← Chapters

လူလိမ်

Vol. 10 Ch. 32

လူလိမ်

Vol. 10 Ch. 32

မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကိုဝတ်ပြီးတော့ စစ်မြေပြင်ကို ဖြတ်သန်းလာခဲ့တယ်။ သူက အခုအချိန်မှာ ဟီးရိုးတစ်ယောက်မဟုတ်ပါဘူး။ အဲဒီအစား မိသားစုတစ်ခုကိုကာကွယ်ဖို့လုပ်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်သက်သက်ပါပဲ။ လူတွေကို မကူညီနိုင်တော့တဲ့အတွက် သူအပြစ်ရှိသလိုမခံစားရဘူးလားလို့မေးရင် ရှိတယ်လို့ပြောရမှာဆိုပေမဲ့ သူ့ရဲ့ပထမဦးစားပေးက အခုအချိန်မှာ လူသားတွေမဟုတ်တော့ဘဲ ရေမွန်တစ်​ယောက်သာဖြစ်ပါတယ်။

“တကယ်လို့ သူတစ်ယောက်ပဲ အသက်ရှင်မယ်ဆိုရင်တောင် ငါ့အတွက်အဆင်ပြေပါတယ်။”

ပျံသန်းနေပြီးနောက် မိနစ်အနည်းငယ်အကြာမှာ မက်ဒါနာက အဝေးကိုလှမ်းကြည့်လိုက်တယ်။ သူနေရာမှန်ကို ရောက််လာပြီ။ အဝေးတစ်နေရာမှာ ယင်ကောင်က ပိုးကောင်သိန်းသောင်းချီကိုဦးဆောင်ပြီး လူသားစစ်တပ်ကို တိုက်ခိုက်နေတယ်။ လူသားတွေက အခုဆိုရင် ခုခံနိုင်စွမ်းမရှိလောက်အောင်ကို ဖြစ်နေပါပြီ။

“ငါရအောင်တားမယ်...” မက်ဒါနာက အံ့ကြိတ်လိုက်တယ်။ သူ့မှာ ဒဏ္ဍာရီလာဓားမရှိတော့ဘူး။ ငွေရောင်စစ်သည်ဝတ်စုံက အလွန်အစွမ်းထက်ပေမဲ့ ဒဏ္ဍာရီလာဓားမရှိဘဲ ယင်ကောင်လိုပြိုင်ဘက်မျိုးကို ယှဥ်တိုက်တာက သိပ်အန္တရာယ်များတယ်။ ဒါပေမဲ့ သူ့မှာတခြားရွေးချယ်စရာမရှိဘူး။

“လာခဲ့...” မက်ဒါနာက မြေဆွဲအားဓားကို ပိုးကောင်အုပ်ထဲ ပစ်ထည့်လိုက်တယ်။ ကမ္ဘာ့မြေဆွဲအား ရှစ်ဆအထိမြှင့်ထားတဲ့ဓားချက်က အရှိန်အဟုန်ပြင်းစွာနဲ့ မြေပြင်ပေါ်ကို ပြုတ်ကျတဲ့အတွက် မြေကြီးတွေအက်ကဲလို့ ပိုးကောင်တွေလည်း ညပ်ပါသေဆုံးကုန်တယ်။

“Void Stream Rush!” ငွေရောင်စစ်သည်က မြေပေါ်ဆင်းနိုင်တာနဲ့ ဓားကိုပြန်ကောက်ယူလိုက်ပြီး အပြင်းစပြေးတယ်။ သူနောက်မှာကျန်ခဲ့တဲ့အရာတိုင်းက ပိုးကောင်အသေတွေနဲ့အပျက်အစီးတွေဖြစ်ပြီးတော့ ငွေရောင်စစ်သည်ဝတ်စုံဟာ ပိုးကောင်တွေဆီကနေထွက်တဲ့ သွေးရည်ကြည်ကြောင့် စွဲစွဲဆိုကုန်တယ်။

