← Chapters

ရှန်းရန်၏ လှည့်ကွက်

Vol. 61 Ch. 857

ရှန်းရန်၏ လှည့်ကွက်

Vol. 61 Ch. 857

အချိန်လေဟာနယ် အဆင့်ငါး၏ စွမ်းအားကပင် အနာဂတ်၌ အသန်မာဆုံး ဖြစ်လာနိုင်သောကြောင့် အဆင့်ခြောက်က အံ့သြစရာကောင်းလွန်းနေသည်။ အချိန်လေဟာနယ်ရုန်းများတွင် ပြင်းထန်သော တန်ပြန်အားရှိပြီး အဆင့်ပိုမြင့်လေလေ ၎င်းက ပို၍သန်မာလေလေဖြစ်ကာ နားလည်နိုင်ရန်အတွက် ကောင်းကင်ကို ချိုးဖျက်ရသကဲ့သို့ ခက်ခဲသည်။ သို့သော် ယဲ့ချန်က စွမ်းဆောင်နိုင်ခဲ့ပြီး အလွန်အမင်းပြင်းထန်သော တန်ပြန်အားကြောင့် စွမ်းအားများ စုစည်းလာသောအခါ မူရင်းခွန်အားထက် ဆယ်ဆမကများပြားသည့် အင်အားမျိုး ထုတ်ဖော်စေနိုင်သည်။ ကြည့်ရှုနေသူများက အုတ်အော်သောင်းတင်းဖြစ်သွားကြပြီး အခြားတိုက်ပွဲစင်များမှ ပြိုင်ပွဲဝင်များပင် သတိထားမိခဲ့ကြသည်။ နတ်အစေခံ အဆင့်တစ်ဆယ်ပြိုင်ပွဲတွင် အချိန်လေဟာနယ်အဆင့်ခြောက်အထိ နားလည်သူတစ်ယောက် ထွက်ပေါ်လာပြီး ဤဖြစ်ရပ်မျိုးက သမိုင်းမှတ်တမ်း၌ပင် မရှိချေ။

ချီမုန်တိုင်းက ပို၍ပြင်းထန်လာနေပြီး ကျောက်တုံးနှင့် သဲများ လွင့်ပျံနေသဖြင့် ကြည့်ရှုနေသူများက အလယ်ရှိ ယဲ့ချန်ကို မြင်နိုင်ရန်အတွက် အားစိုက်နေရသည်။ ယဲ့ချန်သည် ဒန်တန်နှင့် သွေးကြောများအတွင်း စွမ်းအင်များ စုဝေးလာပြီး ကိုယ်တွင်း၌ ပိုမိုပြင်းထန်လာသည်။ ဒဏ်ရာရထားသော ဦးခေါင်းက ပြန်လည်ကောင်းမွန်လာကာ အကောင်းပကတိ ဖြစ်သွားသောကြောင့် ချက်ချင်းထရပ်လိုက်သည်။ အဝေးတွင် ရှောင်ရန်က ဖြည်းညှင်းစွာ ထရပ်လာသော်လည်း တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေကာ အခြေအနေမကောင်းပေ။ ယဲ့ချန်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ပြိုင်ဘက်၏ ရင်ဘတ်ကို ထိုးချလိုက်သည်။

"ဘန်း"

ပြန်လည်မတိုက်ခိုက်နိုင်သော ရှောင်ရန်က မီတာတစ်ထောင်အဝေးသို့ ဒရွတ်တိုက်လွင့်ပါသွားကာ စွတ်ကြောင်းကြီး ဖြစ်ပေါ်လာသည်။ အချိန်လေဟာနယ် အဆင့်ခြောက်ကို နားလည်ပြီးနောက် ယဲ့ချန်၏ခန္ဓာကိုယ်သည် ရေစုပ်စက်တစ်ခုပမာ ပတ်ဝန်းကျင်မှ ချီများကို ဆက်တိုက်စုပ်ယူနေပြီး ဒန်တန်အတွင်း လှိုင်းထန်နေသည်။ ၎င်းက အဆုံးမရှိသော တွင်းနက်ကြီးပမာ စုပ်ယူနေပြီး တစ်စိတ်တစ်ပိုင်းက ခြေလက်များသို့ ရောက်ရှိလာသောကြောင့် ဖောက်ခွဲဖော်ထုတ်ရန် လိုအပ်နေကာ ရှောင်ရန်သည် ထွက်ပေါက်အဖြစ် အသုံးပြုခံလိုက်ရ၏။

