← Chapters

ယဲ့ချန်နှင့် ရှောင်ရန် တိုက်ပွဲ

Vol. 61 Ch. 855

ယဲ့ချန်နှင့် ရှောင်ရန် တိုက်ပွဲ

Vol. 61 Ch. 855

ရှောင်ရန်သည် ယဲ့ချန်ကို အထင်သေးနေပြီး မောက်မာသောစကားများကို ပြောဆိုနေသည်။ သွေးရောင်မီးတောက်များက ကောင်းကင်သို့ မြင့်တက်လာပြီး အရာရာကို လောင်ကျွမ်းနိုင်သော အပူလှိုင်းများ ထွက်ပေါ်လာသည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် ယဲ့ချန်ကိုယ်တိုင်ပင် အပူရှိန်ကို ခံစားလိုက်ရသည်။ ထိုမီးတောက်များကြားတွင် အနက်ရောင်မီးတောက်တစ်ခုက မှိန်ဖျော့ဖျော့ လောင်ကျွမ်းနေ၍ သရဲတစ်ကောင်ပမာ ပုန်းအောင်းနေသည်။ သူ၏ချပ်ဝတ်က တဂျွတ်ဂျွတ်မြည်ဟီး၍ ကျယ်ပြန့်လာပြီး ခန္ဓာကိုယ်က ပို၍အရပ်ရှည်လာကာ လူသန်ကြီးတစ်ယောက်နှင့် ဆင်တူလာ၏။ သူ၏အရေပြားနှင့် ကြွက်သားများ ဖောင်းကြွလာပြီး အပြာရောင်သွေးကြောများ အပြိုင်းပြိုင်းထနေသည်။ သူ၏မျက်နှာက ရှုံ့မဲ့နေသော်လည်း တစ်ချိန်တည်းမှာပင် ပြုံးယောင်သန်းနေသောကြောင့် ခန္ဓာကိုယ်အတွင်း နောက်ထပ်အသိစိတ်တစ်ခု ရှိနေပုံရသည်။

"ဘန်း"

ရှောင်ရန်သည် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သောအခါ တိုက်ပွဲစင်တစ်ခုလုံး သုံးကြိမ်တိုင်တိုင် တုန်ခါသွားသည်။ သူ၏ခြေဖဝါးအောက်မှ စတင်၍ အက်ကြောင်းများ ပြန့်ထွက်လာကာ အစီအရင်ရုန်းများဖြင့် ကာကွယ်ထားသည့် အမာကျောဆုံး ကျောက်သားများပင် အက်ကွဲလာသည်။ ဤစွမ်းအားမျိုးက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက် ပိုင်ဆိုင်သင့်သော အရာမဟုတ်သဖြင့် ကြည့်ရှုနေသူများမှာ လေအေးများ ရှူသွင်းလိုက်မိကြ၏။ ထိပ်တန်းမဟာမိတ်၏ တပည့်များမှာ စတင်စိုးရိမ်လာကြပြီး လက်ဖဝါးများ ချွေးစို့လာကာ ရှောင်ရန်က ခွန်းရန်ထက် များစွာသန်မာနေသောကြောင့် ဖြစ်သည်။

"ဒီကောင်က ကြမ်းလှချည်လား။ ကံကောင်းလို့ ငါ မတိုက်ခိုက်မိလိုက်တာပဲ။ မဟုတ်ရင် အရှက်ကွဲတော့မယ်"

ခြင်္သေ့ကြီးသည် တစ်ဖက်လူကြောင့် ဖြစ်ပေါ်လာသော အက်ကြောင်းများကြောင့် မျက်လုံးပြူးနေကာ သက်ပြင်းချလိုက်သည်။ သူက အမြဲတမ်း ပေါ့ဆတတ်သောကြောင့် ရှောင်ရန်၏ခွန်အားကို သတိမပြုမိခဲ့ပေ။ ယဲ့ချန်က အစွမ်းပြလိုသောကြောင့် ထွက်လာခြင်းမဟုတ်ဘဲ ပြိုင်ဘက်က သန်မာလွန်းနေသောကြောင့်ဟု သူက နားလည်လိုက်သည်။

"ယဲ့ချန်က မိတ်ဆွေကောင်းပီသတယ်။ သူက ဒီခွေးကောင်ကို အနိုင်ရပါ့မလား။ ဒါပေမယ့် သူက အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်ထားပြီး ရုပ်ခွန်အားကလည်း ငါ့ထက် သန်မာတယ်။ ကောင်းကင်ဓားပျံလို လက်နက်မျိုးလည်း ရှိနေမှတော့ အနိုင်ရဖို့ အခွင့်အလမ်းများတယ်"