“ ငွေရောင်စစ်သည်၊ မင်းက ငါရှိနေတဲ့နေရာမှာ ငါ့ရဲ့အပေါင်းအပါတွေကို သတ်ရဲတယ်ပေါ့။” မကြာခင်မှာပဲ အနက်ရောင်အနောက်တိုင်းဝတ်စုံပေါ်မှာ ဦးထုပ်အဝိုင်းကိုဆောင်းထားတဲ့ လူငယ်က မက်ဒါနာရှေ့မှာပေါ်လာတယ်။ အဲဒီလူက သူ့ကို ဒေါသနဲ့ကြည့်နေတယ်။ ဒီလူက ပိုးကောင်ဗိုလ်ချုပ်တွေရဲ့လက်ရှိခေါင်းဆောင် ယင်ကောင်ပါ။ အလွန်အမင်းအစွမ်းထက်တဲ့သူဖြစ်တယ်။

“ယင်ကောင်၊ ဒီနေ့မင်းကိုငါသတ်မယ်...” ငွေရောင်စစ်သည်က မြေဆွဲအားကို ဆယ့်ခြောက်ဆအထိဆွဲတင်လိုက်တယ်။ ဓားက လေးလွန်းလို့ ဝတ်စုံတောင်မှ အရှိန်နှေးကျသွားတဲ့အထိပဲ။ ဒါပေမဲ့ ယင်ကောင်ကို ထိခိုက်အောင်လုပ်ဖို့ဆိုရင် ဒီလောက်က မလုံလောက်သေးဘူး။

“မင်းက ဆာဂီဖစ်လက်ကနေ လွတ်လာတယ်ဆိုတော့ တကယ့်ကိုချီးကျူးစရာကောင်းတဲ့ စစ်သည်တစ်​​ယောက်မှန်း ငါအသိအမှတ်ပြုတယ်။ ဒါပေမဲ့ မင်းကြည့်ရတာ အများကြီးအားနည်းသွားသလိုပဲ။”

ယင်ကောင်က ဓားကိုအသာအယာရှောင်လိုက်ပြီးတဲ့နောက် သူက ငွေရောင်စစ်သည်ရဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်။ ငွေရောင်စစ်သည်က ရှောင်လိုက်ပေမဲ့ နည်းနည်းရှပ်ထိသွားပြီး ဝတ်စုံမှာ အက်ကြောင်းတချို့ပေါ်လာတယ်။

“မင်းမှာ ဒဏ္ဍာရီလာဓားမရှိတော့ဘူးမဟုတ်လား။ အဲဒီစွမ်းအားမပါဘဲ ငါ့ကိုဘယ်လိုအနိုင်ယူမှာလဲ။ မင်းက ပုံမှန်ပုံစံနဲ့ ဘယ်တုန်းကမှ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို နိုင်ဖူးတာမဟုတ်ဘူး။ မင်းက အယ်ဖာအတုပဲ။ ဘယ်လိုသတ္တိနဲ့ငါ့လူတွေကို သတ်ရဲတာလဲ။ သေပေတော့...”

ယင်ကောင်က ပိုပြီးပြင်းပြင်းထန်ထန်စတိုက်တယ်။ ငွေရောင်စစ်သည်က လုံးဝကို အောက်စည်းရောက်နေပြီ။ မကြာခင်မှာပဲ ယင်ကောင်ရဲ့ကန်ချက်က သူ့ပခုံးပေါ်ကိုကျရောက်လာပြီး တိုက်ရိုက်မထိအောင် မြေဆွဲအားဓားနဲ့ ပင့်တင်ပြီးခုခံလိုက်ရတယ်။

“အား....” ဝတ်စုံထဲက မက်ဒါနာလည်း ညည်းညူလိုက်မိတယ်။ ယင်ကောင်ရဲ့ဖိအားကြောင့် သူဒူးထောက်ကျသွားပြီး ဓားနဲ့ကန်ချက်ကို တားလိုက်နိုင်လို့သာ ပခုံးအဆစ်ပြုတ်ထွက်သွားမယ့်ဘေးကနေ လွတ်လာတာ။ မဟုတ်ရင် သူဆက်တိုက်နိုင်တော့မှာမဟုတ်ဘူး။

“ငါ့ရဲ့လူတစ်ဝက်ပုံစံကိုတောင်မှ မင်းက မယှဥ်နိုင်တော့ဘူးလား။ အမှိုက်ပဲ...” ယင်ကောင်က ခါးကိုလှည့်ပြီး နောက်ထပ်ကန်ချက်တစ်ချက်ကိုထုတ်ဖော်တယ်။ ငွေရောင်စစ်သည်ကလည်း အသံမြန်နှုန်းကိုချိုးဖျက်ပြီး ကန်ချက်ကိုရှောင်ပေမဲ့ ယင်ကောင်က နောက်ကနေကပ်ပါလားပြီး လက်သီးတွေ၊ ခြေကန်လျက်တွေနဲ့ လိုက်လံတိုက်ခိုက်နေတာကြောင့် မက်ဒါနာအသက်တောင်မရှူဝံ့သလောက်ပဲ။

