← Chapters

အဆင့်ခြောက် အချိန်လေဟာနယ်ချီ

Vol. 61 Ch. 856

အဆင့်ခြောက် အချိန်လေဟာနယ်ချီ

Vol. 61 Ch. 856

အဆင့်ငါးကို နားလည်ထားသူ နှစ်ယောက်၏ တိုက်ပွဲမျိုးသည် နတ်အစေခံအဆင့်တစ်ဆယ်၌ ကြုံတောင့်ကြုံခဲ ဖြစ်သောကြောင့် အင်အားစုတိုင်းမှ ကျင့်ကြံသူများသည် အနည်းငယ်မျှပင် လွတ်မသွားစေရန်အတွက် မျက်လုံးကို အစွမ်းကုန် ပြူးကျယ်ထားသည်။ ထိပ်တန်းမဟာမိတ်ဘက်တွင် ကြယ်အလင်းနယ်မြေမှ ပါရမီရှင်များသည် ယဲ့ချန်က အဆင့်ငါးအထိ နားလည်ထားမည်ဟု မထင်ထားသောကြောင့် အံ့သြမင်သက်နေကြသည်။

"အစ်ကိုချန်ကွ အနိုင်ယူပစ်လိုက်"

"ဂိုဏ်တူအစ်ကိုချန် ခင်ဗျား လုပ်နိုင်ပါတယ်"

ထိပ်တန်းမဟာမိတ်၏ တပည့်များက ယဲ့ချန်ကို သူရဲကောင်းတစ်ယောက်အဖြစ် မှတ်ယူကာ အသံကုန်အော်ဟစ် အားပေးနေကြသည်။ လူအုပ်ကြားတွင်ရှိနေသော ရှောင်လင်းသည် ပြိုင်ဘက်၏အစွမ်းထက်ပုံကို သိထားသောကြောင့် ယဲ့ချန်အတွက် စိုးရိမ်နေသည်။ သူက ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ ပိုင်ဆိုင်ထားသော်လည်း တစ်ဖက်လူ၌ စွမ်းအားရှင်တစ်ယောက်၏ ဝိညာဥ် ပိုင်ဆိုင်နေသည်။ ရှောင်ရန်၏ဝှက်ဖဲကို မြင်နိုင်သော စွမ်းအားရှင်များက မူလတွင် ဤပြိုင်ပွဲကို အဓိပ္ပါယ်မဲ့သည်ဟု ခံစားနေရသည်။ ထိုစွမ်းအားက ရှောင်ရန်၏ကိုယ်ပိုင်ခွန်အား မဟုတ်သောကြောင့် အနိုင်ရသွားလျှင်လည်း အရေးမပါချေ။ ရှန်းရန်သည် ထိပ်တန်းမဟာမိတ်ကို အနိုင်ယူရန်အတွက် စိတ်စွဲလန်းနေပုံရသည်။

သို့သော် သူတို့ကို အံ့သြစေသည်မှာ ယဲ့ချန်က ကောင်းကင်ချီကိုးမျိုးကို ကျင့်ကြံထားပြီး အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်နေခြင်း ဖြစ်သည်။ သူက အတွေ့အကြုံရှိစွာဖြင့် ရှောင်ရန်၏ တိုက်ကွက်များကို ရှောင်တိမ်းကာ ပြန်လည်တိုက်ခိုက်နိုင်နေသည်။ မည်သည့်အခြေအနေထိ သူ ရောက်နိုင်မည်ကို သူတို့က စိတ်ဝင်စားနေကြပြီး ဤတိုက်ပွဲအပေါ် အလွန်အာရုံစိုက်နေကြသည်။

တိုက်ပွဲစင်၏အလယ်တွင် ရှောင်ရန်သည် သွေးဆာရက်စက်သော အကြည့်ဖြင့် ယဲ့ချန်အား သားကောင်ပမာ သဘောထား၍ စိုက်ကြည့်နေသည်။ ယဲ့ချန်က တည်ငြိမ်စွာ ရပ်နေပြီး ပြိုင်ဘက်က ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသော်လည်း မကြောက်ပေ။ ကောင်းကင်ချီကိုးမျိုးနှင့် အချိန်လေဟာနယ်ချီများက သူ၏ခန္ဓာကိုယ်ပတ်လည်၌ ထွန်းလင်းတောက်ပနေသည်။ ရှောင်ရန်၏မျက်လုံးများ ဖြတ်ခနဲ လက်သွားကာ တဟုန်ထိုး ​ပြေးဝင်လာပြန်သည်။

