← Chapters

ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ

Vol. 61 Ch. 851

ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ

Vol. 61 Ch. 851

လက်သီးအလင်းများသည် လှောင်အိမ်အတွင်းမှ လွတ်ထွက်လာသော သားရဲကောင်များပမာ ခြင်္သေ့ကြီးထံ တဝုန်းဝုန်း ဝင်ရောက်လာကြသည်။

"မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား။ သေတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်စေရမယ်"

ယုဝမ်ရှင်းသည် မျက်လုံးများ အေးစက်နေပြီး လှောင်ပြုံးပြုံးလိုက်သည်။

"ဘန်း ဘန်း"

ခြင်္သေ့ကြီး၏ ခရမ်းရောင်မီးတောက်များက ကောင်းကင်သို့ ထိုးတက်သွားစဥ် ယုဝမ်ရှင်း၏ လက်သီးချက်များ ကျဆင်းလာသဖြင့် မိုးချုန်းသံပမာ ကျယ်လောင်ဆူညံနေသည်။

"ဟေ့ ကလေး မင်း ဘာမှမစားထားဘူးလား။ အယားတောင် မပြေဘူး"

လက်သီးချက်များ ထိမှန်ခံလိုက်ရသဖြင့် မီးတောက်များ ယိမ်းနွဲ့နေသော်လည်း ခြင်္သေ့ကြီးက တစ်လှမ်းမှ နောက်ဆုတ်မသွားခဲ့ပေ။ သူက ယဲ့ချန်နှင့် ဆက်တိုက်လေ့ကျင့်ရေးဆင်းပြီးနောက် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာသည် သာမန်တိုက်ကွက်များ ဒဏ်ရာရအောင် မလုပ်နိုင်သည်အထိ သန်မာလာ၏။

"မဖြစ်နိုင်ဘူး"

ယုဝမ်ရှင်းက မင်သက်သွားကာ အလန့်တကြားဖြင့် နောက်ဆုတ်သွားပြီး ပြူးကျယ်နေသော မျက်လုံးအစုံဖြင့် မယုံနိုင်ဖြစ်နေသည်။ သူ၏လက်သီးချက်များတွင် ဒေါသကြောင့် စွမ်းအားရာနှုန်းပြည့် ပါဝင်သော်လည်း တစ်ဖက်လူကို ခြစ်ရာပင် မထင်စေသောကြောင့် လူတိုင်း မင်သက်နေကြသည်။ အကယ်၍ ခြင်္သေ့ကြီးက အနိုင်ယူရုံသာဆိုလျှင် ကိစ္စကြီးမဟုတ်သော်လည်း အချိန်လေဟာနယ်အဆင့်လေးကို နားလည်ထားသော ယုဝမ်ရှင်း၏လက်သီးကို ရုပ်ခန္ဓာသက်သက်ဖြင့် ခံယူခဲ့ပြီး အစွမ်းကုန် သုံးထားသည့်တိုင်အောင် မထိခိုက်ခဲ့ပေ။

"လုပ်တာ ကောင်းတယ်"

"ခြင်္သေ့ကြီးက အစွမ်းထက်တယ်ကွ"

ထိပ်တန်းမဟာမိတ်၏ တပည့်များက ခဏတာမင်သက်နေရာမှ ချက်ချင်းအော်ဟစ် အားပေးလိုက်ကြပြီး ခြင်္သေ့ကြီးကို စိတ်လိုလက်ရ လေးစားနေကြသည်။ ထိပ်တန်းမဟာမိတ်ဘက်မှ အစွမ်းထက် နတ်အစေခံတစ်ယောက် ထွက်ပေါ်လာပြီဖြစ်သည်။

"ခြင်္သေ့ကြီးက အခုမှ လှုပ်ရှားတယ်။ ခေါင်းဆောင်တွေရဲ့ အစီအစဥ် ဖြစ်နိုင်မလား"