“ဝတ်စုံစနစ်၊ ဘာအကြံရှိလဲ။”

[တွက်ချက်နေပါသည်... လက်ရှိဝတ်စုံဖြင့် ရန်သူကို အနိုင်တိုက်ရန်မဖြစ်နိုင်ပါ၊ ဆုတ်ခွာရန်အကြံပြု။]

“အခုဆုတ်လို့မရသေးဘူး။ တခြားနည်းလမ်းစဥ်းစားမှဖြစ်မယ်။” တိုက်ပွဲဖြစ်နေတာ မိနစ်ပိုင်းပဲရှိသေးတယ်။ ရေမွန်လုံခြုံဖို့ဆိုရင် နောက်ထပ်တစ်နာရီလောက် သူအချိန်ဆွဲပေးမှဖြစ်မှာပါ။ ခဏနေတော့ သူကိစ္စတစ်ခုကို တွေးမိသွားတယ်။

“နည်းလမ်းမရှိတာတော့မဟုတ်ဘူးပဲ။ ဝတ်စုံစနစ်၊ လုံခြုံရေးပရိုဂရမ်တွေကိုဖြုတ်ပြီးတော့ ဓာတ်ပေါင်းဖိုကို အကန့်အသတ်ထက်ကျော်လွန်တဲ့ စွမ်းအင်တွေစုပ်ယူခိုင်းလိုက်...ဒါဆိုရင် ဝတ်စုံရဲ့စွမ်းအားက ပိုမြင့်လာလိမ့်မယ်။”

[သုံးသပ်နေပါသည်... ထိုနည်းလမ်းကို အသုံးပြုရန် အကြံမပြုလိုပါ။ ဝတ်ဆင်သူကို ဓာတ်ရောင်ခြည်သင့်နိုင်ပြီး ကျန်းမာရေးဆိုးကျိုးများစွာရှိ။ ဝတ်စုံတွင်းအပူချိန်လည်း မြင့်တက်လာနိုင်။ ဝတ်စုံကိုလည်း ပျက်စီးစေနိုင်]

“ရတယ်၊ ငါက သက်ဆိုးရှည်တော့မှာမှမဟုတ်တာ။” သူက မကြာခင်သေတော့မယ့်သူတစ်​ယောက်။ ချစ်တဲ့သူအတွက် နည်းနည်းစောသေရလို့ ဘာအရေးလဲ။ အနည်းဆုံးတော့ သူချစ်ရတဲ့သူကို အသက်ရှင်စေချင်သေးတယ်။

[အမိန့်ကိုလက်ခံရရှိ... Safe Mode off... Limit Break... သတိပေးချက်... ဝတ်စုံတွင်းအပူချိန်မြင့်တက်လာနေပြီး 45°C သို့ရောက်ရှိ။ လူကိုရက်ပိုင်းအတွင်းသေဆုံးစေနိုင်သည့် ဓာတ်ရောင်ခြည်ပမာဏကို ဝတ်စုံမှထုတ်လုပ်နေ။ ဝတ်စုံကို ချက်ချင်းစွန့်ခွာပါ။]

ဒါပေမဲ့ မက်ဒါနာက ဝတ်စုံစနစ်ရဲ့သတိပေးချက်တွေကို လစ်လျူရှုလိုက်ပြီး ယင်ကောင်ကို ဆက်ပြီးတိုက်တယ်။ အခုဆိုရင် သူ့အမြန်နှုန်းက အသံမြန်နှုန်းရဲ့ငါးဆဖြစ်နေပြီဖြစ်ပြီး ယင်ကောင်ရဲ့လူတစ်ဝက်ပုံစံထက် နည်းနည်းပဲနိမ့်တယ်။အောက်စည်းရောက်နေဆဲဖြစ်ပေမဲ့ သူ့တိုက်ပွဲအတွေအကြုံကြောင့် လွယ်လွယ်နဲ့မရှုံးတော့ပါဘူး။

ထန်း... ထန်း... ထန်း...