"တောင်ဖြိုနတ်ဆိုးလက်သီး"

သူ၏လက်မောင်းကြွက်သားများ ဖောင်းကားလာကာ သွေးကြောများ ဖုဖောင်းလာပြီး လက်သီးများအဖြစ် ထိုးချလိုက်သည်။ အချိန်လေဟာနယ်ချီများ ရစ်သိုင်းနေသောကြောင့် ဧရာမ လက်သီးအလင်းကြီးတစ်စုံက ယဲ့ချန်ထံ ဝင်ရောက်လာ၏။ ယဲ့ချန်က အေးစက်စက်ပြုံးကာ ကောင်းကင်ချီဖြင့် ဖန်တီးထားသော နတ်သားရဲများကို စေလွှတ်၍ လက်သီးတွင် အချိန်လေဟာနယ်ချီများ စုစည်းလိုက်သည်။

ရှောင်ရန်က နတ်သားရဲများကို တစ်ကောင်ပြီးတစ်ကောင် တဘန်းဘန်းထိုးခွဲ၍ ဖျက်ဆီးလိုက်သော်လည်း အရှိန်နှေးသွားခဲ့သည်။ ထိုအချိန်၌ ယဲ့ချန်က လေပေါ်သို့ ခုန်တက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သောအခါ ချီများက ကြာပန်းသဖွယ် ဖြာထွက်နေသည်။ နှစ်ဖက်လုံးမှ ချီများက အပြင်းအထန်ထိမှန်သွားပြီး မိုးကြိုးလျှပ်စီးများပင် ထွက်ပေါ်လာသဖြင့် လေထုက လောင်ကျွမ်းခံလိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ်ယောက်လုံး လွင့်ထွက်သွားသော်လည်း ဤမြင်ကွင်းကြောင့် ရှန်မူက ကျေနပ်စွာ ပြုံးလိုက်သည်။ ယဲ့ချန်က သူ၏အားသာချက်ကို ကောင်းကောင်းအသုံးချနိုင်ပြီး ပထမဆုံးအနေဖြင့် တစ်ဖက်လူ၏ခွန်အားကို ကောင်းကင်ချီဖြင့် အားနည်းစေကာ အသန်မာဆုံးတိုက်ကွက်ကို အချိန်ကိုက် ထုတ်ဖော်နိုင်ခဲ့သည်။

ပြင်းထန်သော လက်သီးချက်ကြောင့် ရှောင်ရန်၏ကိုယ်ထက်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာသော်လည်း အနက်ရောင်အလင်းက လျင်မြန်စွာ ကုသပေးနေသည်။ သူ၏လက်သီးချက်ကလည်း ယဲ့ချန်၏ပခုံးရိုးကို လုံးဝကြေမွသွားစေသည်။ သို့သော် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကြောင့် ထိုဒဏ်ရာက အလျင်အမြန် ကောင်းမွန်လာနေသည်။ ရှောင်ရန်၏ခွန်အားက ကြောက်စရာကောင်းသကဲ့သို့ နတ်ဆိုးတောင်ဖြိုသိုင်းကလည်း အစွမ်းထက်သောအခါ သေကွင်းသေကွက်သာ ထိမှန်ခံလိုက်ရလျှင် ဤမျှလျင်လျင်မြန်မြန် ကောင်းမွန်လာမည် မဟုတ်ပေ။

