အခန်း (၁၁၁၃)
Vol. 80 Ch. 1113
ဟန်မူယဲ့က မူလကမ္ဘာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။
မူလကမ္ဘာသည် နတ်ဘုရားသားရဲနှင့် ထူးခြားသောသားရဲများ၏ နေအိမ်ဖြစ်သည်။
ဟန်မူယဲ့က ရှေ့ဆက်လျှောက်လာသောအခါ ပတ်ဝန်းကျင်တွင်ရှိသော သားရဲများက သူ့ကို လှည့်ကြည့်လိုက်သည်။
ထိုအကြည့်များကြောင့် ကြွက်သား၊ အရိုးနှင့် ဝိညာဉ်က ပေါက်ကွဲသွားတော့မည်ဟု ဟန်မူယဲ့က ခံစားနေရသည်။
‘ဒီသားရဲတွေက ဘယ်လောက်တောင် သန်မာနေတာလဲ’
‘ဒီလိုကမ္ဘာမျိုးက ဘာဖြစ်လို့ ပျက်စီးသွားတာလဲ’
သူက ရှေ့ဆက်သွားပြီး ထိုမေးခွန်းများကို ဆက်မတွေးနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဖိအားက အလွန်သန်မာလာပြီး သားရဲများ၏အကြည့်က သူ့ဝိညာဉ်ကို တုန်ခါစေခဲ့သည်။
“ရွှေကျီးကန်းလေးလား”
“ဒီနေရာက နင်းလာသင့်တဲ့နေရာမဟုတ်ဘူး။ ပြန်သွားတော့”
အသံတစ်သံ ပေါ်ထွက်လာသည်။
ထိုအသံက ကြည်လင်ပြီး အားကောင်းသည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သောအခါ အသက် ၁၁နှစ်၊ ၁၂နှစ် အရွယ်ခန့်ရှိသော မိန်းကလေးတစ်ယောက်ကို မြင်ရသည်။
“ဉာဏ်အလင်းသားရဲလား”
ဟန်မူယဲ့က အလိုလျောက် သိနေခဲ့သည်။
“နင်က ငါ့အတွက် ရောက်လာတဲ့ပုံပဲ”
မိန်းကလေးက တခစ်ခစ်ရယ်လိုက်ပြီး ဖြူဖွေးနေသော သားမွေးများနှင့် မျက်လုံးသုံးလုံးကြောင်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။
ထိုကြောင်က တောင်ကုန်းပေါ်သို့ ခုန်တက်သွားပြီး ဟန်မူယဲ့ကို ကြည့်နေသည်။
“နင်က ငါ့ဆီကို ရောက်လာနိုင်ရင် နင့်ရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ်”
ထိုကြောင်နှင့် ဟန်မူယဲ့၏ကြားတွင် ခြေလှမ်းတစ်ရာခန့် ဝေးသည်။
ခြေလှမ်းတိုင်းသည် မကျော်လွှားနိုင်သော အတားအဆီးတစ်ခု ဖြစ်သည်။
လေထုထဲတွင် မျက်လုံးပြာသိမ်းငှက်က ဉာဏ်အလင်းသားရဲကို ကြည့်လိုက်သည်။
ဉာဏ်အလင်းသားရဲကလည်း သိမ်းငှက်ကို လှမ်းကြည့်သည်။
ထိုအကြည့်တစ်ချက်ဖြင့် သိမ်းငှက်၏နှလုံးသားထဲတွင်ရှိသော အရာအားလုံးကို မြင်လိုက်ရပုံပေါ်သည်။
သိမ်းငှက်က တစ်ကိုယ်လုံး တုန်ခါနေပြီး မသိစိတ်အလျောက် နောက်ဆုတ်သွားသည်.
ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
သူက မူလကမ္ဘာသို့ အမှန်တကယ်ရောက်သွားသည်ဟု ခံစားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီး၏စွမ်းအားက သူ့ကို ဖိနှိပ်လာသည်။ သူ၏ အရိုးနှင့် ကြွက်သားများက ပျက်စီးသွားကြသည်။
သူ့ဝိညာဉ်က တုန်ခါနေသည်။ မူလဝိညာဉ်ဓားက ပျက်စီးသွားတော့မည်။
အကယ်၍ နောက်တစ်လှမ်း ဆက်တိုးလိုက်လျှင် တစ်ကိုယ်လုံး ကြေမွသွားလိမ့်မည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
‘ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ’
မူလကမ္ဘာက အားကောင်းသော်လည်း ထိုသို့ မဖြစ်သင့်ပေ။
သူက ကျင့်ကြံခြင်းလောကတွင် ရုပ်ခန္ဓာကို အဆုံးစွန်အထိ သန့်စင်ထားခဲ့သည်။ ထို့အပြင် ယခုအချိန်တွင်လည်း အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေသည်။
သူက ပါ့ရှားသွေးမျိုးဆက်အပြင် နဂါးမိကျောင်း၏ သွေးမျိုးဆက်ကိုလည်း သန့်စင်ထားသည်။
သူက အစစ်အမှန် မူလကမ္ဘာသို့ ရောက်သွားလျှင်ပင် ကောင်းမွန်စွာ ရှင်သန်နိုင်လိမ့်မည်။
သူနားမလည်သော အရာတစ်ခု ရှိနေသည်။
ဟန်မူယဲ့က လှေကားထစ်တွင်ရပ်ပြီး စဉ်းစားနေကြောင်း မြင်လိုက်ရသောအခါတွင် ဉာဏ်အလင်းသားရဲ၏ တတိယမျက်လုံးက ပွင့်လာပြီး အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။
“ငါမှတ်မိသွားပြီ”
ဟန်မူယဲ့က ခေါင်းငုံ့ထားပြီး တီးတိုးပြောသည်။
“မဟာတောရိုင်းကမ္ဘာရဲ့အလွန်မှာ မူလကမ္ဘာ ရှိနေတာပဲ”
“ငါက အခု မူလကမ္ဘာရဲ့ ပုံရိပ်ယောင်ထဲမှာ ရှိနေတာမဟုတ်ဘူး။ မဟာတောရိုင်းကမ္ဘာကိုဖြတ်ပြီး မူလကမ္ဘာထဲကို ဝင်ရောက်နေတာပဲ”
ဟန်မူယဲ့က ဉာဏ်အလင်းသားရဲကို မော့ကြည့်လိုက်ပြီး ပြုံးသည်။
“ဉာဏ်အလင်းသားရဲ၊ မင်္ဂလာသားရဲ”
“သူတို့က မင်းကို ရှာနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းက သူတို့ကို မူလကမ္ဘာဆီ ခေါ်သွားနိုင်လို့ပဲ”
“မူလကမ္ဘာနဲ့ မဟာတောရိုင်းကမ္ဘာက နှစ်ပေါင်းများစွာကွာခြားနေတဲ့ ကမ္ဘာနှစ်ခုပဲ”
“ဒါပေမဲ့ ဒီနေရာမှာတော့ မတူဘူး။ ကောင်းကင်တစ်သောင်းချောက်နက်ရဲ့ အောက်ခြေမှာ ကမ္ဘာနှစ်ခုက အကွာအဝေးတစ်ခုပဲ ခြားနားတယ်”
ကောင်းကင်တစ်သောင်းချောက်နက်၏ အောက်ခြေတွင် မူလကမ္ဘာက မဟာတောရိုင်းကမ္ဘာနှင့် ဆက်သွယ်နေသည်။
တွန့်ခေါက်နေသောကမ္ဘာ၊ တည်နေရာ ဖြစ်သည်။
ဉာဏ်အလင်းသားရဲက တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသည်။
ဟန်မူယဲ့၏ စကားအဆုံးတွင် ပတ်ဝန်းကျင်တွင်ရှိသော ပုံရိပ်များအားလုံးက ပျောက်ကွယ်သွားသည်။
သူက ရှေ့သို့ တစ်လှမ်းတိုးပြီး ဉာဏ်အလင်းသားရဲ၏ရှေ့သို့ ရောက်လာသည်။
တည်နေရာစွမ်းအား ....