သူက မေးကို လက်ဖြင့်ပွတ်သပ်ရင်း စဥ်းစားခန်းဖွင့်နေသည်။ သိုင်းပြိုင်ပွဲတွင် ပြင်ပလက်နက်များကို တားမြစ်ထားသော်လည်း ယဲ့ချန်၏ဓားပျံက ကောင်းကင်ချီဖြင့် ဖန်တီထားခြင်း ဖြစ်သည်။

"ငါ့ကောင်ရေ ဒီကောင်ကြီးကို ဘောတွေ ကွဲထွက်အောင် ကန်ပစ်လိုက်စမ်းပါ"

ခြင်္သေ့ကြီးက လက်သီးလက်မောင်းတန်း၍ အော်ဟစ်အားပေးလိုက်သည်။

ရှောင်ရန်က ယဲ့ချန်ထံ တစ်လှမ်းချင်း ချဥ်းကပ်လာနေပြီး သူ့ကို ဗဟိုပြုကာ အစွမ်းထက်ဖိအားတစ်ရပ် ထွက်ပေါ်နေသည်။ မီးတောက်များနှင့်အတူ ငါးရောင်ခြယ်ချီများ ပေါင်းစပ်ထွက်ပေါ်နေပြီး အံ့အားသင့်ဖွယ် နတ်ဘုရားတစ်ယောက် ဆင်းသက်လာသည်နှင့် တူညီနေသည်။ ယဲ့ချန်က တစ်ဖက်လူကို အာရုံစိုက်ထားပြီး ဒန်တန်အတွင်းမှ ကြယ်ကိုးလုံးကို လည်ပတ်စေကာ ကောင်းကင်ချီများကို လေမုန်တိုင်းသဖွယ် ထုတ်ဖော်လိုက်သည်။

"သူက ကောင်းကင်ချီကို အသုံးပြုချင်နေတာလား"

"ဖြစ်နိုင်တာ သူက အချိန်လေဟာနယ် အဆင့်တစ်ကိုတောင် မရောက်သေးဘူးလား"

"အချိန်လေဟာနယ်ချီကို ကောင်းကင်ချီနဲ့ တိုက်ခိုက်ချင်တာက သေလမ်းရှာနေတာ မဟုတ်ဘူးလား။ ဟာသပဲ"

အင်အားစုအသီးသီးမှ တပည့်များက သူ၏လုပ်ရပ်ကြောင့် ဝေဖန်လိုက်ကြသည်။ ကျင့်ကြံခြင်းလောကတွင် ကောင်းကင်ချီသည် အချိန်လေဟာနယ်ချီမှ ဆင်းသက်လာသောကြောင့် ပို၍နိမ့်ကျသည်။ လူတိုင်းက ဝေဖန်လေကန်နေကြစဥ် ယဲ့ချန်၏ ကောင်းကင်ချီများသည် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ရေခဲ၊ လေ၊ မိုးကြိုးနှင့် လျှပ်စီးဟူ၍ ကိုးမျိုး ကွဲထွက်လာသည်။ ချီကိုးမျိုးက သာမန်ကျင့်ကြံသူများထက် ပို၍သန့်စင်နေပြီး မီးချီများက နွားသိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မိုးကြိုးချီများသည် သိမ်းငှက်တစ်ကောင်အဖြစ် ဖွဲ့စည်းလာ၏။ ၎င်းတို့က သူ၏စိတ်အတွင်းမှ ပုံရိပ်များဖြစ်ကာ ချီကိုးမျိုးသည် နတ်သားရဲကိုးကောင်အသွင်ဖြင့် လေထဲတွင် ရပ်နေပြီး ရှောင်ရန်ကို မောက်မာစွာ ဟိန်းဟောက်နေကြသည်။

"ဘုရားရေ ကောင်းကင်ချီကိုးမျိုး"

"ချီကိုးမျိုးလုံး ကျင့်ကြံထားနိုင်တဲ့ လူတစ်ယောက်ကို မင်းတို့ မြင်ဖူးကြလား"