သတ္တုချင်းထိခတ်မိသံတွေက ပတ်ဝန်းကျင်ကိုပြန့်နှဖ့နေပြီး အယ်ဖာအဆင့်နှစ်ယောက်ရဲ့တိုက်ပွဲက ပိုပြီးကျယ်ပြန့်လာတယ်။ အခုဆိုရင် ယင်ကောင်ရဲ့တစ်ကိုယ်လုံး ချွေးတွေနဲ့နစ်နေပြီ။

“အံ့ဩစရာပဲ။ မင်းဝတ်စုံတစ်ခုလုံးကနေ အပူငွေ့လှိုင်းတွေထွက်နေပြီ။ မင်းက မင်းဝတ်စုံရဲ့အကန့်အသတ်ကိုဖြုတ်ပြီး အသက်နဲ့ရင်းစွန့်စားနေတာပဲ။”

ယင်ကောင်ကလည်း စစ်သည်တစ်ယောက်ပီပီ ဘာဖြစ်နေလဲဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အထင်သေးစွာနဲ့ နှာမှုတ်လိုက်တယ်။

“ဒါပေမဲ့ မိုက်ခရိုဝေ့လိုဖြစ်နေတဲ့ အဲဒီဝတ်စုံထဲမှာ မင်းက ဘယ်လောက်ကြာကြာနေနိုင်မှာမလို့လဲ။ အချိန်တိုအတွင်းမှာ ငါ့ကိုအနိုင်မယူနိုင်ရင် မင်းပေးဆပ်သမျှက အလကားဖြစ်သွားတော့မှာ။”

ယင်ကောင်က ထွင်းဖောက်မြင်နိုင်တယ်ထင်ရတဲ့ မျက်လုံးတွေနဲ့ ငွေရောင်စစ်သည်ကို ကြည့်လိုက်တယ်။ အပူရှိန်မြင့်လွန်းလို့ ငွေရောင်စစ်သည်ရဲ့ပတ်ဝန်းကျင်က လေထုက တွန့်လိမ်နေတယ်။ ငွေရောင်စစ်သည်ကိုယ်တိုင်လည်း မတ်တပ်ရပ်ဖို့အတွက် ရုန်းကန်နေရပြီ။

“ငါ့ကို အထင်မသေးနဲ့...” မက်ဒါနာက ပြောလိုက်တယ်။ ဝတ်စုံထဲက သူ့ခန္ဓာကိုယ်အသားအရေက နေရာမလပ် နီမြန်းနေပြီး တစ်ကိုယ်လုံးချွေးတွေစိုစွတ်နေတယ်။ အကန့်အသတ်ကို ကျော်လွန်သွားပြီမလို့ ဝတ်စုံအအေးပေးစနစ်က အလုပ်မလုပ်တော့ဘူး။ ပြီးတော့ ဓာတ်ရောင်ခြည်သင့်ရာကနေ ဖြစ်လာတဲ့ မူးဝေမှုကိုလည်း ခံစားနေရသေးတယ်။

“ငါက နင့်ကိုမရရအောင်တားမှာ။” ငွေရောင်စစ်သည်က အကန့်အသတ်ထပ်ကျော်လွန်ပြီး မြေဆွဲအားမြှင့်ထားတဲ့ဓားနဲ့ ယင်ကောင်ကို ပြေးဝင်ခုတ်တယ်။ ယင်ကောင်က ရှောင်လိုက်ပေမဲ့ သူ့ညာဖက်နားကို ဓားသွားကထိသွားပြီး တိခနဲပြတိကျသွားတယ်။

“အို့... ဒီပုံစံနဲ့ ငါ့ကိုဒဏ်ရာရအောင်လုပ်နိုင်တာလား။” ပိုးကောင်ပီသစွာနဲ့ ဒဏ်ရာက ပြန်ကောင်းလာခဲ့ပေမဲ့ ယင်ကောင်က အခုထိမျက်မှောင်ကြုတ်ထားတုန်းပဲ။ ဒီလိုဖြစ်လာမယ်လို့ သူလုံးဝထင်မထားခဲ့တာပါ။ ဒါပေမဲ့ ငွေရောင်စစ်သည်က ယင်ကောင်စိတ်အာရုံပြန့်သွားချိန်ကို အခွင့်ကောင်းယူပြီး ပိုအာရုံစိုက်တိုက်ခိုက်လိုက်တယ်။

