ယဲ့ချန် ထွက်ပေါ်လာခြင်း
Vol. 61 Ch. 854
ရှန်းရန်၏ မျက်လုံးထဲတွင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသော ခြင်္သေ့ကြီးက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ ထို့ကြောင့် သူ့အား ပြန်လည် စိုက်ကြည့်လာသည်ကို အရေးမစိုက်ခဲ့ပေ။
"ခေါင်းဆောင်ရှန်း မီးတောက်နီနန်းတော်မှာ ခွန်းရန်ထက် ပိုပြီးသန်မာတဲ့ နတ်အစေခံ မရှိတော့ဘူးမလား"
ချင်ရှုက မုတ်ဆိတ်ရှည်ကြီးကို လက်ဖြင့်သပ်၍ မေးလိုက်ခြင်းဖြစ်သည်။ မီးတောက်နီနန်းတော်၌ ဝှက်ဖဲများ ထပ်ရှိနိုင်ကြောင်း သူက စဥ်းစားမိသော်လည်း ရှန်းရန်အား ဤနေရာတွင် ရပ်တန့်စေချင်သည်။
"ခေါင်းဆောင်ချင်က ကျုပ်တို့ကို အထင်သေးနေတာလား။ ခွန်းရန်က နတ်အစေခံတပည့်တွေထဲမှာ အသန်မာဆုံး မဟုတ်ဘူး။ သူက ထိပ်တန်းဆယ်ယောက်အတွင်း ဝင်ရုံပါပဲ"
ရှန်းရန်က ခွန်းရန်၏ရှုံးပွဲကို စိတ်ထဲမထားဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ၏စကားကြောင့် ကျန်ခေါင်းဆောင်များက အံ့သြသွားပြီး အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်ထားသူ ခွန်းရန်ထက် ပို၍သန်မာသူ ရှိနိုင်ရန်က မဖြစ်နိုင်ပေ။ သူ၏ပါရမီကပင် အနာဂတ်၌ စွမ်းအားရှင်တစ်ယောက်ဖြစ်ရန် လုံလောက်နေသောကြောင့် နောက်ထပ်အစွမ်းထက်သူများ ထပ်မံပိုင်ဆိုင်ထားလျှင် မီးတောက်နီနန်းတော်က အမှန်တကယ် ထူးဆန်းပေလိမ့်မည်။ သူတို့က မျက်မှောင်ကြုတ်၍ စိုးရိမ်နေကြသော်လည်း လင်လုံက တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်သည်။ မီးတောက်နီနန်းတော်ဘက်တွင် ဝှက်ဖဲတစ်ခုရှိလျှင် ထိပ်တန်းမဟာမိတ်ကဲ့သို့ နံပတ်တစ်အင်အားစု၌လည်း ရှိပေသည်။ မီးတောက်နီနန်းတော်က ထပ်ကာထပ်ကာ စိန်ခေါ်ခဲ့သော်လည်း ဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး အနိုင်ရပြီဟု သွေးနားထင်ရောက်နေချိန်တိုင်း ထိပ်တန်းမဟာမိတ်၏ နက်ရှိုင်းသော အင်အား ထွက်ပေါ်လာစမြဲပင်။
အပြင်လူများ၏ အမြင်တွင် နတ်အစေခံအဆင့်၌ ကြယ်အလင်းနယ်မြေမှ ပါရမီရှင်များက အစွမ်းအထက်ဆုံးဖြစ်သော်လည်း အမှန်တကယ်၌ အထူးချွန်ဆုံးမှာ လင်လုံ၏ ကိုယ်ပိုင်တပည့်များ ဖြစ်ကြသည်။ သို့သော် ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အမှတ်မထင်အစွမ်းပြမှုကြောင့် သူမက အံ့သြနေရသော်လည်း တပည့်များကို ဝှက်ဖဲအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သောကြောင့် ကျေနပ်နေသည်။
