← Chapters

စိန်ခေါ်ခြင်း

Vol. 61 Ch. 847

စိန်ခေါ်ခြင်း

Vol. 61 Ch. 847

လင်လုံ၏ ပြိုင်ဘက်ကင်း စွမ်းအားအောက်တွင် လူတိုင်းသည် နိမ့်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး အရှိန်အဝါအရာ၌ ဒုတိယလိုက်သူမှာ မီးတောက်နီနန်းတော်သခင် ရှန်းရန် ရှိသည်။ သူ၏ပုံရိပ်က အပေါ်ပိုင်းအဝတ်ဗလာနှင့် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသားတစ်ယောက်ဖြစ်ကာ တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ကြွက်သားကြီးများက ဖောင်းကြွဖုထစ်နေကာ တစ်ကိုယ်လုံး မီးများတောက်လောင်နေသဖြင့် မီးနတ်ဘုရားဟု ထင်မှတ်ရသည်။ သူ၏ခန္ဓာကိုယ်ထက်တွင် ဆေးမင်ကြောင်များလည်း ရှိနေပြီး ရင်ဘတ်ရှိ မီးတောက်သဏ္ဍာန် မင်ကြောင်က မျက်စိပသာဒဖြစ်ဖွယ် လှပနေသည်။

ရှန်းရန်၏ အရှိန်အဝါသည်လည်း အခြားစွမ်းအားရှင်များကို ဖိအားပေးနိုင်ပြီး အနည်းငယ်မျှပင် မခုခံနိုင်ဖြစ်စေသည်။ ရှန်းရန်တစ်ယောက်တည်းသာ နတ်မီးတောက်များ၏ အကူအညီဖြင့် လင်လုံ၏ဖိအားကို ကြံ့ကြံ့ခံနိုင်နေသည်။

"လင်လုံ လွန်ခဲ့တဲ့ နှစ်ငါးဆယ်က တိုက်ပွဲကို မှတ်မိသေးလား"

ရှန်းရန်၏စကားသံ ထွက်ပေါ်လာသောအခါ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသော အရှိန်အဝါမျိုး ဖြစ်တည်လာ၏။

"အချိန်မရွေး အသင့်ပဲ"

လင်လုံက အနည်းငယ် ဝေ့ကြည့်လိုက်သော်လည်း ဟင်းလင်းပြင် ကွဲထွက်သွားကာ ခမ်းနားသော အရှိန်အဝါ ထွက်ပေါ်လာသည်။ သူမ၏အဆင့်မျိုးတွင် ခံစားချက်အနည်းငယ်ကပင် အချိန်နှင့် လေဟာနယ်ကို တုန်လှုပ်သွားစေရန် စွမ်းဆောင်နိုင်သည်။ သူမက တည်ငြိမ်စွာနှင့် ခံစားချက်မဲ့စွာ ပြောလိုက်ပြီး အသံက ကြည်လင်သာယာသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ပြင်းထန်နေသဖြင့် အခြားကျင့်ကြံသူများ၏ စိတ်နှလုံးကို တုန်ခါစေသည်။

"ကောင်းပြီ။ ပြိုင်ပွဲပြီးရင် တိုက်ခိုက်ကြတာပေါ့ ဟား ဟား"

ရှန်းရန်၏ ကျေနပ်သော ရယ်သံကြီးက စကြဝဠာအတွင်း အချိန်ကြာမြင့်စွာ မြည်ဟီးထစ်ချုန်းသွားသည်။ ဤစကားကြောင့် အစစ်အမှန်သိုင်းပြိုင်ပွဲပြီးလျှင် စွမ်းအားရှင်နှစ်ယောက်၏ တိုက်ပွဲ ဖြစ်လာနိုင်သောကြောင့် လူတိုင်း ပွက်လောရိုက်ကုန်သည်။ ဘီလီယံချီသော ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးနေကြပြီး ခေါင်းဆောင်နှစ်ယောက်ကြားမှ တိုက်ပွဲကို မြင်ရရန် မစောင့်နိုင်ကြတော့ပေ။ လင်လုံသည် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၌ နှစ်တစ်သန်းမှ တစ်ယောက် ထွက်ပေါ်လာတတ်သော ပါရမီရှင်ဖြစ်ကာ လက်ရှိ၌ နံပတ်တစ်ကျင့်ကြံသူ ဖြစ်သောကြောင့် မည်သူမှ မယှဥ်နိုင်ပေ။ တစ်ဖက်တွင် သူမပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်သော မီးတောက်နီနန်းတော်သခင်သည်လည်း အခြားစွမ်းအားရှင်များထက် သာလွန်နေကာ မည်သည့်အဆင့်သို့ ရောက်နေကြောင်း မည်သူမှ မပြောနိုင်ပေ။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း သူက လင်လုံကို နှစ်ကြိမ် စိန်ခေါ်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။

"တူ တူ တူ..."

