ခြင်္သေ့ကြီး တိုက်ခိုက်ပြီ
Vol. 61 Ch. 850
အရှက်ကွဲခဲ့သော နေ့မှ စတင်၍ ရှန်းရန်သည် ကြိုးကြိုးစားစား ကျင့်ကြံခဲ့သောကြောင့် လင်လုံက ထိပ်တန်းမဟာမိတ်ခေါင်းဆောင် ဖြစ်လာသောအခါ သူကလည်း မီးတောက်နီနန်းတော်သခင် ဖြစ်လာသည်။ သို့သော် သူက မည်မျှကြိုးစားပါစေ၊ လင်လုံ၏အစွမ်းအောက်တွင် စိန်ခေါ်လိုက်တိုင်း ရှုံးနိမ့်ခဲ့ပြီး ကွက်လပ်က ပို၍ကြီးမားလာသည်ဟု ခံစားနေရ၏။ လင်လုံ၏ကျင့်ကြံဆင့်က မည်မျှမြင့်မားနေသည်ကို မသိနိုင်သောကြောင့် သူ၏စိတ်က စိုးရိမ်စိတ်များဖြင့် လောင်ကျွမ်းနေပြီး ရှုံးနိမ့်သွားတိုင်း တစ်ဖက်လူ၏ ခြေထောက်အောက်တွင် ဂုဏ်သိက္ခာ နင်းချေခံရသကဲ့သို့ ခံစားနေရသည်။ လင်လုံကို အမီမလိုက်နိုင်သောကြောင့် မုန်းတီးနေစဥ် ဆန်းကျယ်သော လူတစ်ယောက်ထံမှ ကျင့်စဥ်တစ်ခုကို ရခဲ့သည်။ ၎င်းကို ကျင့်ကြံပြီး ထွက်ပေါ်လာသော စွမ်းအားကြောင့် သူက လင်လုံကို ဤသို့စိန်ခေါ်ရဲနေခြင်းဖြစ်ပြီး လက်ရှိတွင် အင်အားစုကြီးနှစ်ခုကြား၌ စစ်ပွဲတစ်ခု ဖြစ်ပေါ်လာရန် နီးကပ်နေသည်။
မီကွမ်နှင့် ယုဝမ်ရှင်းသည် အပြင်းအထန်တိုက်ခိုက်နေပြီး အချိန်လေဟာနယ်ချီများက ပတ်ဝန်းကျင်ကို ဖျက်ဆီးနေကာ စွမ်းအားများ မုန်တိုင်းထန်နေသည်။ မီကွမ်က လေးနက်စွာ တိုက်ခိုက်နေရသော်လည်း ယုဝမ်ရှင်းက ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။ သူ၏ အနီရောင်ချပ်ဝတ်ထက်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး တိုက်ကွက်တိုင်းတွင် မီးတောက်များစွာ ပါဝင်နေသည်။
"ဘန်း ဘန်း ဘန်း"
မီးပွားများက ဘက်ပေါင်းစုံ လွင့်ပျံနေပြီး မီကွမ်သည် ယုဝမ်ရှင်းအောက် အားနည်းသော်လည်း သားရဲဝိညာဥ်ကြောင့် အလွယ်တကူ မရှုံးနိုင်ပေ။ တိုက်ပွဲက အချိန်နှင့်အမျှ ပြင်းထန်လာနေသောကြောင့် နှစ်ဖက်လုံးမှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်အားပေးနေကြသည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်တစ်ပိုင်းနှင့် တိုက်ပွဲကို စောင့်ကြည့်နေပြီး ကျန်စိတ်အခြေအနေက အချိန်လေဟာနယ်အဆင့်နှစ်ခုကို ကျင့်ကြံရန် အာရုံစိုက်ထား၏။ သူက ကျင့်ကြံခြင်းတွင် အဆင့်သစ်တစ်ခုကို ထိုးဖောက်နိုင်ပြီဟု ခံစားနေရပြီး အဆင့်ခြောက်နှင့် ခုနစ် ချီများက စတင်ဖြစ်ပေါ်လာနေသည်။ အချိန်လေဟာနယ်အဆင့်ငါးသို့ရောက်လျှင် အနာဂတ်၌ စွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်ပြီး အဆင့်ခုနစ်အထိ နားလည်နိုင်လျှင် မည်သည့်အဆင့်သို့ ရောက်နိုင်မည်နည်း။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ ရှည်လျားသော သမိုင်းတွင် အဆင့်ခုနစ်အထိ နားလည်နိုင်သူ တစ်ယောက်တလေပင် ရှိခဲ့ဖူးမည်လော။
