နတ်ဆိုးကျင့်စဥ်
Vol. 61 Ch. 852
မီးတောက်နီနန်းတော်ဘက်မှ အချိန်လေဟာနယ် အဆင့်လေးအထိ နားလည်ထားသူကို လွှတ်လိုက်လျှင် ခြင်္သေ့ကြီးက သေအောင် နှိပ်စက်ပေလိမ့်မည်။ အဆင့်တူချင်းတွင် ယုဝမ်ရှင်းက အလွန်သန်မာသည်ဟု ဆိုနိုင်သော်လည်း သူ၏လက်ထဲတွင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့သည်။ သူက အချိန်လေဟာနယ် အဆင့်သုံးကိုသာ နားလည်ထားသော်လည်း အစစ်အမှန်ခွန်အားက အဆင့်ငါးကို နားလည်ထားသူအောက် မနိမ့်ကျပေ။
"မီးတောက်နီနန်းတော်က ဘယ်သူမှ ငါ့ကို စိန်မခေါ်ရဲဘူးလား။ ဒါဆိုရင်လည်း ပြန်အိပ်တော့မယ်"
မည်သူမှ ရှေ့ထွက်မလာသောအခါ သူက ရည်ရွယ်ချက်ရှိရှိ ပျင်းရိဟန်ဆောင်နေသောကြောင့် မီးတောက်နီနန်းတော်မှ တပည့်များ အရှက်ရကုန်သည်။
"မီးတောက်နီနန်းတော်ကကောင်တွေ ကြောက်ကုန်ပြီ ထင်တယ်"
"ဒီခြင်္သေ့က အစွမ်းထက်လွန်းတယ်။ ခွန်းရန်ထက်တောင် သန်မာနေနိုင်တယ်"
"ကြည့်ရတာ သူတို့က ထိပ်တန်းမဟာမိတ်ကို ဖြုတ်ချဖို့ မဖြစ်နိုင်ပါဘူး။ ထိပ်တန်းမဟာမိတ်က ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ ခေါင်းဆောင်ဖြစ်နေတာက အကြောင်းအရင်း ရှိတယ်လေ"
"သူတို့က မောက်မောက်မာမာ ရောက်လာပေမယ့် အခုတော့ အမြှီးကုပ်နေကြပြီ"
ကျန်အင်အားစုများမှ တပည့်များက စတင်လှောင်ပြောင်လာသကဲ့သို့ ထိပ်တန်းမဟာမိတ်ဘက်မှလည်း အော်ဟစ်အားပေးနေကြသည်။ သန်းဆယ်ချီသော တပည့်များကြားတွင် မိန်းကလေးအများစုပင် အရှုံးပေးရလောက်အောင် ချောမောသော လူငယ်တစ်ယောက် ရှိနေသည်။ သူက ယဲ့ချန်နှင့် ရတနာအရောင်းဆိုင်တွင် ဆုံခဲ့ဖူးသော ရှောင်လင်းဖြစ်ကာ ထိပ်တန်းမဟာမိတ်၏ တပည့်တစ်ယောက်လည်း ဖြစ်သည်။ သူက တပည့်များကြားတွင် ရပ်နေသော်လည်း ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသောကြောင့် မည်သူမှ သတိမပြုမိကြပေ။
"ကြည့်ရတာ ငါ လှုပ်ရှားစရာ မလိုတော့ဘူး ထင်တယ်။ သူတို့နှစ်ယောက်နဲ့တင် ဒီကောင်တွေကို ကိုင်တွယ်ဖို့ လုံလောက်တယ်။ ချန်ရဲရဲ့ ခွန်အားကရော ဘယ်အဆင့်ကို ရောက်နေပြီလဲ သိချင်မိတယ်"
သူက တစ်ကိုယ်တော်ကျင့်ကြံနေသော ယဲ့ချန်ထံ အကြည့်ရောက်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအချိန်၌ ယဲ့ချန်သည် ကျင့်ကြံခြင်းတွင် အာရုံစိုက်နေပြီး ဆူညံနေသော ပတ်ဝန်းကျင်ကို မဆိုင်သကဲ့သို့ လျစ်လျူရှုထားသည်။ သူ၏ကိုယ်တွင်း၌ အဆင့်ခြောက် အပြာရောင်ချီများ စတင်ပုံပေါ်လာနေပြီဖြစ်ရာ ၎င်းကို နားလည်သွားလျှင် အဆင့်ခုနစ်က မဝေးတော့ပေ။
