အခန်း (၁၁၁၆)
Vol. 80 Ch. 1116
မှူးမတ်လီက အစစ်အမှန်ဝိညာဉ်ကို ဖော်ထုတ်လိုက်သောအချိန်တွင် ပတ်ဝန်းကျင်က ကျောက်စိမ်းရောင်ပြောင်းသွားသည်။
ဓားချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသော ကျင်းယုထောင်၏မျက်နှာထားက လေးနက်နေသည်။ သူ့နောက်ကျောတွင်လည်း အစစ်အမှန်ဝိညာဉ်ပုံရိပ်တစ်ခု စုစည်းလာသည်။
ခေါင်းနှစ်လုံးလူဝံ ဖြစ်သည်။
နတ်ဘုရားသားရဲ မဟုတ်ပေ။ သို့သော် သန္ဓေပြောင်းသားရဲများကြားတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
ရက်စက်ပြီး ကောက်ကျစ်သည်။ အားကောင်းပြီး လျင်မြန်သည်။
မှူးမတ်လီ၏ သိုးနတ်ဘုရားသားရဲနှင့် ယှဉ်နိုင်လိမ့်မည်။
အစစ်အမှန်ဝိညာဉ်များက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လှုံ့ဆော်ပြီး ဝင်တိုက်လိုက်ကြသည်။
ဟန်မူယဲ့က ဓားဖြင့် ခုတ်ချသည်။
“ဘုန်း”
ဓားက ခေါင်းနှစ်လုံးလူဝံ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။ သို့သော် လူဝံက လက်မြှောက်ပြီး ဓားကို တားဆီးခဲ့သည်။
ဓားကို တားဆီးထားသော်လည်း ဓားက အလွန်အားကောင်းသည်။
အစစ်အမှန်ဝိညာဉ်ပုံရိပ်က ဟန်ချက်ပျက်သွားပြီး နောက်ဆုတ်ပေးလိုက်ရသည်။
ခေါင်းနှစ်လုံးလူဝံက ဒေါသတကြီး ဟိန်းဟောက်သည်။
ဟန်မူယဲ့က ဆက်လက်မတိုက်ခိုက်ဘဲ နောက်ဆုတ်သည်။
အစစ်အမှန်ဝိညာဉ်များက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို လှုံ့ဆော်ပေးလိုက်သည်။ ယခုအချိန်တွင် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ မှူးမတ်လီနှင့် ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်သူကြီးကျင်းယုထောင်တို့က သေဆုံးသည်အထိ တိုက်ခိုက်ရန်သာ ကျန်တော့သည်။
ထိုအရာသည် မဟာတောရိုင်းကမ္ဘာ၏ စည်းမျဉ်းဖြစ်သည်။ အစစ်အမှန်ဝိညာဉ်များ ဆုံတွေ့သောအခါတွင် သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။
ထို့အပြင် သူတို့နှစ်ယောက်လုံးက သက်ဆိုင်ရာတိုင်းပြည်၏ စစ်သူကြီးများ ဖြစ်ကြသည်။ အကယ်၍ တိုက်ပွဲတွင် ရှုံးနိမ့်သွားလျှင် တိုင်းပြည်ကို အရှက်ရစေလိမ့်မည်။
ယခုအချိန်တွင် စစ်ပွဲ၏ အကြီးမားဆုံးအပြောင်းအလဲ စတင်လာသည်။
ဓားကိုင်ထားပြီးရပ်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပတ်ဝန်းကျင်တွင်ရှိသော ကျွမ်းကျင်သူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။
ရွှေကျီးကလန် အဆုံးသတ်သွားမည်ဟု ထင်ထားခဲ့သော စစ်ပွဲက ဤသို့ ဖြစ်လာမည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။
ယခု အခြေအနေက ပြောင်းလဲသွားသည်။
“အားလုံးပဲ အခု ဘာကို စောင့်နေကြတာလဲ”
ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် အော်ဟစ်လိုက်သည်။
