အခန်း (၁၁၁၄)
Vol. 80 Ch. 1114
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်ကို ဦးဆောင်နေသော စစ်သူကြီး ကျင်းယုထောင်က ပျံသန်းထွက်လာပြီး ဉာဏ်အလင်းသားရဲကို ကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူက အဝေးတစ်နေရာသို့ ဆက်ကြည့်သည်။ သူ့မျက်နှာထားက ဆိုးဝါးနေသည်။
“လီကျီချန်း၊ မင်းက ကောင်းကင်တစ်သောင်းတိုင်းပြည်နဲ့ ရန်သူဖြစ်လာချင်တာလား”
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အစစ်အမှန်ဝိညာဉ်စွမ်းအားကို ဖော်ထုတ်သည်။
သူ့နောက်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက် ပေါ်လာသည်။
ရွှေကျီးကလန်ကို ဝိုင်းရံတိုက်ခိုက်နေသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူရှစ်ယောက်နှင့် ပေါင်းလိုက်လျှင် ကောင်းကင်တစ်သောင်းတိုင်းပြည်က စစ်သည်ငါးသန်းနှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ဆယ့်တစ်ယောက်ကို စေလွှတ်ခဲ့သည်။
ထိုအင်အားမျိုးက မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များကြားတွင် ရှားပါးသည်။
မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များက များသောအားဖြင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်၊ နှစ်ယောက်ခန့်ကိုသာ ပိုင်ဆိုင်ထားကြသည်။ သူတို့က စစ်တပ်တစ်ခုကို စုစည်းမည်မဟုတ်ပေ။
လူဦးရေငါးသန်းရှိသော မျိုးနွယ်စုကြီးများကလည်း ရှားပါးသည်။
လူသားမျိုးနွယ်ကသာ နေရာအနှံ့မှလူများကို စုစည်း၍ စစ်တပ်တစ်ခုကို တည်ဆောက်နိုင်သည်။
“ကျင်းယုထောင်၊ အံ့ဖွယ်ဝိညာဉ်တိုင်းပြည်က မင်းနဲ့ ရန်သူဖြစ်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့မင်းသမီးလေးရဲ့ မွေးနေ့ပွဲအတွက် ဉာဏ်အလင်းသားရဲကို လိုအပ်နေတယ်”
အဝေးတစ်နေရာမှ ကျယ်လောင်သောအသံ ပေါ်ထွက်လာသည်။
ရထားလုံးများသည် စစ်မြေပြင်သို့ ဦးတည်လာကြသည်။
အံ့ဖွယ်ဝိညာဉ််တိုင်းပြည်၏ ရထားလုံးစစ်တပ် ဖြစ်သည်။
‘လူသားတိုင်းပြည်နှစ်ခုက တိုက်ခိုက်တော့မှာလား’
‘ရွှေကျီးမျိုးနွယ်က လွတ်မြောက်သွားမှာလား’
မျိုးနွယ်စုအသီးသီး၏ မရေမတွက်နိုင်သော ကျွမ်းကျင်သူများက လေထုထဲတွင် လွင့်မျောနေသော ဉာဏ်အလင်းသားရဲကို ကြည့်လိုက်ကြသည်။
ရွှေကျီးကလန် ပျက်စီးတော့မည့်အချိန်တွင် ထိုသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ကောင်းကင်တစ်သောင်းတိုင်ပြည်၏ စစ်သူကြီး၊ မင်မြို့၏ခေါင်းဆောင် ကျင်းယုထောင်က လက်သီးဆုပ်ထားပြီး အံကြိတ်သည်။ သူ၏ အစစ်အမှန်ဝိညာဉ်စွမ်းအားက နေရာအနှံ့သို့ ပေါက်ကွဲထွက်လာသည်။
သူက ရွှေကျီးကလန်၏စစ်တပ်ကို ဖြိုခွဲပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကလန်သားနှစ်ယောက်ကို သတ်ဖြတ်ရန် အနည်းငယ်သာ လိုတော့သည်။
သူက စစ်သည်ငါးသန်းကို စုစည်းပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူဆယ့်တစ်ယောက်ကို ဖိတ်ခေါ်ထားသည်။
သူက နောက်တစ်ကြိမ် အခွင့်အရေးမရနိုင်ပေ။
ရွှေကျီးကလန်သားတစ်သန်းနှင့်အတူ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်လိုက်လျှင် ဧကရာဇ်က သူ့ကို ရက်ရောစွာ ဆုချလိမ့်မည်။
ထိုဆုလာဘ်သည် သူ၏ ကျင့်ကြံခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းအတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်တွင် နေထိုင်သော လူများက ဧကရာဇ်၏စွမ်းအားကို နားလည်ကြသည်။
“လီကျီချန်း ....”