"ဘုန်း ဘုန်း ဘုန်း"

စစ်ဗုံသံများ ထွက်ပေါ်လာကာ ကျွဲဂျိုမှုတ်သံများ ဆူညံနေပြီး နောက်ဆုံးတွင် လူတိုင်း စောင့်မျှော်နေသည့် အစစ်အမှန်သိုင်းပြိုင်ပွဲ စတင်ခဲ့လေသည်။ တိုက်ပွဲစင်တစ်ခုချင်းစီတွင် လူတစ်ထောင်ကျော် တိုက်ခိုက်နေကြပြီး တစ်ယောက်ချင်းစီက သက်ဆိုင်ရာ ကြယ်ဒေသများ၏ ပါရမီရှင်များ ဖြစ်ကြသည်။ လူတိုင်းက စွမ်းအားရှင်များရှေ့မှောက်တွင် အလားအလာကို ထုတ်ပြချင်နေကြသည်။

"ရှန်မူ မင်းရဲ့တပည့် ချန်ရဲက ငါ့တပည့် ရုန်ယွမ်ကို တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် သူက အချိန်လေဟာနယ်အဆင့်ငါးကို မကျင့်ကြံနိုင်တော့ဘူး။ ဒါ အမှန်ပဲလား"

ထိပ်တန်းမဟာမိတ်သို့ ပြန်လည်ရောက်ရှိလာသော လောင်ရင်က ရှန်မူကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ ထိပ်တန်းမဟာမိတ်တွင် လင်လုံပြီးလျှင် သူက အဆင့်အတန်းအရာ၌ ဒုတိယလိုက်သောကြောင့် အခြားစွမ်းအားရှင်များထက် အနည်းငယ် ပို၍သန်မာသည်။

"လူငယ်မျိုးဆက်ကို သူတို့ဘာသာ တိုက်ခိုက်ကြပါစေ။ ရုန်ယွမ်က ချန်အာကို မယှဥ်နိုင်တဲ့အတွက် သူက အားနည်းကြောင်း သိနေရတယ်။ ငါတို့လူအိုကြီးတွေက ကလေးတွေကိစ္စကြောင့် ရန်ဖြစ်နေရမှာလား"

ရှန်မူက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

"ငါ့တပည့်ရဲ့ ခွန်အားအရဆိုရင် အကောက်ကြံခံရတာ မဟုတ်ရင် သူ့ကို ချန်ရဲက ဘယ်လိုယှဥ်နိုင်မှာလဲ။ ငါ့တပည့်က ဒီကိစ္စကြောင့် အချိန်လေဟာနယ် အဆင့်ငါးကို မကျင့်ကြံနိုင်တော့ဘူး။ ထိပ်တန်းမဟာမိတ်အတွက် ပါရမီရှင်တစ်ယောက် ဆုံးရှုံးလိုက်ရပြီ"

လောင်ရင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း ယဲ့ချန်ကဲ့သို့ လူငယ်မျိုးဆက်ကို မကောင်းကြံရလောက်သည်အထိ အောက်တန်းမကျပေ။ သို့သော် သူက ရုန်ယွမ်ကို ပျိုးထောင်ရန်အတွက် များစွာအားထုတ်ခဲ့ပြီး သိုင်းပြိုင်ပွဲ၌ စွမ်းဆောင်ရည် ကောင်းကောင်းပြသရန် မျှော်လင့်ထားသည်။ သို့ရာတွင် သူ၏မျှော်လင့်ချက်ကို ယဲ့ချန်က ဖျက်ဆီးသွားသောကြောင့် ဒေါသမထွက်ဘဲ မနေနိုင်ချေ။

