← Chapters

သစ္စာစကား

Vol. 10 Ch. 31

သစ္စာစကား

Vol. 10 Ch. 31

အမေရိကန်နိုင်ငံ၊ မဟာချောက်ကမ်းပါးဒေသ။

သဲကျောက်တောင်တွေပေါ်မှာ ပိုးကောင်တွေရဲ့ဘုရင်မ ဥစာကီနဲ့ မိရိုင်ဦးဆောင်တဲ့အဖွဲ့က မျက်နှာချင်းဆိုင်ရပ်နေကြတယ်။ သူတို့နှစ်ဖွဲ့လုံးက ကမ္ဘာကြီးရဲ့ကံကြမ္မာကို ဆုံးဖြတ်ကြမယ့်သူတွေပါ။

“အစ်မတော်ကို အိမ်ပြန်ခေါ်ရမယ်။” မိရိုင်က ဒဏ္ဍာရီလာဓားကို ဆွဲထုတ်လိုက်တယ်။ ကျန်တဲ့သုံးယောက်ကလည်း ဓားကိုကိုယ်စီထိကိုင်လိုက်ပြီးတဲ့နောက် ဓား​က အလင်းရောင်အဖြစ်ပြောင်းပြီး လေးပိုင်းကွဲကာ သူတို့လေးယောက်ကို သက်ဆိုင်ရာစစ်သည်တွေအဖြစိပြောင်းပေးလိုက်တယ်။

မိရိုင်ကို ဖီးနစ်မီးတောက်တွေက ဝန်းရံထားပြီး ဘာမီလီယံစစ်သည်ဝတ်စုံနဲ့လေးကိုင်စစ်သည်အဖြစ်ကို ပြောင်းလဲသွားပြီး လီဆာကတော့ လှံကိုင်ထားတဲ့ နဂါးပြာအဖြစ်ပြောင်းသွားပြီး သူ့အနားမှာလေပြေတွေတိုက်ခိုက်နေတယ်။ ယုတိုကတော့ လျှပ်စီးတွေဖုံးလွှမ်းနေတဲ့ အဖြူရောင်နင်ဂျာအဖြစ်ကို ပြောင်းလဲသွားတယ်။ တာလီယာကတော့ ရေခဲဒိုင်းကိုင်ထားပြီး ရေခဲစွမ်းအားတွေက သူ့ကိုဖုံးလွှမ်းသွားတယ်။

“စိတ်မကောင်းပေမဲ့ ပိုးကောင်ဘုရင်မတစ်ယောက်အနေနဲ့ ငါ့တာဝန်က ဒီကမ္ဘာကိုသိမ်းပိုက်ပြီး ဒီကအိုမီဂါအရင်းအမြစ်ကို ရယူဖို့ပဲ။ အခုအိမ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။” ဥစာကီကပြောလိုက်တယ်။ မိရိုင်ကတော့ မျက်နှာပျက်သွားပြီး...

“ဒီလိုဆိုမှတော့ အတင်းခေါ်ဖို့အပြင် တခြားနည်းလမ်းမရှိတော့ဘူးပေါ့။” လို့ပြောလိုက်တယ်။

“သေစမ်း...”

လီဆာက ပထမဆုံးစလှုပ်ရှားတယ်။ သူက အတောင်ပံကိုခတ်ပြီး အသံမြန်နှုန်းကိုချိုးဖောက်ကာ ဥစာကီရဲ့လည်မျိုကို လှံနဲ့ထိုးဖို့ကြိုးစားတယ်။ ဥစာကီကတော့ လှံကိုသာသာလေးတိမ်းရှောင်လိုက်ပြီး ဓားရိုးနဲ့ လီဆာရဲ့ဗိုက်ကို လှမ်းထောက်လိုက်ပါတယ်။

“အွပ်...” လီဆာပြန်ဆုတ်လိုက်ရပြီးနောက် ဥစာကီက ခြေထောက်နဲ့လီဆာကို ဆက်ကန်ဖို့လုပ်တယ်။

“ရမလား...” ရေခဲဒိုင်းကိုင်ထားတဲ့ တာလီယာက ဥစာကီနဲ့လီဆာကြားကိုဝင်ပြီး တားဆီးလိုက်တယ်။

ထန်း....

