တစ်ယောက်ချင်းတိုက်ပွဲ
Vol. 61 Ch. 848
နတ်အစေခံတိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်က တင်းမာနေကာ ထိပ်တန်းမဟာမိတ်နှင့် မီးတောက်နီနန်းတော်အကြား၌ တိုက်ပွဲ စတင်ပေတော့မည်။ မီကွမ်နှင့် ပါရမီရှင်များက ရှေ့တန်းတွင် နေရာယူထားကြပြီး လူတိုင်းက တည်ငြိမ်စွာ ရပ်နေကြသော်လည်း အော်ဟစ်အားပေးသံများကြောင့် သွေးများ ဆူပွက်နေသည်။ ထိပ်တန်းမဟာမိတ်၏ ဂုဏ်သိက္ခာကို ကာကွယ်ရမည့်အချိန် ကျရောက်လာပြီဖြစ်ကာ သူတို့၏ကျင့်ကြံခြင်း ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်သည်။ လီယွမ်၏ နောက်လိုက်များကြောင့် မွေးရပ်မြေ ပျက်စီးခဲ့ရသော်လည်း နဂါးပြာခန်းမသခင်က ဖခင်တစ်ယောက်ပမာ စောင့်ရှောက်ပေးခဲ့သောကြောင့် ထိပ်တန်းမဟာမိတ်သည် မီကွမ်အတွက် အိမ်ပင် ဖြစ်သည်။ သူက သေဆုံးရမည်ဆိုလျှင်ပင် ကာကွယ်ရန်အတွက် နောက်တွန့်နေမည်မဟုတ်ဘဲ ဂိုဏ်းတူတပည့်များ၏ အော်ဟစ်အားပေးသံများကြောင့် စိတ်ဓာတ်တက်ကြွလာသည်။
"ကြယ်အလင်းနယ်မြေမှာ ၁၃ယောက်ရှိတာ မဟုတ်ဘူးလား"
မီကွမ်က တပည့်နှစ်ယောက် ပျောက်နေကြောင်း သတိထားမိသဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ ပျင်းရိပျင်းတွဲထိုင်နေသည့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို တွေ့လိုက်ရသည်။
"မင်းတို့ ဘာလို့ထမလာကြတာလဲ"
သူက ဒေါသတကြီးမေးလိုက်ပြီး ထိုနှစ်ယောက်၏ အပြုအမူကြောင့် စိတ်ပျက်နေပုံရသည်။
"ဘာလို့ ရှေ့တက်နေရမှာတုန်း။ ထိုင်နေလည်း တစ်နေရာတည်း မဟုတ်ဘူးလား။ ငါတို့က အစွမ်းပြဖို့ ခြေလှမ်းတွေ လှမ်းပြရဦးမှာလား"
ယဲ့ချန်က မေးခွန်းပြန်ထုတ်လိုက်သည်။ သူ၏စကားက မှန်ကန်နေသောကြောင့် မီကွမ်က ခေါင်းကုတ်လိုက်ပြီး အလွန်အမင်းတည်ငြိမ်နေသူနှစ်ဦးကို ပြောစရာ စကားရှာမရ ဖြစ်သွားခဲ့သည်။ ထိုအချိန်၌ သူ၏ပခုံးထက်တွင် ထိပ်တန်းမဟာမိတ်ကို ကာကွယ်ရန်ဟူသော ဝန်တစ်ခုကို ထမ်းထားရပြီး ကြယ်အလင်းနယ်မြေမှ ပါရမီရှင်တိုင်းက တိုက်ခိုက်ရမည်ဟု မှတ်ယူထားသည်။ ရုန်ယွမ်သည်လည်း ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို နှာခေါင်းရှုံ့လိုက်ပြီး ဤလူရမ်းကားနှစ်ယောက်က ထိပ်တန်းမဟာမိတ်သို့ မည်သည့်နည်းလမ်းဖြင့် ဝင်ရောက်လာကြောင်း စဥ်းစားနေမိသည်။