ရှောင်ရန်နှင့် တိုက်ခိုက်နေစဥ် ယဲ့ချန်သည် တစ်ဖက်လူ၏ခွန်အားကို စမ်းသပ်လေ့လာခဲ့သောကြောင့် တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးသောအခါ ယေဘူယျသဘော နားလည်သွားခဲ့သည်။ ခွန်အားအရာတွင် သူက ယဲ့ချန်ထက် ပို၍သန်မာနိုင်ပြီး ကိုယ်တွင်းမှ စွမ်းအားကို အကုန်အစင် မထုတ်လွှတ်ရသေးပေ။ သူက သားရဲတစ်ကောင်ပမာ ရက်စက်ကြမ်းကြုတ်နေပြီး ယဲ့ချန်ကို စူးစိုက်ကြည့်နေခဲ့သည်။

"နောက်ဆုံးတော့ မင်းမှာ ဖုံးကွယ်ထားစရာ မကျန်တော့ဘူး။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ၊ ကောင်းကင်ချီကိုးမျိုးနဲ့ အချိန်လေဟာနယ်အဆင့်ငါးက ငါ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"

သူ၏မျက်လုံးများက အနက်ရောင်တောက်ပလာပြီး အရှိန်အဝါတစ်ခုက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာကာ ခွန်အားက မူလထက် လေးငါးဆမက တိုးတက်သွားသည်။ စွမ်းအားရှင်၏ ဝိညာဥ်အစိတ်အပိုင်းက သူ၏ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေပြီး နောက်ဆုံးတွင် အသက်သွင်းလိုက်သောကြောင့် ခွန်အား တိုးတက်လာခြင်းဖြစ်သည်။ သူက ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ထိပ်တန်းမဟာမိတ်၏ တပည့်များက အလန့်တကြား အော်ဟစ်လိုက်မိသည်။

"အစ်ကိုချန် သတိထား"

တစ်ဖက်လူက နောက်ချန်ပုံရိပ်ပင် ဖြစ်ပေါ်မလာအောင် မြန်နေသောကြောင့် ယဲ့ချန်က ရင်ထိတ်သွားသည်။ သူ၏ဘယ်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာသောကြောင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း ၎င်းက ညာဘက်သို့ ရုတ်တရက် ပြောင်းရွှေ့သွားသည်။

"ဘန်း"

ရှောင်ရန်၏လက်သီးက သူ၏ဦးခေါင်းကို မိမိရရ ထိုးမိသွားသောကြောင့် မူးဝေသွားပြီး တစ်ကိုယ်လုံး လွင့်ထွက်ခဲ့ရသည်။ ဤလက်သီးချက်တွင် လျှို့ဝှက်ကျင့်စဥ်များနှင့် အဆင့်ငါးချီများ ပေါင်းစပ်ပါဝင်နေသောကြောင့် သာမန်နတ်အစေခံတစ်ယောက်ဆိုလျှင် ခေါင်းပေါက်ကွဲသွားပေလိမ့်မည်။ ယဲ့ချန်က ကံကောင်းစွာဖြင့် နတ်ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် တစ်ချက်တည်း သေဆုံးမသွားခြင်းဖြစ်သည်။ သူက မီတာတစ်ရာကျော် လွင့်ထွက်သွားသော်လည်း မြင်ကွင်းများ ဝေဝါးနေပြီး ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲနေသည်။ ခေါင်းကို ဤသို့အထိုးခံရလျှင် မည်သူမှ ကောင်းကောင်းမွန်မွန် ရှိနေမည် မဟုတ်ပေ။

"မကောင်းတော့ဘူး"

ရှောင်ရန်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီး ယဲ့ချန်၏ကျောဘက်တွင် ပေါ်လာသောကြောင့် ခြင်္သေ့ကြီးက ရင်ထိတ်သွားခဲ့သည်။ ပြိုင်ဘက်၏ခွန်အားက ရုတ်တရက် အဆင့်များစွာတက်လာမည်ဟု သူက ထင်မထားပေ။ ရှောင်ရန်က နတ်ခွန်အားကျင့်စဥ်ဖြင့် ဦးခေါင်းကို ထပ်မံထိုးချလိုက်ပြီး အေးစက်စက် ပြုံးနေခဲ့သည်။ သူက နောက်ထပ်စွမ်းအား ထပ်မံပေါင်းစပ်ထားသဖြင့် ဤလက်သီးချက်က ဦးခေါင်းကို သေချာပေါက် ဖောက်ခွဲပစ်ပေလိမ့်မည်။ ခြင်္သေ့ကြီးက ပြေးဝင်ကူညီလိုသော်လည်း နောက်ကျသွားပြီး ထိပ်တန်းမဟာမိတ်၏ တပည့်များကလည်း ကြောက်ရွံ့နေကြသည်။ လူတိုင်း၏အမြင်၌ ယဲ့ချန်က သေချာပေါက် အသတ်ခံရနိုင်ချေရှိသည်။