ကျင်းယုထောင်က အံကြိတ်ထားပြီး အဝေးတစ်နေရာတွင်ရှိသော ဉာဏ်အလင်းသားရဲကို လှမ်းကြည့်သည်။
“အဲဒီကောင်ကိုသတ်ပြီး ဉာဏ်အလင်းသားရဲကို လုယူခဲ့”
သူက လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးသည်။
အနက်ရောင်ချပ်ဝတ်နှင့် လူသားကျွမ်းကျင်သူ ဆယ်ယောက်ကျော်က ပျံသန်းသွားကြသည်။
အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို မစေလွှတ်ခဲ့ပေ။ သို့သော် ထိုလူများက အစစ်အမှန်ဝိညာဉ်အဆင့် အောက်ရှိ လူတိုင်းကို ဖိနှိပ်နိုင်သည်။
အနက်ရောင်ချပ်ဝတ်နှင့် လူသားများက အလွန်လျင်မြန်ပြီး ဟန်မူယဲ့၏ရှေ့သို့ ဖျတ်ခနဲ ရောက်လာကြသည်။
သူတို့က ကောင်းကင်တစ်သောင်းတိုင်းပြည်မှ မင်မြို့၏ အစောင့်တပ်သားများ ဖြစ်ကြပြီး လှုပ်ရှားလိုက်သောအခါတွင် ရက်စက်ကြသည်။
“နင်သေသွားရင် ငါတို့ရဲ့ သဘောတူညီချက်က အလိုလျောက် ပျောက်ကွယ်သွားလိမ့်မယ်”
ဉာဏ်အလင်းသားရဲက ပြောသည်။
‘သူက ရှင်သန်နိုင်ပါ့မလား’
မရေမတွက်နိုင်သော လူများက ဟန်မူယဲ့ကို ကြည့်နေကြသည်။
အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျင့်ကြံသူလေးယောက်နှင့် အဌမအဆင့် ကျင့်ကြံသူ ခုနစ်ယောက် ....
အစစ်အမှန်ဝိညာဉ်အဆင့် မဟုတ်လျှင် ထိုလူများကို မည်သူက ခုခံနိုင်မည်နည်း။
“သေမှာလား”
ဟန်မူယဲ့က ပြုံးသည်။
သူက ချောက်နက်ဓားကို မြှောက်လိုက်ပြီး ဘယ်ဘက်လက်တွင် အသက်ဓားကို ကိုင်ထားသည်။
“ဘယ်သူသေမလဲ ကြည့်ရအောင်”
သူ့စကားအဆုံးတွင် ဓားအလင်းတစ်ခု ဆင်းသက်လာခဲ့သည်။
တောက်ပသော ဓားအလင်းသည် ဥက္ကာခဲနှင့်တူပြီး ကမ္ဘာများကို ဖျက်ဆီးနိုင်သည့် စွမ်းအားနှင့်အတူ မိုင်သန်းချီအကွာအဝေးကို ဖြတ်သန်းလာသည်။
ထိုဓားချက်က လျင်မြန်သည်။
“ရွှပ် ....”