ဤအတွေးကြောင့် လူတိုင်းက ခေါင်းယမ်းလိုက်မိပြီး ကောင်းကင်ချီက နိမ့်ကျသောကြောင့် နတ်အစေခံအဆင့်သို့ ရောက်သောအခါ အချိန်လေဟာနယ်ချီကို ကျင့်ကြံခြင်းဖြစ်သည်။ သို့သော် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတစ်ခုလုံး၌ပင် ကောင်းကင်ချီကိုးမျိုးလုံးကို ကျင့်ကြံထားသူ တစ်​ယောက်ပင် ထွက်ပေါ်မလာဖူးပေ။ စွမ်းအားရှင်အဆင့်များပင် ယဲ့ချန်ကို စိတ်ဝင်စားနေကြပြီး အံ့အားသင့်နေကြသည်။

"ကောင်းကင်ချီကိုးမျိုးလုံးကို ကျင့်ကြံဖို့အတွက် အခြေခံက ခိုင်မာနေရမယ်။ ဒီလိုအဆင့်နဲ့ အချိန်လေဟာနယ်ချီကို လေ့လာရင် ပိုပြီးလွယ်ကူလိမ့်မယ်။ နတ်အစေခံ အဆင့်တစ်ဆယ်ရောက်တဲ့အထိ ဒီလိုမျိုးကျင့်ကြံထားတယ်ဆိုတော့ သူက သေချာပေါက် ရှားပါးပါရမီရှင် ဖြစ်ရမယ်"

ချင်ရှူက ချီးကျူးလိုက်ခြင်းဖြစ်သည်။

"ကောင်းကင်ချီက ဘယ်လောက်သန်မာပါစေ၊ အချိန်လေဟာနယ်ချီကို မယှဥ်နိုင်ဘူး။ ဒါပေမယ့် ဒီတပည့်က ပါရမီ ထူးချွန်တယ်။ ထိပ်တန်းမဟာမိတ်က တကယ့်ကို မနာလိုစရာပါပဲ"

မှော်နတ်သမီးစံအိမ်၏ ခေါင်းဆောင်ရှရွယ်က ရေရွတ်လိုက်သည်။ သူမသည်လည်း မိန်းမလှတစ်ယောက်ဖြစ်ကာ အနက်ရောင်ဆံပင်များ လေထဲလွင့်နေသည်။ သူမက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ ကျက်သရေရှိရှိ လှပနေသော်လည်း လင်လုံအောက် နိမ့်ကျသည်။

ထိုအချိန်၌ တိုက်ပွဲစင်မြင့်၏ အထက်တွင် ပတ်ဝန်းကျင်က တင်းမာနေပြီး ရှောင်ရန်သည် ယဲ့ချန်နှင့် မီတာတစ်ရာအကွာသို့ ရောက်သောအခါ ရုတ်တရက်ခုန်ထွက်၍ ညာလက်ဖြင့် ရိုက်ချလာသည်။ လက်ဝါးချက် ထွက်ပေါ်လာသောအခါ ယဲ့ချန်က မျက်ခုံးပင့်လိုက်မိပြီး မည်သို့သော ကျင့်စဥ်မျိုး ကျင့်ကြံထားကြောင်း စဥ်းစားမရပေ။ တစ်ဖက်လူ၏အရှိန်အဝါက ပြင်းထန်လွန်းနေပြီး အလယ်အဆင့် ကြယ်သခင်အောက်ပင် မနိမ့်ချေ။ သူက ထိပ်တိုက်ရင်မဆိုင်လိုသောကြောင့် နတ်သားရဲများဖြင့် ရင်ဆိုင်စေလိုက်သည်။

"ဒီအစွမ်းလေးနဲ့ တိုက်ခိုက်ချင်နေတာလား။ အရှုံးကို ဝန်ခံစမ်း"

ရှောင်ရန်က နှာခေါင်းရှုံ့လိုက်ပြီး အရှိန်အဝါမြင့်တက်လာကာ နွားသိုးကြီးကို ရိုက်ထုတ်လိုက်သည်။ သူ၏လက်ဝါးချက် ထိမှန်ကာနီးတွင် ၎င်းက အလင်းတန်းများအဖြစ် ခွဲဖြာသွားကာ မီးချီများက ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ယဲ့ချန်၏ကောင်းကင်ချီများက အလွန်သန့်စင်သောကြောင့် အလွန်ပြင်းထန်သည်။ ၎င်းတို့က ရှောင်ရန်ကို အသေမသတ်နိုင်သော်လည်း တစ်ကိုယ်လုံး လောင်ကျွမ်းခံလိုက်ရပြီး အဖြူရောင်မီးခိုးများ ထွက်ပေါ်လာကာ စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။