ယဲ့ချန်သည် နာကျင်နေသော်လည်း ဝိညာဥ်အသိစိတ်ဖြင့် ရှောင်ရန်၏ တည်နေရာကို သိရှိသွားသောကြောင့် ကောင်းကင်ဓားပျံရာချီ ဖန်တီးကာ ပစ်ခတ်လိုက်သည်။

"ကောင်းကင်ချီနဲ့ ဖန်တီးထားတဲ့ ဓားပျံတွေက ငါ့ကို ထိခိုက်စေနိုင်မယ် ထင်နေတာလား"

ရှောင်ရန်က အလေးမထားဟန်ဖြင့် နှာခေါင်းရှုံ့ကာ ရှေ့ဆက်တိုးလာခဲ့သည်။ သာမန်ကောင်းကင်ချီဓားပျံများဆိုလျှင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း ယဲ့ချန်၏ဓားပျံသည် စိတ်အတွင်းရှိ ဓားပျံ၏သရုပ်ထင်မှု ဖြစ်သည်။ ၎င်းတို့က သူ၏ခန္ဓာကိုယ်အတွင်း အဟန့်အတားမရှိ ဖောက်ဝင်သွားကာ ယဲ့ချန်၏အတွေးတစ်ချက်တွင် တဘန်းဘန်းပေါက်ကွဲ၍ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားစေသည်။ ဓားပျံများက ဤမျှအစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားသော ရှောင်ရန်က ကြောက်လန့်သွားကာ အသက်စွမ်းအားကို ကာကွယ်ရန်အတွက် စွမ်းအားရှင်၏ဝိညာဥ်ကို အသုံးပြုလိုက်ရသည်။ သို့သော် သူ၏ရုပ်ခန္ဓာက ဆိုးဆိုးရွားရွား ထိခိုက်သွားကာ သွေးကြောများ ဖရိုဖရဲဖြစ်ကာ အရေပြားများ ကွဲထွက်နေသည်။ ပြိုင်ဘက်နှစ်ယောက်လုံးက မီတာထောင်ချီအဝေးတွင် မြေပြင်၌ မလှုပ်မယှက် လဲလျောင်းနေကြပြီး ကြမ်းပြင်တွင် သွေးချောင်းစီးနေသည်။

တိုက်ပွဲက ဤသို့ပြီးဆုံးသွားမည်ဟု မည်သူမှ မထင်ထားဘဲ တိုက်ပွဲအချိန်က တိုတောင်းလွန်းသဖြင့် အားနည်းသူများမှာ မည်သို့ဖြစ်ပျက်သွားကြောင်းပင် မမြင်လိုက်ရပေ။ ပို၍သန်မာသူများက အဖြစ်အပျက်အားလုံး မြင်လိုက်ရသောကြောင့် အလွန်အမင်း ထိတ်လန့်နေကြသည်။ ယဲ့ချန် လွင့်ထွက်သွားသောကြောင့် ရှုံးပြီဟု သူတို့ ထင်မှတ်ထားသော်လည်း ကြောက်မက်ဖွယ် တန်ပြန်တိုက်ကွက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ဓားပျံများက မည်သို့သော လက်နက်ဖြစ်ကြောင်း သူတို့က မခန့်မှန်းတတ်သော်လည်း ၎င်းတို့က ရှောင်ရန်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ ယဲ့ချန် ဖန်တီးလိုက်သော ဓားပျံများကို စွမ်းအားရှင်များပင် စိတ်ဝင်စားနေကြပြီး မည်သည့်အတွက်ကြောင့် အစွမ်းထက်နေကြောင်း အဖြေမထုတ်နိုင်ပေ။ လင်လုံပင်လျှင် တည်ငြိမ်သော မျက်နှာထက်၌ ရှုပ်ထွေးသော အမူအရာတစ်ခု ဖြစ်တည်နေသည်။