ယဲ့ချန်က ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားစဥ် ခြင်္သေ့ကြီးက သမ်းဝေရင်း တိုက်ပွဲကို စောင့်ကြည့်နေသည်။ မီကွမ်နှင့် ယုဝမ်ရှင်း၏ တိုက်ပွဲအပြင် သာမန်တပည့်များကလည်း စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ထိပ်တန်းမဟာမိတ်သည် နတ်အစေခံအဆင့်တစ်ဆယ် ကျင့်ကြံသူရာချီကို စေလွှတ်ခဲ့ပြီး သာမန်တပည့်များ၏ တိုက်ပွဲသည် ဂိုဏ်းတစ်ခု၏ စုစုပေါင်း အင်အားကို သက်သေပြသည်။ လွန်ခဲ့သောနှစ်များတွင် ထိပ်တန်းမဟာမိတ်က မီးတောက်နီနန်းတော်ကို အမြဲတမ်း ဖိနှိပ်ထားနိုင်သော်လည်း ယခုတစ်ခေါက်တွင် မီးတောက်နီနန်းတော်မှ သာမန်တပည့်များက ထူးခြားစွာ သန်မာနေပြီး ထိပ်တန်းမဟာမိတ်ကို ရှုံးပွဲများစွာ ကြုံတွေ့စေခဲ့သည်။
"မီးတောက်နီနန်းတော်က ခွေးကောင်တွေကို ရိုက်ရမယ်"
တန်လင်းအာက ဆက်လက်မစောင့်နိုင်တော့သဖြင့် ဒေါသတကြီးရေရွတ်ကာ တိုက်ပွဲအတွင်း ခုန်ဝင်ရန် ပြေးထွက်သွားသည်။
"မင်းရဲ့အစွမ်းအစနဲ့ဆိုရင် နောက်ဆုံးကျ အရိုက်ခံရလိမ့်မယ်။ ငြိမ်ငြိမ်နေစမ်းပါကွာ"
သို့သော် လေထဲတွင် ခြင်္သေ့ကြီး၏ လက်တစ်ဖက် ထွက်ပေါ်လာကာ သူမကို ခါးမှသိုင်းဖက်၍ နောက်ပြန်ဆွဲထားလိုက်သည်။
"နှာဘူးကြီး ငါ့ကို လွှတ်စမ်း။ နင့်ကို အသေရိုက်ပစ်မယ်"
တန်လင်းအာက စိတ်ဆိုးမာန်ဆိုးအော်ဟစ်၍ လက်ဝါးလေးဖြင့် ခြင်္သေ့ကြီးကို တဘုန်းဘုန်း ရိုက်နှက်နေသည်။
"ငါက အရေထူတယ်ဆိုတော့ မင်းလေးစိတ်ကြိုက် ရိုက်ပါ။ မင်းရဲ့ရိုက်ချက်တွေက အနမ်းတွေဖြစ်ပြီး အဆူအဆဲက ချစ်စကားတွေလိုပါလား"
ခြင်္သေ့ကြီးက အရှက်မဲ့စွာပြောဆို၍ မျက်နှာချင်းနီးကပ်စေရန် တန်လင်းအာ၏ခါးကို ဆွဲကပ်လိုက်သည်။ သူမက ယင်ကောင်တစ်ကောင် စားလိုက်မိသကဲ့သို့ ရှုံ့မဲ့သွားကာ အချိန်လေဟာနယ်ချီများ ထုတ်ဖော်၍ ရိုက်ချလိုက်သည်။
"မင်းရဲ့ပါရမီက မဆိုးဘူး။ အချိန်လေဟာနယ် အဆင့်နှစ်အထိတောင် နားလည်ထားတယ်"
ခြင်္သေ့ကြီး၏ ကိုယ်ထက်ရှိ အချိန်လေဟာနယ်ချီများသည် သူမ၏ရိုက်ချက်များကို ပျက်ပြယ်သွားစေသည်။
"ဟေ့ကောင် သခင်မလေးကို မြန်မြန်လွှတ်လိုက်စမ်း"
"မင်း သေချင်နေတာလား။ သခင်မလေးက ဘယ်သူဆိုတာ သိလား"
