ခြင်္သေ့ကြီး၏ ရက်စက်မှု
Vol. 61 Ch. 853
ထာဝရပြည်ထောင်၊ ကောင်းကင်နတ်ဆိုးပြည်ထောင်နှင့် သွေးပြည်ထောင်၏ နယ်စပ်များမှတဆင့် အစွမ်းထက် နတ်ဆိုးကျင့်စဥ်များစွာ ဝင်ရောက်လာနေသည်။ ခွန်းရန်၏ မြေနတ်ဆိုးကျင့်စဥ်သည် အစွမ်းအထက်ဆုံးများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အလားအလာကို လှုံ့ဆော်ကာ မူရင်းထက် ဆယ်ဆကျော်သော ခွန်အားကို ထုတ်ဖော်နိုင်စွမ်း ရှိစေသည်။ သူက နတ်ဆိုးချီများ ထုတ်ဖော်၍ ခြင်္သေ့ကြီးကို အေးစက်စက်ကြည့်ကာ အော်ဟစ်ကြုံးဝါး၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ တစ်ကိုယ်လုံးတွင် အနက်ရောင် ကျိန်စာရုန်းများ ထွက်ပေါ်လာပြီး အချိန်လေဟာနယ်ချီများကို ၎င်းတို့က ဝါးမျို၍ ပိုမိုတောက်ပလာကြသည်။ သူ၏လက်သီးတွင် ၎င်းတို့က ထောင်ချီသော ဓားသွားများ ထပ်ထားသည့်သဖွယ် စုစည်းလာကာ ခြင်္သေ့ကြီးထံ တိုးဝင်သွားကြသည်။
"ဝေါင်း"
ခြင်္သေ့ကြီးကလည်း ကြုံးဝါး၍ ခရမ်းရောင်မီးတောက်များကို ကြယ်အလင်းသဖွယ် စုစည်းကာ အဆုံးမဲ့အင်အားနှင့်အတူ နဂါးငွေ့တန်းလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်၏။ လက်ရှိတွင် သူက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်ပြီး အချိန်လေဟာနယ် အဆင့်သုံးအထိ နားလည်ထားသည့်အပြင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားရာ ဤရိုက်ချက်တွင် ဆန်းကျယ်မှုများ ပေါင်းစပ်နေသည်။ ၎င်းကို သူက ယဲ့ချန်အား သင်ပေးစဥ်ကထက် ပို၍ကြမ်းတမ်းပြင်းထန်နေသည်။ ခရမ်းရောင်မီးလျှံများက နဂါးငွေ့တန်းပမာ လှပနေပြီး အချိန်လေဟာနယ်ချီများစွာ သိပ်သည်းနေသည်။
"ဘုန်း"
ပေါက်ကွဲမှုကြီးတစ်ခု ကျယ်လောင်စွာ ဖြစ်ပေါ်လာပြီး လက်သီးနှင့် လက်ဝါးအတွေ့၌ တိုက်ပွဲစင်တစ်ခုလုံး တုန်ခါသွားကာ ဟင်းလင်းပြင်အက်ကွဲသွား၍ အချိန်ပင် ရပ်တန့်သွားသယောင် ထင်မှတ်ရ၏။ ခြင်္သေ့ကြီး၏ လက်ဝါးချက်က ကျိန်စာရုန်းအများစုကို တားမြစ်လိုက်နိုင်သော်လည်း တစ်စိတ်တစ်ပိုင်းက ခန္ဓာကိုယ်အား လာရောက်ထိမှန်သွားသည်။ ၎င်းတို့က အသွေးအသားများကို ဝါးမျို၍ တဘန်းဘန်း ပေါက်ကွဲသွားသောကြောင့် ကြောက်မက်ဖွယ် ဒဏ်ရာများ ဖြစ်ပေါ်လာသည်။ သို့သော် ထိုဒဏ်ရာများက မျက်လုံးဖြင့် မြင်နိုင်သော အရှိန်မျိုးဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။ သူက အနည်းငယ်သာ ဒဏ်ရာရသွားပြီး တစ်ဖက်လူ၏ နတ်ဆိုးလက်သီးချက်က ပြိုင်ဘက်ကင်း ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ဖြိုခွဲရန် လုံလောက်မနေခဲ့ပေ။ ဤတိုက်ကွက်ကြောင့် ခွန်းရန်သည် သူ့ကို နာကျင်အောင် ပြုလုပ်နိုင်ခဲ့သဖြင့် ယုဝမ်ရှင်းထက် များစွာပို၍ သန်မာကြောင်း သိလိုက်ရသည်။
သို့သော် ကျိန်စာရုန်းများနှင့် အဆင့်ငါးချီများ၏ ပေါင်းစပ်တိုက်ကွက်သည် ခြင်္သေ့ကြီးကို မသတ်နိုင်သည့်အပြင် ဒဏ်ရာရသွားစေသော်လည်း ချက်ချင်းပြန်လည် ကောင်းမွန်လာနေသောကြောင့် ခွန်းရန်မှာ တုန်လှုပ်နေခဲ့သည်။ တစ်ဖက်လူ၏ ရုပ်ခန္ဓာက ကြောက်စရာကောင်းလောက်အောင် မာကျောနေသောကြောင့် တိုက်ခိုက်ရမည့် နည်းလမ်းပင် တွေးမရတော့ပေ။
"ခွေးကောင် မင်းက ငါ့ကို ထိခိုက်အောင် လုပ်နိုင်တယ်ပေါ့။ ဒီလက်ဝါးချက်ကို မြည်းကြည့်စမ်း"
ခြင်္သေ့ကြီးက လေပေါ်သို့ ခုန်တက်လိုက်ပြီး ခရမ်းရောင်မီးများ လွှမ်းခြုံနေသော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထို့ကြောင့် ခွန်းရန်က ကပျာကယာ နောက်ဆုတ်ပေးလိုက်ရကာ ကျန်လက်တစ်ဖက်ဖြင့် လက်ဟန်များပြုလုပ်၍ တစ်ဖက်လူ၏ ရင်ဘတ်အား ပင့်ရိုက်လိုက်သည်။
"သေစမ်း"
သူ၏မျက်လုံးများက အေးစက်တင်းမာနေပြီး မူရင်းခွန်အားထက် များစွာသာလွန်သော အင်အားကို ဖောက်ခွဲထုတ်ဖော်လိုက်သည်။ ဤရိုက်ချက်ဖြင့် ထိမှန်သွားလျှင် အဆင့်နိမ့် ကြယ်သခင်တစ်ယောက်ပင် သေဆုံးသွားမည်ဖြစ်ရာ နတ်ဆိုးကျင့်စဥ်က မည်မျှအစွမ်းထက်ကြောင်း သိသာနေသည်။ သို့သော် ခြင်္သေ့ကြီးက ထိုလက်ဝါးချက်ကို လုံးဝလျစ်လျူရှုထားပြီး သူသေကိုယ်သေပုံစံမျိုး သဘောထားကာ ခွန်းရန်၏ ဦးခေါင်းကို ရိုက်ချလာသည်။ သူက နတ်ခန္ဓာအားကိုးဖြင့် နတ်ဆိုးကျင့်စဥ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းဖြစ်သည်။
"ဘန်း"
ပြိုင်ဘက်နှစ်ယောက်လုံး လွင့်ထွက်သွားကာ ကြမ်းပြင်၌ စွတ်ကြောင်းကြီးနှစ်ခု ဖြစ်ပေါ်လာပြီး ခရမ်းရောင်မီးတောက်များရော နတ်ဆိုးချီများပါ ပျက်ပြယ်ကုန်သည်။ ခွန်းရန်၏ လက်ချက်ကြောင့် ခြင်္သေ့ကြီး၏ ရင်ဘတ်တွင် ထုတ်ချင်းပေါက်သွားသောကြောင့် အပြင်းအထန် ဒဏ်ရာရသွားကာ သွေးတစက်စက် စီးကျနေ၏။ ခွန်းရန်သည်လည်း ခြင်္သေ့ကြီး၏ရိုက်ချက်ကြောင့် ဂျင်ကဲ့သို့ ချာချာလည်သွားကာ လည်ပင်းပင် ပုံပျက်သွားရပြီး