သူက လက်မြှောက်ပြီး ရှေ့သို့ ညွှန်ပြသည်။
“အမဲလိုက်ပွဲမှာ ရလာတဲ့ပစ္စည်းတွေက လူသားစစ်သည်ငါးသန်းရဲ့ ချပ်ဝတ်၊ လက်နက်တွေနဲ့ ယှဉ်နိုင်မှာလား”
“သူတို့ရဲ့ပစ္စည်းတွေက သားရဲတွေကို အမဲလိုက်နေတာထက် ပိုကောင်းတယ်”
ချပ်ဝတ်နှင့် လက်နက်များကို လုယူမည်။
လူတိုင်းက တောက်ပနေသော မျက်လုံးများဖြင့် ငွေရောင်တောက်နေသော စစ်တပ်ကို ကြည့်လိုက်ကြသည်။
‘သူတို့ရဲ့လက်နက်တွေကို ဘယ်သူက မလိုချင်မှာလဲ’
အကယ်၍ သူတို့၏ မျိုးနွယ်တွင် ထိုချပ်ဝတ်နှင့်လက်နက်များ ရှိနေခဲ့လျှင် အဆပေါင်းမရေမတွက်နိုင်အောင် ခွန်အားတိုးလာလိမ့်မည်။
“ဒီတိုက်ပွဲမှာ ရွှေကျီးကလန်က အကျိုးအမြတ်မယူဘူး”
စစ်တပ်ဝင်္ကပါ၏ ဝိုင်းရံမှုကြားတွင်ရှိနေသော ကျိုးယွီက အော်ပြောသည်။
ရွှေကျီးကလန်က လက်နက်နှင့် ချပ်ဝတ်များကို ယူမည်မဟုတ်ပေ။ လက်သွက်သောလူက လက်နက်နှင့် ချပ်ဝတ်များကို ရလိမ့်မည်။
“သူတို့ရဲ့ စစ်ပွဲဝင်္ကပါက ခိုင်မာတယ်လို့ ထင်ရပေမဲ့ ဘယ်ဘက်၊ အရှေ့ဘက်နဲ့ မြောက်ဘက်တွေမှာ အရမ်းအားနည်းတယ်”
ဟန်မူယဲ့၏ စကားအဆုံးတွင် ဟန်ယွင်ဟယ်က ဟန်တောင်တန်းကလန်နှင့် မူယန်တောင်တန်းကလန်၏ ကလန်သားများအားလုံးကို ဦးဆောင်ပြီး ပြေးထွက်သွားသည်။
ယနေ့စစ်ပွဲသည် အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့က ရွှေကျီးကလန်သားများ ဖြစ်သောကြောင့် မျိုးနွယ်ဝင်များ ဝိုင်းရံခံထားရသောအခါတွင် တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်ရန် ခက်ခဲနေသည်။
ယခုအချိန်တွင် ဟန်မူယဲ့က အမိန့်ပေးလိုက်သောကြောင့် လူတိုင်းက အစစ်အမှန်ဝိညာဉ်များကို ဖော်ထုတ်ပြီး ပေတစ်သောင်းကြီးမားသော ရွှေကျီးကန်းအဖြစ် စုစည်း၍ စစ်တပ်ဝင်္ကပါကို ဝင်တိုက်သည်။
“ဘန်း”
ဝင်္ကပါတွင် အပေါက်တစ်ပေါက် ပေါ်လာသည်။
သူတို့က စစ်တပ်ဝင်္ကပါကို အမှန်တကယ်ပင် ချိုးဖျက်နိုင်ခဲ့သည်။
ထိုအချိန်တွင် တခြားမျိုးနွယ်များက အချိန်ဆွဲမနေတော့ဘဲ ဟိန်းဟောက်လိုက်ပြီး စစ်မြေပြင်သို့ ပြေးဝင်လာကြသည်။
သိပ်မဝေးသောနေရာတွင် ရထားလုံးများကလည်း ငွေရောင်စစ်တပ်ဆီသို့ ချီတက်လာကြသည်။
အစပိုင်းတွင် လူသားစစ်တပ်က ရွှေကျီးမျိုးနွယ်ကို ဖိနှိပ်ထားပြီး ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
ယခုအချိန်တွင် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များနှင့် အံ့ဖွယ်ဝိညာဉ်ကမ္ဘာ၏ ရထားလုံးစစ်တပ်က ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်ကို ပြန်လည်ဝိုင်းရံထားသည်။
ဟန်မူယဲ့က ပြေးဝင်သွားသော မျိုးနွယ်စုများကို ကြည့်လိုက်ပြီး ပြုံးသည်။
သူ့နောက်တွင်ရှိနေသော ဉာဏ်အလင်းသားရဲ၏ မျက်လုံးများက တောက်ပသွားသည်။
“နင်က ရွှေကျီးကန်းမျိုးနွယ်ဖြစ်တာကို မသိခဲ့ရင် ဉာဏ်များတဲ့လူသားတစ်ယောက်လို့ ထင်မိလိမ့်မယ်”