"အစ်ကိုချန် ကောင်းကောင်းတိုက်ခိုက်နော်"
"ကံကောင်းပါစေ"
ရှုဝမ်အာနှင့် အခြားလူများက နတ်အစေခံအုပ်စု၏ အနောက်ဘက်မှ အော်ဟစ်အားပေးနေကြသည်။
"ယဲ့ချန်ရေ မင်းက နာမည်ကြီးနေပြီထင်တယ်။ ငါ့အတွက်လည်း အားပေးမယ့် ခြင်္သေ့မလေးတစ်ကောင် လိုအပ်နေပြီ"
ခြင်္သေ့ကြီးက တစ်ချက်ရယ်မောလိုက်ပြီး အဝေးရှိ တန်လင်းအာကို လှမ်းငေးနေသည်။ သူမက ဤအကြည့်ကြောင့် ရှက်သွေးဖြာသွားကာ ဒေါသစိတ်ကြောင့် အံကြိတ်ထားခဲ့သည်။
"ဒီကောင်မလေးက ချစ်စရာကွာ။ ငါတော့ ကြိုက်ပြီ"
သူမ၏အမူအရာများကြောင့် ခြင်္သေ့ကြီး၏ မျက်လုံးများ အရောင်တောက်လာသည်။
"ဒီနှစ်ယောက်က ကြယ်အလင်းနယ်မြေရဲ့ တပည့်တွေ မဟုတ်ဘူးလား"
"မင်းတို့က ဘာကြောင့် နောက်မှာ ပုန်းနေရတာလဲ။ ကြယ်အလင်းနယ်မြေကို အရှက်မရစေနဲ့"
"ဒီလူတွေက ဘယ်လိုလုပ် ဝင်ခွင့်ရသွားတာလဲ"
မည်သည်ကိုမှ စိတ်မဝင်စားဟန်ဖြင့် ပျင်းရိနေကြသော ယဲ့ချန်နှင့် ခြင်္သေ့ကြီးကြောင့် တပည့်များကြားတွင် အတင်းအဖျင်းစကားများ ထွက်ပေါ်လာသည်။
"ကြည့်ရတာ သူတို့က အားနည်းလွန်းလို့ အရှက်ရမှာ စိုးရိမ်နေကြတာ ထင်တယ်"
"သူတို့က အားနည်းရင် ဘယ်လိုလုပ် ကြယ်အလင်းနယ်မြေက လက်ခံမှာလဲ"
"ငါ့အထင် သူတို့က အဖွဲ့ဝင်အသစ်တွေ ဖြစ်ရမယ်"
ထိပ်တန်းမဟာမိတ်၏ တပည့်များက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မကောင်းပြောနေကြသည်။
"ရုန်ယွမ် မင်း ငါ့ကို မယှဥ်နိုင်ဘူး။ မင်းတို့ကလွဲရင် ထိပ်တန်းမဟာမိတ်မှာ လူ မရှိတော့ဘူးလား။ အချိန်လေဟာနယ်အဆင့်လေးကို နှစ်ယောက်ပဲ နားလည်ထားတယ်ပေါ့"
ခွန်းရန်သည် ထိပ်တန်းမဟာမိတ်၏ ပါရမီရှင် ၁၁ယောက်ကို အထင်သေးစွာ ကဲ့ရဲ့လိုက်သည်။
"တကယ်တိုက်ခိုက်ရင် ဘယ်သူ အနိုင်ရမလဲဆိုတာ သိလိမ့်မယ်"
ရုန်ယွမ်၏မျက်နှာက မည်းနက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ထိပ်တန်းမဟာမိတ်၏ လူငယ်မျိုးဆက်တွင် နံပတ်တစ်ပါရမီရှင်ဟု သတ်မှတ်ခံထားရသောကြောင့် ခွန်းရန်ကို မနိုင်သည့်တိုင်အောင် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရပေလိမ့်မည်။ တိုက်ပွဲစင်မြင့်၏ အလယ်တွင် ရှဲခနဲဖြစ်သွားကာ အင်အားစုကြီးနှစ်ခု၏ တိုက်ပွဲအတွက် အခြားနတ်အစေခံများ ဘေးဖယ်သွားကြ၏။
"ကြည့်ရတာ ဒီတိုက်ပွဲကို ငါကိုယ်တိုင် တိုက်ခိုက်စရာတောင် မလိုဘူး"
