အပိုင်း(၁၂၁)-တပည့်ဖြစ်လာခြင်း
Vol. 002 Ch. 121
ရက်အနည်းငယ်အကြာတွင် ကျောင်းသို့ပြန်သွားရန်အချိန်ကျရောက်လာသည်။
သူသည် နာလန်မျိုးနွယ်နှင့် တိုက်ခိုက်ရန်လက်လျော့ပြီးနောက်တွင် ရှီမာယူယူကျောင်းသို့ပြန်သွားလေသည်။ ဆေးများကိုတော့ လူများကို ယူခိုင်းရန် ရက်သတ်မှတ်ထားခဲ့သည်။
သူမ အဆောင်သို့ပြန်ရောက်ချိန်တွင် အိမ်ထဲတွင် မတ်တတ်ရပ်နေသော လူလေးယောက်အား ရှီမာယူယူမြင်လိုက်သည်။
“အဟွတ် အဟွတ် မင်းတို့အားလုံးဒီမှာ ဘာလုပ်နေကြတာလဲ” ဘေဂုံထန်နှင့်တခြားသူများ ဝိုင်းထိုင်ကာ သူမအား တရားရင်ဆိုင်ရသည့်ပုံစံနှင့်တူနေ၍ သူမရယ်ကာမေးလိုက်သည်။
“ပြောပါဦး မင်းဝန်ခံဖို့ကို ငါတို့ခြိမ်းခြောက်ရမှာလား ဒါမှမဟုတ်အမှန်အတိုင်း ဖြေရှင်းမှာလား” ဝေကျိရွှီပြောလိုက်သည်။
“ဘာကိုဖြေရှင်းရမှာလဲ” ရှီမာယူယူ ရိုးသားစွာ မျက်တောင်ခတ်လိုက်သည်။
“မင်းဘယ်တုန်းက အဂ္ဂိရတ်ပညာရှင်ဖြစ်သွားတာလဲ၊ မင်းနဲ့ တစ်ချိန်လုံးရှိနေတဲ့အတောအတွင်းကို သတိမထားမိဘူး၊ မင်းဧည့်ခံပွဲတုန်းက မပြောခဲ့ရင် ငါတို့ထဲမှာ အဂ္ဂိရတ်ပညာရှင်ရှိတာ သိမှာတောင်မဟုတ်ဘူး” ဘေဂုံထန်ပြောလိုက်သည်။
ဖက်တီးကျူ ရှီမာယူယူဘေးလျှောက်လာကာ သူမပခုံးအားပုတ်ကာပြောလိုက်သည် “ဟူး.. ယူယူ ဒီတစ်ခါတာ့ ငါမင်းဘက်လိုက်မပြောချင်ဘူး၊ ဒါပေမယ့် မင်းအမှန်အတိုင်းမဖြေရှင်းရင် သူတို့ကမင်းကိုလွှတ်ပေးမှာမဟုတ်ဘူး”
“ပြီးခဲ့တဲ့နှစ်ကစတာပဲ၊ ပြီးခဲ့တဲ့နှစ်က ကျင့်ကြံနိုင်တယ်ဆိုတာ သိခဲ့ရတယ်၊ ငါအခွင့်အရေးတစ်ခုရပြီး အဂ္ဂိရတ်ပညာကို ပထမဆုံးစမ်းကြည့်ခဲ့တယ် နောက်တော့ တဖြည်းဖြည်းသင်လိုက်တာပဲ” ရှီမာယူယူ သူမနှာခေါင်းအားထိလိုက်သည် “တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ မင်းတို့အားလုံးနေ့တိုင်းအလုပ်ရှုပ်နေတော့ မင်းတို့သတိမထားမိတာပါ”
“မင်းဘာပဲပြောပြော ငါတို့ကို ဖုံးကွယ်ထားတာတော့အမှန်ပဲ၊ မင်းနောင်တရတာကိုပြချင်ရင်တော့ ငါတို့ကို တစ်ဝိုင်းတော့လုပ်မှ ငါတို့စိတ်ပြေမယ်” ဝူရန်ဖေ နောက်ဆုံးတော့သူတို့၏ ရည်ရွယ်ချက်ကိုဖော်ထုတ်လိုက်သည်။
အာ…
ရှီမာယူယူ သူတို့အားကြည့်လိုက်ပြီးပြောလိုက်သည် “ကောင်းပြီလေ ကိစ္စမရှိပါဘူး၊ ငါတို့နေ့လည်စာအတွက် ငါချက်လိုက်ဦးမယ်”
သူတို့တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိကြပြီး သူမအားအမှန်ပြောရန် ဖိအားမပေးချင်သည်ကို သူမသိသည်။ သူတို့သည် သူမအား သပ်သပ် နွှာချင်ရုံသာ။