"မင်းကြောင့် ငါ ဒေါသထွက်သွားပြီ"

ရှောင်ရန်က ဒေါသတကြီးအော်ဟစ်၍ အရှိန်အဟုန်ပြင်းပြင်း ပြေးဝင်လာသောအခါ ထိပ်တိုက်ရင်ဆိုင်ရန်က ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။ တစ်ဖက်လူက အမြှောက်ဆံပမာ ပြေးဝင်လာသောအခါ ရေခဲချီဖြင့် ဖန်တီးထားသော ဖီးနစ်ငှက်က တားမြစ်လိုက်သည်။ ၎င်းက ဘန်းခနဲ ပေါက်ကွဲသွားကာ ရှောင်ရန်တစ်ကိုယ်လုံး ရေခဲများ ဖုံးလွှမ်းသွား၍ ပတ်ဝန်းကျင်အပူချိန်က အရိုးအေးလောက်သည်အထိ နိမ့်ဆင်းသွားခဲ့သည်။ ရှောင်ရန်သည် ယဲ့ချန်လက်ချက်ဖြင့် မီးရှို့ခံရလိုက်၊ ရေခဲခံရလိုက် ဖြစ်နေသောကြောင့် အပူနှင့် အအေး ချက်ချင်းပြောင်းလဲမှုကို ခံစားရလျှင် မည်မျှသန်မာပါစေ၊ အလွန်နာကျင်သွားပေလိမ့်မည်။

"ဘုန်း"

သူက ဒေါသတကြီးဖြင့် ရေခဲများကို လက်သီးဖြင့် ချက်ချင်းထိုးခွဲကာ လွတ်ထွက်လာချိန်၌ မြေချီများက ခြေထောက်ကို ချုပ်နှောင်လာ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် သတ္တုချီများက တစ်ကိုယ်လုံး ဖုံးအုပ်သွားကာ မိုးကြိုးများ ပစ်ချလာသဖြင့် ရှော့တိုက်ခံလိုက်ရသည်။ အဖြူရောင်မီးခိုးများ တလူလူ ထွက်ပေါ်လာချိန်တွင် ယဲ့ချန်က တည်ငြိမ်စွာဖြင့် နောက်ဆုတ်သွားပြီဖြစ်သည်။

"ကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုးတိုက်ခိုက်တာကို မင်းတို့ မြင်ဖူးကြလား"

ကြည့်ရှုနေသူများအားလုံးက ယဲ့ချန်၏နည်းလမ်းများကြောင့် မင်သက်နေကြ၏။ ရှောင်ရန်၏အရှိန်အဝါက ထူးဆန်းစွာဖြင့် ပြင်းထန်လွန်းနေသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပင် ဖိအားကြီးကြီးမားမား ခံစားရနိုင်သည်။ သို့သော် ယဲ့ချန်၏နည်းလမ်းကြောင့် သူက အနားပင် မကပ်နိုင်ခင် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံလိုက်ရသည်။ ဤနည်းလမ်းက အကျိုးသက်ရောက်မှုရှိသော်လည်း ကောင်းကင်ချီများသာ ဖြစ်သောကြောင့် အချိန်​လေဟာနယ် အဆင့်ငါးအထိ နားလည်ထားသူကို အနိုင်မယူနိုင်ပေ။

"ပျက်စီးစမ်း"

ရှောင်ရန်က အဆင့်ငါးချီများကို စုစည်း၍ ချုပ်နှောင်ထားသော သတ္တုချီများကို ဖောက်ခွဲပစ်လိုက်သည်။

"ငကြောက် မင်းက ငါ့ကို ထိပ်တိုက်ရင်မဆိုင်ရဲလို့ လှည့်ကွက်တွေ သုံးနေတာလား"