သူကလည်း တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသည်။
သို့သော် မဟာတောရိုင်းကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးက တည်ငြိမ်ပြီး အားကောင်းသောကြောင့် သူက ထိုစွမ်းအားကို ထုတ်မသုံးနိုင်ခဲ့ပေ။
သို့သော် လှေကားထစ်များသည် မဟာတောရိုင်းကမ္ဘာတွင် မဟုတ်ခဲ့ပေ။
ဉာဏ်အလင်းသားရဲက ကိုယ်ပိုင်တည်နေရာစွမ်းအားဖြင့် ထိုလှေကားထစ်များကို ဖန်တီးပြီး မူလကမ္ဘာဆီသို့ လမ်းဖောက်ထားသည်။
ဤနေရာက မဟာတောရိုင်းကမ္ဘာ မဟုတ်သောကြောင့် ဟန်မူယဲ့က တည်နေရာစွမ်းအားကို ပြန်သုံးနိုင်ခဲ့သည်။
ယခုအချိန်တွင် သူက အဆီအနှစ်ဝိညာဉ် နဝမအဆင့်ဖြစ်ပြီး အစစ်အမှန်ဝိညာဉ်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။
ဉာဏ်အလင်းသားရဲက တောက်ပနေသော မျက်လုံးသုံးလုံးဖြင့် ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။
“နင်က လိုချင်တာတစ်ခု ပြောလို့ရတယ်”
ဉာဏ်အလင်းသားရဲက လှုပ်ရှားလိုက်ပြီး အသက် ၁၁နှစ်၊ ၁၂နှစ်ခန့်ရှိသော မိန်းကလေးတစ်ယောက်အဖြစ် ပြန်ပြောင်းသွားသည်။
ဟန်မူယဲ့က ဉာဏ်အလင်းသားရဲကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ”
ဉာဏ်အလင်းသားရဲက နောက်တွန့်သွားပြီး ကိုယ်ပိုင်ခန္ဓာကိုယ်ကို ပြန်ကြည့်သည်။ ထို့နောက် အထင်သေးနေသောအကြည့်ဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“နင်က ဒီလိုအရာမျိုးကို ကြိုက်တာလား”
ဟန်မူယဲ့က ဆွံ့အသွားသည်။
‘ဉာဏ်အလင်းသားရဲက ဘာတွေးနေတာလဲ’
“အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ရဲ့ မင်းသမီးလေးမွေးနေ့ကို သွားပေးစေချင်တယ်”
ဟန်မူယဲ့က ဆွံ့အနေသော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။
မွေးနေ့ပွဲအကြောင်းကို ကြားလိုက်ရသောအခါတွင် ဉာဏ်အလင်းသားရဲက ပျံသန်းလာသည်။
“အရသာရှိတဲ့ အစားအသောက်တွေ ကျွေးမှာလား”
“ပျော်စရာကောင်းလား”
“လူသားမျိုးနွယ်က ပျော်စရာကောင်းတယ်လို့ ငါကြားဖူးတယ်”
ဉာဏ်အလင်းသားရဲက ဟန်မူယဲ့၏ ပခုံးပေါ်တွင် ရပ်တန့်လိုက်သည်။
“မဟုတ်ဘူး။ ငါထွက်သွားလို့မရဘူး”
“ငါက ခွန်းဝူကို စောင့်ရှောက်ရအုံးမယ်”
ဉာဏ်အလင်းသားရဲက ခေါင်းငုံ့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက ခွန်းဝူကို နင့်ဆီမှာ အပ်ခဲ့မယ်လေ။ နင်က စောင့်ရှောက်လိုက်”
ဟန်မူယဲ့က ပြန်မပြောနိုင်ခင် ဉာဏ်အလင်းသားရဲက အသံပေးလိုက်သည်။ ရွှေရောင်နတ်ဘုရားအင်းကွက်တစ်ခုသည် ဟန်မူယဲ့၏ လည်ပင်းပေါ်သို့ ကျလာသည်။
သူက ဝိညာဉ်တွင် ဖြစ်ပေါ်လာသော အမှတ်အသားကို ခံစားမိသည်။
