မီကွမ်၏အလှည့်
Vol. 61 Ch. 849
လင်လုံ၏ ခံစားချက်မဲ့ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ရှန်းရန်၏မျက်လုံးတွင် ရန်လိုစိတ်များ ထင်ဟပ်နေကာ စိတ်ထဲမှ နှာခေါင်းရှုံ့၍ သိုင်းပြိုင်ပွဲကို အာရုံစိုက်လိုက်၏။ သိုင်းပြိုင်ပွဲစစချင်း ထိပ်တန်းမဟာမိတ်နှင့် မီးတောက်နီနန်းတော်ကြား အခြေအနေက အလွန်တင်းမာလာပြီး ပထမဆုံးရန်ပွဲသည် နတ်အစေခံအဆင့်၌ ဖြစ်ပျက်ခဲ့သည်။ ခေါင်းဆောင်များအားလုံးက အခြေအနေ၏အကျိုးဆက်ကို စောင့်ကြည့်ရန်အတွက် နတ်အစေခံပြိုင်ပွဲအား အာရုံစိုက်နေကြသည်။ တိုက်ပွဲစင်မြင့်ထက်ရှိ ပတ်ဝန်းကျင်က တင်းမာနေပြီး နှစ်ဖက်လုံးမှ တပည့်များက အချင်းချင်း မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"မီးတောက်နီနန်းတော်က မောက်မာလွန်းတယ်။ သူတို့က ထိပ်တန်းမဟာမိတ်မှာ ဘယ်သူမှမရှိတော့ဘူး ထင်နေတာလား"
ရုန်ယွမ်က မျက်မှောင်ကြုတ်၍ အလေးအနက် စဥ်းစားနေသည်။ တစ်ဖက်က အလွန်ရန်လိုနေသောကြောင့် နောက်ကွယ်၌ အဓိပ္ပါယ်တစ်ခုခု ရှိပေလိမ့်မည်။ ထိပ်တန်းမဟာမိတ်အနေဖြင့် ရှုံးနိမ့်သွားလျှင် ပြိုင်ဘက်က ပို၍မောက်မာလာမည် ဖြစ်သောကြောင့် အနိုင်ယူရပေလိမ့်မည်။ သူက မောက်မာ၍ တစ်ကိုယ်ကောင်းဆန်သူဖြစ်သော်လည်း ထိပ်တန်းမဟာမိတ်တွင် ငယ်စဥ်တောင်ကျေးကလေးဘဝမှ ကြီးပြင်းခဲ့ရသောကြောင့် သေရမည်ဆိုလျှင်ပင် ဂိုဏ်း၏ ဂုဏ်ကျက်သရေကို ကာကွယ်ရပေလိမ့်မည်။
"လင်ချိုး မင်း သွားလိုက်"
သူက မီးတောက်နီနန်းတော်မှ တပည့်များကို တစ်ချက်ကြည့်၍ လေးနက်စွာ ညွှန်ကြားလိုက်သည်။ ထိပ်တန်းမဟာမိတ်၏ နတ်အစေခံများတွင် သူနှင့် လင်ချိုးသာ အချိန်လေဟာနယ်အဆင့်လေးကို နားလည်ထားပြီး အဆင့်ငါးအထိ နားလည်သူများမှာ ကြယ်သခင်အဆင့် တက်သွားကြပြီဖြစ်သည်။ သို့သော် လင်ချိုးသည် တစ်ဖက်ရန်သူ၏ ကြမ်းတမ်းရက်စက်မှုကြောင့် သူရဲဘောကြောင်ကာ တွန့်ဆုတ်နေသည်။ သူမကိုယ်တိုင်လည်း ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိသည့်အပြင် လီရိကဲ့သို့ ရိုက်နှက်ခံရမည်ကို အလွန်ကြောက်နေခဲ့သည်။
"ငါ သွားမယ်"
တွန့်ဆုတ်နေသော လင်ချိုးကြောင့် မီကွမ်က ဒေါသထွက်သွားကာ ချက်ချင်းရှေ့တက်လိုက်၏။
"ကောင်းတယ်။ သွား သွား"
သူမက ချက်ချင်းစိတ်အေးသွားကာ အလျင်အမြန် တိုက်တွန်းလိုက်သည်။
"ဒီတိုက်ပွဲက အရေးကြီးတယ်။ မင်းမှာ ယုံကြည်ချက်ရှိလား"