ခွန်းရန်က မောက်မာစွာ ရယ်မောလိုက်ချိန်တွင် မီးတောက်နီနန်းတော်ဘက်မှ ပါရမီရှင်၁၁ယောက် ထွက်ပေါ်လာသည်။ သုံးယောက်က အချိန်လေဟာနယ် အဆင့်လေး၊ ရှစ်ယောက်က အချိန်လေဟာနယ် အဆင့်သုံးကို အသီးသီး နားလည်ထားကြသည်။
"လီရိ မင်းထွက်တိုက်"
ခွန်းရန်က သူ့ကို မျက်စိထဲမထည့်ထားသဖြင့် ရုန်ယွမ်က ဒေါသထွက်သွားကာ အမိန့်ပေးလိုက်သည်။ လီရိက ခေါင်းညိတ်၍ အလယ်သို့ ပြေးဝင်သွားသောအခါ မီးတောက်နီနန်းတော်ဘက်မှလည်း အချိန်လေဟာနယ်အဆင့်သုံးကို နားလည်ထားသူတစ်ယောက် ပျံထွက်လာသည်။
"ထိပ်တန်းမဟာမိတ်က တစ်နေ့တခြား နိမ့်ကျလာနေတယ်"
ယုဝမ်ပိုက မီးတောက်နီနန်းတော်တွင် အထူးလေ့ကျင့်ပေးခြင်းခံထားရသော နတ်အစေခံ အဆင့်တစ်ဆယ်များအနက် တစ်ယောက်အပါအဝင် ဖြစ်သည်။
"ထိပ်တန်းမဟာမိတ်ရှေ့မှောက်မှာ မောက်မာရဲတယ်ပေါ့။ ငါ မင်းကို သင်ခန်းစာပေးရမယ်"
လီရိသည် တစ်ဖက်လူကို အော်ငေါက်လိုက်ပြီး ချီများကို ကြောက်မက်ဖွယ် ကျားသုံးကောင်အဖြစ် စုစည်းကာ ချက်ချင်းတိုက်ခိုက်လိုက်၏။ ယုဝမ်ပို၏ချီများက ခန္ဓာကိုယ်ထက်တွင် အနီရောင်ချပ်ဝတ်တစ်ခုအဖြစ် သိပ်သည်းသွားကာ ပို၍ကြီးမားလာပြီး ကျားကို လက်သီးဖြင့် ထိုးချလိုက်၏။
"ဘုန်း"
လီရိနှင့် ယုဝမ်ပိုသည် အပြင်းအထန် တိုက်ခိုက်နေေသောကြောင့် အချိန်လေဟာနယ်ချီများ တဝုန်းဝုန်း တိုက်ခတ်နေသည်။ နှစ်ဖက်လုံးမှ တပည့်များ၏ အော်ဟစ်အားပေးသံများက နားကွဲမတတ် ကျယ်လောင်၍ မိုးလုံးညံနေသည်။ ထိုတိုက်ပွဲအပြင် သာမန်တပည့်များသည်လည်း တိုက်ခိုက်ရေးစင်မြင့်၏ အခြားနေရာများတွင် စတင်တိုက်ခိုက်နေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း ဖိနှိပ်ခံထားရသော မီးတောက်နီနန်းတော် တပည့်များက ထိပ်တန်းမဟာမိတ်ကို တက်နင်းကျော်ဖြတ်လိုနေကြသည်။ သူတို့သာ ၎င်းကို စွမ်းဆောင်နိုင်လျှင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတွင် နံပတ်တစ်အင်အားစု ဖြစ်လာနိုင်ပြီး တပည့်များ၏ ခွန်အားဖြစ်စေ၊ စွမ်းအားရှင်များ၏ ခွန်အားဖြစ်စေ ရလဒ်အပေါ် သက်ရောက်နိုင်သည်။
လီရိနှင့် ယုဝမ်ပိုသည် ပို၍လျင်မြန်စွာ တိုက်ခိုက်နေပြီး အရိပ်များ ထွက်ပေါ်နေသည်။ ထိုအချိန်၌ ယုဝမ်ပို၏မျက်လုံးများတွင် အနက်ရောင် နတ်ဆိုးအလင်းတစ်ခု ဖြတ်သန်းသွားကာ ရုပ်ခန္ဓာက ရုတ်တရက် ပြန့်ကားလာသည်။