ဉာဏ်အလင်းသားရဲက ဟန်မူယဲ့၏ပခုံးပေါ်သို့ ရောက်လာပြီး ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။ ထို့နောက် ခေါင်းခါလိုက်သည်။
“နင်က ငါမြင်ဖူးတဲ့ ရွှေကျီးကလန်သားတွေထဲမှာ ဒုတိယမြောက် ဉာဏ်အကောင်းဆုံးလူပဲ”
‘ဒုတိယလား’
ဟန်မူယဲ့က ကြောင်ကို လှည့်ကြည့်သည်။
မျက်လုံးသုံးလုံးကြောင်က ခေါင်းမော့ကြည့်သည်။
ဟန်မူယဲ့ကလည်း ကောင်းကင်ထက်တွင်ရှိသော နေမင်းကို ကြည့်လိုက်သည်။
မဟာနေမင်းရွှေကျီးကန်းက နံပတ်တစ် ဖြစ်သည်။
သူက ရွှေကျီးကန်းမျိုးနွယ်၏ ဉာဏ်အကောင်းဆုံးလူ ဖြစ်သောကြောင့် ဟန်မူယဲ့က အလွန်အမင်း စိုးရိမ်နေရန် မလိုတော့ပေ။
“ဘုန်း”
အစစ်အမှန်ဝိညာဉ်များ ထိတွေ့သွားသည်။ မြေပြင်က တုန်ခါနေသည်။
ကျင်းယုထောင်နှင့် မှူးမတ်လီ၏ တိုက်ပွဲတွင် တခြားလူများက ဝင်မပါနိုင်ကြပေ။
ရှေ့တွင်ရှိနေသော ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်က မခုခံနိုင်တော့ပေ။ ဝိုင်းရံထားသော ရွှေကျီးကလန်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ရသည်။
ရွှေကျီးကလန်သားများက ခုခံမှုမှ တိုက်ခိုက်မှုသို့ ပြောင်းလဲလိုက်သည်။ သူတို့က တက်ကြွနေသည်။
ကျိုးယွီနှင့် တခြားလူများကို ဝိုင်းရံတိုက်ခိုက်နေသော လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက ရွေးချယ်စရာမရှိပဲ လူစုခွဲလိုက်ပြီး မဟာတောရိုင်းကမ္ဘာ၏ တခြားကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသည်။
“လီကျီချန်း၊ မင်းစောင့်နေလိုက်”
“တစ်နေ့ကျရင် မင်းကို သတ်ပစ်မယ်”
ကျင်းယုထောင်က ဟိန်းဟောက်လိုက်ပြီး နောက်ဆုတ်သွားသည်။
သူက အရှုံးပေးခဲ့ရသည်။
အောက်တွင် အားပေးသံများကို ကြားရသည်။
မှူးမတ်လီ၏ အစစ်အမှန်ဝိညာဉ်က ခေါင်းမော့ပြီး ဟိန်းဟောက်သည်။ ရွှေအလင်းသည် သားရဲ၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ရလျှင် ကောင်းကင်တာအို၏ ကောင်းချီးကို ရရှိပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတချို့နှင့် ပေါင်းစပ်နိုင်လိမ့်မည်။
တစ်ဖက်တွင် ကျင်းယုထောင်၏ ခေါင်းနှစ်လုံးလူဝံက အနက်ရောင်အချုပ်အနှောင်ကို ခံစားလိုက်ရသည်။
ယခုအချိန်မှစ၍ ကောင်းကင်တာအိုက သူ့ကို မျက်နှာသာပေးတော့မည်မဟုတ်ပေ။
ကောင်းကင်တာအို၏ ကောင်းချီးကို ဆုံးရှုံးသွားသောကြောင့် ကျင့်ကြံဆင့် တိုးတက်လာတော့မည်မဟုတ်ပေ။
အဆင့်တက်ရန်အတွက် အဆပေါင်းတစ်သောင်းခန့် ပိုမိုခက်ခဲလိမ့်မည်။
ကျင်းယုထောင်က အံကြိတ်ထားပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“ဝင်္ကပါပြင်မယ်”
သူက ကျယ်လောင်စွာ အော်ဟစ်သည်။