သွေးများ အန်ချနေရသည်။ သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ လည်ပင်းအား တည့်မတ်လိုက်သောအခါ ခေါင်းတစ်ဝက်ခန့် ကြေမွနေခဲ့သည်။ အချိန်လေဟာနယ် အဆင့်ငါးကို နားလည်ထားသော နတ်အစေခံတစ်ယောက်အတွက် သေလောက်သော ဒဏ်ရာမဟုတ်လျှင် အသက်တစ်ရှိုက်အတွင်း ကောင်းမွန်နိုင်သည်။ သို့သော် ဤဒဏ်ရာမျိုးဆိုလျှင် သေချာပေါက် လပေါင်းများစွာ အချိန်ယူ ကုသရနိုင်သည်။
အချိန်ခဏအကြာတွင် ခြင်္သေ့ကြီးက ပြန်လည်မတ်တပ်ရပ်လာပြီး အပြင်းအထန်ဒဏ်ရာရထားသော နေရာ၌ အသားများ ပြန်လည်ဖြစ်ပေါ်နေသောကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ သူက သွေးများကို သုတ်လိုက်သောအခါ ဒဏ်ရာက လုံးဝကောင်းမွန်နေပြီ ဖြစ်သောကြောင့် ဒဏ်ရာကုသနှုန်း အလွန်မြန်ဆန်နေသဖြင့် သတ်ဖြတ်မရနိုင်ဟုပင် အထင်ရောက်သွားစေသည်။
"နတ်ဆိုးကျင့်စဥ်ရဲ့ အစွမ်းက ဒီလောက်ပဲလား"
ခြင်္သေ့ကြီးက လှောင်ရယ်လိုက်ပြီး စကားအဆုံးတွင် ချီများကို စုစည်းကာ ဧရာမလက်ဝါးကြီးဖြင့် ချက်ချင်းရိုက်ချလိုက်သည်။
"ဘုန်း"
"ဘုန်း"
"ဘုန်း"
သူက ခွန်းရန်ကို ကြမ်းပြင်အတွင်း နက်ရှိုင်းစွာ ဝင်ရောက်သွားသည်အထိ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။ မူလတွင် နာကျင်စွာ အော်သံများ ထွက်ပေါ်လာသော်လည်း လက်ဝါးသုံးချက်မြောက်တွင် တိခနဲ ပျောက်ကွယ်သွားသည်။ ခွန်းရန်မှာ ဤလက်ဝါးချက်များအောက်တွင် အလွန်ကံကောင်းမှသာ အသက်ရှင်နိုင်မည် ဖြစ်သောကြောင့် လူတိုင်း ချွေးစို့နေကြသည်။ သူတို့က ခွန်းရန်အတွက် သနားစိတ်များပင် ဖြစ်ပေါ်နေကြပြီး အသားပြားပမာ ရိုက်နှက်ခံရပြီးလျှင် အသက်မှရှင်ပါလေစဟု မေးခွန်းထုတ်နေမိသည်။
"သိုင်းပြိုင်ပွဲမှာ ဘာကြောင့် လူသတ်နေရတာလဲ။ ချက်ချင်း ရပ်စမ်း"
အော်သံတစ်ခုနှင့်အတူ မီးတောက်နီနန်းတော်ဘက်မှ ထိပ်တန်းအဆင့် ကြယ်သခင်အချို့ ပြေးထွက်လာကြပြီး ခြင်္သေ့ကြီးထံ ဦးတည်နေကြသည်။
"အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်ထားတဲ့ ခွန်းရန်က အစွမ်းထက်လွန်းတာကို ကျုပ် သိလိုက်ရပြီ။ နှစ်ယောက်လုံး ဒဏ်ရာရနေတယ်ဆိုတော့ သရေလို့ သဘောထားပြီး ဆက်တိုက်ခိုက်ကြတာပေါ့"
ဤအဖြစ်ကို မြင်သောအခါ ခွန်းရန်ကို စိတ်တိုင်းကျ ရိုက်နှက်နေသော ခြင်္သေ့ကြီးက အော်ဟစ်ရင်း ထိပ်တန်းမဟာမိတ်ဘက်သို့ ချက်ချင်းပြေးလာခဲ့သည်။