"ဘန်း"
သူ၏ အဆက်မပြတ် လက်သီးချက်များအောက်တွင် လီရိက လွင့်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် သွေးများ အန်ထွက်နေသည်။
"ဒီခွန်အားလောက်လေးနဲ့ ငါ့ကို တိုက်ခိုက်ချင်နေတယ်"
ယုဝမ်ပိုက လှောင်ရယ်လိုက်သောအခါ အရှက်ခွဲခံလိုက်ရသော လီရိက အံတင်းတင်း ကြိတ်ထားမိသည်။
"အစ်ကိုလီ ရှုံးသွားတာလား"
ထိပ်တန်းမဟာမိတ်၏ တပည့်များမှာ မယုံကြည်နိုင်သဖြင့် တိတ်ဆိတ်သွားကြသည်။ နှစ်ယောက်လုံးက အချိန်လေဟာနယ်အဆင့်ချင်း တူညီသော်လည်း လီရိက ယုဝမ်ပိုအား အချိန်တိုအတွင်း ရှုံးနိမ့်သွားခဲ့သည်။ ယုဝမ်ပိုသည် လက်နှစ်ဖက်နောက်ပစ်၍ မြေပြင်တွင် လဲကျနေသော လီရိကို အရှိန်အဝါဖြင့် ဖိနှိပ်ရင်း ရှေ့တိုးလာခဲ့သည်။
"သူက ဘာလုပ်နေတာလဲ။ အစ်ကိုလီကို တကယ်သတ်မလို့လား"
ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
"ဒီကောင်က ပြိုင်ပွဲရဲ့စည်းမျဥ်းကို ချိုးဖြတ်ပြီး လူ တကယ် သတ်ရဲပါ့မလား"
ရုန်ယွမ်သည် လီရိထံ လျှောက်သွားနေသော ယုဝမ်ပိုကို စိတ်ရှုပ်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်၌ ယုဝမ်ပိုသည် လီရိ၏ခေါင်းကို ခြေထောက်ဖြင့် တက်နင်းလိုက်သောကြောင့် ကြမ်းပြင်သို့ နစ်ဝင်သွားသည်။ သူက အပြင်းအထန် ရုန်းကန်နေသော်လည်း တစ်ဖက်လူ၏ ဖိအားကြောင့် မလှုပ်ရှားနိုင်သဖြင့် တစ်ဘဝလုံး၌ အရှက်အရဆုံးကိစ္စ ဖြစ်ပျက်ခဲ့သည်။
"ဒါက ကြယ်အလင်းနယ်မြေရဲ့ ပါရမီရှင်တဲ့လား။ အမှိုက်တစ်ခုထက် မပိုဘူး ဟား ဟား"
ယုဝမ်ပိုက ထိပ်တန်းမဟာမိတ်ဘက်လှည့်ကာ အော်ဟစ်လှောင်ရယ်လိုက်၏။
"မင်းတို့ သိပ်လွန်နေပြီ"
တပည့်များက ဒေါသတကြီးဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြသည်။
"ယဲ့ချန် ဒီကောင်တွေကို ငါ ကြည့်မရတော့ဘူး"
ခြင်္သေ့ကြီး၏ မျက်လုံးများက အေးစက်တင်းမာနေသည်။ သူက သိုင်းပြိုင်ပွဲကဲ့သို့ အဓိပ္ပါယ်မရှိ ပြိုင်ဆိုင်နေရခြင်းကို မနှစ်သက်သော်လည်း မီးတောက်နီနန်းတော်၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေခဲ့သည်။
"ခဏစောင့်ကြည့်ပါဦး"
ယဲ့ချန်၏အသံက အလွန်အမင်း တည်ငြိမ်နေသည်။ သို့သော် ခြင်္သေ့ကြီး၏ ယဲ့ချန်အပေါ် နားလည်မှုအရဆိုလျှင် ဆုံးဖြတ်ချက်တစ်ခု ချထားပြီး ဖြစ်ပေလိမ့်မည်။
