သူမက စွမ်းအားရှင်စာရင်းတွင် ပြိုင်ဘက်ကင်းဖြစ်လာခဲ့ပြီး အဆင့်နှစ်နေရာမှ ကျင့်ကြံသူပင် သူမ၏တိုက်ကွက် ငါးကွက်ပြည့်အောင် မခုခံနိုင်ဟု သတင်းများ ရှိလေသည်။