ကောင်းကင်ဓားပျံများကြောင့် ရှောင်ရန်က အပြင်းအထန် ဒဏ်ရာရသွားသောအခါ ခြင်္သေ့ကြီးက စိတ်အေးသွားခဲ့သည်။ တစ်ချက်တည်းဖြင့် သေစေနိုင်လောက်အောင် တိုက်ခိုက်မခံရလျှင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာက ပြန်လည်ကောင်းမွန်လာနိုင်သည်။ အချိန်တစ်ခုအကြာတွင် ယဲ့ချန်က ရုတ်တရက် လှုပ်ရှားလာပြီး ဦးခေါင်းခွံက အက်ကွဲလုနီးပါး ဖြစ်နေသော်လည်း ပြန်လည်ကောင်းမွန်လာပြီး ကိုယ်တွင်း၌ အံ့ဖွယ်အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်။ အချိန်လေဟာနယ်ချီများက ပတ်ဝန်းကျင်မှတဆင့် မုန်တိုင်းပမာ စုဝေးလာနေပြီး သူ၏ကိုယ်တွင်းသို့ စီးဝင်နေရာ ဖြည်းဖြည်းချင်းဖြင့် မီတာထောင်ချီ အချင်းဝက်အထိ ကျယ်ပြန့်လာသည်။ တိုက်ခိုက်ရေးစင်မြင့်ထက်တွင် ယဲ့ချန်ကို ဗဟိုပြုပြီး အချိန်လေဟာနယ်ချီများက လေဆင်နှာမောင်းအသွင် လှည့်ပတ်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ။ သူက အပြင်းအထန် ဒဏ်ရာရထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ချီတွေကို စုစည်းနိုင်နေတာလဲ"

လူတိုင်းက အံ့အားသင့်နေစဥ် ငါးရောင်ခြယ်ချီများကြားတွင် အပြာရောင် အဆင့်ခြောက်ချီက စတင်ဖြစ်ပေါ်လာကာ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးထံ စီးဝင်နေသည်။ ထို့နောက် ချီငါးမျိုးလည်ပတ်ခြင်းက ပို၍မြန်ဆန်လာကာ အလယ်တည့်တည့်၌ အပြာရောင်ချီများက ပို၍သိပ်သည်းလာနေပြီး နောက်ဆုံးတွင် အခြားချီများ၏စွမ်းအင်နှင့် တူညီသည်အထိ တိုးတက်လာသည်။ ထိုအဖြစ်ကို မြင်သောအခါ သန်းရာချီသည့်​ ကျင့်ကြံသူများအားလုံး မေးရိုးများ အောက်ကျကုန်သည်။

"တကယ်ကြီး အချိန်လေဟာနယ် အဆင့်ခြောက်လား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒီချန်ရဲက အဆင့်ခြောက်ကို တကယ်နားလည်သွားတာလား။ သူက အပြင်းအထန် ဒဏ်ရာရထားတာလေ။ ဒီကောင်က လူရော ဟုတ်သေးရဲ့လား"

လူတိုင်းသည် ကိုယ့်မျက်လုံးကို မယုံနိုင် ဖြစ်နေကြသည်။ လွန်ခဲ့သော နှစ်ထောင်ချီအတွင်း အဆင့်ခြောက်ကို နားလည်နိုင်သူအကြောင်း သူတို့က လုံးဝမကြားဖူးပေ။ အဆင့်ငါးကို နားလည်အောင် ကြိုးစားရခြင်းကပင် ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပြီး တစ်သန်းလျှင် တစ်ယောက်သာ စွမ်းဆောင်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအတွင်း အဆင့်ခြောက်ကို နားလည်နိုင်သူ တစ်ယောက်တစ်လေပင် ထွက်ပေါ်လာခဲ့ခြင်း မရှိဖူးပေ။

All Chapters