ရုန်ယွမ်က လင်ချိုးကို အထင်သေးစွာ တစ်ချက်ကြည့်၍ မီကွမ်အား မေးလိုက်သည်။
"ဒီကောင့်ကို အနိုင်ယူဖို့ဆို သိပ်မခက်ပါဘူး"
မီကွမ်က ယုံကြည်မှုရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းသာ အနိုင်ရရင် အရင်က ပြဿနာတွေကို တောင်းပန်ဖို့အတွက် ငါကိုယ်တိုင် သေရည်နဲ့ ဂုဏ်ပြုမယ်"
ရုန်ယွမ်သည် မီကွမ်နှင့် ပြဿနာများရှိထားသော်လည်း ထိပ်တန်းမဟာမိတ်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လာသောအခါ အရာရာကို ဘေးချိတ်ထားလိုက်၏။ သူ၏စကားကြောင့် မီကွမ်က အံ့သြသွားကာ တစ်ကိုယ်ကောင်းဆန်၍ ခေါင်းမာသော ရုန်ယွမ်က ဤသို့ပြောလာမည်ဟု ထင်မထားပေ။ ထို့ကြောင့် ရုန်ယွမ်အပေါ် သူ၏အမြင်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ လင်ချိုးကမူ ထိပ်တန်းမဟာမိတ်အတွက် တိုက်ခိုက်ရန် တွန့်ဆုတ်နေသောကြောင့် ခေါင်းဆောင်ရှန်သည် တပည့်အဖြစ် လက်မခံလိုသော အကြောင်းအရင်းကို သူက နားလည်လိုက်သည်။ သူမ၏ပါရမီက ပြဿနာမဟုတ်ဘဲ စိတ်ဓာတ်က အဓိကပြဿနာဖြစ်နေခဲ့ပြီး ခေါင်းဆောင်တစ်ယောက်၏ တပည့်ဖြစ်ရန် အဆင့်မရှိချေ။
"ကောင်းပြီ"
မီကွမ်က သူရဲကောင်းဆန်စွာ ကြုံးဝါး၍ တိုက်ခိုက်ရေးစင်၏ အလယ်သို့ ခုန်ဝင်သွားခဲ့သည်။
"ယုဝမ်ပို မင်း ပြန်လာစမ်း။ ယုဝမ်ရှင်း သွား"
ခွန်းရန်သည် မီကွမ်ကို အကြိမ်အနည်းငယ် စိုက်ကြည့်၍ အံ့အားသင့်သွားကာ ချက်ချင်းညွှန်ကြားလိုက်သည်။ တိုက်ခိုက်ရန် ပြင်ဆင်ထားသော ယုဝမ်ပိုက မီကွမ်ကို ကောင်းကောင်းရိုက်နှက်မည်ဟု တွေးထားသော်လည်း ဤအမိန့်ကို မလွန်ဆန်ရဲပေ။ သူက မီးတောက်နီနန်းတော် တပည့်များအတွင်း ပြန်ဝင်ရောက်သွားသောအခါ ရုပ်ရည်ချင်းဆင်တူသော လူတစ်ယောက် ရှေ့ထွက်လာ၏။ သူက ယုဝမ်ပို၏အစ်ကို ယုဝမ်ရှင်းဖြစ်ကာ အချိန်လေဟာနယ်အဆင့်လေးအထိ နားလည်ထားသောကြောင့် ပို၍သန်မာသည်။ မီးတောက်နီနန်းတော်သည် ထိပ်တန်းမဟာမိတ်မှ မီကွမ်ကို ရင်ဆိုင်ရန်အတွက် ပို၍သန်မာသူတစ်ယောက်ကို စေလွှတ်လိုက်သောကြောင့် လူတိုင်း ဆူညံကုန်သည်။
"မင်းတို့လိုကောင်တွေနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ရတာ အချိန်ကုန်တယ်။ ငါ တစ်ယောက်တည်းနဲ့ မင်းတို့အားလုံးကို အနိုင်ယူနိုင်တယ်။ ကိုယ့်ကိုကိုယ်သိတယ်ဆိုရင် နောက်ပြန်ဆုတ်ပြီး အစွမ်းအထက်ဆုံးလူကို လွှတ်လိုက်"