"မင်းကြောင့် ခွန်းရန်က သေလုမျောပါးဖြစ်နေတာကိုတောင် သရေ ဟုတ်လား။ ဘယ်ပြိုင်ပွဲမှာ ဒီလိုသရေပွဲမျိုး ရှိလို့လဲ"
ထိုစကားကြောင့် မီးတောက်နီနန်းတော်မှ တပည့်များက ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်နေကြသည်။
"ကောက်ကျစ်တဲ့ကောင် ရပ်စမ်း"
ကြယ်သခင်တစ်ယောက်က ဧရာမလက်ဝါးကြီးဖန်တီးကာ ခြင်္သေ့ကြီးကို လှမ်းဆွဲလိုက်သည်။ ဤအဖြစ်ကြောင့် ကျင့်ကြံနေသော ယဲ့ချန်က ချက်ချင်းပြေးထွက်လာသည်။ သူက ထိပ်တန်းကြယ်သခင်တစ်ယောက်ကို မယှဥ်နိုင်သော်လည်း ခြင်္သေ့ကြီး ဒုက္ခရောက်နေသောကြောင့် ရပ်ကြည့်မနေနိုင်ပေ။ သူ ခုန်ထွက်လာသော အခိုက်၌ပင် ထိပ်တန်းမဟာမိတ်၏ ကြယ်သခင်များ ထွက်ပေါ်လာကာ ထိပ်တန်းအဆင့် ကြယ်သခင်လုံယင်က ခြင်္သေ့ကြီးကို ကယ်တင်ပေးလိုက်သည်။
"ဘန်း ဘန်း ဘန်း"
နှစ်ဖက်လုံးမှ ကြယ်သခင်များက တိုက်ကွက်ချင်း ရင်ဆိုင်သွားသဖြင့် ကြောက်မက်ဖွယ် တန်ပြန်အားတစ်ခု ပြန့်ထွက်လာသောကြောင့် တပည့်များကို လွင့်ထွက်သွားလုနီးပါး ဖြစ်စေခဲ့သည်။ ပြိုင်ပွဲကို ကြည့်နေသူများသည်လည်း မုန်တိုင်းထန်သော ပင်လယ်အတွင်း ရောက်သွားသည့်ပမာ ယိမ်းထိုးနေကြပြီး အားနည်းသူများဆိုလျှင် လွင့်ထွက်သွားခဲ့သည်။ ထိပ်တန်းအဆင့် ကြယ်သခင်များ၏တိုက်ပွဲက စတင်လာရန် နီးကပ်နေသောကြောင့် အားလုံး၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။
"မီးတောက်နီနန်းတော် သိပ်မလွန်လာနဲ့"
လုံယင်က အေးစက်စက် သတိပေးလိုက်ပြီး ဒေါသကြောင့် မျက်နှာက တင်းမာနေသည်။
"ထိပ်တန်းမဟာမိတ် အမှန်တရားကို ပြောင်းပြန်မပြောနဲ့။ မင်းတို့ရဲ့ တပည့်က လူသတ်နေပြီ"
မီးတောက်နီနန်းတော်ဘက်မှ ကြယ်သခင်တစ်ယောက်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။
"ဘာကို လူသတ်တာလဲ။ ငါ လူသတ်နေတာကို မင်းမျက်လုံးနဲ့ မြင်လို့လား။ ဒါက လက်ရည်ချင်း ဖလှယ်ရုံသက်သက်ပဲ။ သေချာကြည့်စမ်း ဒီကောင်က အသက်ရှင်နေသေးတယ်"
ခြင်္သေ့ကြီးက အကြောက်အလန့်ကင်းစွာဖြင့် ဝင်ပြောလိုက်သည်။ ဤနေရာသည် ထိပ်တန်းမဟာမိတ်၏ နယ်မြေဖြစ်သောကြောင့် တစ်ဖက်လူမှ ပြဿနာရှာချင်လျှင်လည်း တတ်နိုင်မည် မဟုတ်ပေ။ အကယ်၍ ထိပ်တန်းမဟာမိတ်ကသာ ဤမျှအစွမ်းအစမရှိလျှင် ကြယ်အဖွဲ့အစည်းတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်နေစရာ အကြောင်းမရှိပေ။ သူ၏စကားကြောင့် လုံယင်ပင် ဆွံ့သွားရသော်လည်း ဒေါသများ ပြေပျောက်သွားသည်ဟု ခံစားလိုက်ရသည်။ ခြင်္သေ့ကြီးက အနည်းငယ် ရမ်းကားသော်လည်း မီးတောက်နီနန်းတော်မှ မောက်မာသူများကို စကားဖြင့် ထိုးနှက်နိုင်သောကြောင့် ကျေနပ်စရာ ဖြစ်သည်။