ပေတစ်သောင်းရှည်လျားသော ဓားအလင်းက အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် အဌမအဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ထိုးဖောက်လိုက်သည်။
အလွန်လျင်မြန်သည်။
ထိုဓားချက်၏ အမြန်နှုန်းနှင့် ရက်စက်မှုကို ကိုယ်တိုင်မကြုံတွေ့ရလျှင် မသိနိုင်ပေ။
ကိုယ်တိုင်ကြုံတွေ့ရသော လူများကလည်း သေဆုံးသွားကြသည်။
ဓားအလင်းတစ်ခုသည် ကျွမ်းကျင်သူသုံးယောက်ကို သတ်ဖြတ်ခဲ့သည်။
ဓားအလင်းပေါ်လာသောအချိန်တွင် ဟန်မူယဲ့၏ပုံရိပ်သည် နောက်မှ လိုက်လာခဲ့သည်။
ဘယ်ဘက်လက်တွင်ရှိသော ဓားတိုက မီးတောက်အား ထုတ်လွှတ်နေသော အနက်ရောင်ချပ်ဝတ်နှင့် လူတစ်ယောက်၏ဦးခေါင်းကို ကြမ်းတမ်းစွာ ထိုးစိုက်ခဲ့သည်။
“ဘန်း”
မီးတောက်က ပေါက်ကွဲသွားသည်။ ထိုလူ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ဓားတို၏ ခွန်အားကြောင့် တစ်ခါတည်း ရိုက်ချခံလိုက်ရသည်။
ဟန်မူယဲ့က ဓားနှစ်လက်ကိုင်ထားပြီး ရှေ့သို့ကြည့်သည်။
မျက်တောင်တစ်ခတ်စာအတွင်း သုံးယောက်က အသတ်ခံလိုက်ရသည်။ လေးယောက်မြောက်က အပြင်းအထန် ဒဏ်ရာရသွားသည်။
ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသော လူဆယ့်တစ်ယောက်တွင် သုံးပုံတစ်ပုံခန့်က ချက်ချင်း ရှင်းထုတ်ခံလိုက်ရသည်။
“ကောင်းတယ်”
“လူသားတွေကတောင် အဲဒီလိုဓားနည်းစနစ်မျိုးကို မသုံးနိုင်ဘူးမဟုတ်လား”
“သူက စစ်ပွဲမှာ ဝင်ပါရဲတာ မထူးဆန်းတော့ပါဘူး”
မရေမတွက်နိုင်သော အားပေးသံများ ပေါ်ထွက်လာသည်။
ဟန်မူယဲ့၏ ဓားနည်းစနစ်က အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းသည်။
“ကောင်းတယ်”
ရထားလုံးပေါ်တွင်ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မင်းက ငါရောက်လာသည်အထိ မသေဘူးဆိုရင် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ကို အလည်လာတဲ့အချိန်မှာ ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ကြိုဆိုမယ်”
ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူက ဓားဖြင့် ရှေ့သို့ ညွှန်ပြလိုက်ပြီး ပြောသည်။
“ကောင်းပြီ”
ရှေ့တွင် လူသားကျွမ်းကျင်သူများက လက်နက်ထုတ်ပြီး အဆီအနှစ်ဝိညာဉ်ကို အသုံးပြု၍ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို နှိုးဆွလိုက်သည်။
အနက်ရောင်နွားသိုးတစ်ကောင်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။ နွားသိုး၏ ဦးချိုနှစ်ချောင်းက ဟန်မူယဲ့၏ ရင်ဘတ်ကို ဦးတည်ထားသည်။