ထိုအချိန်၌ တန်လင်းအာကို ကူညီရန် မှော်ခြင်္သေ့များ အုပ်စုလိုက် ရောက်ရှိလာကြ၏။
"မင်းတို့အကုန်လုံး ပူးပေါင်းလိုက်ရင်တောင် ငါ့ကို မယှဥ်နိုင်ဘူး။ ငါ မင်းတို့ကို မတိုက်ခိုက်ချင်ဘူး။ မင်းတို့တွေ သခင်မလေးကို စောင့်ကြည့်ထားရင် ကောင်းမယ်။ သူမက တိုက်ပွဲထဲကို ရောက်သွားရင် သေချာပေါက် အရိုက်ခံရလိမ့်မယ်"
ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ တန်လင်းအာကို လွှတ်ပေးလိုက်သည်။
"နှာဘူးကောင် နင်က အချိန်လေဟာနယ်အဆင့်သုံးအထိ နားလည်ထားတယ်မလား။ အစွမ်းအစရှိတယ်ဆိုရင် မီးတောက်နီနန်းတော်က ခွေးကောင်တွေအားလုံးကို အနိုင်ယူလိုက်စမ်းပါ။ ဒါဆိုရင် ငါ နင်နဲ့ ဒီည အိပ်ပေးမယ်"
တန်လင်းအာက ခါးထောက်နှုတ်ခမ်းဆူ၍ ခြင်္သေ့ကြီးကို စိန်ခေါ်လိုက်သည်။
"မင်းလေးက ပွင့်လင်းတာပဲ၊ ငါ ကြိုက်တယ်။ မင်းက ဒီလိုလုပ်စေချင်မှတော့ ဒီခွေးကောင်တွေအားလုံးကို ရိုက်ပစ်ပေးမယ်။ ဒီနေ့ညရောက်ရင် ရေချိုးသန့်စင် အဝတ်အစားလဲပြီး ငါ့ကို အခန်းထဲကစောင့်နေ"
ခြင်္သေ့ကြီးက ခဏတာ မင်သက်သွားသော်လည်း သဘောကျစွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"သဘောတူတယ်"
တန်လင်းအာကလည်း ခပ်ပြတ်ပြတ် သဘောတူလိုက်သဖြင့် ခြင်္သေ့ကြီးမှာ မဟာကံကောင်းမှုကြီးကို ကြုံတွေ့လိုက်ရသည့်အလား သွားများ အားလုံးပေါ်အောင် ပြုံးနေခဲ့သည်။ ဤအဖြစ်ကြောင့် ယဲ့ချန်မှာ ဆွံ့အသွားပြီး ခြင်္သေ့များ၏ လောကသည် လူသားများနှင့် အမှန်တကယ် ကွာခြားကြောင်း နားလည်လိုက်သည်။
"အစ်ကိုမီ ကြိုးစားထား"
ထိပ်တန်းမဟာမိတ်၏ တပည့်များသည် တိုက်ပွဲကို စိုးရိမ်စွာ စောင့်ကြည့်ရင်း အားပေးသံများ ပို၍ကျယ်လောင်လာသည်။ မီးတောက်နီနန်းတော်ဘက်မှလည်း အော်ဟစ်အားပေးနေကြသဖြင့် ပတ်ဝန်းကျင်၌ မီးပွားများပင် ဖြစ်ပေါ်လာတော့မည်။ ယုဝမ်ပို၏လုပ်ရပ်က ထိပ်တန်းမဟာမိတ်ကို အရှက်ရစေခဲ့ပြီး ပြိုင်ပွဲကို ကြီးကြပ်နေသော အကြီးအကဲများသာမရှိလျှင် တပည့်များသည် သူတို့ထံ ပြေးဝင်တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့၏ဒေါသက သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားကာ လူတိုင်း တင်းမာနေကြ၏။ မီကွမ်နှင့် ယုဝမ်ရှင်း၏ တိုက်ပွဲသည် အရေးကြီးဆုံးအချိန်သို့ ရောက်နေခဲ့သည်။
"လင်းယုန်သိုင်း"