သတ္တုချင်းထိခတ်မိသံနဲ့အတူ တာလီယာရဲ့ဒိုင်းက ရေခဲသားတွေက ကွဲအက်သွားခဲ့ပေမဲ့ ကန်ချက်ကို ကောင်းကောင်းတားဆီးနိုင်ခဲ့ပြီး လီဆာကိုဒဏ်ရာအကြီးအကျယ်မရအောင် ကာကွယ်လိုက်နိုင်တယ်။

“ဒီတိုင်းဆက်ဖြစ်နေရင် မကောင်းတော့ဘူး။” မိရိုင်ကတော့ သူတို့ရဲ့ရှေ့မဆက်တဲ့တိုက်စစ်ကြောင့် စိုးရိမ်လာပြီး လေးညို့ကိုဆွဲကိုင်ကာ မီးမြားတွေကို တရစပ်ပစ်လွှတ်တယ်။

ဘုန်း... ဘုန်း... ဘုန်း

မကြာခင်မှာပဲ သဲကျောက်တုံးတွေနဲ့ပြည့်နေတဲ့ မဟာချောက်ကမ်းပါးဒေသကြီးက ဖီးနစ်မီးတောက်တွေကြောင့် မဟာအဝီဇိငရဲလို့တောင် ထင်ချင်စရာဖြစ်လာတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဥစာကီက ဓားကိုတောင်ဓားအိမ်ထဲကနေမထုတ်သေးဘဲ ဓားကိုယ်ထည်နဲ့သာ မီးမြားတွေကို သာသာလေးဖယ်ရှားနေပါတယ်။

“အခုပဲ...” ယုတိုက မိုးကြိုးလျှပ်စီးစွမ်းအားကိုသုံးပြီး သူ့မြန်နှုန်းကို အသံမြန်နှုန်းထက် ဆယ့်နှစ်ဆအထိ ဆွဲတင်လိုက်တယ်။ သူ့ခန္ဓာကိုယ်က အရိပ်တစ်ခုလိုမျိုးပျောက်သွားပြီး ဥစာကီနောက်မှာ ပြန်ပေါ်လာတယ်။ သူက မီးမြားတွေကြောင့် အာရုံများနေတဲ့ ဥစာကီကို အလစ်တိုက်ချင်ခဲ့တာပါ။

“ဘာ....” ဒါပေမဲ့ ဥစာကီက သူ့ကိုလှည့်ကြည့်လာပြီး ဓားကိုဓားအိမ်ထဲက ထုတ်လိုက်ချိန်မှာတော့ ယုတိုက သူတွက်ကိန်းမှားသွားပြီမှန်းသိလိုက်ရတယ်။ သတိမထားမိလိုက်ခင်မှာပဲ ဥစာကီရဲ့မိစ္ဆာသတ်ဓားက ယုတိုရဲ့ပခုံးထဲနစ်ဝင်သွားခဲ့ပြီ။ မုဆိုးက သားကောင်ဖြစ်သလိုမျိုး အလစ်တိုက်မယ့်သူက အလစ်တိုက်ခံရတဲ့သူဖြစ်သွားပြီ။ သွေးတွေက နေရာအနှံဖြာထွက်လာတယ်။

“ယုတို...” တခြားစောင့်ရှောက်သူသုံးယောက်က ယုတိုကိုစိုးရိမ်ပြီး တိုက်ရိုက်ပြေးဝင်လာကြတယ်။ ဥစာကီကတော့ ခေါင်းကိုခါယမ်းလိုက်ပြီး ဓားကိုမြှောက်လိုက်တယ်။ အနက်ရောင်အရိပ်ချိန်းကြိုးတွေက ဥစာကီကိုဗဟိုပြုပြီး မဟာချောက်ကမ်းပါးတစ်လျှောက် ကီလိုမီတာထောင်ချီနဲ့ဧရီယာတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။