ရုန်ယွမ်တို့ ပါရမီရှင်များသည်လည်း အံ့သြစွာ ကြည့်နေကြသည်။ ယုဝမ်ရှင်း၏ ခွန်အားအရ ရုန်ယွမ်ပင် အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်သောကြောင့် ခြင်္သေ့ကြီး၏အစွမ်းက အံ့လောက်ဖွယ်ရာ ဖြစ်သည်။

"ဒီနှာဘူးက နည်းနည်းတော့ အစွမ်းထက်သားပဲ"

တန်လင်းအာသည် ခြင်္သေ့ကြီးကိုကြည့်၍ နှုတ်ခမ်းဆူကာ ရေရွတ်လိုက်မိသည်။ သူမက ခြင်္သေ့ကြီးနှင့် အမှန်တကယ် အိပ်ရမည်ကို စိုးရိမ်နေသော်လည်း မီးတောက်နီနန်းတော်၏ တပည့်များ သရဲမြင်ရသကဲ့သို့ တုန်လှုပ်နေသည်ကို မြင်ရသောကြောင့် ကျေနပ်နေသည်။ ခြင်္သေ့ကြီး၏အစွမ်းဖြင့်ဆိုလျှင် ယုဝမ်ရှင်းကို အနိုင်ယူရန်က လွယ်ကူလွန်းနေသဖြင့် ယဲ့ချန်၏ခန့်မှန်းချက်အတွင်း ရှိနေကာ သူက တင်ပျဥ်ခွေထိုင်၍ ဆက်လက်ကျင့်ကြံနေသည်။

"ငါ မယုံဘူးကွ"

ယုဝမ်ရှင်းက ရူးသွပ်သွားဟန်ဖြင့် အစွမ်းကုန်ထုတ်ဖော်ကာ ချီများဖြင့် ခြင်္သေ့ကြီးကို ထိုးနှက်လိုက်သည်။ အချိန်​လေဟာနယ် အဆင့်လေး၏ စွမ်းအား ပါဝင်သော လက်သီးချက်များ တဘန်းဘန်း ထိမှန်သွားခဲ့သည်။

"မင်းက အားနည်းလိုက်တာကွာ"

ယဲ့ချန်၏ ကြောက်မက်ဖွယ် ရိုက်ချက်များကြောင့် ခြင်္သေ့ကြီး၏ ရုပ်ခန္ဓာက စိတ်ကူးမရလောက်အောင် သန်မာနေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုပါရမီရှင်မျိုးလဲ"

မီးတောက်နီနန်းတော်၏ တပည့်များသည် အံ့သြမှုကြောင့် မျက်လုံးများပြူးကျယ်နေကာ မယုံနိုင် ဖြစ်နေကြသည်။ သာမန်တပည့်များ၏ အမြင်၌ ယုဝမ်ရှင်းသည် ထူးချွန်သူတစ်ယောက်ဖြစ်သော်လည်း အစွမ်းကုန် ထုတ်သုံးလိုက်သည့်တိုင်အောင် တစ်ဖက်လူကို မထိခိုက်စေခဲ့ပေ။ ခွန်းရန်သည်ပင် ဤအဖြစ်ကြောင့် မင်သက်နေပြီး ယုဝမ်ရှင်း၏ခွန်အားကို သိထားသောကြောင့် သူကိုယ်တိုင်ပင် ဤသို့မခံယူရဲပေ။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူ၌ အထူးရုပ်ခန္ဓာတစ်မျိုး ပိုင်ဆိုင်ထားရပေလိမ့်မည်။ ယုဝမ်ရှင်း၏ လက်သီးချက်များသည် ခြင်္သေ့ကြီးကို မထိခိုက်စေနိုင်သည့်အပြင် မီးတောက်များကလည်း ခရမ်းရောင်မီးတောက်များနှင့် အတွေ့၌ လောင်ကျွမ်းခံလိုက်ရသည်။ သူ၏မီးတောက်များက ခြင်္သေ့ကြီး၏မီးတောက်အောက် များစွာအဆင့်နိမ့်ကြောင်း သိသာနေပြီး သူက တိုက်ခိုက်လေလေ ပို၍စိတ်ဓာတ်ကျလေလေဖြစ်ကာ ရူးသွပ်ချင်နေသည်။