ယုဝမ်ရှင်း၏ ချီများသည် ဧရာမသွေးနီရောင်လင်းယုန်အဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ မီကွမ်ကို ထိုးသုတ်၍ လက်သည်းများဖြင့် ကုတ်ချလာသည်။
"အစ်ကိုမီ သတိထား"
ထိပ်တန်းမဟာမိတ်၏ တပည့်များက သတိပေးနေကြစဥ် မီကွမ်က ဘေးသို့ ရုတ်တရက် လှိမ့်ထွက်လိုက်သည်။
"ဝုန်း"
တစ်ဖက်လူ၏ တိုက်ကွက်က ကြမ်းပြင်ကို ထိမှန်သွားကာ စွမ်းအင်လှိုင်းများ ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာ၏။ ထိုအချိန်၌ မီကွမ်သည် စွမ်းအင်အားလုံးကို ညာလက်သီးတွင် စုစည်းကာ ယုဝမ်ရှင်းကို ထိုးချလိုက်သည်။ သူ၏လက်သီးက ထိမှန်ကာနီးတွင် တစ်ဖက်လူ၏မျက်နှာ၌ ခပ်ညစ်ညစ် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ဖတ်"
"အားနည်းလိုက်တာ"
မီကွမ်၏လက်သီးကို ယုဝမ်ရှင်းက ဖမ်းဆုပ်လိုက်ပြီး လှောင်ရယ်ကာ လက်ဝါးအတွင်းမှ စွမ်းအား ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက မီကွမ်၏ညာလက်ကို ဂျွတ်ခနဲမြည်အောင် ချိုးပစ်လိုက်သောကြောင့် အလွန်နာကျင်ရမည်ဖြစ်သော်လည်း မီကွမ်က အေးစက်စက် ပြုံးနေသည်။ ယုဝမ်ရှင်းက မျက်မှောင်ကြုတ်၍ စဥ်းစားနေစဥ် တစ်နေရာတည်းတွင် စုစည်းထားသော မီကွမ်၏ချီများက လက်ဝါးမှတဆင့် ဖောက်ဝင်လာသည်။ သူက သွေးကြောများကို စည်းခတ်၍ ပိတ်ဆို့လိုက်သော်လည်း အပ်သဏ္ဍာန် စုစည်းထားသော ချီများက ခန္ဓာကိုယ်အတွင်းသို့ တရကြမ်း ထိုးဖောက်နေသည်။
"ဘုန်း"
ချီများက ခန္ဓာကိုယ်အတွင်း ပေါက်ကွဲသွားသောကြောင့် ယုဝမ်ရှင်းက သွေးများ အန်ထွက်ကာ ရုပ်ပျက်ဆင်းပျက်လွင့်သွားသော်လည်း မီကွမ်၏ရင်ဘတ်ကို ခြေထောက်ဖြင့် ရအောင် ကန်သွားခဲ့သည်။ ပြိုင်ဘက်နှစ်ယောက်လုံး တစ်ချိန်တည်း လွင့်ထွက်သွားကာ မြေပြင်၌ လဲကျသွားသည်။ အပြင်းအထန်ဒဏ်ရာ ရသွားသောကြောင့် မီကွမ်က အသက်ကို ခဲယဥ်းစွာရှူနေရင်း မြေပြင်၌ လဲကျနေကာ အသိစိတ်က စတင်ဝေဝါးလာသည်။ သူ၏ခွန်အားက ပြိုင်ဘက်အောက် နိမ့်ကျသောကြောင့် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ ယုဝမ်ရှင်းသည် နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်၍ ခဲရာခဲဆစ် ထရပ်လိုက်သည်။ မီကွမ်က သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မည်ဟု ထင်မထားသောကြောင့် ဒေါသထွက်သွားကာ သတ်ဖြတ်လိုစိတ်ဖြင့် ရှေ့သို့ တစ်လှမ်းချင်း ချဥ်းကပ်လာသည်။ သူက အပြင်းအထန် ဒဏ်ရာရထားသော်လည်း အခြေအနေပိုကောင်းသဖြင့် ထိပ်တန်းမဟာမိတ်၏တပည့်များ စိတ်ဓာတ်ကျကုန်သည်။ မီကွမ်က အချိန်လေဟာနယ် အဆင့်သုံးကိုသာ နားလည်ထားသော်လည်း အချိန်လေဟာနယ် အဆင့်လေးအထိ နားလည်ထားသူကို ဤအခြေအနေအထိ တိုက်ခိုက်နိုင်ခြင်းက ထူးချွန်နေပြီဖြစ်သည်။