ဘယ်နှင့်ညာတွင် အဆီအနှစ်ဝိညာဉ်မှ အသွင်ပြောင်းလာသော ကြိုးကြားနှင့် သိုးစိမ်တစ်ကောင်စီ ရှိနေကြသည်။
အစွန်အဖျားတွင် တခြားလူများက မန္တန်ကို အသုံးပြုပြီး ဟန်မူယဲ့ကို တိုက်ခိုက်လိုက်ကြသည်။
အကယ်၍ အဆီအနှစ်ဝိညာဉ် နဝမအဆင့်ဖြစ်သော ရွှေကျီးကလန်၏ ဟန်မူယဲ့က ဓားတစ်လက်ဖြင့် သူတို့အားလုံးကို ကျော်ဖြတ်နိုင်ခဲ့လျှင် ကောင်းကင်တစ်သောင်းတိုင်းပြည်က အရှက်ရနေလိမ့်မည်။
လူသားမျိုးနွယ်က ဓားနည်းစနစ်နှင့် တာအိုနည်းလမ်းများတွင် အသန်မာဆုံးဖြစ်ကြသည်။
“သတ်”
လူသားကျွမ်းကျင်သူများက လျင်မြန်သည်။ သို့သော် ဟန်မူယဲ့က ပိုမိုလျင်မြန်သည်။
သူက ဓားနှစ်လက်ကို သွယ်ယှက်လျက် ခုတ်ချလိုက်ပြီး မီးတောက်ကို ထုတ်ဖော်သည်။
မီးတောက်များက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ဘန်း”
“ခလွမ်”
လက်နက်ဖြစ်စေ၊ မန္တန်ဖြစ်စေ မီးတောက်များ၏ရှေ့တွင် ပျက်စီးသွားကြသည်။
မီးတောက်များက တည်နေရာကို လောင်ကျွမ်းနိုင်သကဲ့သို့ ခမ်းနားမှုနှင့်အတူ လှုပ်ရှားနေကြသည်။
“ရွှေကျီးကန်းနတ်ဘုရားမီးတောက်”
ရှေ့ဆုံးတွင်ရှိနေသော အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူ၏ မျက်နှာထားက ဆိုးဝါးသွားသည်။
မရေမတွက်နိုင်သော လူများ၏ရှေ့တွင် ဟန်မူယဲ့က ဓားနှစ်လက်ကို အသုံးပြုပြီး လူသတ်ခဲ့သည့်အပြင် မီးတောက်ဖြင့် လူသားကျွမ်းကျင်သူများကို ခြောက်လှန့်နိုင်ခဲ့သည်။
ထိုစွမ်းအားမျိုးက ထိတ်လန့်စရာကောင်းသည်။
“ငါတို့ မဟာတောရိုင်းကမ္ဘာရဲ့ မျိုးနွယ်စုတွေမှာ ဒီလိုလူမျိုး ရှိနေမယ်လို့ ထင်မထားခဲ့ဘူး ....”
လူတစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် တီးတိုးပြောလိုက်သည်။
လူအများက လူသားစစ်တပ်ကို ပြန်ကြည့်လိုက်သောအခါတွင် အမြင်ပြောင်းလဲသွားသည်။
“ပုရွက်ဆိတ်တွေ”
မင်မြို့သခင် ကျင်းယုထောင်က အော်ဟစ်လိုက်ပြီး စစ်မြေပြင်မှ ပျံသန်းထွက်လာသည်။
သူက ဟန်မူယဲ့ကို ကိုယ်တိုင်သတ်ဖြတ်တော့မည်။
သူ့နောက်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက် လိုက်လာသည်။
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူသုံးယောက် ဖြစ်သည်။
“မြန်မြန်ထွက်သွားတော့”
စစ်တပ်ဝင်္ကပါထဲတွင် ရှိနေသော ကျိုးယွီက အော်ပြောသည်။
သူကိုယ်တိုင်ကပင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူသုံးယောက်နှင့် ရင်မဆိုင်နိုင်ပေ။
ထို့အပြင် ဟန်မူယဲ့ကိုသတ်ဖြတ်ရန် ရောက်လာသော ကျွမ်းကျင်သူသုံးယောက်ထဲတွင် စစ်သူကြီးကျင်းယုထောင်ကိုယ်တိုင် ပါနေသည်။
“ငါက သူတို့ကို မတားနိုင်ဘူး။ ကောင်လေး၊ ထွက်သွားတော့”