ထိုအမှတ်အသားက ပုံရိပ်ယောင်နယ်မြေတစ်ခုနှင့် ပတ်သတ်နေပုံရသည်။
“ကောင်းပြီ။ သွားကြစို့”
ဉာဏ်အလင်းသားရဲက ပြောလိုက်သည်။
ဟန်မူယဲ့က အင်းကွက်အကြောင်းကို မစဉ်းစားတော့ပဲ လက်မြှောက်ပြီး ဓားရှည်ကို ထုတ်သုံးသည်။ ထို့နောက် ဓားအလင်းအဖြစ် ပြောင်းလိုက်ပြီး ပျံသန်းသွားသည်။
“ဟားဟား၊ မြန်သားပဲ”
ဉာဏ်အလင်းသားရဲက စိတ်လှုပ်ရှားနေပုံပေါ်သည်။
အပြန်လမ်းတွင် အလာလမ်းထက် ပိုမိုလျင်မြန်နေသည်။
မျက်လုံးပြာသိမ်းငှက်က အစွမ်းကုန်သုံး၍ ပျံသန်းလျှင်ပင် ဟန်မူယဲ့နှင့် အမီလိုက်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က စစ်မြေပြင်သို့ ပြန်ရောက်လာသောအခါတွင် ရွှေကျီးကလန်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက အားကုန်လုနီးပါး ဖြစ်နေကြသည်။
ရွှေကျီးကလန် ပြိုလဲသွားသောအချိန်တွင် အမှန်တကယ် သတ်ဖြတ်ခြင်းကို စတင်လိမ့်မည်။
“ဘုန်း”
မူချန်ခုံးက လူသားစစ်တပ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီး ရှေ့တက်မလာနိုင်ခဲ့ပေ။
သူ့နောက်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်က တိတ်ဆိတ်စွာ ရှိနေကြသည်။ သို့သော် သူတို့က မတိုက်ခိုက်ခဲ့ပေ။
သံမဏိတောင်ပံနဂါးမျိုးနွယ်နှင့် ငွေလရေနဂါးမျိုးနွယ်၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့က မူချန်ခုံးကို ကယ်ထုတ်သွားမည်ဟု သဘောတူခဲ့သော်လည်း လူသားမျိုးနွယ်ကို တိုက်ရိုက် တိုက်ခိုက်မည်မဟုတ်ပေ။
မဟာတောရိုင်းကမ္ဘာ၏ ထိပ်တန်းအဆင့် မျိုးနွယ်များမှလွဲ၍ တခြားမျိုးနွယ်များက လူသားကလန်ကို ပွင့်လင်းစွာ မတိုက်ခိုက်နိုင်ကြပေ။
ဟန်မူယဲ့ ပြန်လာသောအခါတွင် မူချန်ခုံးက အော်ဟစ်လိုက်သည်။
“မူယဲ့၊ မူယန်တောင်တန်းကလန်ကို မင်းဆီမှာ အပ်ခဲ့မယ်”
“ငါက ရွှေကျီးကလန်သားတစ်ယောက် ဖြစ်တာကြောင့် တခြားလူတွေ သေသွားတာကို ရပ်ကြည့်မနေနိုင်ဘူး”
သူက စကားပြောလိုက်ပြီး ရွှေကျီးကန်း၏ ပြင်းထန်သော သွေးမျိုးဆက်စွမ်းအားကို ထုတ်လွှတ်သည်။ မဟာနေမင်းရွှေကျီးကန်း၏ မီးတောက်များ ပေါ်ထွက်လာသည်။
ယခုအချိန်တွင် သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဟုန်ကို ပြသလိုက်သည်။
“သူက သေချင်တယ်ဆိုရင် လာခိုင်းလိုက်လေ”
လူသားစစ်တပ်၏ ခေါင်းဆောင်စစ်သူကြီးက အော်ဟစ်လိုက်သည်။ ပိတ်ထားသော စစ်တပ်ဝင်္ကပါက လမ်းဖွင့်ပေးသည်။
မူချန်ခုံးကို တားဆီးထားသော လူသားကျွမ်းကျင်သူကလည်း နောက်ဆုတ်သည်။
မူချန်ခုံးက ရယ်မောလိုက်ပြီး ခေါင်းမော့၍ ပြောသည်။
“မူယန်တောင်တန်းကလန်ရဲ့ မူချန်ခုံးက ဒီမှာရောက်လာပြီ ....”