"ခွန်းရန်က ဒီလောက်စုတ်ပြတ်နေတာကို ဘယ်မှာ သရေကျတာလဲ။ ခွေးကောင်တွေ"
မီးတောက်နီနန်းတော်မှ ထိပ်တန်းကြယ်သခင်များက သည်းမခံနိုင်တော့ဘဲ အော်ဟစ်ဆဲဆိုလိုက်ကြသည်။
"မင်းတို့က သရေလို့ လက်မခံချင်ရင်လည်း ရပါတယ်။ ငါက ဒီတိုက်ပွဲမှာ အနိုင်ရသူ ဖြစ်သင့်တယ်။ ခွန်းရန်က မကျေနပ်ဘူးဆိုရင် ပြန်ထပြီး ချခိုင်းလိုက်"
ခြင်္သေ့ကြီးက လေးနက်သွားဟန်ဖြင့် ခွန်းရန်ကို စိန်ခေါ်နေသည်။
"သေမလိုဖြစ်နေတဲ့ လူက ထလာပြီး မင်းနဲ့ တိုက်ခိုက်ပေးရမယ်လို့ ပြောချင်တာလား"
သူတို့က ဒေါသထွက်လွန်းသဖြင့် အဆုတ်ကွဲထွက်မတတ် အော်ဟစ်လိုက်ကြပြန်သည်။ ထိုအချိန်၌ ယဲ့ချန်က ရယ်မောရင်း ခြင်္သေ့ကြီးအနားသို့ ရောက်နေပြီဖြစ်သည်။
"နောက်ဆုတ်စမ်း။ ရှုံးရင် ရှုံးတယ်ပေါ့။ ဘာကိစ္စ ပြဿနာရှာနေကြတာလဲ။ မင်းတို့ မရှက်တတ်ကြဘူးလား"
ထိုအချိန်၌ ရှန်းရန်က အော်ငေါက်လိုက်သောကြောင့် မီးတောက်နီနန်းတော်မှ ကြယ်သခင်များမှာ စိတ်ဓာတ်ကျစွာဖြင့် ပျော့ခွေနေအောင် အရိုက်ခံထားရသော ခွန်းရန်ကို သယ်ဆောင်ထွက်ခွာသွားရန်မှတစ်ပါး ရွေးစရာ မရှိတော့ပေ။
"ခြင်္သေ့ကြီးကွ"
"ခြင်္သေ့ကြီးက ပြိုင်ဘက်ကင်းတယ်"
ထိပ်တန်းမဟာမိတ်၏ တပည့်များထံမှ အားပေးသံများ ထွက်ပေါ်လာသောအခါ တန်လင်းအာသည် ခြင်္သေ့ကြီးကို တစ်ချက် ခိုးကြည့်လိုက်မိသည်။ နတ်အစေခံများ၏ တိုက်ပွဲတွင် မီးတောက်နီနန်းတော်က ရှုံးနိမ့်ရန် ကံပါလာပုံရပြီး အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်ထားသူပင် ရှုံးနိမ့်သွားသည်။
ခြင်္သေ့ကြီးက မီးတောက်နီနန်းတော်ဘက်တွင် ပြိုင်ဘက်မရှိဟု ထင်ထားသောကြောင့် မောက်မာနေစဥ် တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ရှန်းရန်က သူ့ကို ငုံ့ကြည့်နေခဲ့သည်။
"ထိပ်တန်းမဟာမိတ်ရဲ့ ခေါင်းဆောင်လင်လုံ ကိုယ်တိုင် ရောက်နေတာကို ငါက ဘာကြောက်ရဦးမှာလဲ"
အစပိုင်းတွင် သူက တွန့်ဆုတ်သွားသော်လည်း အထက်ပါအတွေးကြောင့် ရဲရင့်လာကာ မျက်လုံးကို တမင်ပြူးကျယ်ပြီး ရှန်းရန်နှင့် အကြည့်ချင်း ရင်ဆိုင်ခဲ့လေသည်။