တစ်ကိုယ်လုံး၌ အဆင့်လေးချီများ ထုတ်ဖော်၍ မီကွမ်ကို အရှိန်အဝါဖြင့် ဖိအားပေးနေရင်း ယုဝမ်ရှင်းက လက်နှစ်ဖက်နောက်ပစ်ကာ မောက်မာစွာ ပြောလိုက်၏။ မီကွမ်က အဆင့်သုံးကိုသာ နားလည်ထားသောကြောင့် သူ၏ခွန်အားက ပို၍သန်မာနေခဲ့သည်။
"မင်းကို အနိုင်ယူဖို့အတွက် ငါက လုံလောက်တာထက် ပိုတယ်"
မီကွမ်က အော်ဟစ်ကြုံးဝါးလိုက်ပြီး အစွမ်းထက်ဖိအားတစ်ရပ်သည် ဓားအိမ်မှ ချွတ်လိုက်သော ဓားထက်ထက်တစ်လက်ပမာ ဖြစ်တည်လာသည်။ ၎င်း၏ဖိအားကြောင့် ယုဝမ်ရှင်းက ပို၍လေးနက်သွားကာ မပေါ့ဆရဲတော့ပေ။
"အချိန်လေဟာနယ်အဆင့်သုံးနဲ့ ဒီလိုခွန်အားမျိုး ပိုင်ဆိုင်ထားတာက ဆိုးတော့မဆိုးပါဘူး။ ငါ့ကို အနိုင်ယူချင်တယ်ဆိုရင်တော့ အိပ်မက်မက်နေလိုက်"
ယုဝမ်ရှင်းက အေးစက်စက် ပြောလိုက်ပြီး ချီများကို ခန္ဓာကိုယ်ပတ်လည်၌ မြွေတစ်ကောင်ပမာ ရစ်ပတ်စေကာ အနီရောင်ချီများက မီးတောက်မီးလျှံများပမာ ကောင်းကင်သို့ ထိုးတက်လာသည်။ မီကွမ်ကလည်း ကြုံးဝါးလိုက်ပြီး ချီများကို စုစည်းကာ ကိုယ့်ကိုကိုယ် ကျားတစ်ကောင်ပမာ သားရဲကြီးအဖြစ် ပြောင်းလဲလိုက်၏။ သူ၏လက်သည်းများ ချွန်ထက်လာကာ အမွေးအမျှင်များက ပုံမှန်ထက် ထူထဲလာပြီး ပြိုင်ဘက်ကို ရုတ်တရက် ခုန်အုပ်လိုက်သည်။
"ဘုန်း"
ပါရမီရှင်နှစ်ယောက်၏ တိုက်ပွဲမှ ပြင်းထန်သော တန်ပြန်အားက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာ၏။
"အကောင်းဆုံး ကြိုးစားပေးပါ ဂိုဏ်းတူအစ်ကိုမီ"
"ဂိုဏ်းတူအစ်ကိုက သားရဲဝိညာဥ်ကို ထုတ်ဖော်ထားတယ်။ သူ သေချာပေါက် နိုင်လိမ့်မယ်"
ထိပ်တန်းမဟာမိတ်၏ တပည့်များသည် စိုးရိမ်စိတ်ကြောင့် လက်ဖဝါးတွင် ချွေးစို့နေသော်လည်း အဆုတ်ကွဲမတတ် အော်ဟစ်အားပေးနေကြသည်။ ဤဖြစ်ရပ်ကြောင့် ယဲ့ချန်ပင် စိတ်ကျေနပ်သွားပြီး နေရာပေါင်းစုံမှ တပည့်များက ထိပ်တန်းမဟာမိတ်၏ ဂုဏ်သိက္ခာအတွက် ဤမျှစည်းလုံးမည်ဟု ထင်မထားပေ။
"ဒီကောင်က သားရဲဝိညာဥ်ကို ပိုင်ဆိုင်ထားရင်တောင် ယုဝမ်ရှင်းကို မနိုင်ဘူး။ သူ့ကို အနိုင်ယူလိုက်ရင် ရုန်ယွမ်နဲ့ လင်ချိုးက ပုန်းနေလို့ မရတော့ဘူး။ အချိန်ကျရင် ငါက ထိပ်တန်းမဟာမိတ်ကို နင်းချေပြီး တစ်သက်လုံး ခေါင်းမမော့နိုင်အောင် အရှက်ခွဲပြမယ်"
ခွန်းရန်က တိုက်ပွဲကို အထင်သေးစွာ စိုက်ကြည့်နေရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ လွန်ခဲ့သော တိုက်ပွဲတွင် သူ့ကို အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်ထားသော ကုယုက အနိုင်ယူခဲ့သည်။ ကံမကောင်းသည်မှာ တစ်ဖက်လူက ကြယ်သခင်အဆင့် တက်သွားသောကြောင့် ဤနှစ်များအတွင်း တိုးတက်လာသော သူ၏ခွန်အားကို ထုတ်ပြခွင့်မရတော့ပေ။