တိုက်ပွဲစင်မြင့်ထက်တွင် ခွန်းရန်ကို မီးတောက်နီနန်းတော် တပည့်များ ဆွဲထုတ်သွားသောအခါ အရပ်ရှည်ရှည်နှင့် သန်မာသူတစ်ယောက် ပျံသန်းရောက်ရှိလာ၏။ သူက အလွန်တုတ်ခိုင်သန်မာပြီး တောင်ကုန်းငယ်တစ်ခုပမာ မတ်တပ်ရပ်နေ၍ အခြားလူများကို ဖိအားပေးနိုင်သည်။ အချိန်လေဟာနယ် အဆင့်ငါးချီများက သူ၏ခန္ဓာကိုယ်ပတ်လည်၌ ပြိုင်ဘက်ကင်းအင်အားမျိုး ထုတ်ဖော်လှည့်ပတ်နေသည်။ သူ၏မျက်လုံးများက ထူးဆန်းစွာ နက်မှောင်နေပြီး ဆံပင်များကို ဖားလျားချထားသဖြင့် မျက်နှာတစ်ဝက်ခန့် ဖုံးအုပ်နေသော်လည်း မောက်မာသော အပြုံးတစ်ခုကို မြင်နေရသည်။ သူက လက်ပိုက်၍ တိုက်ပွဲစင်မြင့်ထက်တွင် မတ်တပ်ရပ်နေသောအခါ ကျန်နတ်အစေခံများအားလုံး ဖိအားတစ်ခု ခံစားလိုက်ရ၏။
"သူက ဘယ်သူလဲ"
"ငါတို့က သူ့ကို ဘာကြောင့် မမြင်ဖူးရတာလဲ"
"ငါတို့ဘက်မှာ အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်ထားတဲ့ နောက်ထပ်ပါရမီရှင်တစ်ယောက် ရှိနေတာလား"
မီးတောက်နီနန်းတော်မှ တပည့်များပင် သူ့ကို မမြင်ဖူးသောကြောင့် အံ့သြနေကြသည်။ ဤအဆင့် ပါရမီရှင်တစ်ယောက်က လူမသိသူမသိဖြစ်နေရခြင်းမှာ ရှန်းရန်၏ အစီအမံဖြစ်နိုင်ကြောင်း သူတို့က သဘောပေါက်သွားကြ၏။
"သူက သန်မာတယ်။ ဂိုဏ်းတူအစ်ကိုခွန်းထက်တောင် ပိုအစွမ်းထက်လောက်တယ်"
"မီးတောက်နီနန်းတော်ရဲ့ ရှေ့မှောက်မှာ ထိပ်တန်းမဟာမိတ်က ရှုံးနိမ့်ရမယ်"
"ကံကောင်းပါစေ ဂိုဏ်းတူအစ်ကို"
သူတို့က ခဏအတွင်း သတိပြန်ဝင်လာပြီး ခွန်းရန်၏ရှုံးပွဲကြောင့် ကျဆင်းနေသော စိတ်ဓာတ်များ ပြန်လည်တက်ကြွနေသည်။
"ငါက မီးတောက်နီနန်းတော်ရဲ့ တပည့် ရှောင်ရန်ပဲ။ ထိပ်တန်းမဟာမိတ်က ဘယ်သူ တိုက်ခိုက်ချင်လဲ"
ရှောင်ရန်က ထိုအားပေးသံများကို လျစ်လျူရှုထားပြီး ထိပ်တန်းမဟာမိတ်ဘက်သို့ တစ်ချက်ဝေ့ကြည့်ကာ ခြင်္သေ့ကြီးအား သားရဲတစ်ကောင်ပမာ စိုက်ကြည့်နေခဲ့သည်။
"မင်းက ငါ့ကို ဒီလိုမျိုးစိုက်ကြည့်ရဲတယ်ပေါ့။ ငါ မင်းကို အနိုင်ယူပြမယ်"
ခြင်္သေ့ကြီးက ဒေါသထွက်သွားကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"ခြင်္သေ့ကြီး ဒီတစ်ခေါက် ကျုပ် ကိုင်တွယ်လိုက်မယ်"
ယဲ့ချန်သည် ရှောင်ရန်ထံမှ ထူးဆန်းသော အရှိန်အဝါတစ်ခုကို အာရုံခံမိသဖြင့် ခြင်္သေ့ကြီး အနိုင်မယူနိုင်မည်ကို စိုးရိမ်သောကြောင့် တားမြစ်လိုက်၏။
"ဟား ဟား မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ ဖယ်ပေးရမှာပေါ့"