ရှန်မူသည် တိုက်ပွဲစင်မြင့်ထက်ရှိ ခြင်္သေ့ကြီးကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို နားလည်သွားခဲ့သည်။ မူလတွင် သူက ဤတပည့်အသစ်နှစ်ယောက်သည် အထူးရုပ်ခန္ဓာတစ်မျိုး ပိုင်ဆိုင်ထားကြောင်း ခန့်မှန်းမိသော်လည်း တိုက်ခိုက်သည်ကို မမြင်ရသောကြောင့် အတိအကျ မသိခဲ့ပေ။

"ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ ဖြစ်နေတာကိုး"

"ဒီနတ်ခန္ဓာ ပြန်ပေါ်လာမယ်လို့ မထင်ထားဘူး"

"သူက နတ်သစ်သီးကို တစ်နေရာရာက ရှာတွေ့လာတာ ဖြစ်ရမယ်။ နှစ်ပေါင်းရာချီအတွင်း ဒါက မျိုးသုဥ်းရှားပါးနေပြီး သန့်စင်ရမယ့် နည်းလမ်းလည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီခရမ်းမီးတောက် ကြယ်ခြင်္သေ့က ကံကောင်းပြီး အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တာပေါ့"

"ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းမှာ ပျောက်ကွယ်နေတာ ကြာပြီ။ တစ်ယောက်ယောက်က နတ်သစ်ပင်ကို ရှာတွေ့ခဲ့တဲ့ သတင်းတွေ ထွက်လာပေမယ့် ကောလဟာလလို့ ထင်ခဲ့မိတယ်"

ဟင်းလင်းပြင်အတွင်းရှိ ခေါင်းဆောင်များက အသိပညာဗဟုသုတ ကြွယ်ဝသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာအကြောင်း သိလိုက်ကြသည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပိုင်ရှင်က အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်း သူတို့က ဆွေးနွေးနေကြသည်။

"ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပိုင်ရှင် တပည့်တစ်ယောက်ကို ရထားတဲ့အတွက် ဂုဏ်ပြုပါတယ်"

ချင်ရှုက လင်လုံဘက် လှည့်၍ လက်သီးနှစ်ဖက်ဆုပ်ကာ ဂုဏ်ပြုစကားဆိုလိုက်သည်။

"ဒီမိန်းမက ကြိုတင်ပြင်ဆင်ထားတာလား။ ကြည့်ရတာ ထိပ်တန်းမဟာမိတ်ကို အထင်သေးလို့ မဖြစ်ဘူး"

ရှန်းရန်သည် မည်းနက်နေသော မျက်နှာဖြင့် လင်လုံကို စိုက်ကြည့်ရင်း အတွေးနက်နေသည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာသည် ကိုင်တွယ်ရ အလွန်ခက်ခဲပြီး အထူးကျင့်စဥ်များနှင့် ဖျက်ဆီးခြင်းမရှိလျှင် တိုက်ပွဲအချိန် ကြာလေလေ ၎င်းက ပိုမိုသန်မာလာလေလေဖြစ်သည်။ ဥပမာပြောရလျှင် ခြင်္သေ့ကြီးကို အနိုင်ယူရန်အတွက် အနိမ့်ဆုံး အလယ်အဆင့် ကြယ်သခင်တစ်ယောက် လိုအပ်ပေလိမ့်မည်။

"ဘန်း ဘန်း ဘန်း"