သူက လက်ရှိအချိန်အထိ တစ်ဖက်လူ၏အင်္ကျီကိုပင် ထိခိုက်အောင် မတိုက်ခိုက်နိုင်သောကြောင့် ဒေါသူပုန်ထနေသည်။ သူက အပြင်းအထန် ဒဏ်ရာရထားခြင်း မရှိသော်လည်း တစ်ကိုယ်လုံး မည်းနက်နေအောင် တိုက်ခိုက်ခံထားရသောကြောင့် အပြင်းအထန်ဒဏ်ရာရသည်ထက် ပို၍ဒေါသထွက်နေခဲ့သည်။ သူ၏မျက်လုံးမှ အနက်ရောင်အလင်းတန်းနှစ်ခု ​ပြေးထွက်လာကာ မြှားနှစ်ချောင်းအသွင်ပြောင်း၍ ယဲ့ချန်ထံ ဝင်ရောက်လာ၏။ ၎င်းတို့တွင် ကြောက်မက်ဖွယ် အနက်ရောင်ချီတစ်မျိုး ပါဝင်သကဲ့သို့ အချိန်လေဟာနယ်ချီများလည်း ပေါင်းစပ်ထားသည်။ ယဲ့ချန်သည် ကောင်းကင်ချီကိုသာ ဆက်တိုက်အသုံးပြုနေသော အကြောင်းအရင်းမှာ ရှောင်ရန်၏အင်အားကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူ၏ ကျင့်ကြံဆင့်နှင့် ဝှက်ဖဲများ ပေါ်ထွက်လာစေလိုသောကြောင့်လည်း ဖြစ်သည်။ အနက်ရောင်မြှားနှစ်စင်းတွင် အစွမ်းထက် ဝိညာဥ်စွမ်းအားတစ်ခု ပါဝင်နေသည်။ နတ်အစေခံအဆင့်တွင် သူ၏ဝိညာဥ်အသိစိတ်က အဆင့်တူချင်းထက် ပို၍သန်မာနေသော်လည်း ၎င်းက များစွာပိုမိုသန်မာနေသည်။ တစ်စုံတစ်ယောက်က ရှောင်ရန်၏ခန္ဓာကိုယ်အတွင်း ဝိညာဥ်စွမ်းအားကို နည်းလမ်းတစ်မျိုးနှင့် ပေါင်းစပ်ထားကြောင်း ယဲ့ချန်က သေချာသွားခဲ့သည်။

သူက ကောင်းကင်ချီများဖြင့် မြှားများကို ခုခံလိုက်သော်လည်း မတားမြစ်နိုင်သဖြင့် တဘန်းဘန်း ပေါက်ကွဲကုန်သည်။ ကောင်းကင်ချီဖြင့် ခုခံရန် မဖြစ်နိုင်သောကြောင့် သူက ကြယ်ကိုးလုံးကို အသက်သွင်း၍ အဆင့်ငါးချီများအား လက်သီးနှစ်လုံး၌ ပေါင်းစပ်ကာ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။

"ဘုန်း"

တိုက်ကွက်နှစ်ခု ရင်ဆိုင်အတွေ့တွင် ငါးရောင်ချီများ ပေါက်ကွဲသွားကာ ဘက်ပေါင်းစုံသို့ ပြန့်ကြဲသွားကြသည်။ ပြင်းထန်သော တန်ပြန်အားကြောင့် ယဲ့ချန်က ခြေနှစ်လှမ်း ဆုတ်ပေးလိုက်ရသော်လည်း အထိအခိုက် မရှိပေ။

"အချိန်လေဟာနယ် အဆင့်ငါး"

"ဒီချန်ရဲက အဆင့်ငါးအထိ နားလည်ထားတာကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ဖုံးကွယ်ထားတာ ဖြစ်ရမယ်"

"ကြယ်အလင်းနယ်မြေကို ဝင်ရောက်ခွင့်ရတဲ့ ပါရမီရှင်က ဘယ်လိုလုပ် အားနည်းမှာလဲ။ ထိပ်တန်းမဟာမိတ်မှာလည်း ဒီလိုပါရမီရှင်မျိုးရှိနေတာက ပုံမှန်ပါပဲ"

စောင့်ကြည့်နေသူအားလုံးက အံ့သြတကြီးဖြစ်သွားကာ ယဲ့ချန်အပေါ် လေးစားလာကြသည်။ ဤအဖြစ်ကြောင့် စွမ်းအားရှင်များပင် အံ့အားသင့်သွားကြပြီး လင်လုံတစ်ယောက်တည်းသာ တည်ငြိမ်နေခြင်း ဖြစ်သည်။ ယဲ့ချန်သည် ကောင်းကင်ချီကိုးမျိုးနှင့် အချိန်လေဟာနယ်အဆင့်ငါးကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် မည်သည့်အင်အားစုမဆို အကောင်းဆုံး ပျိုးထောင်ပေးကြပေလိမ့်မည်။

All Chapters