“စောင့်ရှောက်သူသားရဲလေးကောင်ရဲ့စွမ်းအားကို ဆက်ခံထားတယ်ဆိုပေမဲ့... ဒီလောက်ပဲလား။ စိတ်ပျက်စရာပဲ။” ဥစာကီက သက်ပြင်းချလိုက်တယ်။ သူက ဒီထက်ပိုမျှော်လင့်ထားတာ။

မိရိုင်တို့လေးယောက်ကတော့ မြူတန့်စွမ်းအားတွေတင်မကဘဲ စောင့်ရှောက်သူတွေရဲ့စွမ်းအားကိုပါ ချိပ်ပိတ်ထားနိုင်တဲ့ ဥစာကီရဲ့မိစ္ဆာသတ်ဓားစွမ်းအင်ကြောင့် အကြီးအကျယ်တုန်လှုပ်နေကြတယ်။ ဒါပေမဲ့ လီဆာတစ်ယောက်ကတော့ ခန္ဓာကိုယ်အားသက်သက်ကို အားကိုးရင်းနဲ့ သံချိန်းကြိုးတွေကြားမှာ ရုန်းကန်ပြီး ဥစာကီအနားကို ကပ်လာနိုင်တယ်။

“မက်ဒါနာအတွက် နင်တို့ပိုးကောင်တွေအားလုံးကို ငါသတ်ပစ်ရမယ်။ နင်တို့ကို အနိုင်ရခွင့်မပေးနိုင်ဘူး။”

လီဆာက ဥစာကီကိုလက်သီးနဲ့ထိုးဖို့ရွယ်တယ်။ ဒါပေမဲ့ ဥစာကီက ဓားကိုလက်ထဲမှာကစားပြီး လီဆာရဲ့ဘယ်ဘက်ရင်ကို ထိုးစိုက်လိုက်တယ်။ သွေးတွေ၊ နောက်ထပ်သွေးတွေအများကြီး သဲမြေပေါ်မှာ ပြန့်ကျဲကုန်ပြန်တယ်။

“လီဆာ...” မိရိုင်ရဲ့ပါးစပ်ကနေ လီဆာရဲ့နာမည်ထွက်လာချိန်မှာ လီဆာရဲ့မျက်လုံးအိမ်တွေက ကျယ်ပြန့်သွားပြီး သက်မဲ့ခန္ဓာကိုယ်က မြေပေါ်ကို တအိအိပြိုလဲကျသွားတယ်။ ဥစာကီရဲ့စွမ်းအားစက်ကွင်းထဲမှာ ပြန်ကောင်းနိုင်စွမ်းဆိုတာမရှိဘူး။

“မကောင်းတဲ့ကောင်မ...” တာလီယာကလည်း သံချိန်းကြိုးတွေကနေရုန်းထွက်လာြပီး လီဆာအတွက်လက်စားချေဖို့ကြိုးစားပေမဲ့ ဥစာကီက လက်တစ်ချက်ပဲဝေ့ယမ်းလိုက်ပြီး တာလီယာလည်းပဲ အလားတူကံကြမ္မာကို ခံစားလိုက်ရတယ်။ သူ့ရဲ့မစုံလင်တော့တဲ့ခန္ဓာကိုယ်က အခုမဟာချောက်ကမ်းပါးကြီးရဲ့မြေမှာ လဲလျောင်းလို့ပေါ့။

“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ... အစ်မကိုပြန်ခေါ်ရမယ်... ဒါကြီးက အစ်မမဟုတ်ဘူး... မကောင်းဆိုးဝါးပဲ... အစ်မရေ... နင်ဘယ်ရောက်နေတာလဲ... ငါအရမ်းကြောက်တာပဲ... မဟုတ်သေးဘူး... မဟုတ်သေးဘူး...ဒါတကယ်မဖြစ်နိုင်ဘူး....”