"ဘန်း ဘန်း ဘန်း"

သူက ဆက်တိုက်ရိုက်နှက်ခံရပြီး ကောင်းကင်ပေါ်သို့ မြှောက်တက်သွားပြီး တစ်ကိုယ်လုံး အကောင်းပကတိဟူ၍ မရှိတော့သဖြင့် သွေးများ စွန်းထင်းနေကာ ကြောက်မက်ဖွယ်ဒဏ်ရာများ ရထားသည်။ သူက အသက်ကို ခက်ခက်ခဲခဲရှူနေရသော်လည်း ယဲ့ချန်က ရပ်တန့်မသွားဘဲ ရူးသွပ်နေပုံပေါ်ပြီး ချီများကို ဖောက်ခွဲဖော်ထုတ်ရန် အရေးတကြီး လိုအပ်နေသည်။ ရှောင်ရန်၏ကိုယ်လုံးကြီးက လေပေါ်သို့ရောက်နေချိန်တွင် သူက ပျံတက်လာပြီး အပေါ်စီးမှ ဝမ်းဗိုက်ကို ထိုးချလိုက်သည်။ ရှောင်ရန်က ဘုန်းခနဲ ထိုးချခံလိုက်ရပြီး တိုက်ပွဲစင်မြင့်ထက်တွင် ဆယ်မီတာကျော်နက်သော တွင်းတစ်ခု ဖြစ်ပေါ်လာကာ စင်ကြီးတစ်ခုလုံး တုန်ခါသွားသည်။ တိုက်ပွဲစင်မြင့်များကို သက်ဆိုင်ရာအခြေအနေအရ ဆောက်လုပ်ထားပြီး နတ်အစေခံတိုက်ပွဲစင်ကို အလယ်အဆင့် ကြယ်သခင်တစ်ယောက်မှသာ ဖျက်ဆီးနိုင်မည်ဖြစ်သော်လည်း ယဲ့ချန်က စွမ်းဆောင်နိုင်လုနီးပါးပင်။

"ကြောက်စရာကောင်းလိုက်တာ"

"ဒါက အဆင့်ခြောက်ရဲ့ အင်အားလား။ သူက လူသားရော ဟုတ်ရဲ့လား"

ထိပ်တန်းမဟာမိတ်နှင့် မီးတောက်နီနန်းတော်မှ တပည့်များဖြစ်စေ၊ အခြားအင်အားစုများမှ တပည့်များဖြစ်စေ ဤမြင်ကွင်းကြောင့် ရင်သပ်ရှုမော ဖြစ်နေကြ၏။ စွမ်းအားရှင်များသည်လည်း အံ့သြတုန်လှုပ်သော မျက်နှာထားများ ဖြစ်ပေါ်နေကြသည်။

"နှစ်ပေါင်းတစ်သောင်းကျော်ခဲ့ပြီ။ အချိန်လေဟာနယ် အဆင့်​ခြောက်ကို နားလည်ထားတဲ့ ဒုတိယမြောက်ကျင့်ကြံသူကို မင်းတို့ ကြားဖူးရဲ့လား"

ရှရွယ်က တအံ့တသြ ရေရွတ်လိုက်ပြီး ထိပ်တန်းမဟာမိတ်၏ တပည့်တစ်ယောက်ဖြစ်နေသည်မှာ နှမြောစရာကောင်းသည်ဟု တွေးနေခဲ့သည်။ သို့မဟုတ်လျှင် သူမက ယဲ့ချန်ကို ကိုယ်ပိုင်တပည့်အဖြစ် ရယူမိပေလိမ့်မည်။

"ဒီလိုလူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ကောင်းကင်သခင်ကတော့ အချိန်လေဟာနယ်အဆင့်ခြောက်အထိ နားလည်ထားတယ်တဲ့။ ဒါပေမယ့် ဒဏ္ဍာရီသက်သက်ပါ"

ချင်ရှုက ခေါင်းယမ်း၍ တစ်ချက်ပြုံးလိုက်သည်။ စွမ်းအားရှင်များက ထိပ်တန်းမဟာမိတ်ကို ဂုဏ်ပြုစကားပြောနေကြသဖြင့် ယဲ့ချန်၏ဆရာ ဖြစ်သောကြောင့် ဂုဏ်ယူနေသည့် ရှန်မူက ကျေနပ်ဂုဏ်ယူနေမိသည်။ လင်လုံ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာရှိသော်လည်း များစွာအံ့သြမနေခဲ့ပေ။ အဆင့်ခြောက်အထိ နားလည်နိုင်သော ကျင့်ကြံသူများအကြောင်း သိထားသော လူနည်းစုတွင် သူမက အပါအဝင်ဖြစ်သည်။ သူမအတွက် စိတ်ရှုပ်စရာဖြစ်နေသည်မှာ ကောင်းကင်ဓားပျံများ၏ စွမ်းအား ဖြစ်သည်။ ရှန်းရန်ကမူ ယဲ့ချန်ကို အေးစက်စက်စိုက်ကြည့်နေပြီး မကောင်းကြံရန် ကြိုးစားနေခဲ့သည်။ ခြင်္သေ့ကြီးက အစွမ်းထက်သော်လည်း သူ့ကို မခြိမ်းခြောက်နိုင်ပေ။ သို့သော် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ၊ ကောင်းကင်ချီကိုးမျိုးနှင့် အချိန်လေဟာနယ် အဆင့်ခြောက်အထိ နားလည်သူက အနာဂတ်၌ သူ့အတွက် အန္တရာယ်ကြီး ဖြစ်လာနိုင်သည်။ သူက လက်ချောင်းများကို မသိမသာလှုပ်ရှား၍ စည်းတံဆိပ်တစ်ခု ချက်ချင်းဖန်တီးလိုက်သည်။

တိုက်ပွဲစင်ထက်ရှိ တွင်းနက်အတွင်း လဲကျနေသော ရှောင်ရန်၏ခန္ဓာကိုယ်အား အနက်ရောင်မီးလျှံတစ်ခုက ရုတ်တရက် လောင်ကျွမ်းသွားကာ အနက်ရောင် သတ္တုအလွှာတစ်ခု ဖြစ်တည်လာပုံပေါ်သည်။ လင်လုံသည် ရှန်းရန်ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။ တစ်ဖက်လူက ထိပ်တန်းမဟာမိတ်၏တပည့်ကို သတ်ဖြတ်လိုလျှင် သူမက သေချာပေါက် တားမြစ်ပေလိမ့်မည်။ သို့ရာတွင် ရှန်းရန်၏လှည့်ကွက်များကြောင့် ထွက်ပေါ်လာမည့် ယဲ့ချန်၏အလားအလာကို သိချင်သောကြောင့် တိတ်တဆိတ် စောင့်ကြည့်နေခြင်းဖြစ်သည်။