"မီးတောက်နီနန်းတော်က ယောကျ်ားတွေမှာ ဥမရှိဘူးလား ငကြောက်တွေ"
ပြိုင်ဘက်က တိတ်ဆိတ်နေသောကြောင့် ခြင်္သေ့ကြီးက အလွန်ပျင်းရိနေဟန်ဖြင့် သမ်းဝေပြလိုက်သည်။ သူတို့က အံကြိတ်၍ လက်သီးဆုပ်ထားမိသော်လည်း မည်သူမှ ရှေ့မထွက်ရဲပေ။ ယုဝမ်ရှင်းပင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသောအခါ သာမန်တပည့်တစ်ယောက်ဆိုလျှင် သေချာပေါက် ကိုယ့်ကိုကိုယ် သတ်သေခြင်းဖြစ်သည်။ နောက်ဆုံးတွင် ပုံရိပ်တစ်ခုက ရှေ့ထွက်လာပြီး အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် အချိန်လေဟာနယ် အဆင့်ငါးကို နားလည်ထားသဖြင့် နံပတ်တစ်ဟု ကျော်ကြားသူ ခွန်းရန် ဖြစ်သည်။
"ဂိုဏ်းတူအစ်ကိုခွန်း ဒီခြင်္သေ့ကို သတ်ပစ်"
"သူတို့ကို မီးတောက်နီနန်းတော်ရဲ့ စွမ်းအား ပြလိုက်ပါ"
မီးတောက်နီနန်းတော်ဘက်ကမှ အားပေးသံများ ပြန်လည်ထွက်ပေါ်လာကာ အင်အားစုနှစ်ခုမှ အစွမ်းထက် ပါရမီရှင်နှစ်ယောက်၏ တိုက်ပွဲက မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့သဖြင့် ပြိုင်ပွဲတစ်ခုလုံး အားပေးသံများ ဆူညံနေသည်။
"ခွန်းရန်က အဆင့်ငါးအထိ နားလည်ထားပေမယ့် ဒီခြင်္သေ့က အခုမှ အဆင့်သုံးပဲ ရှိသေးတယ်။ ကွာခြားချက်က ကြီးလွန်းတယ်"
"ဒါက မသေချာပါဘူး။ သူ့ရဲ့ရုပ်ခန္ဓာကို မင်း မမြင်လိုက်ဘူးလား။ ဒီလိုအစွမ်းအစနဲ့ဆိုရင် ခွန်းရန်ကိုတောင် အနိုင်ယူနိုင်တယ်"
"အဆင့်လေးကို နားလည်ထားတဲ့သူကို အနိုင်ယူရတာနဲ့ အဆင့်ငါးကို အနိုင်ယူရတာက မတူဘူး။ အဆင့်ငါးအထိ နားလည်ထားရင် အသန်မာဆုံးဖြစ်လာနိုင်ပြီး ဒီလိုကျင့်ကြံသူမျိုးမှာ ဝှက်ဖဲတွေ ပြည့်နှက်နေပြီး ပါရမီထူးချွန်လိမ့်မယ်"
ကျင့်ကြံသူများစွာက တိုက်ပွဲကို စောင့်ကြည့်နေပြီး အပြင်းအထန် ငြင်းခုံနေကြသည်။ ခွန်းရန်သည် တိုက်ပွဲစင်မြင့်၏အလယ်သို့ ဆင်းသက်လာပြီး ငါးရောင်ခြယ်ချီများ ဝန်းရံလျက် အစွမ်းထက်ဖိအားကို ထုတ်ဖော်ထားရာ ယုဝမ်ရှင်းနှင့် အဆင့်မတူကြောင်း သိသာနေသည်။ သူက ခြင်္သေ့ကြီးကို နတ်ဆိုးချီများ ထွက်ပေါ်နေသော အနက်ရောင်မျက်ဝန်းများဖြင့် စိုက်ကြည့်နေသောကြောင့် ခေါင်းဆောင်များက