ယုဝမ်ရှင်းသည် ခွန်အားကုန် ထုတ်သုံးရသောကြောင့် မောပန်းနေသော်လည်း ခြင်္သေ့ကြီးကို ဒဏ်ရာတစ်ခုပင် မရစေခဲ့ပေ။ သူက စတင်မောပန်းလာနေပြီ ဖြစ်သည်။

"မင်းက အားနည်းလွန်းတယ်။ ဒီဖေဖေကြီးက ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ပြပေးမယ်"

ခြင်္သေ့ကြီး၏ မျက်လုံးများက ရက်စက်ကြမ်းတမ်းသွားကာ ခရမ်းရောင်မီးတောက်များ ပိုမိုတောက်လောင်လာသည်။ သူက ညာလက်ဝါးတွင် အချိန်လေဟာနယ်ချီများ စုစည်းကာ ဧရာမအလင်းကြီးတစ်ခုအဖြစ် ယုဝမ်ရှင်းကို ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ရပ်သည် တောင်ကြီးတစ်လုံးပမာ ကျဆင်းလာသောကြောင့် သူ၏မျက်နှာက ရှုံ့မဲ့သွားသည်။ သူက တုန်လှုပ်သွားကာ အဆင့်လေးချီများကို စုစည်းပြီး လက်ဝါးအလင်း၏ အလယ်တည့်တည့်ကို တိုက်ခိုက်လိုက်သည်။ သို့သော် ၎င်းတို့က လက်ဝါးအလင်းနှင့် အတွေ့တွင် ပျောက်ကွယ်သွားကြသည်။

"အား"

ယုဝမ်ရှင်းသည် အသတ်ခံရကာနီး ဝက်တစ်ကောင်ပမာ နာကျင်စွာ အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးရှိ အဝတ်အစားများ အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။

"ဘန်း"

သူက အစွမ်းကုန်ခုခံလိုက်သော်လည်း ခြေထောက်အောက်ရှိ ကြမ်းပြင်က ကွဲထွက်သွားကာ အက်ကြောင်းများက ဘက်ပေါင်းစုံသို့ ပင့်ကူအိမ်ပမာ ဘုန်းခနဲ ပြန့်ထွက်သွား၏။ ယုဝမ်ရှင်းသည် ခြင်္သေ့ကြီး၏ လက်ဝါးချက်ကြောင့် ကြမ်းပြင်တွင် ပြားကပ်သွားသည်ကို မြင်လိုက်ရသောအခါ လူတိုင်း ကျောစိမ့်သွားကြ၏။ တိုက်ပွဲစင်၏ အောက်ခံကျောက်သားက အလွန်မာကျောပြီး ပစ်မှတ်က ကြားညှပ်ရိုက်ခံလိုက်ရသောကြောင့် သူက ပြားကပ်သွားပေလိမ့်မည်။ ခြင်္သေ့ကြီးက လက်ဝါးချက် ပြန်ရုတ်လိုက်သောအခါ ယုဝမ်ရှင်းသည် ဒွါရခုနစ်ပါးမှ သွေးများစီးထွက်နေရင်း တစ်ကိုယ်လုံး ပြားကပ်နေသည်။ လက်ရှိအချိန်တွင် ယုဝမ်ရှင်း၏ ခြေ၊ လက်နှင့် ခန္ဓာအစိတ်အပိုင်းများမှာ မမှတ်မိနိုင်လောက်အောင် ပုံပျက်နေကာ သေလုမျောပါး ဖြစ်နေသည်။