"ရုန်ယွမ်ကို ငါ တွေ့ဖူးပါတယ်။ သူ့ပါရမီက သိပ်မဆိုးပေမယ့် အချိန်လေဟာနယ်အဆင့်ငါးကို နားလည်နိုင်ဖို့အတွက် အလှမ်းဝေးလွန်းပါတယ်။ ချန်ရဲကို သူ ရှုံးနိမ့်ရတာက အကြောင်းရှိလို့ပေါ့။ ပြီးတော့ မင်းရဲ့တပည့်က မောက်မာပြီး အမြင်ကျဥ်းတယ်။ သူသာ ဒီရှုံးနိမ့်မှုကို သင်ခန်းစာယူပြီး ပြန်ထလာနိုင်ရင် ပိုအစွမ်းထက်မယ်။ မဟုတ်ရင်တော့ အရှုံးတစ်ခုကိုတောင် မကျော်ဖြတ်နိုင်တဲ့ ပါရမီရှင်ကို ဘာကြောင့် ပျိုးထောင်နေဦးမှာလဲ"

ရှန်မူက ခေါင်းယမ်း၍ စိတ်ပျက်စွာ ပြောလိုက်သည်။

"ဒါဆိုရင် ချန်ရဲက ရုန်ယွမ်ထက် ပိုပြီးပါရမီရှိတယ်ပေါ့"

လောင်ရင်က အေးစက်စက် မေးလိုက်သည်။

"ဒါပေါ့"

ရှန်မူက ရာနှုန်းပြည့် ယုံကြည်စွာ ဖြေလိုက်သည်။

"ကောင်းပြီ။ သူက ခွန်းရန်ကို အနိုင်ယူပြီး ထိပ်တန်းမဟာမိတ်အတွက် ဂုဏ်ဆောင်ပေးနိုင်ရင် ဒီကိစ္စကို ခွင့်လွှတ်ပေးမယ်။ မဟုတ်လို့ကတော့ နောက်လိုက်တပည့်အဖြစ် အပြစ်ပေးခံရမယ်"

လောင်ရင်က ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ရာဇသံပေးလိုက်သောကြောင့် ရှန်မူက မကျေနပ်သော်လည်း တိတ်တဆိတ်နေခဲ့သည်။ သူ၏အမြင်၌ တပည့်အသစ်နှစ်ဦးက အစွမ်းထက်သောကြောင့် ခွန်းရန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေသည်။

စွမ်းအားရှင်များ၏ ပုံရိပ်ကြီးများသည် ကောင်းကင်ထက်တွင် ထိုင်နေရင်း အောက်သို့ ငုံ့ကြည့်ကာ သင့်လျော်သော ပါရမီရှင်များကို စူးစမ်းနေကြ၏။ လင်လုံသည် ကောင်းကင်ဘုံမှ နတ်သမီးပမာ လှပစွာရှိနေပြီး ခန္ဓာကိုယ်ထက်တွင် အလင်းရောင်များ ထွက်ပေါ်နေသည်။ သူမ၏သွယ်လျသော လက်ချောင်းရှည်ရှည်လေးများဖြင့် တစ်ခုခုကို တွက်ချက်ကြည့်လိုက်ပြီး ယဲ့ချန်ကို ငုံ့ကြည့်လာခဲ့သည်။ ခဏအကြာတွင် သူမ၏မျက်နှာထက်တွင် ပန်းပေါင်းစုံ အရှုံးပေးရလောက်သော အပြုံးတစ်ခု ဖြစ်တည်လာကာ မျက်လုံးများ ပြန်မှိတ်သွားခဲ့သည်။ ရှန်းရန်သည် သူမ၏အပြုအမူကြောင့် မျက်မှောင်ကြုတ်၍ အောက်သို့ ငုံ့ကြည့်လိုက်၏။ ထိပ်တန်းမဟာမိတ်အပြင် အခြားအင်အားစုများမှ ကျင့်ကြံသူများသည်လည်း အချင်းချင်း အသံဖြင့် ဆက်သွယ်နေကြသည်။

"ကြည့်ရတာ ဒီနှစ်တွေမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်မလာဘူး ထင်တယ်"

ဟင်းလင်းပြင် ကျောက်စိမ်းနန်းတော်သခင် ချင်ရှုက ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် သန်းချီသော ပြိုင်ပွဲဝင်များကို စစ်ဆေးလိုက်သော်လည်း အံ့သြစေသည့် အရာမျိုး ထွက်ပေါ်မလာခဲ့ပေ။

"အခုမှ ပြိုင်ပွဲအစ ရှိသေးတယ်လေ။ နောက်ပိုင်းကျရင် ပါရမီရှင်တွေ ထွက်ပေါ်လာလိမ့်မယ်။ ခေါင်းဆောင်ချင် နည်းနည်းစိတ်ရှည်ပါဦး"