ခြင်္သေ့ကြီးက တစ်ချက်ရယ်မော၍ ခေါင်းညိတ်ပြလိုက်၏။ ယဲ့ချန်က တိုက်ပွဲစင်မြင့်ပေါ်သို့ ချက်ချင်းခုန်တက်၍ ရှောင်ရန်နှင့် မျက်နှာချင်းဆိုင် နေရာယူလိုက်၏။ ထိပ်တန်းမဟာမိတ်၏ တပည့်များသည် သူနှင့် ခြင်္သေ့ကြီး အတူတူရှိနေသည်ကို မြင်ဖူးထားသောကြောင့် အားမနည်းနိုင်ဟု သတ်မှတ်ထားကြသည်။
"ကြိုးစားထား အစ်ကိုချန်ရဲ"
ရှုဝမ်အာနှင့် ယုရွယ်၏ အော်သံများက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာသည်။
"ချန်ရဲကွ ဒီကောင့်ကို သတ်ပစ်"
"ဂိုဏ်းတူအစ်ကိုချန် မင်း အနိုင်ယူရမယ်"
ထို့နောက် ထိပ်တန်းမဟာမိတ်ဘက်မှ အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"မီးတောက်နီနန်းတော် ခွေးကောင်တွေက ကောက်ကျစ်လွန်းတယ်။ စွမ်းအားရှင်တစ်ယောက်ရဲ့ ဝိညာဥ်အသိစိတ်ကို ရှောင်ရန်ရဲ့ကိုယ်ထဲမှာ ပေါင်းစပ်ပေးထားတယ်။ ချန်ရဲက အနိုင်မယူနိုင်လောက်ဘူး။ ကျွန်တော် သူ့ကို ပြန်ခေါ်လိုက်ရမလား"
သန်းချီသော နတ်အစေခံများကြားတွင် မထင်မရှားရှိနေသော ရှောင်လင်းက တစ်ယောက်ယောက်ထံ သတင်းပို့နေပုံပေါ်သည်။
"သူ တိုက်ခိုက်ပါစေ။ ချန်ရဲကလည်း ဒီလောက်မညံ့ပါဘူး။ ဒီတိုက်ပွဲရလဒ်က အဖြေမထွက်သေးပါဘူး"
ကြည်လင်ကာ ကျက်သရေရှိသော စကားသံတစ်ခုက သူ့ကို အဖြေပြန်ပေးလာခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှောင်ရန်မှာ စွမ်းအားရှင်တစ်ယောက်ဆီက အကူအညီရထားတယ်။ သူက အဆင့်တူထဲမှာတောင် ပြိုင်ဘက်ကင်း ဖြစ်နေနိုင်တယ်။ စွမ်းအားရှင်တစ်ယောက်ရဲ့ ဝိညာဥ်မှာ သူ့စွမ်းအား တစ်စိတ်တစ်ပိုင်း ပါဝင်တယ်"
ရှောင်လင်းက ဤအတွေးကြောင့် အံ့သြနေခဲ့သည်။ အချို့သော စွမ်းအားရှင်များသည် ဝိညာဥ်အသိစိတ်ကို ခွဲထုတ်၍ လူသားလက်နက်များ ပြုလုပ်ကျင့်ကြံတတ်သည်။ ယေဘူယျသဘောပြောရလျှင် ဝိညာဥ်နှင့် ပေါင်းစပ်ခံထားရသူသည် ဝိညာဥ်ပိုင်ရှင်၏အမိန့်ကို သေချာပေါက် နာခံရပေလိမ့်မည်။ အကယ်၍ ယဲ့ချန်သာ ရှောင်လင်းကို အနိုင်ယူနိုင်ခဲ့လျှင် သူ၏ဂိုဏ်းတူညီအစ်ကိုများအောက် နိမ့်ကျသူမဟုတ်ကြောင်း သိရပေလိမ့်မည်။
သန်းရာချီသော ကျင့်ကြံသူများက ဤတိုက်ပွဲကို အာရုံစိုက်နေပြီး ယဲ့ချန်ရော ရှောင်ရန်ပါ ဤကိစ္စမတိုင်ခင် လူသိနည်းကြသည်။ လူတိုင်းက သူနှင့် မရင်းနှီးသော်လည်း ဤတိုက်ပွဲ၏ရလဒ်က သူတို့၏စိတ်အပေါ် လွှမ်းမိုးနေသည်။
"မီကွမ် သူငယ်ချင်း အဆင်ပြေရဲ့လား"