ရွှမ်း... ဓားတစ်ချက်က ယင်ကောင်ရဲ့လည်ပင်းကို တိခနဲဖြတ်မိတော့မလိုအနေအထားနဲ့ အနားကနေဖြတ်သွားတယ်။ နောက်တစ်ခေါက်ကတော့ လက်တစ်ဖက်ပါသွားတယ်။ ယင်ကောင်က ဒဏ်ရာတွေကနေ ပြန်ပြန်ကောင်းနေပေမဲ့ ထိခိုက်မှုများလာတဲ့အတွက် စိတ်မရှည်တော့ပါဘူး။

“တော်လောက်ပြီ... မင်းမှာစွမ်းအားအများစုမရှိတော့ရင်တောင်မှ မင်းက ငွေရောင်စစ်သည်ပဲလေ။ မင်းကို ဂုဏ်ရှိရှိနဲ့သေခွင့်ပြုပေးရတာပေါ့။”

ယင်ကောင်က အဲဒီစကားနဲ့အတူ တိုက်ခိုက်နေတာကို ရပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကတော့ တဖြည်းဖြည်းကြီးထွားလာနေပါပြီ။

“မကောင်းတော့ဘူး။ သူယင်ကောင်အပြည့်ပြောင်းလိုက်ရင် ငါယှဥ်နိုင်မှာမဟုတ်ဘူး။ ဝတ်စုံစနစ်...”

[အကြံမပြုထားသော နည်းလမ်းတစ်ခုသာရှိပါသည်။ မိမိကိုယ်ကိုယ်စတေးရန်...]

“လုပ်ကြတာပေါ့။” ငွေရောင်စစ်သည်က မိုးကောင်းကင်ပေါ်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ပါးပြင်ပေါ်ကို မျက်ရည်တစ်စက် စီးကျလာပေမဲ့ ဝတ်စုံတွင်းက ငရဲလိုအပူချိန်ကြောင့် ချက်ချင်းငွေ့ရည်ပျံသွားတယ်။ ဝတ်စုံအောက်က သူ့အသားအရေမှာ အရေခွံတွေမရှိတော့ဘူး။ တစ်ကိုယ်လုံးလောင်ကျွမ်းနေပြီး သူ့ကို ရေမွန်ပြန်တွေ့ရင်တောင် မှတ်မိတော့မှာမဟုတ်တဲ့ အနေအထားပါ။

“အကောင်းဆုံးကိုပဲ လုပ်ပေးရတာပေါ့။ ပထမဆုံး ဂိုင်ယာကိုသုံးပြီး သူထွက်ပြေးလို့မရအောင်ချုပ်မယ်။”

မက်ဒါနာက ဆုံးဖြတ်ချက်ချဖို့အတွက် တစ်စက္ကန့်ပဲလိုခဲ့တာ။ သူက လက်ကိုမြှောက်လိုက်ပြီးနောက်မှာတော့ ဂြိုဟ်တုပတ်လမ်းအမြောက်ကနေ ဧရာမအလင်းတန်းတိုင်ကြီးက ကျဆင်းလာနေပြီ။

ဘုန်း....

“အား.....” ပုံစံပြောင်းတာမပြီးသေးတဲ့ ယင်ကောင်ဆီက အော်သံကျယ်ကြီးထွက်ပေါ်လာတယ်။ အလင်းတွေပျောက်သွားပြီးတဲ့နောက် ရင်ဘတ်မှာ အပေါက်ကြီးဖြစ်နေတဲ့ ဧရာမယင်ကောင်ကြီးကို မက်ဒါနာမြင်ရတယ်။ ဂိုင်ယာရဲ့အမြောက်က ယင်ကောင်ကို အဆုံးမသတ်နိုင်မှန်း မက်ဒါနာသိပြီးသား။

“အစီအစဥ်ဒုတိယပိုင်းစမယ်။” မက်ဒါနာက ဓားကိုကိုင်ပြီး ယင်ကောင်ဆီစပြေးတယ်။ ဝတ်စုံကလည်း အပူချိန်ပိုမြင့်လာပြီး အပြင်ဘက်က သတ္တုပြားတွေတောင် ရဲရဲနီနေပြီ။