ရှန်မူက တစ်ချက်ပြုံး၍ နှစ်သိမ့်လိုက်သည်။

"ပါရမီရှင်တွေ ပျောက်ကွယ်ကုန်တာက ရှေးဟောင်းဝိညာဥ်နယ်မြေကို ကောင်းကင်နတ်ဆိုးတွေ ကျူးကျော်လာလို့ ဖြစ်တယ်။ အတိတ်တုန်းက ရှေးဟောင်းဝိညာဥ်နယ်မြေရဲ့ ကျင့်ကြံသူဆယ်ယောက်မှာ ကိုးယောက်က ပါရမီရှင်တွေချည်းပဲ"

ဟင်းလင်းပြင်စံအိမ်သခင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီဖြစ်ရပ်က ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွက် နာကျင်စရာပါပဲ။ ဒီနယ်မြေကို ပြန်ရဖို့အတွက် အင်အားစုခုနစ်ခုက ပူးပေါင်းပြီး အကြိမ်ရာချီမက ကြိုးစားနေပေမယ့် မအောင်မြင်သေးဘူး"

ရှေးဟောင်းဝိညာဥ်နယ်မြေအကြောင်း စကားဝိုင်း ဖြစ်ပေါ်လာသောအခါ စွမ်းအားရှင်စာရင်းမှ ကျင့်ကြံသူများသည် စိတ်ဓာတ်အနည်းငယ် ကျကုန်သည်။

"ခေါင်းဆောင်တို့ ဒီလောက်မစိုးရိမ်ပါနဲ့။ ငါတို့က ရှေးဟောင်းဝိညာဥ်နယ်မြေကို သိပ်မကြာခင် ပြန်ယူနိုင်မှာပါ။ ပိုပြီးအရေးကြီးတာက ပါရမီရှင်တွေကို မြေတောင်မြှောက်ပြီး ခွန်အား တိုးမြှင့်ရမယ်"

လင်လုံက အပြုံးတစ်ချက်ထုတ်ဖော်၍ ဝင်ပြောလိုက်သောအခါ လူတိုင်း၏စိတ်ကို လေညှင်းလေး ဖြတ်သန်းသွားသည့်ပမာ ထင်မှတ်ရသည်။

"ကောင်းပါပြီ ခေါင်းဆောင်လင်"

သူမ၏စကားကို စွမ်းအားရှင်များက တညီတညာတည်း ထောက်ခံလိုက်ကြပြီး ရှန်းရန်က ထူးခြားစွာ ပြုံးလိုက်သော်လည်း နှုတ်ဆိတ်နေခဲ့သည်။

ခေါင်းဆောင်များ ကြည့်ရှုနေခြင်းသည် ပြိုင်ပွဲဝင်များ၏ သွေးကို ဆူပွက်လောင်ကျွမ်းစေသဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ အကယ်၍ သူတို့သာ ခေါင်းဆောင်များ၏ မျက်စိကျခြင်းခံရလျှင် အနာဂတ်၌ သေချာပေါက် မြင့်တက်လာပေလိမ့်မည်။ ပြင်ပလက်နက်များကို ခွင့်ပြုမထားခြင်းကလည်း အစစ်အမှန်ခွန်အားဖြင့် မျှမျှတတ တိုက်ခိုက်စေရန် ဖြစ်သည်။ တိုက်ပွဲစင်တစ်ခုချင်းစီတွင် လူတိုင်းက တစ်သက်လုံး ကျင့်ကြံထားသမျှကို ထုတ်ဖော်အသုံးပြုနေပြီး တိုက်ခိုက်သံများ ဆူညံနေကာ မျိုးစုံသော ကျင့်စဥ်တိုက်ကွက်များ တဖိတ်ဖိတ်တောက်ပနေသည်။

နတ်အစေခံများ၏ တိုက်ပွဲစင်ထက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ပြွတ်သိပ်နေသော်လည်း လူတစ်ယောက်အနားတွင် ရှင်းလင်းနေသည်။ ထိုလူက တည်ငြိမ်စွာ မတ်တပ်ရပ်နေသော ခွန်းရန်ဖြစ်ကာ လက်နှစ်ဖက်နောက်ပစ်ထားပြီး မောက်မာစွာဖြင့် မေးငေါ့ထားသည်။ သူက အခြားကျင့်ကြံသူများကို နှိမ့်ချလိုသော အကြည့်ဖြင့် စိုက်ကြည့်နေကာ အစွမ်းထက်အရှိန်အဝါကို ထုတ်ဖော်ထားသည်။ အခြားကျင့်ကြံသူများမှာ ထိုအရှိန်အဝါကြောင့် ကြောက်လန့်သွားကာ ယှဥ်ပြိုင်တိုက်ခိုက်ရန်အတွက် ရှေ့တိုးမလာရဲကြပေ။