သို့သော် သူမသည် ချက်ပြုတ်ရာတွင်ကျွမ်းကျင်သောကြောင့် သူတို့အားကျွေးမွေးရသည်မှာ မခက်ခဲပေ။
ရှီမာယူယူ သဘောတူလိုက်သည်နှင့် သူတို့၏တည်နေသော မျက်နှာများသည် နွေးထွေးလာခဲ့သည်။
“ငါကောင်းပေါင် ကြက်သားစားချင်တယ်” ဝူရန်ဖေပြောလိုက်သည်။
“ငါ စီချွမ်းငါးငရုပ်ဆီ စားချင်တယ်” ဘေဂုံထန်သည် အစားအသောက်နှင့်ပတ်သတ်လျှင် ညှာတာမှုမရှိပေ။
“ငါစားချင်တာတော့ ရှင်းပါတယ်၊ မင်းလုပ်သမျှ အရာသာရှိတဲ့အရာအားလုံးပဲ” ဝေကျိရွှီ၏တောင်းဆိုချက်သည် ရိုးရှင်းသည်၊ သို့သော် တကယ်တော့ အခက်ဆုံးပင်။
“ယူယူ သဘောတူပြီးပြီဆိုတော့ ငါတို့လုပ်စရာရှိတာသွားလုပ်ကြမယ်၊ နေ့လည်စာစောင့်ပြီး အရသာရှိတာတွေစားရုံပဲ” ဖက်တီးကျူပြောလိုက်သည်။
“ယူယူ မင်းပြီးရင် ငါတို့ကိုခေါ်လိုက်” ဘေဂုံထန်ပြောပြီးသည်နှင့် သူမအိမ်သို့လှည့်ပြန်သွားလေသည်။
ဝေကျိရွှီနှင့် ဝူရန်ဖေသည်လည်း ထွက်ခွာသွားရာ ဖက်တီးကျူနှင့် ရှီမာယူယူသာ အိမ်ထဲတွင် ရပ်ကျန်ခဲ့လေသည်။
“သြော်ဟုတ်သားပဲ ယူယူ ဆရာဖန်က မင်းဒီနေ့ကျောင်းကိုပြန်လာရင် လူလွှတ်ပြီး သူ့ကိုပြောဖို့ ပြောထားတယ်၊ မမှောင်ခင် မင်းသူ့ကိုသွားတွေ့သင့်တယ်”
ရှီမာယူယူ သူတို့အားပြုံးပြလိုက်သည်။ သူတို့ သူမအစားအသောက်များအား စားချင်လျှင် တောင်းဆိုလို့ရသည် ဘာလို့အဲလိုသဘောတူညီချက်ကိုတောင်းရတာလဲ။
ဖက်တီးကျူထွက်မသွားခင်ပြောသွားသော စကားများကို စဉ်းစားလိုက်ရာ ဆရာဖန်သည် သူ့နာမည်အား အသုံးချလိုက်ရခြင်းကို ဖြေရှင်းချက်တောင်းမည်ထင်သည်။
သူသည် သူမလျှိုု့ဝှက်ချက်ကို ဖုံးကွယ်ပေးမည်ကို သူမသိသည်၊ ထို့ကြောင့်ပင် ဝမ်ဝူဖန် သူမအားမေးသောမေးခွန်းကို ကာကွယ်ရန် သူ့အားအမှတ်တမဲ့အသုံးချလိုက်ခြင်းဖြစ်သည်။
“ဟူး…”
သူမ သက်ပြင်းရှည်ချလိုက်ကာ သူမ ကံတရားကိုသာပုံချလိုက်ပြီး မီးဖိုဆောင်ကိုသာဝင်ခဲ့လိုက်သည်။ ဖက်ကျိရှင်းအားသွားမတွေ့ခင် အားလုံးအတွက်နေ့လည်စားကို အရင်ချက်ပြုတ်ရမည်။
သူမ ဟင်းချက်ပစ္စည်းများကို ထုတ်လိုက်ချိန်တွင် ဝိညာဉ်လေးသည် သူမအားကူညီကာ ပြင်ဆင်ပေးသည်။ နောက်ဆုံးတွင် သူမသည် စားပွဲအပြည့်ဟင်းလျာများပြင်ဆင်နိုင်ခဲ့သည်။
ထိုအချိန်တွင် အားလုံး၏နှာခေါင်းများသည် ဝိညာဉ်သားရဲများထက်ပင် သတိကောင်းကြသည်။ သူမ မခေါ်ခင်ပင် သူတို့သည် မီးဖိုဆောင်ထဲသို့ အစဉ်လိုက်ဝင်လာကြကာ စတင်ပြီးအားရပါးရစားကြတော့သည်။
ရှီမာယူယူနောက်ဆုံးဟင်းပွဲအား စားပွဲသို့တင်လိုက်ချိန်တွင် အရင်ချထားသော ဟင်းများသည် တစ်ဝက်ကုန်သွားပြီဖြစ်သည်။