ရှုံးနိမ့်နေသော ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်က ဖြည်းဖြည်းချင်း စုစည်းလာသည်။ စစ်သည်သုံးသန်းခန့်က ဝင်္ကပါကို ဖွဲ့စည်းလိုက်သည်။
ယခင်က စစ်သည်သုံးသန်း၏ ဝင်္ကပါကို မျိုးနွယ်စုတိုင်းက ရှောင်ရှားကြလိမ့်မည်။
သို့သော် ယခုအချိန်တွင် လူတိုင်းက စိတ်အားထက်သန်နေပြီး တိုက်ခိုက်ကြည့်ရန် ကြိုးစားနေကြသည်။
ကျားတစ်ကောင်က မည်မျှပင် သန်မာပါစေ ကျဆင်းသွားလျှင် ယခင်ဂုဏ်သိက္ခာကို မပိုင်ဆိုင်တော့ပေ။
“ခေါင်းဆောင်ကျိုးယွီ၊ အခု မတိုက်ခိုက်ရင် ဘယ်တော့ တိုက်ခိုက်မှာလဲ”
ဟန်မူယဲ့က ပြောသည်။
တိုက် ....
ထုခွဲရန် ခက်ခဲသော အခွံမာသီးတစ်လုံး ဖြစ်သည်။
သူတို့က ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ပြန်လည်စုစည်းနေသော စစ်တပ်နှင့် တိုက်ခိုက်လျှင် မမတော်တဆမှုများ ရှိလာလိမ့်မည်။
သို့သော် ဟန်မူယဲ့ပြောသည့်အတိုင်း ယခုအချိန်တွင် တိုက်ခိုက်ရမည်။
ရွှေကျီးကလန်နှင့် ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ရန်ငြိုးကို ချေဖျက်နိုင်မည်မဟုတ်ပေ။
ကျိုးယွီနှင့် ရွှေကျီးကလန်သားများက သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။
“သတ်”
ကျိုးယွီက အရင်ဆုံး ပြေးထွက်သွားသည်။
ရှေ့တွင် တားဆီးနေသော လူသားကျွမ်းကျင်သူက တုံ့ဆိုင်းနေပြီး နောက်ဆုတ်သွားခဲ့သည်။
“ဘုန်း”
လူသားကျွမ်းကျင်သူ နောက်ဆုတ်သွားသောအချိန်တွင် ကျိုးယွီက မီးတောက်များကို ထုတ်လွှတ်သည်။
မဟာနေမင်းရွှေကျီးကန်း၏ ထောက်ပံ့မှုကြောင့် ရွှေကျီးကန်းသွေးမျိုးဆက်က တိုးတက်လာသည်။
မီးနေမင်းသွေးမျိုးဆက် ....
ကျိုးယွီ၏ သွေးမျိုးဆက်က လောင်ကျွမ်းနေမင်းအဆင့်မှ မီးနေမင်းအဆင့်သို့ တိုးတက်သွားသည်။ ရွှေမီးတောက်များသည် သူ့ပတ်ဝန်းကျင်တွင် လည်ပတ်နေပြီး လောကကို လောင်ကျွမ်းတော့မည်ဟု ထင်ရသည်။
ကောင်းကင်ထက်တွင်ရှိသော နေမင်းက တုန်ခါနေပြီး ရွှေရောင်အမျှင်တန်းများကို ဖြန့်ကျဲသည်။
ကျိုးယွီ၏နောက်တွင် ရွှေကျီးကလန်သားများအားလုံးက ရွှေအလင်းကို ထုတ်လွှတ်လိုက်ကြသည်။
မဟာနေမင်းရွှေကျီးကန်း၏ ကောင်းချီး ဖြစ်သည်။
နှစ်ပေါင်းတစ်သောင်းတွင် ပထမဆုံးအကြိမ်အဖြစ် မဟာနေမင်းရွှေကျီးကန်း၏ တိုက်ရိုက်ကောင်းချီးကို ရရှိလိုက်သည်။
သွေးမျိုးဆက်မနိုးထသေးသော ရွှေကျီးကလန်သားများအတွက် ထိုကောင်းချီးကြောင့် သွေးမျိုးဆက် နိုးထလာလိမ့်မည်။
ရွှေအလင်း ပေါ်ထွက်လာသည်။ ရွှေကျီးကလန်သားများ၏ မရေမတွက်နိုင်သော ဝိညာဉ်ပုံရိပ်များက ရွှေအလင်းကို ထုတ်လွှတ်နေကြသည်။
သူတို့၏ မျက်လုံးထဲတွင် ရွှေအလင်း လှုပ်ရှားနေသည်။
သွေးမျိုးဆက်နိုးထလာကြသည်။
ရွှေကျီးကလန်၏ သွေးမျိုးဆက်နိုးထခြင်း၊ မဟာနေမင်းရွှေကျီးကန်း၏ ကောင်းချီးပေးခြင်း ဖြစ်သည်။
နှစ်တစ်သောင်း .....