လင်ချိုးသည် မျက်မှောင်ကြုတ်၍ တိုက်ပွဲကို စိုက်ကြည့်နေရင်း အကျိုးအပြစ်ကို တွက်ချက်နေသည်။ ခွန်အားအရာတွင် သူမသည် မီကွမ်ထက် အနည်းငယ်သာ သန်မာသည်။ မီကွမ်သာ ရှုံးနိမ့်သွားလျှင် သူမက တိုက်ပွဲအတွင်း မလွှဲမရှောင်သာ ဝင်ပါရတော့မည်ဖြစ်ပြီး ခွန်းရန်ကို အနိုင်ယူနိုင်မည်မဟုတ်ရာ သေချာပေါက် အရှက်ခွဲခံရပေလိမ့်မည်။
"ငါသာ အချိန်လေဟာနယ်အဆင့်ငါးကို နားလည်ထားရင် ဒီခွေးကောင်တွေ ဒီနေရာမှာ မောက်မာခွင့်ရမှာ မဟုတ်ဘူး"
ကျန်တစ်ဖက်တွင် ခွန်းရန်၏ အထင်သေးသော အကြည့်ကြောင့် ရုန်ယွမ်မှာ ဒေါသအမျက် ချောင်းချောင်းထွက်လျက် လက်သီးဆုပ် အံကြိတ်ထားမိသည်။
"ယဲ့ချန် ဘယ်သူအနိုင်ရမယ်လို့ မင်း တွေးထားလဲ"
ခြင်္သေ့ကြီးသည် မည်သည့်နေရာမှ ရထားမှန်းမသိသော ဆေးပင်တစ်ပင်ကို ကိုက်ဝါးနေရင်း တိုက်ပွဲကို ကြည့်ရှုနေသည်။
"ကျုပ်လည်း မပြောတတ်ဘူး"
ယဲ့ချန်က ခေါင်းယမ်းပြကာ မီကွမ်က တိုက်ပွဲတွင် အောက်စည်းသို့ ရောက်နေသော်လည်း အလွန်ဉာဏ်ကောင်းသူဖြစ်ပြီး ကျားသားစားရန် ဝက်ယောင်ဆောင်ရာ၌ ထူးချွန်သောကြောင့် သေကွင်းသေကွက်ကို တစ်ချက်တည်း ထိုးနှက်တတ်သည်။ သို့ရာတွင် သူ၏အရည်အချင်းက မဆိုးလှသော်လည်း ခွန်အားက တစ်ဖက်လူအောက် နိမ့်ကျနေသောကြောင့် လိုက်မီရန် ခက်ခဲသော ကွက်လပ်ကြီး ဖြစ်နေသည်။ တိုက်ပွဲက အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုကြမ်းတမ်းလာသော်လည်း ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ပျင်းရိစွာ ထိုင်နေဆဲပင်ဖြစ်သည်။
စွမ်းအားရှင်စာရင်းမှ ကျင့်ကြံသူများသည် ထိပ်တန်းမဟာမိတ်နှင့် မီးတောက်နီနန်းတော်မှ နတ်အစေခံများ၏ တိုက်ပွဲကို အာရုံစိုက်ကြည့်ရှုနေကြသည်။
"ဒီနှစ်မှာ မီးတောက်နီနန်းတော်ရဲ့ တပည့်တွေကြားမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတတ်တယ်"
ပုံရိပ်ယောင်စံအိမ်သခင်သည် ခွန်းရန်နောက်တွင် ရပ်နေသော တပည့်များကို တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည်။ ခွန်းရန်အပြင် အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားသော တပည့်အနည်းငယ်လည်း ရှိနေသောကြောင့် ဖြစ်သည်။