သူ့ရဲ့မိတ်ဆွေသုံးယောက်လုံးအသတ်ခံရပြီးချိန်မှာတော့ မိရိုင်ရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး သူ့လက်တွေက ခေါင်းကဆံပင်တွေကို အဆက်မပြတ်ဆောင့်ဆွဲတယ်။ ဦးရေပြားတွေပါလန်ကုန်ပြီး ဆံပင်တွေကျွတ်ပါလာပေမဲ့ တုန်လှုပ်နေတဲ့မိရိုင်က နာကျင်မှုကို ခံစားမိပုံမပေါ်ဘူး။ အဲဒီနောက်တော့ မိရိုင်က သူ့မျက်နှာနဲ့လက်ဖျံတွေကို လက်သည်းနဲ့စတင်ကုပ်ခြစ်တယ်။ သွေးတွေစီးကျလာပေမဲ့ သူ့ကိုယ်သူသတိထားမိပုံမရ။

“မိရိုင်...” ဥစာကီကတော့ သူ့ရဲ့ပိုးကောင်တစ်ဝက်ပုံစံကို ပယ်ဖျက်လိုက်ပြီး ဓားကိုဓားအိမ်ထဲပြန်သွင်းလိုက်တယ်။ ပြီးနောက် မိရိုင်နားကို ကပ်လာခဲ့ပေမဲ့ မိရိုင်က ဥစာကီကိုမြင်ရပုံမပေါ်သလို သတိထားမိပုံလည်းမပေါ်ဘူး။ ပြောရရင် သူ့နာမည်ခေါ်သံကိုတောင် ကြားတဲ့ပုံမပေါ်ဘူး။

“အစ်မ... ဒီနေရာက အရမ်းမှောင်မိုက်နေတာပဲ... ကျွန်မကြောက်တယ်...” မိရိုင်ရဲ့မျက်လုံးတွေထဲကနေ မျက်ရည်တွေစတင်စီးကျလာပြီး စတင်ငိုကြွေးတယ်။ ဟုတ်တယ်၊ မိရိုင်သတိလွတ်သွားပြီ။ သတိလက်လွတ်ရူးသွပ်သွားခဲ့ပြီ။

“မိရိုင်... ဒီကိစ္စတွေက ဒီမှာအဆုံးသတ်သွားခဲ့ပြီ။” ဥစာကီက မိရိုင်ကို ဖက်ထားလိုက်တယ်။ ဒါပေမဲ့ မိရိုင်က အဲဒါကိုခံစားမိပုံမပေါ်ဘူး။ သူစိတ်ကူးနဲ့ဖန်တီးထားတဲ့ မှောင်မိုက်နေတဲ့အကျဥ်းခန်းထဲမှာ သူ့ကိုယ်သူပိတ်လှောင်ထားခဲ့ပြီ။

“ဒီလိုနေရာမှာမနေချင်ဘူး... အထီးကျန်ပြီးကြောက်ဖို့ကောင်းတယ်။”

“အစ်မသိပါတယ်။” ဥစာကီက မိရိုင်ကို ပိုပြီးကြင်ကြင်နာနာထွေးပွေ့ထားလိုက်တယ်။ အဲဲဒီနောက်တော့

“အိမ်အတူပြန်ကြရအောင်...”လို့ပြောလိုက်ပေမဲ့ မိရိုင်ကတော့ ကြားနိုင်တော့ပုံမရ။

....

“သခင်လေး၊ ​မြန်​မြန်သွားရအောင်။” အထုပ်အပိုးတွေအားလုံးကို ကားပေါ်တင်ပြီးတဲ့ မက်ဒါနာက ပြောလိုက်တယ်။ ပိုးကောင်စစ်တပ်က သူတို့မြို့လေးနဲ့မနီးမဝေးနေရာမှာရောက်နေပြီ။ မဟာမိတ်စစ်တပ်က ခံချနေတယ်ဆိုပေမဲ့ အခုဆိုရင် ပိုးကောင်ဗိုလ်ချုပ်အရေအတွက်က ပိုများလာပြီဖြစ်တာကြောင့် ငွေရောင်စစ်သည်ရဲ့စွမ်းအားမရှိဘဲ စစ်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။ စစ်ပွဲထဲမှာ မစ်ရှင်အဖွဲ့ကလူတွေလည်းပါတဲ့အတွက်ကြောင့် မက်ဒါနာတို့ကို လာကူမပေးနိုင်ဘူး။