လဲကျနေသော ရှောင်ရန်က မတ်တပ်ထရပ်လာသောအခါ ကောင်းကင်သို့ အနက်ရောင် မီးတောက်တစ်ခု မြင့်တက်လာသည်။ သူ၏ကိုယ်တွင်းရှိ စွမ်းအားရှင်၏ ဝိညာဥ်စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာပြီး လက်ခံသူက နတ်အစေခံအဆင့်တစ်ဆယ် ဖြစ်နေသောကြောင့် ရာနှုန်းပြည့် မထုတ်ဖော်နိုင်သော်လည်း ပြင်းထန်လွန်းနေသည်။ ထိုအချိန်၌ သူ၏မျက်လုံးများက အလွန်နက်မှောင်နေပြီး သွေးဆာရက်စက်မှုများ ထင်ဟပ်နေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"သူက ဒီလောက်အရိုက်ခံထားရတာကို ပြန်ထလာနိုင်သေးတယ်ဆိုတော့ သားရဲများ ဖြစ်နေတာလား"

"ဒီနှစ်သိုင်းပြိုင်ပွဲမှာ ဘယ်လိုလုပ် ပါရမီရှင်တွေ ဒီလောက်များနေရတာလဲ"

သန်းရာချီသော ကျင့်ကြံသူများက တိုက်ပွဲစင်မြင့်ကို ကြည့်နေရင်း အံ့သြလွန်းသဖြင့် တိတ်ဆိတ်ကုန်သည်။

"ရှောင်ရန်က တစ်ခုခု မှားနေတယ်"

"ကြောက်စရာကောင်းလိုက်တဲ့ နတ်ဆိုးချီ"

"မီးတောက်နီနန်းတော်မှာ နတ်ဆိုးကျင့်ကြံသူတွေ ဘာကြောင့် ဒီလောက်များနေရတာလဲ"

မီးတောက်နီနန်းတော်၏ တပည့်များက မူမမှန်သောကြောင့် အခြားကျင့်ကြံသူများက ထိပ်တန်းမဟာမိတ်ကိုသာ အနိုင်ရစေချင်ခဲ့သည်။ တစ်ဖက်လူ၏အရှိန်အဝါက ထူးဆန်းနေပြီး လူသားတစ်ယောက်နှင့်ပင် မတူသောကြောင့် ယဲ့ချန်၏မျက်နှာက လေးနက်နေသည်။ သူ၏ ထက်ရှသော အာရုံအရ အန္တရာယ်တစ်ခုကို ခံစားမိသဖြင့် အဆင့်ခြောက်ချီများကို အဆင်သင့် ထုတ်ဖော်ထားလိုက်သည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်း၌ အဆင့်ခုနစ်ချီများ စတင်ဖြစ်ပေါ်လာနေပြီး သူသာ ၎င်းကို နားလည်နိုင်လျှင် ရှောင်ရန်ကို အနိုင်ယူနိုင်ပေလိမ့်မည်။

ထိုအချိန်၌ ရှောင်ရန်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လေထဲရှိ ယဲ့ချန်ကို မော့ကြည့်ကာ ဘန်းခနဲ ပြေးထွက်လာသည်။ သူ၏ခြေထောက်အောက်တွင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာပြီး တိုက်ပွဲစင်မြင့်က ဝုန်းခနဲ ပြိုကျလာသည်။ ထို့ကြောင့် ကြည့်ရှုနေသူများမှာ အလန့်တကြားဖြစ်သွားပြီး အလျင်အမြန်ထွက်ပြေးကာ တိုက်ပွဲကို ဆက်လက်ရှုစားရန်အတွက် ကောင်းကင်၌သာ နေရာယူလိုက်ရသည်။

"သေစမ်း"

ရှောင်ရန်က အနက်ရောင်မီးတောက်များ ခြံရံလျက် ယဲ့ချန်ကို တိုက်ခိုက်လိုက်သည်။ ယဲ့ချန်ကလည်း သေရေးရှင်ရေးဖြစ်နေချိန်တွင် ကြယ်တာရာဘုံကိုးလွှာ ကျင့်စဥ်အတွင်း ကွယ်ဝှက်ထားသည့် တိုက်ကွက်များကို ရုတ်တရက် ဉာဏ်အလင်း ရသွားခဲ့သည်။ တိုက်ကွက်တိုင်းက စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသည်။

"ကြယ်အလင်းဖြိုကွဲလက်သီး"