"ထိပ်တန်းမဟာမိတ်မှာ အချိန်လေဟာနယ်အဆင့်ငါးကို နားလည်ထားတဲ့ တပည့်တွေက ကြယ်သခင်အဆင့် တက်သွားကြပြီ။ ဒါကြောင့် ပြိုင်ပွဲရလဒ်ကို အများကြီး စိတ်ထဲမထားကြပါနဲ့။ ပြိုင်ပွဲတစ်ခုမှာ အနိုင်နဲ့ အရှုံးက သာမန်ပါပဲ"
ချင်ရှုက ပြောလိုက်ခြင်းဖြစ်ပြီး မကျယ်လွန်း မတိုးလွန်းသော်လည်း ခေါင်းဆောင်များနှင့် အကြီးအကဲများ အားလုံးကြားရန် လုံလောက်သည်။ သူက ဤပြိုင်ပွဲ၏ရလဒ်ကြောင့် အင်အားစုကြီးနှစ်ခုကြားတွင် ပဋိပက္ခမဖြစ်စေလိုကြောင်း ရည်ရွယ်ခြင်းဖြစ်သည်။ အခြားကျင့်ကြံသူများကလည်း စစ်မက်ဖြစ်ပွားလျှင် အကျိုးဆက်က ကြီးမားလွန်းသောကြောင့် တစ်ယောက်ပြီးတစ်ယောက် သူ၏စကားကို ထောက်ခံပေးလိုက်သည်။
ရှန်းရန်သည် ဤစကားဝိုင်းကြောင့် ခပ်ယဲ့ယဲ့ပြုံးကာ မျက်လုံးမှိတ်၍ ထိုင်နေသည့် လင်လုံထံ အကြည့်ရောက်သွားသည်။ သူမသာ သေမျိုးဘုံကို လျစ်လျူရှုထားသော ကောင်းကင်ဘုံမှ နတ်ဘုရားမတစ်ပါးပမာ ပြိုင်ဘက်ကင်းလှပနေသဖြင့် မြင်သူအပေါင်းကို သူမ၏အလှ၌ ကျရှုံးစေသည်။ သူမက အလွန်လှပသော်လည်း လူတိုင်းဆွတ်ခူးနိုင်သော ပန်းတစ်ပွင့် မဟုတ်ပေ။ ထို့အပြင် သူမ၏ပါရမီက ပြိုင်ဘက်ကင်းပြီး နှစ်တစ်ထောင်အတွင်း လက်ရှိအဆင့်အတန်းသို့ ရောက်လာသောကြောင့် ကောင်းကင်၏ သမီးတော်ပမာ အလေးထားခံရသဖြင့် ပိုးပန်းသူများစွာ ရှိသည်။
သာမန်ကျင့်ကြံသူများက နိမ့်ကျလွန်းသဖြင့် လင်လုံကို ချစ်မြတ်နိုးသော်လည်း မပိုးပန်းရဲချေ။ အတိတ်တွင် စွမ်းအားရှင်စာရင်းမှ ခုနစ်ယောက်က သူမကို ချစ်ရေးဆိုခဲ့ပြီး ရှန်းရန်လည်း အပါအဝင်ဖြစ်သည်။ သူက ကျန်ခြောက်ယောက်ကို အနိုင်ယူ၍ သူမကို ချစ်ရေးဆိုခဲ့သော်လည်း သိုင်းငါးကွက်အတွင်း ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။
"ငါ့အမျိုးသားက ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက် ဖြစ်ရမယ်။ မင်းက ငါ့ကိုတောင် အနိုင်မယူနိုင်မှတော့ မထိုက်တန်ဘူး"
လင်လုံက ဤစကားတစ်ခွန်း ချန်ထားရစ်ခဲ့သောကြောင့် ရှန်းရန်မှာ အရှိုက်ထိသွားကာ အချိန်တိုင်း ကြားယောင်နေမိသည်။ သူသည် ထိုစကားကိုပြောစဥ်က လင်လုံ၏ မျက်နှာထားအတိအကျကို မှတ်မိနေပြီး လုံးဝအရှက်ကွဲသွားခဲ့သည်။ ဤဖြစ်ရပ်မှာ သူ၏ဘဝတွင် အနာကျင်ရဆုံးနှင့် အရှက်ရဆုံး ကိစ္စဖြစ်သောကြောင့် တစ်နေ့တွင် လင်လုံကို သူ၏ရှေ့မှောက်တွင် ဒူးထောက်စေ၍ တစ်သက်လုံး မော့ကြည့်စေရမည်ဟု ရှန်းရန်က ကျိန်ဆိုခဲ့လေသည်။