“ဒါပေမဲ့... အဲဒီငွေရောင်သေတ္တာက ဘယ်တုန်းက အစ်မမှာရှိတာလာတာလဲ။” ရေမွန်က မက်ဒါနာလက်ထဲက သေတ္တာကိုသတိထားမိသွားပြီး မေးလိုက်တယ်။

“မိတ်ဆွေတစ်ယောက်က ပြန်လာပေးပေးတာ။” မက်ဒါနာက ပုံမှန်အတိုင်းပဲပြောလိုက်တယ်။ ဒီကိုစလာတုန်းက မက်ဒါနာမှာ နည်းပညာဝတ်စုံမပါလာဘူး။ ဒါပေမဲ့ ဖရာလီတာ ဒီကိုရောက်လာတုန်းက သူ့အတွက်လိုရမယ်ရဆိုပြီးပေးခဲ့တာ။ အထူးသဖြင့်တော့ အခုလိုအခြေအနေမျိုးအတွက်ပါ။

“ဆိပ်ကမ်းမှာ ကယ်ဆယ်ရေးသင်္ဘောစောင့်နေပြီတဲ့။ သွားကြရအောင်။” မက်ဒါနာက ရေမွန်ကို ကားပေါ်တင်ပြီးတဲ့နောက် ကားစမောင်းတယ်။ နာရီဝက်လောက်ကြာတဲ့အထိ ခရီးက ဖြောင့်ဖြူးနေခဲ့ပေမဲ့ မြို့ကနေအထွက် အဝေးပြေးလမ်းပေါ်ကိုရောက်တာနဲ့ ကားတွေအများကြီး လမ်းမှာတန်းစီနေတာကြောင့် ဆက်သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

“ဒီလောက်ကားတွေအများကြီးကိုစောင့်နေရမယ်ဆိုရင် ပိုးကောင်စစ်တပ်က လိုက်မီလာပြီး ငါတို့ကိုသတ်သွားလိမ့်မယ်။” မက်ဒါနာက အခြေအနေကို သုံးသပ်လိုက်ပြီးနောက် ငွေရောင်စစ်သည်ဝတ်စုံကို ဝတ်လိုက်တယ်။

“ဒီကနေစပြီးတော့ လေကြောင်းကနေ ခရီးသွားရပါမယ်။ လေယာဥ်မှူးက ကျွန်မမလို့ စိုးရိမ်စရာမရှိပါဘူး။”

ငွေရောင်စစ်သည်ဝတ်စုံကို ပြောင်းဝတ်ပြီးတဲ့ မက်ဒါနာက ရေမွန်ကို မင်းသမီးလေးလို ပွေ့ချီလိုက်တယ်။ ရေမွန်ကတော့ လေထဲကို တဖြည်းဖြည်းမြင့်တက်လာတဲ့ သူ့ခန္ဓာကိုယ်နဲ့ကျန်ခဲ့ပြီဖြစ်တဲ့ကားကို ကြည့်ရင်းကနေ မျက်နှာဖြူဖျော့လာပါတယ်။

“ကျ... ကျွန်တော်အမြင့်ကြောက်တက်တယ်ဗျ...” ရေမွန်က လေယာဥ်ပျက်ကျဖူးတဲ့သူမလို့ လေကြောင်းကနေ ခရီးသွားရတာရော အမြင့်ကိုပါကြောက်ပါတယ်။ ဒါပေမဲ့ တခြားနည်းလမ်းမရှိဘူးလေ။ ဒီလိုနဲ့ပဲသိပ်မကြာခင်မှာ မက်ဒါနာတို့က ကုန်းမြေတိုက်စွန့်ခွာရေးသင်္ဘောပေါ့ကို ရောက်လာကြတယ်။

“ဒီသင်္ဘောတောင်မှ နောက်ဆုံးသင်္ဘောတဲ့။ မဟာမိတ်က စွမ်းအားကြီးပေမဲ့ မြောက်အမေရိကတိုက်တစ်ခုလုံးက လူသားတွေကို ရွှေ့ပြောင်းပေးနိုင်လောက်တဲ့အထိ မတတ်နိုင်တာ သေချာတယ်လေ။” ရေမွန်က သင်္ဘောသားတစ်ယောက်နဲ့ စကားပြောပြီးတဲ့နောက် သက်ပြင်းချလိုက်တယ်။