သူက ရွှေကျီးကန်းအဖြစ် အသွင်ပြောင်းပြီး လူသားစစ်တပ်၏ ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။
စစ်တပ်ဝင်္ကပါက ပြန်ပိတ်သွားသည်။ တိုက်ခိုက်သံများသည် ပဲ့တင်ထပ်လာခဲ့သည်။
စောင့်ကြည့်နေသော မျိုးနွယ်စုများနှင့် နဂါးမျိုးနွယ်၏ ကျွမ်းကျင်သူနှစ်ယောက်က စကားမပြောခဲ့ပေ။ ထိုအရာသည် မူချန်ခုံး၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။
လူအများသည် အမှန်ကန်ဆုံးအဖြေကို မရွေးချယ်တတ်ကြပေ။
မူချန်ခုံးက နောက်မဆုတ်ခဲ့ပေ။
ဟန်မူယဲ့က စစ်တပ်ဝင်္ကပါထဲသို့ ဝင်ရောက်သွားသော မူချန်ခုံးကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။
အမှန်အတိုင်းပြောရလျှင် ထိုသို့ ဒုက္ခခံနေရန် မလိုအပ်ပေ။
သူက ပခုံးပေါ်တွင်ရှိသော ဉာဏ်အလင်းသားရဲဖြစ်သည့် မျက်လုံးသုံးလုံးကြောင်ကို ဖမ်းဆုပ်သည်။ သူ့ခန္ဓာကိုယ်က ရွှေအလင်းကို ထုတ်လွှတ်နေသည်။
“နင်က ....”
ကြောင်က ထိတ်လန့်နေသောလေသံဖြင့် ပြောလိုက်သည်။
ဟန်မူယဲ့က ကြောင်ကို လျစ်လျူရှုထားပြီး ရင်းမြစ်စွမ်းအားကို ထည့်သွင်းပေးလိုက်သည်။
ချစ်စရာကောင်းသော ကြောင်ကလေးက ပေငါးထောင်ကြီးမားသော နတ်ဘုရားသားရဲအဖြစ် ပြောင်းလဲသွားသည်။ ထိုသားရဲက ဖြူဖွေးနေပြီး နဖူးတွင် ရွှေရောင်သန်းနေသော ဒေါင်လိုက် မျက်လုံးတစ်လုံး ရှိသည်။
သားရဲ၏ အမြီးရှည်က လေထုထဲတွင် လွင့်မျောနေသည်။
ဉာဏ်အလင်းသားရဲ ဖြစ်သည်။
စစ်မြေပြင်တွင် လူတိုင်းက လွင့်မျောနေသောသားရဲကို လှည့်ကြည့်လိုက်ကြသည်။
“အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ရဲ့ မှူးမတ်လီကျီချန်း၊ ကျွန်တော်က ဒီသားရဲကို ပေးအပ်ချင်ပါတယ်။ အပြန်အလှန်အနေနဲ့ ခင်ဗျားတို့စစ်တပ်က ရွှေကျီးကလန်နဲ့ ပူးပေါင်းပြီး ကောင်းကင်တစ်သောင်းတိုင်းပြည်ရဲ့ စစ်တပ်ကို တိုက်ခိုက်ရမယ်။ ဘယ်လိုလဲ”
ဟန်မူယဲ့၏အသံက မိုင်ထောင်ချီအကွာအထိ ပဲ့တင်ထပ်သွားသည်။
လူတိုင်းက ကြောင်အနေကြသည်။