သတိပြုမိသွားကာ မျက်မှောင်ကြုတ်၍ ရှန်းရန်ကို ဝိုင်းကြည့်လာကြသည်။ ထိုအကြည့်များအောက်တွင် ရှန်းရန်က မသိကျိုးကျွံပြုကာ ထိုင်နေခဲ့သည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် နတ်ဆိုးကျင့်ကြံသူများကိုလည်း ခွင့်ပြုထားပြီး ကောင်းကင်နတ်ဆိုးများမှ မထိန်းချုပ်ထားလျှင် သီးသန့်နေထိုင်နိုင်သည်။ သို့သော် စွမ်းအားရှင်များနှင့် အင်အားစုကြီးများကမူ သူတို့ကို တပည့်အဖြစ် လက်မခံဝံ့ပေ။
လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က စွမ်းအားရှင်တစ်ယောက်သည် နတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံရင်း ရူးသွပ်သွားသဖြင့် စွမ်းအားရှင်ခုနစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် ခေါင်းဆောင်အားလုံး ပူးပေါင်း၍ သူ့ကို သုတ်သင်နိုင်ခဲ့သော်လည်း ဤအဖြစ်က နုတ်ရခက်သော ဆူးတစ်ချောင်းပမာ စိုက်ဝင်နေသည်။ ထိုအချိန်မှစ၍ အင်အားစုကြီးများက တပည့်များကို နတ်ဆိုးကျင့်စဥ် ကျင့်ကြံခွင့် မပေးခဲ့သော်လည်း မီးတောက်နီနန်းတော်က ချိုးဖောက်လိုက်ပြီဖြစ်သည်။ လင်လုံကမူ ခွန်းရန်သည် နတ်ဆိုးကျင့်စဥ် ကျင့်ကြံထားသည်ကို သိရှိနေသည့်အလား ကြည်လင်သော မျက်ဝန်းများနှင့် တစ်ချက်သာ စိုက်ကြည့်လိုက်သည်။
"ခေါင်းဆောင်ရှန်း အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်ထားတဲ့ ပါရမီရှင်တစ်ယောက်ကို နတ်ဆိုးကျင့်စဥ် ကျင့်ကြံခွင့်ပေးတာက မသင့်တော်ပါဘူး"
"မှန်တယ်။ နတ်ဆိုးကျင့်စဥ်တွေက အစွမ်းထက်ပေမယ့် အဆင့်တစ်ခုကိုရောက်သွားရင် စိတ်အခြေအနေပျက်စီးပြီး အဆင့်တက်ဖို့ ခက်ခဲလိမ့်မယ်။ သူက ရူးသွပ်ပြီး သွေးဆာရက်စက်လာဖို့ များတယ်"
ကျန်ခေါင်းဆောင်များက ရှန်းရန်ကို ရှုံ့ချကာ သတိပေးလိုက်ကြသည်။
"ငါက ငါဘာလုပ်နေတယ်ဆိုတာကို သိတယ်။ လမ်းမှန်တာအိုနဲ့ နတ်ဆိုးတာအိုကို ပူးပေါင်းနိုင်ရင် သေချာပေါက် အောင်မြင်မှုကြီး ရလိမ့်မယ်။ ငါ့တပည့်က လူသတ်မိစ္ဆာတစ်ကောင် ဖြစ်သွားရင် ငါကိုယ်တိုင် သတ်ပစ်မယ်"