ယုဝမ်ရှင်းသည် မီးတောက်နီနန်းတော်တွင် အတော်ဆုံးပါရမီရှင် မဟုတ်သော်လည်း ထူးချွန်ပြီး အချိန်လေဟာနယ် အဆင့်လေးကို နားလည်ထားသည်။ အနာဂတ်တွင် သူက ထိပ်တန်းကြယ်သခင်အဆင့်အထိ ရောက်နိုင်သည့်အပြင် တစ်ဘဝလုံး ဤသို့ဆိုးရွားစွာ မရှုံးနိမ့်ဖူးပေ။ ဤအချက်ကြောင့် သူက နောက်ဆုံးထွက်သက်ကို အနိုင်နိုင်ထိန်းချုပ်ထားရပြီး မီးတောက်နီနန်းတော်မှ တပည့်အချို့ ရောက်ရှိလာကာ ရွှံ့နွံပမာ ပျော့ခွေနေသော သူ့ကို ပွေ့ချီသွားသည်။ အချိန်လေဟာနယ် အဆင့်လေးအထိ နားလည်ထားသော ပါရမီရှင်တစ်ယောက်သည် ခြင်္သေ့ကြီး၏ လက်ဝါးအောက်တွင် အသားပြားဖြစ်သွားသဖြင့် နှစ်ဖက်လုံးမှ တပည့်အားလုံး တအံ့တသြ ဖြစ်နေကြသည်။ ခြင်္သေ့ကြီးက အချိန်လေဟာနယ် အဆင့်သုံးအထိသာ နားလည်ထားသော်လည်း အလွန်အစွမ်းထက်နေခဲ့သည်။

"ခြင်္သေ့ကြီး ခြင်္သေ့ကြီး ခြင်္သေ့ကြီး"

ခဏအကြာတွင် တိတ်ဆိတ်နေသော ထိပ်တန်းမဟာမိတ်၏ တပည့်များထံမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။ အသံများက တစ်လှိုင်းပြီးတစ်လှိုင်း ပိုမိုကျယ်လောင်လာကာ နှစ်ပွဲဆက်အရှုံးကြောင့် ကျဆင်းနေသော စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာကြသည်။ ထိပ်တန်းမဟာမိတ်၏ အင်အားစုသုံးခုအကြားတွင် ပွတ်တိုက်မှုများရှိသော်လည်း အပြင်ရန်သူကို ရင်ဆိုင်ရာ၌ ထူးထူးခြားခြား စည်းလုံးနေကြသည်။ တန်လင်းအာသည်ပင် ကမ္ဘာတုန်လောက်သော အားပေးသံများကြောင့် စိတ်လှုပ်ရှားနေပြီး ခြင်္သေ့ကြီးကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူက အနည်းငယ် နှာဘူးကျတတ်သော်လည်း လက်ရှိတွင် လောကကြီးကို ငုံ့ကြည့်နေသော သူရဲကောင်းတစ်ယောက်ပမာ ခမ်းနားနေသဖြင့် စတင်စိတ်ဝင်စားလာခဲ့သည်။ ခြင်္သေ့ကြီးသည်လည်း အားပေးသံများကြောင့် သွေးများဆူပွက်၍ ကျေနပ်နေပြီး ထိပ်တန်းမဟာမိတ်က မဆိုးဟု စတင်ခံစားလာရသည်။

"မီးတောက်နီနန်းတော်က ဘယ်သူတွေ ငါနဲ့ တိုက်ခိုက်ချင်လဲ"

သူ၏စကားသံက ကြည်လင်စွာ ထွက်ပေါ်လာပြီး တစ်ဖက်မှ တပည့်များ၏ရင်ထဲတွင် မိုးချုန်းသံပမာ မြည်ဟီးသွား၏။ သူ၏ခွန်အားက ကြောက်စရာကောင်းနေသဖြင့် ခွန်းရန်နှင့် ပါရမီရှင်များပင် မမောက်မာဝံ့ဘဲ တစ်ယောက်ကိုတစ်ယောက် လေးနက်စွာ ကြည့်လိုက်မိသည်။ ခွန်းရန်က အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်ထားသော်လည်း ခြင်္သေ့ကြီးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။ ရှုံးနိမ့်သွားလျှင် သေချာပေါက် အရှက်ကွဲသွားနိုင်လေသည်။

All Chapters