သူတို့စောရောက်သွားပေမဲ့ ကယ်ဆယ်ရေးသင်္ဘောက မထွက်ခွာသေးဘဲ လူတွေကိုတင်နိုင်သလောက်ဆက်တင်နေဆဲပါ။ အဝေးမှာတော့ ပိုးကောင်စစ်တပ်ကြီးချီတက်နေတဲ့အသံနဲ့ မဟာမိတ်တပ်တွေရဲ့အမြောက်သံတွေကို ကြားနေရပြီ။

“သင်္ဘောလူပြည့်သွားပြီ။ မကြာခင်ထွက်ခွာတော့မယ်နဲ့တူတယ်။” မက်ဒါနာက သင်္ဘောကုန်းပတ်လက်ယမ်းပေါ်ကနေ ကြည့်နေရင်းကနေ ပြောလိုက်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ စိတ်ပျက်စရာကောင်းတဲ့ကြေညာသံကို ကြားလိုက်ရတယ်။

[ခရီးသည်များခင်ဗျ၊ ကျုပ်က သင်္ဘောရဲ့ကပ္ပတိန်လူးဝစ်ပါ။ သင်္ဘောအင်ဂျင်အမှတ် ၂ က စက်ချို့ယွင်းနေတဲ့အတွက် အခုမထွက်ခွာနိုင်သေးးပါဘူး။ အင်ဂျင်နီယာအဖွဲ့က အတတ်နိုင်ဆုံးကြိုးစားပြင်ဆင်နေပါတယ်။ ကျေးဇူးပြုပြီး စိတ်ရှည်ပေးကြပါ။]

မက်ဒါနာက အဲဒီကြေညာချက်ကြောင့် စိုးရိမ်မှုတွေမြင့်တက်လာတယ်။ သူတင်မဟုတ်ဘဲ သင်္ဘောပေါ်က တခြားသူတွေလည်း အလားတူပါပဲ။ မကြာခင် ပိုးကောင်စစ်တပ်က ဒီကိုရောက်လာတော့မယ်မဟုတ်လား။

“တစ်ချက်စစ်ကြည့်ရအောင်...” မက်ဒါနာက မျက်လုံးကိုမှတ်လိုက်ပြီး သူ့ဖုန်းကိုတစ်ဆင့်ခံအဖြစ်သုံးကာ ဂြိုဟ်တုဂိုင်ယာနဲ့ဆက်သွယ်လိုက်တယ်။ အဲဒီနောက်ရန်သူ့စစ်တပ်ရဲ့တည်နေရာနဲ့အချက်အလက်ကို ကြည့်လိုက်တယ်။

“ဒီနေရာကတပ်ဖွဲ့ကိုဦးဆောင်နေတဲ့ ပိုးကောင်ဗိုလ်ချုပ်က ယင်ကောင်ပဲ။ ဒါကြောင့် နောက်လေးဆယ့်ငါးမိနစ်နေရင် မဟာမိတ်တပ်ကို အမြစ်ဖြတ်နိုင်ပြီး ဒီကိုရောက်လာတော့မှာ။ Junior Guardianရှုံးသွားလို့ တခြားမစ်ရှင်အဖွဲ့ဝင်တွေက ပိုးကောင်ဘုရင်မနဲ့ရင်ဆိုင်နေတာနဲ့ ဒီကိုလာနိုင်တော့မှာမဟုတ်ဘူး။”

မက်ဒါနာက သက်ပြင်းအရှည်ကြီးချပြီး သင်္ဘောကိုထိလိုက်တယ်။ သင်္ဘောရဲ့ပြင်ဆင်မှုအခြေအနေကိုလည်း သူသိဖို့လိုသေးတယ်လေ။