ယုဝမ်ရှင်းသည် မြေပြင်၌ လဲကျနေသော မီကွမ်ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသောကြောင့် ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာသည်။
"ဒီကောင်က မီကွမ်ကို သတ်မလို့လား။ မီးတောက်နီနန်းတော်က ပြိုင်ပွဲရဲ့စည်းမျဥ်းကို ချိုးဖောက်ချင်နေတာလား။ ဒါက သေချာပေါက် မရိုးရှင်းဘူး။ တကယ် စစ်ပွဲ စတော့မလို့လား"
"ခြင်္သေ့ကြီး"
ယဲ့ချန်သည် မီကွမ်ကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားသောကြောင့် ယုဝမ်ရှင်းအား သတ်ဖြတ်ခွင့် မပေးနိုင်ပေ။ သူက ခြင်္သေ့ကြီးကို တစ်ချက်ကြည့်၍ မျက်ရိပ်ပြလိုက်၏။ တန်လင်းအာ၏ မက်လုံးကြောင့် တိုက်ခိုက်ရန် ဆုံးဖြတ်ထားသော ခြင်္သေ့ကြီးက အလင်းတန်းတစ်ခုအသွင်ဖြင့် တိုက်ပွဲစင်၏အလယ်သို့ ပြေးထွက်သွားသည်။
"ဟား ဟား မင်းတို့နှစ်ယောက်လုံး ဒဏ်ရာရထားမှတော့ သရေလို့ သတ်မှတ်လိုက်ကြရအောင်။ တိုက်ပွဲ ပြီးပြီ။ မင်းက ဒဏ်ရာရထားတယ်ဆိုတော့ ငါက အနိုင်မကျင့်ချင်ဘူး။ နောက်ထပ်တစ်ယောက် လွှတ်လိုက်"
ယုဝမ်ရှင်းသည် များပြားလှသော ဖိအားများ ထုတ်ဖော်၍ မီကွမ်ကို ချုပ်နှောင်ကာ တစ်လှမ်းချင်း ရှေ့တိုးနေစဥ် ခြင်္သေ့ကြီးက နှစ်ယောက်ကြားတွင် ရုတ်တရက် ထွက်ပေါ်လာကာ ပျင်းရိပျင်းတွဲအမူအရာဖြင့် ပြောလိုက်သည်။ မီကွမ် ရှုံးနိမ့်သွားသောအခါ ရုန်ယွမ်က တိုက်ပွဲအတွင်းဝင်ရန် ဆုံးဖြတ်ထားသော်လည်း ခြင်္သေ့ကြီး ရုတ်တရက် ထွက်ပေါ်လာသောကြောင့် မင်သက်နေခဲ့သည်။ သူတစ်ယောက်တည်းသာမက အခြားတပည့်များပါ ဤအဖြစ်ကို မမျှော်လင့်ထားသောကြောင့် အလွန်အံ့အားသင့်နေကြသည်။ သို့သော် မီးတောက်နီနန်းတော်မှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် ပို၍သန်မာနေသောကြောင့် ထိပ်တန်းမဟာမိတ်က နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားသဖြင့် သူက ကောင်းကောင်းစွမ်းဆောင်နိုင်မည်ဟု မည်သူမှ မထင်မထားပေ။
"သေစမ်း"
မီကွမ်ရှုံးနိမ့်သည်မှာ ရှင်းလင်းနေသော်လည်း ခြင်္သေ့ကြီးက သရေဟု ပြောနေသဖြင့် ယုဝမ်ရှင်း၏မျက်နှာက မည်းနက်သွားသည်။ သူက အချိန်လေဟာနယ် အဆင့်လေးချီများကို လက်သီးတွင် စုစည်းကာ အော်ဟစ်ကြုံးဝါး၍ ထိုးချလိုက်လေသည်။