သူမ ဟင်းများကို စားသော သူတို့စားသော အရှိန်ကိုအံ့သြမိသည်။ သူတို့တွင် ထိုကဲ့သို့တိုက်ပွဲစွမ်းရည်မြင့်မားသည်ကို သူမ မသိခဲ့ပေ။
သူုတို့စားပြီးသည်နှင့် ဝေကျိရွှီနှင့် တခြားသူများသည် ရှီမာမျိုးနွယ်နှင့် နာလန်မျိုးနွယ်ကြားမှ အခြေအနေကို မေးမြန်းကြသည်။ သူတို့မျိုးနွယ် ငြိမ်းချမ်းရေးရသွားပြီဆိုသော စကားလုံးကိုကြားသောအခါ သူတို့အားလုံး အံ့သြသွားခဲ့ရသည်။
ထိုကိစ္စများအား ရှီမာယူယူ ပြောစရာအများကြီးမရှိသဖြင့် ဘာမှရှင်းမပြခဲ့ပေ။
အားလုံးသည် ပါးနပ်ကြသည်။ သူမ ပြောနိုင်သလောက်ပြောပြီးသည်ကို တွေ့သည်နှင့် ထပ်မမေတော့ပေ။
နေ့လည်စာစားပြီးသောအခါ ရှီမာယူယူ အိမ်ထဲတွင် အနည်းငယ်အချိန်ဖြုန်းကာ ဖန်ကျိရှင်း၏ ရုံးခန်းသို့ထွက်လာခဲ့လိုက်သည်။
“ဝင်ခဲ့ပါ”
သူမ တံခါးခေါက်လိုက်သောအခါ အထဲမှ အသံတစ်သံထွက်လာသည်။
တံခါးခေါက်သော လက်ဖြင့်ပင် တံခါးကို တွန်းဝင်လာခဲ့လိုက်သည်။ သူမဝင်လာချိန်တွင် ဖန်ကျိရှင်းသည် စားပွဲအနောက်တွင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဖန်ကျိရှင်းသည် အစတွင် တံခါးအားကျောပေးထားသည်။ သူ သူမခြေသံများကြားသောအခါ သူမနှင့်မျက်နှာချင်းဆိုင်ကို ခုံလှည့်လိုက်သည်။
“ဆရာဖန် ကျွန်တော့်ကိုရှာတာလား” ရှီမာယူယူမေးလိုက်သည်။
“ဟုတ်တယ်” ဖန်ကျိရှင်းသည် ရှီမာယူယူအားကြည့်ကာ ဘာမှဆက်မပြောပေ။
“အဟွတ်အဟွတ် အဲဒါ… အဲတုန်းက ဆရာ့ရဲ့နာမည်ကို သုံးရုံအပြင်ရွေးချယ်စရာမရှိခဲ့လို့ပါ” ရှီမာယူယူ အရင်ဖြေရှင်းချုက်ပေးသည်။
“ဘယ်လိုဖြစ်တာလဲ၊ ငါအဂ္ဂိရတ်ပညာရှင်ဖြစ်တာ ငါတောင်မသိလိုက်ရပါလား၊ ပြီးတော့ ငါအဲလောက်အားကောင်းတဲ့ တပည့်လက်တောင်လက်ခံလိုက်သေးတယ် ဟုတ်လား” ဖန်ကျိရှင်းသည် မျက်ခုံးပင့်ကာပြောသည်။
ရှီမာယူယူသည် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို သူသိချိန်တွင် သူနည်းနည်းမှ မအံ့သြပေ။ သူမကဲ့သို့ အရည်အချင်းအားစဉ်းစားချိန်တွင် သူမသည် အထက်တန်းတွင်တောင်မှ တွေ့ရခဲသော လူမျိုးဖြစ်သည်။
ဧည့်ခံပွဲတွင်ဖြစ်ခဲ့သော အဖြစ်အပျက်အား ကျောင်းအုပ်ကြီးပြောပြရာတွင် သူ့အား ရှီမာယူယူအား တပည့်အဖြစ်လက်ခံခဲ့ခြင်း ဟုတ်လား မဟုတ်လားဆိုသည်ကို မေးခဲ့သည်။ သူအံ့သြမှုကိုဖုံးကွယ်ကာ သူမအား အလိမ်အညာဖြင့်ကူညီခဲ့သည်။