"ဒီလိုအစွမ်းလေးနဲ့လာပြီး မောက်မာပြမနေနဲ့။ ထွက်သွားစမ်း"
ယုဝမ်ပိုက လီရိ၏မျက်နှာကို ပယ်ပယ်နယ်နယ် နင်းချေပြီးနောက် အဝေးသို့ ကန်ထုတ်လိုက်သည်။ လီရိက ထိပ်တန်းမဟာမိတ်၏ တပည့်များအကြား ပြန်ရောက်လာပြီး မြေပြင်တွင် သနားစဖွယ် လဲကျနေသည်။ သူက တစ်ကိုယ်လုံး တုန်ရီနေကာ အံကြိတ်ထားသော်လည်း ကြီးစွာသော အရှက်ရမှုကြောင့် တစ်သက်လုံး ခေါင်းပြန်မော့နိုင်မည့်ပုံ မပေါ်ချေ။ သူ၏ကျင့်ကြံရေးလမ်းစဥ်ပင် အနှောင့်အယှက်များ ဖြစ်ပေါ်လာပြီး ရပ်တန့်သွားနိုင်ချေ ရှိသည်။
မီးတောက်နီနန်းတော်၏ တပည့်များက ထိပ်တန်းမဟာမိတ်ကို အော်ဟစ်လှောင်ပြောင်နေကြပြီး အခြားအင်အားစုများမှာ ပဟေဠိမျက်နှာထားများ ဖြစ်နေကြသည်။ မီးတောက်နီနန်းတော်က ထိပ်တန်းမဟာမိတ်ကို ရန်သူတော်ကြီးတစ်ယောက်ပမာ သဘောထားနေခြင်းကို သူတို့က နားမလည်နိုင်ပေ။ ဤအင်အားစုကြီးနှစ်ခုက သူသေကိုယ်သေတိုက်ခိုက်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်က ကြီးမားပေလိမ့်မည်။ မီးတောက်နီနန်းတော်ကသာ ဤသို့ဆုံးဖြတ်ထားလျှင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း ဗြောင်းဆန်သွားရန် သေချာသည်။ လွန်ခဲ့သော သိုင်းပြိုင်ပွဲများအတွင်း သူတို့က ပြင်းပြင်းထန်ထန် ယှဥ်ပြိုင်ခဲ့ကြသော်လည်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းခဲ့ကြသည်။
လက်ရှိတွင် ယုဝမ်ပို၏လုပ်ရပ်က ဘောင်ကျော်နေပြီဖြစ်သည်။ အကယ်၍ အကြီးအကဲများကသာ ခွင့်မပြုထားလျှင် နတ်အစေခံတစ်ယောက်က ဤအင်အားစုကြီးနှစ်ခုကြား စစ်မီးပွားကိုမွှေးရန် သတ္တိ မရှိနိုင်ပေ။
"ဘာတွေဖြစ်နေတာလဲ။ မီးတောက်နီနန်းတော်က ထိပ်တန်းမဟာမိတ်ကို တကယ်ကြီး စစ်ကြေငြာတော့မှာလား"
အခြားအင်အားစုများမှ တပည့်များက ဤအတွေးကြောင့် စိုးရိမ်ကြောင့်ကြနေသည်။ စွမ်းအားရှင်စာရင်းမှ ကျင့်ကြံသူများက တားမြစ်ကြမည်ဖြစ်သော်လည်း အင်အားစုကြီးနှစ်ခုသာ အမှန်တကယ်စစ်ဖြစ်လျှင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းသည် ဤကပ်ဘေးကို လက်ခံနိုင်စွမ်း မရှိပေ။
ပြိုင်ဘက်ကင်းလှပသော လင်လုံ၏ အမူအရာက ထူးခြားစွာ တည်ငြိမ်နေပြီး ပတ်ဝန်းကျင်၌ ပွက်လောရိုက်နေသည့် အဖြစ်အပျက်များက သူမ၏ခံစားချက်များကို အနည်းငယ်ပင် လှုပ်ခတ်နိုင်စွမ်းရှိပုံ မရချေ။