“မကောင်းဘူး.... အင်ဂျင်ကိုနှိုးမယ့် မော်တာလောင်သွားတာပဲ။ အစားထိုးမယ့်ပစ္စည်းပါပေမဲ့ နောက်တစ်နာရီလောက်ကြာဦးမှာ။”

ပိုးကောင်စစ်တပ်က သူတို့မထွက်ခွာနိုင်ခင်ရောက်လာတော့မယ်ဆိုတာ တွေးမိတော့ မက်ဒါနာက ရေမွန်အတွတ်စိတ်ပူသွားတယ်။ သူ့ရဲ့စိတ်ပူပန်မှုမှာ သင်္ဘောပေါ်က တခြားသူတွေအတွက်မပါဘူး။ စက္ကန့်အနည်းငယ်လောက် သူ့ကိုယ်သူထူးဆန်းတယ်လို့ တွေးမိတယ်။ ပြောရရင် ကားလမ်းပေါ်မှာ ပိတ်မိနေတဲ့သူတွေကိုကယ်ဖို့ ဟီးရိုးတစ်ယောက်အနေနဲ့ သူတွေးခဲ့မိသင့်တယ်မဟုတ်လား။ ဒါပေမဲ့ သူက ရေမွန်တစ်ယောက်ကိုပဲကယ်ခဲ့တာဖြစ်ပြီး အဲဒီနေရာက အခုစစ်တလင်းဖြစ်နေပါပြီ။

ဟူး... မက်ဒါနာက သက်ပြင်းချလိုက်တယ်။ ဒါက အချစ်ကြောင့်ဆိုတာ သူသိနေပေမဲ့ပေါ့...

“လောလောဆယ်တော့ ရေမွန်အတွက် စဥ်းစားရတာပေါ့။” မက်ဒါနာက ငွေရောင်သေတ္တာကို ထပ်ဖွင့်ဖို့ပြင်တယ်။ ဒါပေမဲ့ ရေမွန်က မက်ဒါနာရဲ့လက်ကို ဆွဲထားလိုက်တယ်။

“မပြောဘဲနဲ့ ဘယ်ကိုသွားမလို့လဲ။”

“သခင်လေး...” မက်ဒါနာက အဲဲဒီနောက်တော့ သူသိထားသမျှအကုန်လုံးကို ရေမွန်ကိုပြောပြလိုက်တယ်။ ရေမွန်က အခြေအနေကို နားလည်တယ်ဆိုပေမဲ့ မက်ဒါနာတစ်ယောက်တည်းကို လွှတ်လိုက်ဖို့အတွက် စိတ်မချဘူး။

“ယင်ကောင်ဗိုလ်ချုပ်က အားလုံးထဲမှာ အစွမ်းအထက်ဆုံးမဟုတ်လား။ ခင်ဗျားမပြန်လာနိုင်ရင် ဘယ်လိုလုပ်မှာလဲ။”

“ဒါပေမဲ့ ကျွန်မသူ့ကိုသွားတားမှ သခင်လေး အန္တရာယ်ကင်းမှာပါ။”

“ကျွန်တော်နားလည်တယ်ဆိုပေမဲ့... နောက်တစ်ခါ တစ်ယောက်တည်းမဖြစ်ချင်တော့ဘူး။” ရေမွန်က သူ့နှလုံးသားထဲက စကားကို ပြောလိုက်တယ်။ မက်ဒါနာကလည်း ရေမွန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

“ဒီသင်္ဘောက ပြင်သစ်နိုင်ငံ မာဆေးမြို့ကိုသွားမှာမဟုတ်လား။ တကယ်လို့ ကျွန်မသင်္ဘောထွက်တဲ့အထိ ပြန်မလာနိုင်ခဲ့ရင်တောင်မှ ကျွန်မကို မာဆေးမြို့မှာစောင့်နေပေးပါ။ အဲဒီမှာ ထာဝရအတူနေသွားကြမယ်လေ။”

“ခင်ဗျားလိမ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ။”

“အမြဲတမ်း အတူရှိနေပါမယ်လို့ သစ္စာဆိုပေးမယ်လေ။” ဟုတ်တယ်၊ ဒီသစ္စာစကားက လက်ထပ်မယ့်သူတွေဖို့ဆိုတာ သူတို့သိပါတယ်။ ဒါပေမဲ့ အဲဒီအရာက အခိုင်မြဲဆုံးပဲလေ။ ရေမွန်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး..