ရှန်းရန်က မောက်မာစွာ ပြန်ပြောလိုက်ပြီး သူ၏လေသံက မေးခွန်းမထုတ်ရန် သတိပေးနေခဲ့သည်။ သို့သော် လမ်းမှန်တာအိုနှင့် နတ်ဆိုးတာအိုကို ပေါင်းစပ်ချင်သည့် မရေမတွက်နိုင်သော ကျင့်ကြံသူအားလုံး ကျရှုံးခဲ့သည်။ အောင်မြင်သွားလျှင် ကျင့်ကြံခြင်း၌ အထွတ်အထိပ်သို့ ရောက်သွားနိုင်သော်လည်း ကျရှုံးပါက သေချာပေါက် စိတ်ထိန်းချုပ်မှုလွတ်ကာ ရူးသွပ်သွားပေလိမ့်မည်။ လင်လုံ၏ မျက်နှာထက်တွင် ကြယ်များကို မှေးမှိန်သွားစေ၍ နတ်ကြာပန်းထက် ပိုမိုလှပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"လောကကြီးရဲ့ တာအိုမှာ အကျိုးနဲ့အပြစ်ရှိပြီး အပင်စိုက်လိုက်ရင် အသီးအပွင့်ကို လက်ခံရလိမ့်မယ်။ လူသားတာအိုက ကောင်းကင်တာအိုကို ဆန့်ကျင်ရင် ဖျက်ဆီးခံရမှာဖြစ်ပြီး လိုက်နာရင်တော့ တိုးတက်လာလိမ့်မယ်"
သူမက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သောအခါ ကျန်ခေါင်းဆောင်များအားလုံး၏ စိတ်ထဲတွင် ဉာဏ်အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ရှန်းရန်ကို ကံကြမ္မာဝဋ်အကြောင်း သတိပေးနေခြင်းဖြစ်ကာ ဤသို့ဆက်လက် လျှောက်လှမ်းနေလျှင် ကောင်းကင်တာအို၏ ဖျက်ဆီးခြင်း ခံရနိုင်ပေသည်။
"ခေါင်းဆောင်လင်ပြောတာ မှန်ပါတယ်"
ကျန်ခေါင်းဆောင်များက ဆက်တိုက်သဘောတူလိုက်ကြသော်လည်း ရှန်းရန်က နှာခေါင်းရှုံ့၍ ခေါင်းမာစွာ ခွန်းတုံ့ပြန်လိုက်သည်။
"မင်းက ငါ့ကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သင်နေတာလား။ ဘာလူသားတာအို၊ ကောင်းကင်တာအိုလဲ။ ငါက ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကျင့်ကြံခဲ့တယ်။ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကိုသတ်၊ အလောင်းတွေအထက်မှာ လျှောက်လှမ်းပြီး ဒီနေရာအထိ ရောက်လာတဲ့ ငါ့ကို ကောင်းကင်တာအိုကတောင် ကြောက်လန့်နေရမယ်"
သူ၏ကိုယ်တွင်းမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာကာ မျက်လုံးများတွင် နေ၊ လ၊ ကြယ်တို့ပမာ တောက်ပနေသည်။
"သေမျိုးတွေအားလုံးက ကောင်းကင်တာအိုဟာ မမျှတဘူးလို့ ယုံကြည်ပြီး ဆန့်ကျင်ချင်ကြတယ်။ ဒါပေမယ့် ကောင်းကင်တာအိုကို ကျေးဇူးသိတတ်ရင် သူက ပြန်ပြီး ဂရုစိုက်ပေးလိမ့်မယ်။ ဒီလောကကြီးမှာ ကောင်းကင်တာအိုကြောင့် သက်ရှိတွေ မွေးဖွားလာပြီး ကောင်းချီးပေးခံရတယ်။ ကျေးဇူးမသိတတ်ဘူးဆိုရင် ဘယ်လောက်ပြိုင်ဘက်ကင်းနေပါစေ၊ ကံကြမ္မာက အဆုံးသတ်သွားလိမ့်မယ်"
လင်လုံက လက်တစ်ဖက်ယမ်း၍ ရှန်းရန်၏ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ကာ သတိပေးလိုက်ပြန်သည်။