ယဲ့ချန် တိုက်ပွဲဝင်နေသောကြောင့် ခြင်္သေ့ကြီးက နောက်ပြန်ဆုတ်လာပြီး မီကွမ်အနားသို့ ရောက်သောအခါ တစ်ချက်ပြုံး၍ မေးလိုက်၏။
"အဆင်ပြေပါတယ်။ ကျေးဇူးပါကွာ"
ခြင်္သေ့ကြီးသာဝင်မပါလျှင် သေလုမျောပါး ဖြစ်သွားနိုင်သောကြောင့် မီကွမ်က အလွန်ကျေးဇူးတင်နေမိသည်။ ခြင်္သေ့ကြီးကြောင့် ရုန်ယွမ်က ကြောက်လန့်နေပြီး ခွန်းရန်နှင့် တိုက်ပွဲကြောင့် တစ်ဖက်လူသည် သူ့ထက် များစွာသန်မာကြောင်း သိလိုက်ရသည်။ သူ၏မောက်မာမှုက ဟာသတစ်ခုထက် မပိုကြောင်း သဘောပေါက်လိုက်သောအခါ ခံစားချက်များ ပြောင်းလဲ၍ အကျင့်စရိုက်ပင် မသိမသာ ပြောင်းလဲလာခဲ့သည်။ လင်ချိုးကမူ ရုန်ယွမ်အနောက်တွင် ရပ်နေပြီး ခြင်္သေ့ကြီးကို ခိုးကြည့်ကာ တစ်ခုခုကို မကောင်းကြံနေဟန်ဖြင့် မျက်လုံးများ ဂနာမငြိမ် ဖြစ်နေသည်။
ခြင်္သေ့ကြီးက သတိထားမိလိုက်သောကြောင့် မျက်မှောင်ကြုတ်၍ ရုန်ယွမ်ထံ တည့်တည့်မတ်မတ် လှမ်းလာခဲ့သည်။ ထို့ကြောင့် ရုန်ယွမ်က တုန်လှုပ်သွားပြီး တစ်ဖက်လူသာ သူ့ကို ပြဿနာရှာလျှင် မယှဥ်နိုင်သောကြောင့် ရိုက်နှက်ခံရပေလိမ့်မည်။
"မင်း ဘာလိုချင်လို့လဲ"
သူက ဟန်ကိုယ့်ဖို့၍ မာန်တင်းကာ မေးလိုက်သည်။
"ဘေးဖယ်ပေး"
ခြင်္သေ့ကြီးက တစ်လုံးချင်း ပြောလိုက်သဖြင့် ရုန်ယွမ်က မင်သက်သွားသော်လည်း ခဏအကြာ၌ အလျင်အမြန် ဘေးဖယ်ပေးလိုက်သည်။
"ခြင်္သေ့ကြီးက ဘာလိုချင်လို့ပါလဲရှင်"
ဤသို့ဖြင့် ခြင်္သေ့ကြီးက လင်ချိုးရှေ့သို့ ရောက်လာသောအခါ သူမသည် အချိုသာဆုံးပြုံး၍ မေးလိုက်သည်။
"ဘန်း"
သို့သော် သူမကို အဖြေပေးလာသည်မှာ မျက်နှာတည့်တည့် ဝင်ရောက်လာသည့် လက်ဝါးကြီးတစ်ဖက်ဖြစ်ကာ ဖြတ်ရိုက်ခံလိုက်ရသောကြောင့် ချာချာလည်သွားခဲ့သည်။ သူမက မင်သက်သွားပြီး မယုံနိုင်ဟန်ဖြင့် ခြင်္သေ့ကြီးကို ကြည့်နေခဲ့သည်။ ကြယ်အလင်းနယ်မြေ၏ ပါရမီရှင်တစ်ယောက် ဖြစ်သည့်အပြင် မိန်းမလှတစ်ယောက်ဖြစ်သော သူမအဖို့ လူပုံအလယ်၌ ဤသို့အရှက်မကွဲဖူးပေ။ ထို့ကြောင့် သူမက သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသော်လည်း ကောက်ကျစ်သူပီပီ ချက်ချင်းဖုံးကွယ်လိုက်နိုင်သည်။
"ဘာ...ဘာလို့ ငါ့ကို ရိုက်ရတာလဲ"
သူမက ရောင်ကိုင်းနေသော မျက်နှာကို လက်ဖြင့်ပွတ်သပ်၍ သနားစဖွယ် မေးလိုက်သည်။ တစ်ဖက်လူ၏အင်အားကြောင့် သူမက ပြန်လည်တိုက်ခိုက်လျှင်လည်း ပို၍အရိုက်ခံရနိုင်သောကြောင့် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