“ဒါပေမဲ့ အနီးအနားမှာ ဖာသာမှမရှိတာ။”

“ကျွန်မတို့က ပင်လယ်ပြင်ကြီးကို သက်သေထားပြီးတော့ သစ္စာဆိုကြမှာလေ။” မက်ဒါနာက ပြောလိုက်ရင်းနဲ့ အဝတ်အိတ်ထဲကနေ အဖြူရောင်ရေချိုးခန်းပုဝါလေးတစ်ထည်ကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် သူ့ခေါင်းပေါ်မှာဖြန့်တင်လိုက်ပြီး အရပ်ပုတဲ့ရေမွန်အတွက်အဆင်ပြေအောင် ရှေ့မှာဒူးထောက်ထိုင်ချလိုက်တယ်။ ဝင်လုဆဲဆဲနေရောင်က မက်ဒါနာအပေါ်ဖြာကျနေပြီး ရေမွန်က ပင့်သက်ရှိုက်လိုက်မိတယ်။

“ကျွန်တော့်ရဲ့သတို့သမီးက ဒီလောက်လှမယ်လို့ မထင်ခဲ့မိဘူး။”

“ပေါက်ကရတွေမပြောတော့ဘဲ သစ္စာစကားပေါ်ကိုပဲ ဂရုစိုက်ပါသခင်လေး။”

“ကျွန်ုပ် ရေမွန် ဂလော်ရီယားသည် မက်ဒါနာကို ဇနီးမယားအဖြစ် သတ်မှတ်ပေါင်းသင်းပါမည်။ ယနေ့မှစ၍ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာမကျန်းဖြစ်သည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်သည်ဖြစ်စေ၊ ချစ်မြတ်နိုးစွာဖြင့် သေတစ်ဖန်အသက်တစ်ဆုံး အတူရှိနေမည်ဟု ပင်လယ်ပြင်ကို သက်သေထားပြီး ကျိန်ဆိုပါသည်။”

“ကျွန်မ မက်ဒါနာသည် ရေမွန် ဂလော်ရီးယားကို ချစ်ခင်ပွန်းအဖြစ် သတ်မှတ်ပေါင်းသင်းလိုပါသည်။ ယနေ့မှစ၍ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာမကျန်းဖြစ်သည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်သည်ဖြစ်စေ၊ ချစ်မြတ်နိုးစွာဖြင့် သေတစ်ဖန်အသက်တစ်ဆုံး အတူရှိနေမည်ဟု ပင်လယ်ပြင်ကို သက်သေထားပြီး ကျိန်ဆိုပါသည်။”

[စာရေးသူ၏မှတ်စု: မဖတ်လည်းကိစ္စမရှိ။

စာရေးသူနိုင်ငံခြားမထွက်ခင် နောက်ဆုံးကြည်ခဲ့တဲ့ Animeက Mahoromantic ဖြစ်ပါသည်။ ပျက်စီးခါနီးတိုက်ပွဲဝင်စက်ရုပ်မလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့အိမ်မှာ သာမန်အိမ်စေအဖြစ် လာလုပ်ကိုင်နေတာမျိုးပေါ့။ တော်တော်လေးသဘောကျခဲ့ပြီး ငိုလည်းငိုခဲ့ရပါတယ်။ အခုမက်ဒါနာရဲ့နဂါးပြာစမ်းသပ်မှု:မျက်မှောက်မှာ ဖြစ်ပျက်နေတာကလည်း အဲဒီဂန္တဝင်Anime ထဲက အဖြစ်အပျက်တွေကို မှီငြိမ်းထားတာဖြစ်ပါတယ်။ သဘောကျလွန်းလို့ ပြန်လည်ဖန်တီးခဲ့ခြင်းဖြစ်ပြီးတော့ မသမာစိတ်နဲ့ကူးယူထည့်သွင်းထားခြင်းမဟုတ်ကြောင်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။]

All Chapters