"ထိပ်တန်းမဟာမိတ်က တပည့်တွေ မီးတောက်နီနန်းတော်ကို တိုက်ခိုက်ရဲလား"

ခွန်းရန်က မောက်မာစွာဖြင့် ရင်ကော့ထားပြီး ထိပ်တန်းမဟာမိတ်သို့ လက်ညှိုးထိုးကာ ပေါ်တင်စိန်ခေါ်လိုက်၏။

"မီးတောက်နီနန်းတော်က ထိပ်တန်းမဟာမိတ်ကို စိန်ခေါ်လိုက်ပြီလား။ ဒီပွဲက ကြည့်ကောင်းတော့မှာပဲ"

​ပရိသတ်များမှာ သူ၏စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။ ကျင့်ကြံဆင့်အသီးသီး၏ တိုက်ခိုက်ရေးစင်မြင့်များတွင် မီးတောက်နီနန်းတော်က စိန်ခေါ်ရန် စီစဥ်ထားပုံရသောကြောင့်ဖြစ်သည်။ ၎င်းက ထိပ်တန်းမဟာမိတ်၏ နေရာကို လုယူရန် အခိုင်အမာဆုံးဖြတ်ထားကြောင်း လူတိုင်း ခံစားသိရှိနိုင်သည်။

"မင်းတို့ကို ဘာကြောက်နေရမှာလဲ"

ယဲ့ချန်ကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ကျင်ကြံဆင့် ထိခိုက်ထားသော်လည်း လောင်ရင်၏အကူအညီဖြင့် ပြိုင်ပွဲမစခင် ပြန်လည်ကောင်းမွန်နေသည့် ရုန်ယွမ်က ရှေ့သို့ ခုန်ထွက်လာသည်။ သို့သော် သွေးကြောများ ပျက်စီးခြင်းက ကုသရန် ခက်ခဲသောကြောင့် သူ၏အစွမ်းက အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရုံသာ ဖြစ်သည်။

"ထိပ်တန်းမဟာမိတ်က ဘယ်သူ့ကိုမှ မကြောက်ဘူး"

ခွန်းရန်နှင့် မျက်နှာချင်းဆိုင်ရပ်နေသော ရုန်ယွမ်၏ အနောက်တွင် ကြယ်အလင်းနယ်မြေမှ ပါရမီရှင်များ ပျံသန်းရောက်ရှိလာကြသည်။ မည်သူပင်ဖြစ်ပါစေ ကြယ်အလင်းနယ်မြေသို့ ဝင်ခွင့်ရသောကြောင့် သာမန်လူများထက် ပို၍သာလွန်သောကြောင့် မောက်မာမှုကိုယ်စီ ရှိကြသည်။ ထို့အပြင် ကြယ်အလင်းနယ်မြေ၏ တပည့်များအနေဖြင့် ထိပ်တန်းမဟာမိတ်ကို အပြင်လူများ ရန်စစော်ကားလာခြင်းကို ရပ်ကြည့်မနေနိုင်ပေ။ ကြယ်အလင်းနယ်မြေ၏ ပါရမီရှင်၁၁ယောက်က ရှေ့ဆုံးတွင် နေရာယူထားသောကြောင့် ထိပ်တန်းမဟာမိတ်၏ နတ်အစေခံများမှာ သတ္တိများ တိုးတက်လာကြသည်။

"ဂိုဏ်းတူအစ်ကိုရုန် သူတို့ကို သင်ခန်းစာကောင်းကောင်းပေးပြီး ထိပ်တန်းမဟာမိတ်ကို ဂုဏ်ဆောင်ပေးပါ"

"ဂိုဏ်းတူအစ်ကိုအစ်မတို့ ကြိုးစားထား"

ထိပ်တန်းမဟာမိတ်၏ သန်းချီသော တပည့်များ၏ အော်ဟစ်အားပေးသံက ပင်လယ်ပြင်အတွင်းမှ လှိုင်းကြီးများပမာ ကျယ်လောင်စွာ တလိမ့်လိမ့် ထွက်ပေါ်လာလေသည်။

All Chapters