"ငါ ရိုက်ချင်လို့ ရိုက်တာ ဘာဖြစ်လဲ"
ခြင်္သေ့ကြီးက လေသံတင်းတင်းပြန်ဖြေ၍ လင်ချိုး၏မျက်နှာကို ထပ်ကာထပ်ကာ ရိုက်နှက်နေသည်။
"ငါက မိန်းမတွေကို မရိုက်တတ်ပေမယ့် မင်းကတော့ ချွင်းချက်ပဲ။ ဒီလိုအရိုက်ခံရတာကို ဂုဏ်ယူသင့်တယ်။ အနာဂတ်မှာ တိုက်ခိုက်ချင်ရင် ပွင့်ပွင့်လင်းလင်း လုပ်စမ်း။ ငါ့ကို အကောက်ကြံချင်ရင် အတွေးတစ်ခုဖြစ်နေရင်တောင် သတ်ပစ်မယ်လို့ မှတ်ထား"
ခြင်္သေ့ကြီးက ထိပ်တန်းမဟာမိတ်၏တပည့်များကို ဝေ့ကြည့်လိုက်ပြီး လင်ချိုးကို ပြင်းထန်စွာ သတိပေးလိုက်သည်။ သူ၏ရိုက်ချက်ကြောင့် လင်ချိုး၏မျက်နှာမှာ ဝက်တစ်ကောင်ကဲ့သို့ ဖူးရောင်နေကာ မျက်ရည်များ စီးကျနေသော်လည်း အသံတစ်ချက် မထွက်ရဲပေ။ ဤမြင်ကွင်းကြောင့် ကျန်ကျင့်ကြံသူများ အထူးသဖြင့် ရုန်ယွမ်ပင် ကြောက်လန့်နေခဲ့သည်။ အသားပြားပမာ ရိုက်နှက်ခံခဲ့ရသော ခွန်းရန်အကြောင်း တွေးမိသောအခါ သူတို့အားလုံး တဆတ်ဆတ် တုန်သွားကြသည်။ လက်ရှိအချိန်မှစတင်၍ ခြင်္သေ့ကြီးကို ရန်စရလျှင် သေလမ်းရှာခြင်းဖြစ်ကြောင်း သဘောပေါက်သွားသောအခါ လူတိုင်း တိတ်ဆိတ်နေကြ၏။ ဤဖြစ်ရပ်က သေးငယ်သော ကိစ္စလေးတစ်ခု ဖြစ်သောကြောင့် များစွာ အာရုံစိုက်မခံခဲ့ရပေ။
နတ်အစေခံတိုက်ပွဲစင်ထက်၌ ယဲ့ချန်သည် ရှောင်ရန်ကို အကဲခတ်နေပြီး တစ်ဖက်လူ၏ အရှိန်အဝါက သူမြင်ဖူးသမျှ နတ်အစေခံအားလုံးထက် သာလွန်ကြောင်း သိလိုက်ရသဖြင့် အံ့သြနေခဲ့သည်။ တစ်ဖက်လူ၏ကိုယ်တွင်းမှ စွမ်းအားက ကြောက်မက်ဖွယ် ဖိအားပေးနေသဖြင့် ခြင်္သေ့ကြီး အန္တရာယ်ကျရောက်မည်ကို စိုးရိမ်သောကြောင့် သူက နေရာဝင်ယူလိုက်ခြင်း ဖြစ်သည်။
"မင်းမှာ အချိန်လေဟာနယ်အဆင့်တစ်ခုတောင် မပိုင်ဆိုင်ထားဘဲ ဒီတိုက်ပွဲကို ဝင်ပြိုင်ချင်တာလား"
ရှောင်ရန်က သွားများအားလုံးပေါ်အောင် ကြောက်မက်ဖွယ်ပြုံး၍ ခြိမ်းခြောက်လိုက်သည်။ ယဲ့ချန်က လက်နှစ်ဖက်နောက်ပစ်၍ တည်ငြိမ်စွာရပ်နေပြီး နှုတ်ဆိတ်နေသည်။
"မဟုတ်သေးဘူး။ မင်းက ခွန်အားကို နည်းလမ်းတစ်ခုခုနဲ့ ဖုံးကွယ်ထားတာ ဖြစ်ရမယ်။ မင်းမှာ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ ပိုင်ဆိုင်ထားရင်တောင် ငါ့ကို သေချာပေါက် ရှုံးနိမ့်လိမ့်မယ်။ လောကကြီးမှာ ငါတို့လိုပါရမီရှင်တွေက မင်းစိတ်ကူးနဲ့တောင် မရောက်နိုင်တဲ့ အဆင့်မျိုးပဲ"
ရှောင်ရန်က ထူးခြားချက်ကို သတိပြုမိလိုက်သော်လည်း မောက်မာစွာ သတိပေးလိုက်လေသည်။