"ကောင်းကင်တာအိုကို ကျေးဇူးသိတတ်ရမယ် ဟုတ်လား။ မင်းက ဒီလိုအဆင့်မျိုး ရောက်နေတာတောင် စကားတွေက ကလေးဆန်လှချည်လား"
ရှန်းရန်က လှောင်ရယ်လိုက်သော်လည်း လင်လုံက တိတ်ဆိတ်နေပြီး ကျန်ခေါင်းဆောင်များက အတွေးနက်နေသည်။ သူမ၏ကျင့်ကြံခြင်းက ပြိုင်ဘက်ကင်းနေသောကြောင့် ရှန်းရန်မှအပ မည်သူမှ ကလေးဆန်သော စကားများဟု မသတ်မှတ်ကြပေ။ ရှေးခေတ်မှစတင်၍ ကျင့်ကြံသူများစွာက ကောင်းကင်တာအိုကို ဆန့်ကျင်ရန် သတ်ဖြတ်ရေးလမ်းခင်းခဲ့သော်လည်း ကံကောင်းမှုများ ကုန်ခမ်းသွားချိန်တွင် ဆိုးရွားစွာ သေဆုံးခဲ့ရ၏။ ကောင်းကင်တာအိုကို အသုံးချ၍ ကျင့်ကြံသူများက တာအိုကို သန်မာစေလျှင် တိုးတက်လာမည်ဖြစ်သော်လည်း ဆန့်ကျင်ပါက ကောင်းကင်တာအိုသည် ၎င်းကို ဖျက်ဆီးပေလိမ့်မည်။ ရှန်းရန်က လင်လုံ၏စကားကို လက်မခံသော်လည်း ကျန်ခေါင်းဆောင်များက ခေါင်းညိတ်၍ သူမ၏အကြံပေးချက်ကို နာယူခဲ့ကြသည်။
ရှန်းရန်က နှာခေါင်းရှုံ့၍ တိုက်ပွဲစင်မြင့်ကို ကြည့်လိုက်သောအခါ ခွန်းရန်၏အရှိန်အဝါက ဆက်တိုက်မြင့်တက်လာနေကာ ခြင်္သေ့ကြီး၏ ခရမ်းရောင်မီးတောက်များကို ဖိနှိပ်ထားသည်။ နှစ်ယောက်လုံး၏ အချိန်လေဟာနယ်ချီများက အားပြိုင်နေကြပြီး ကြမ်းပြင်ရှိ ကျောက်တုံးများ လေပေါ်သို့ မြှောက်တက်လာသောအခါ အမှုန့်ဖြစ်ကုန်သည်။ ပြိုင်ဘက်နှစ်ယောက်ကို ဗဟိုပြု၍ စွမ်းအင်မုန်တိုင်းများ ဖြစ်ပေါ်လာကာ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြသည်။ ကျင့်ကြံသူနှစ်ယောက်၏ ပြိုင်ပွဲက စစ်သည်များစွာ ပါဝင်နေသော စစ်ပွဲအကြီးအလား အရှိန်အဟုန် ပြောင်းလဲသွားခဲ့သည်။
"မင်းရဲ့ခွန်အားက သန်မာတာကို ငါ ဝန်ခံရမယ်။ မင်းက အဆင့်သုံးအထိပဲ နားလည်ထားတာက နှမြောစရာပဲ။ မင်းကို ငါ့နတ်ဆိုးစွမ်းအားတွေနဲ့ သင်ခန်းစာပေးရလိမ့်မယ်"
နတ်ဆိုးချီများ ရစ်သိုင်းနေသော ခွန်းရန်က အေးစက်စက် ပြုံးလိုက်သည်။
"ဒီကောင်က နတ်ဆိုးကျင့်စဥ်ကို တကယ်ကြီး ကျင့်ကြံထားတယ်ပေါ့။ မင်းရဲ့နတ်ဆိုးကျင့်စဥ်နဲ့ ငါ့ရဲ့ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ ဘယ်အရာက ပိုအစွမ်းထက်မလဲ ကြည့်ရအောင်"
ခြင်္သေ့ကြီးက တစ်ဖက်လူ၏ နတ်ဆိုးချီများကြောင့် လေးနက်သွားသော်လည်း တိုက်ခိုက်လိုစိတ်မြင့်တက်လာကာ ခရမ်းရောင် မီးတောက်များ ဝုန်းခနဲ တောက်လောင်လာလေသည်။