“သေစမ်း....” ယင်ကောင်နားကိုရောက်တော့ မက်ဒါနာက ယင်ကောင်ရဲ့ခန္ဓာကိုယ်ကို ဓားနဲ့ထိုးစိုက်ပစ်လိုက်တယ်။ အဲဒီနောက် သူ့လက်ကိုအသုံးပြုပြီး ယင်ကောင်ရဲ့ခန္ဓာကိုယ်က ဒဏ်ရာကိုပိုကျယ်အောင်ချဲ့ကာ မလွတ်တန်းကိုင်ထားလိုက်တယ်။

“မင်းဘာလုပ်နေတာလဲ။ ငါ့ပေါ်ကနေဆင်းစမ်း။” ယင်ကောင်က သူ့အကြံကိုရိပ်မိလာပြီး ခါချဖို့လုပ်ပေမဲ့ မက်ဒါနာက မြဲမြဲကိုင်ထားပြီးပြီ။

“သခင်လေး၊ ကျွန်မဆိုခဲ့တဲ့သစ္စာကို မတည်နိုင်တော့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက သခင်လေးကျန်းကျန်းမာမာနဲ့ရှိနေနိုင်ဖို့ပါ။ ပြီးတော့ ၁၆ နှစ်ကောင်လေးတစ်ယောက်နဲ့လုပ်ထားတဲ့ လက်ထပ်ကတိစကားက တရားမဝင်တာမလို့ အဲဒီအကြောင်းကိုလည်း မေ့လိုက်ပါတော့။” မက်ဒါနာက ရေရွတ်ရင်း သူ့မျက်လုံးတွေကိုမှိတ်လိုက်တယ်။ သူတကယ့်ကို ပင်ပန်းနေပြီ။ နောက်ထပ် ပြန်မနိုးထချင်လောက်တော့အောင်ကို ပင်ပန်းနေခဲ့တာ။

“ဖောက်ခွဲလိုက်တော့...” သူက နောက်ဆုံးအနေနဲ့ ဝတ်စုံစနစ်ကို ပြောလိုက်တယ်။

[မိမိကိုယ်ကိုယ်ဖျက်ဆီးခြင်းအစီအစဥ် အစပြု... သုံး... နှစ်... တစ်....]

...

[သင်္ဘောစက်အင်ဂျင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စတင်ထွက်ခွာပါတော့မယ်။ ခရီးသည်များ ကုန်းပတ်ပေါ်မှာမနေဘဲ ကိုယ့်အခန်းကိုယ်ဝင်ကြပါရန်။]

ရေမွန်က သင်္ဘောကပ္ပတိန်ရဲ့စကားကို လစ်လျူရှုရင်း သင်္ဘောကုန်းပတ်ပေါ်မှာ ဆက်နေနေသေးပြီး ကမ်းခြေဘက်ကိုသာ ဆက်ပြီးစိုက်ကြည့်နေခဲ့တယ်။ နေရောင်မရှိတာကြောင့် တိုက်ပွဲကိုကောင်းကောင်းမမြင်ရပေမဲ့ ငွေရောင်အလင်းတန်းကြီး မိုးပေါ်ကနေ ဆင်းလာတာကိုတော့ သူမြင်လိုက်ရသေးတယ်။

“ ငွေရောင်စစ်သည်က အစွမ်းအထက်ဆုံးဟီးရိုးပဲ။ သူသေချာပေါက် အဆင်ပြေမှာပါ။ မကြာခင် သူပြန်လာတော့မှာ။”

ရေမွန်တစ်ကိုယ်တည်း ရေရွတ်နေတုန်း သင်္ဘောသားတစ်ယောက်ရောက်လာပြီး သူ့ပခုံးကိုပုတ်လိုက်တယ်။ “ကောင်လေး၊ အထဲဝင်ရအောင်။ ပင်လယ်ပြင်မှာက လှိုင်းကြမ်းတယ်။ ဒီအတိုင်းဆက်ရပ်နေရင် သမုဒ္ဒရာထဲ ပြုတ်ကျသွားလိမ့်မယ်။”

“ခဏလေးပါပဲ...” သူက တောင်းပန်လိုက်တယ်။ ဒါပေမဲ့ သူတောင်းပန်ပြီး သိပ်မကြာခင်မှာပဲ ကမ်းခြေတွေဘက်ကနေ မှိုပွင့်သဏ္ဍာန်တိမ်တိုက်ကြီးတစ်ခု မြင့်တက်လာပြီး...