အချိန်လေဟာနယ်ချီခြောက်ခုက သူ၏လက်သီးထက်တွင် တစ်နေရာ၌ စုစည်းသွားသည်။ ၎င်းက ဖုန်မှုန့်ပမာ သေးငယ်သော်လည်း ပြိုင်ဘက်ကင်းစွမ်းအားများ စုဝေးနေသဖြင့် အလုံးစုံ တတ်ကျွမ်းသွားလျှင် ကြယ်တစ်လုံးကိုပင် ဖျက်ဆီးနိုင်ပေလိမ့်မည်။ ယဲ့ချန်က စတင်နားလည်ရုံသာ ဖြစ်သော်လည်း ထွက်ပေါ်လာသည့် စွမ်းအားက ကြောက်စရာကောင်းနေခဲ့သည်။ ချီများက သူ၏ညာလက်သီးတွင် ဧရာမနဂါးကြီးခြောက်ကောင်ပမာ စုဝေးနေကာ ကောင်းကင်၌ တောက်ပလင်းထိန်နေသည်။

"ဘုန်း"

အစွမ်းထက်အင်အားနှစ်ရပ် ထိပ်တိုက်တွေ့လိုက်သောကြောင့် အချိန်လေဟာနယ်ချီများ ဗြောင်းဆန်သွားကာ တစ်လောကလုံး တိတ်ဆိတ်သွားခဲ့သည်။ တန်ပြန်အားက ကီလိုမီတာထောင်ချီအထိ ပြန့်ထွက်လာကာ ကြယ်သခင်များမှအပ နတ်အစေခံများမှာ မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ဘဲ တစ်ကိုယ်လုံးရှိ သွေးနှင့် ချီများ လှုပ်ခတ်လာသည်။ ပြိုင်ဘက်နှစ်ယောက်တွင် တစ်ယောက်က အချိန်လေဟာနယ်အဆင့်ခြောက်အထိ နားလည်ထားကာ ကျန်တစ်ယောက်တွင် စွမ်းအားရှင်၏ ဝိညာဥ်အစိတ်အပိုင်းတစ်ခု ပိုင်ဆိုင်ထားသောကြောင့် စွမ်းအားသည် နတ်အစေခံအဆင့်ကို များစွာကျော်လွန်နေသည်။ နှစ်ယောက်လုံးက စွမ်းအားချင်းယှဥ်ပြိုင်ရင်း ဖြည်းဖြည်းချင်း နီးကပ်လာစဥ် ယဲ့ချန်သည် တစ်ဖက်လူ၏ နတ်ဆိုးချီက ဆက်တိုက်မြင့်မားလာနေကာ သူ၏အဆင့်ခြောက်ချီများကို ဖိနှိပ်လာနေကြောင်း ခံစားလိုက်ရသည်။

ယဲ့ချန်သည် တစ်ဖက်လူ၏ ကိုယ်တွင်း၌ ရှန်းရန်၏ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေသည်ကို မြင်လိုက်ရ၏။ သူက ရှောင်ရန်၏စွမ်းအားများ မြစ်ဖျားခံရာကို ချက်ချင်းနားလည်လိုက်ပြီး စွမ်းအားရှင်တစ်ယောက်၏ ဝိညာဥ်က သေးငယ်သော ပြဿနာ မဟုတ်ပေ။ ၎င်းက အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း သာမန်ကျင့်ကြံသူများ ယှဥ်ပြိုင်နိုင်သော အရာ မဟုတ်ပေ။ အနက်ရောင်မီးတောက်များက အချိန်လေဟာနယ်ချီများကို ဝါးမျိုနေသောကြောင့် အစွမ်းထက်လွန်းနေသည့် ရှောင်ရန်က သူ့ကို ဖိနှိပ်ထားနိုင်လေသည်။

"ငါက ဒီလိုနဲ့ အရှုံးပေးလိုက်ရတော့မှာလား”

All Chapters