“ဆရာရဲ့ သရုပ်မှန်က တကယ့်ကိုလျှို့ဝှက်တယ်လေ၊ လူကြီးတွေတောင် ဆရာ အဂ္ဂိရတ်ပညာကိုသိလား မသိလားမေးကြမှာမဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်ပြောရင်တောင် ဘယ်သူမှ ဆရာ့ကိုလာပြီး ပြဿနာမရှာဘူးလေ၊ ဆရာသာ ကျွန်တော့်ကို သင်ပေးတယ်လို့ပြောရင် အားလုံးကယုံကြမှာပဲ”
“ဒါဆို မင်းရဲ့ အလိမ်တွေကို ငါကူညီမလားဆိုတာ မင်းဘယ်လိုသိလဲ” ဖန်ကျိရှင်းသည် စိတ်ထဲတွင်ကျိတ်ရယ်မိသည်။ ထိုမိန်းကလေးသည် အစပိုင်းတွင် သူ့အား ခပ်ခွာခွာနေခဲ့သည်၊ သို့သော် အခုတော့ သူမ သူ့အားစတင်ယုံကြည့်လာသည့်ပုံပေါ်သည်။
“ခံစားချက်အရ” ရှီမာယူယူ ရိုးသားစွာပြန်ဖြေသည်။
“ကောင်းပြီလေ ဒါဆိုလည်း မင်းရဲ့ခံစားချက်မမှားဘူးလို့ပြောရမှာပေါ့” ဖန်ကျိရှင်းပြောလိုက်သည်။
ရှီမာယူယူပြုံးကာ ပြန်ပြောလိုက်သည် “ဒါဆို ဆရာက လိမ်ပေးပြီးသွားပြီပေါ့”
ဖန်ကျိရှင်းပြန်မဖြေပဲ ပြောလိုက်သည် “အားလုံးက အပြင်ပိုင်းတော့ မင်းက ငါ့ရဲ့တပည့်လို့သိကြမှတော့ ငါလည်းမင်းကိုနည်းနည်းတော့သင်ပေးရမှာပေါ့”
“ဆရာ ကျွန်တော့်ကို တစ်ခုခုသင်ပေးချင်လို့လား”
ဖန်ကျိရှင်းသေတ္တာတစ်လုံးအား ထုတ်ကာပြောလိုက်သည် “ဒီကိုလာခဲ့”
ရှီမာယူယူနားမလည်သော်လည်း ကျိုးကျိုးနွံနွံလျှောက်လာခဲ့သည်။
“ဒီသေတ္တာပေါ်လက်တင်ပြီး မျက်လုံးမှိတ်ထားလိုက်၊ မင်းဘာမြင်လဲငါ့ကိုပြော” ဖန်ကျိရှင်း သေတ္တာကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
ရှီမာယူယူ ဟုတ်ကဲ့ဟုပြန်ဖြေကာ သေတ္တာပေါ်သို့လက်တင်ပြီး မျက်စိမှိတ်ထားလိုက်လေသည်။
ထိုသေတ္တာ၏ ဆွဲဆောင်ခြင်းခံရပြီး မူးဝေခြင်းကိုခံစားရလာသည်။ ထို့နောက်တွင် သူမနောက်တစ်နေရာသို့ ရောက်သကဲ့သို့ခံစားလိုက်ရသည်။
“ဘာမြင်လဲငါ့ကိုပြော” ဖန်ကျိရှင်း၏ အသံသည် ဘေးပတ်ပတ်လည်တွင် ပဲ့တင်ထပ်နေသည်။
“ဘာမှမမြင်ရဘူး၊ မှောင်မဲနေပြီး ကျွန်တော့ပတ်ပတ်လည်မှာ အမည်းတွေပဲရှိတယ်” ရှီမာယူယူပြန်ပြောသည်။
“သေချာလေးခံစားကြည့်ပါဦး၊ ဘာမှမမြင်သေးဘူးလား” ဖန်ကျိရှင်းထပ်မေးသည်။
ရှီမာယူယူ ပတ်ဝန်းကျင်အား ထပ်ပြီးအာရုံစိုက်ကြည့်သည်။ မူလအနက်ရောင်ဧရိယာသည် အလင်းများပြည့်လာသည်။ သူမပတ်ပတ်လည်တွင် အလင်းအစက်အပျောက်လေးများပေါ်လာသည်။
သူမ ပြောင်းလဲသွားသောပတ်ဝန်းကျင်အားအံ့သြစွာကြည့်မိသည်။ သူမ မယုံကြည်စွာပြောလိုက်သည် “အဲဒါ.. အဲဒါ အခုကျွန်တော် စကြဝဠာရဲ့ တစ်နေရာရောက်နေသလိုပဲ ဘေးမှာ အလင်းစက်ကလေးတွေ အရမ်းလှတာပဲ…”
ရှီမာယူယူပြောသည်ကို ဖန်ကျိရှင်းကြားသည်နှင့် သူ့ခန္ဓာကိုယ်သည် အလင်း၏ စုပ်ယူခြင်းကိုခံလိုက်ရသလိုပင်။