ဘုန်း.....

နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီးကို သင်္ဘောပေါ်က လူတွေအားလုံး ကြားလိုက်ရလေရဲ့။ လူတွေနားအူတာ ပျောက်သွားပြီးနောက်တော့ သူတို့တွေအချင်းချင်း စတင်ဆွေးနွေးကြတယ်။

“မဟာမိတ်က ပိုးကောင်တွေကို မနိုင်တော့လို့ နျူကလီးယားထိပ်ဖူးတွေသုံးနေတာလား။”

“မဖြစ်နိုင်ဘူး၊ အဲဒီလိုဆိုရင်လည်း ငါတို့ကို သတင်းကြိုပေးရမှာပေါ့။”

တခြားသူတွေနဲ့မတူဘဲ ရေမွန်က အဲဒီပေါက်ကွဲမှုကိုမြင်တာနဲ့ ဒူးထောက်ကျသွားတယ်။ တစ်ချိန်တည်းမှာပဲ သူ့ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။ သူ့ရင်ထဲက တစ်ခုခုလစ်ဟာသွားတာကို သူခံစားမိတယ်။ သင်္ဘောက စထွက်နေပြီ။ သင်္ဘောသားက သူ့ကိုဆွဲခေါ်နေပေမဲ့ အဲဒီအပေါ်သူအာရုံမထားနိုင်တော့ဘူး။

“မက်ဒါနာ... ခင်ဗျားလည်း ကျွန်တော့်ကိုလိမ်ပြီး တစ်ယောက်တည်းထားခဲ့ပြန်ပြီလား။”

ဒီနေရာမှာရှိတဲ့ နူကလီးယားထိပ်ဖူးမဟုတ်ဘဲ အဲဒီလိုပေါက်ကွဲမှုမျိုးကို ဖြစ်စေနိုင်တဲ့အရာဆိုလို့ ငွေရောင်စစ်သည်ရဲ့ချပ်ဝတ်ပဲရှိမှန်း ရေမွန်သိတယ်။ အဲဒီဝတ်စုံက နျူကလီးယားပေါင်းစည်းစွမ်းအင်နဲ့ အလင်းဒြပ်စင်တွေကိုစုပ်ယူတဲ့ဗဟိုချက်နဲ့လည်ပတ်တာ။

ရေမွန်က သူ့လက်ထဲမှာရှိနေတဲ့ အဖြူရောင်ရေချိုးခန်းသုံးပဝါလေးကို ကြည့်လိုက်တယ်။ သစ္စာဆိုတုန်းက သုံးခဲ့တဲ့ဥစ္စာလေ။

“ကတိမတည်တဲ့သူ.... ကတိမတည်တဲ့သူတွေကို ကျွန်တော်မုန်းတယ်... မုန်းတယ်...”

ရေမွန်က အဲဒီပဝါကို လွှတ်ပစ်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အမြတ်တနိုးနဲ့ရင်ခွင်ထဲ ပိုက်ထားမိပြန်တယ်။

“ဒါပေမဲ့ ကျွန်တော်ခင်ဗျားကိုချစ်တာကိုလည်း ရပ်လို့မရဖြစ်နေတယ်။ ဒီခံစားချက်တွေနဲ့ ကျွန်တော်ဘာဆက်လုပ်ရမှာလဲ။”

အဲဒီနောက်တော့ ရေမွန်ဟာ မောပြီးအသံမထွက်နိုင်တော့တဲ့အထိ ငိုကြွေးနေခဲ့တယ်။ ပင်လယ်ပြင်မှာ လှိုင်းထန်လာပြီဖြစ်တာကြောင့် နဂိုသင်္ဘောသားကြီးအပြင် နောက်ထပ်သင်္ဘောသားတွေပါ ထပ်ရောက်လာပြီး ရေမွန်ကို ခရီးသည်တွေကိုထားတဲ့ အခန်းကျယ်ကြီးထဲ အတင်း​ခေါ်သွားကြတယ်။

မကြာခင်မှာပဲ သူအငိုတိတ်သွားခဲ့ပေမဲ့ သူ့လက်ထဲမှာတော့ အဲဒီပဝါလေးကို ဆုပ်ကိုင်ထားဆဲပဲ။

All Chapters