ဟန်မူယဲ့၏ ဦးခေါင်းထက်တွင်ရှိသော ဉာဏ်အလင်းသားရဲက ညင်သာစွာပြောသည်။
သားရဲက လှုပ်ရှားလိုက်ပြီး မျက်လုံးသုံးလုံးကြောင်အဖြစ် ပြန်ပြောင်းသွားသည်။
“နင်က ရဲရင့်တယ်။ နင်အရွယ်ရောက်လာရင် ခွန်းဝူရဲ့သခင် ဖြစ်လိမ့်မယ်”
ကြောင်ဖြူက လက်မြှောက်လိုက်သည်။ ကျောက်သားလှေကားထစ်များ ပေါ်လာသည်။
“ဒီနေရာကနေ ထွက်သွားပြီး ကိုယ့်နေရာကိုယ် ပြန်တော့”
‘ကိုယ့်နေရာကိုယ် ပြန်ရမှာလား’
ဟန်မူယဲ့က တုန်ခါသွားသည်။
‘အပျက်အစီးနယ်မြေကနေ ထွက်သွားရမှာလား’
စစ်တပ်ဝင်္ကပါ၏ ဝိုင်းရံမှုအောက်တွင်ရှိနေသော ရွှေကျီးကလန်ကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ညင်သာစွာ ခေါင်းခါသည်။
ဓားထုတ်ပြီးလျှင် နောက်ပြန်လှည့်ရန် အကြောင်းမရှိပေ။
“အကြီးအကဲတို့က၊ အဲဒီ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို အသက်ရှူကြိမ်ဆယ်ခါကြာအောင် တားဆီးပေးပါ”
‘မင်းသဘောပဲ”
နဂါးမျိုးနွယ်၏ ကျွမ်းကျင်သူနှစ်ယောက်က သဘောတူလိုက်သည်။
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဓားနှစ်လက်ကို ဆုပ်ကိုင်သည်။ သူက တိုက်ခိုက်လိုစိတ်ကို ဖော်ထုတ်နေသည်။
“မှူးမတ်လီကျီချန်း၊ အသက်ရှူကြိမ်ဆယ်ခါပဲ”
“အသက်ရှူကြိမ်ဆယ်ခါအတွင်း ခင်ဗျားရောက်မလာနိုင်ရင် သဘောတူညီချက် မရှိတော့ဘူး”
“ကောင်းပြီ”
လီကျီချန်းက ပြန်ပြောသည်။
ဟန်မူယဲ့က ပြေးဝင်လာသော ကျင်းယုထောင်ကို ကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
သူ့နောက်တွင်ရှိသော အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်မှ ထောင်ချီသောဓားအလင်းများ ပျံသန်းထွက်လာပြီး ကောင်းကင်ကို ထိုးခွဲသွားသည်။
အစစ်အမှန်ဝိညာဉ်အဆင့်သည် အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင် အင်မော်တယ်ဘုရင်နှင့် အဆင့်တူသည်။ အင်မော်တယ်ဘုရင်များက စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။
စည်းမျဉ်းသည် ကောင်းကင်နှင့်မြေကြီး၏ ကပ်ဘေးကို ကျော်ဖြတ်နိုင်သည်။
ဤနေရာတွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည် မဟာတောရိုင်းကမ္ဘာ၏ အသိအမှတ်ပြုခြင်းကို ရရှိထားသည်။
ယခု ကျင်းယုထောင်က ဆယ်မိုင်ခန့်အကွာတွင် ရှိနေသော်လည်း လက်မြှောက်လိုက်ပြီး အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ထဲမှ ပျံသန်းထွက်လာသော ဓားများကို အကျဉ်းချခဲ့သည်။
ထိုအရာသည် စည်းမျဉ်းဖြစ်သည်။
အစစ်အမှန်ဝိညာဉ်အဆင့်သို့ မရောက်သေးလျှင် ခုခံနိုင်မည်မဟုတ်ပေ။