ရွှေကျီးကန်းမျိုးနွယ်စုတစ်ခုလုံးတွင် သူတို့က နှစ်တစ်သောင်းကြာသည်အထိ မဟာနေမင်းရွှေကျီးကန်း၏ ကောင်းချီးကို မရခဲ့ပေ။ ရွှေကျီးကန်းသွေးမျိုးဆက်ကိုလည်း မည်သူမှ မနိုးထနိုင်ခဲ့ပေ။
ယနေ့တွင် နေမင်းက မဟာတောရိုင်းကမ္ဘာတစ်ခုလုံးကို ကျယ်ပြန့်စွာ အလင်းပေးနေသည်။
အားပေးသံများ ပေါ်ထွက်လာသည်။ ရွှေအလင်းသည် အားကောင်းသော လှိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
အဆုံးမရှိသော တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်နေသည့် ရွှေကျီးကန်းမျိုးနွယ်စုကို မည်သူမှ မတားဆီးနိုင်ကြပေ။
လူသားမျိုးနွယ်၏ စစ်တပ်ဝင်္ကပါက ချက်ချင်း ပြိုလဲသွားသည်။
မျိုးနွယ်စုအသီးသီး၏ ကျွမ်းကျင်သူများက တွန့်ဆုတ်မနေပဲ ပြေးထွက်လာကြသည်။
မျိုးနွယ်စုများကြားတွင် ငွေအလင်းရောင်ကို မြင်ရသည်။ သူတို့က ချပ်ဝတ်များကို လုယူလာကြသည်။
ဟန်မူယဲ့က လေထုထဲတွင် ရပ်နေသည်။ တခြားလူများ မမြင်နိုင်သော ရွှေရောင်အလွှာတစ်ခုက သူ့ကို လွှမ်းခြုံထားသည်။
“မီးနေမင်းသွေးမျိုးဆက်လား”
ဉာဏ်အလင်းသားရဲက ဟန်မူယဲ့ကို မကောင်းဆိုးဝါးတစ်ကောင်သဖွယ် ကြည့်သည်။
“ရွှေကျီးကန်းမျိုးနွယ်စုမှာ အစစ်အမှန်ဝိညာဉ်အဆင့်ကို မရောက်သေးပဲ မီးနေမင်းသွေးမျိုးဆက်ကို နိုးထခဲ့တဲ့လူ ရှိတယ်လို့ မကြားဖူးဘူး”
“နင်က သူ့ရဲ့ တရားမဝင်သားလား”
ဉာဏ်အလင်းသားရဲက ကလေးမလေးတစ်ယောက်အဖြစ် အသွင်ပြောင်းပြီး ဟန်မူယဲ့၏ဘေးတွင် ရပ်တန့်လိုက်သည်။ သူမက သူ့ကို စပ်စပ်စုစု ကြည့်နေသည်။
ဟန်မူယဲ့က သူမကို တစ်ချက်ကြည့်လိုက်သည်။ ဉာဏ်အလင်းသားရဲက ထိတ်လန့်ပြီး ထွက်ပြေးသွားသည်။
“ငါ့ကို မိန်းကလေးတစ်ယောက်လိုမျိုး မကြည့်နဲ့။ အမှန်အတိုင်းပြောရရင် ငါက ယောင်္ကျားလေးပဲ”
“ငါ့ကို ပစ်မှတ်မထားနဲ့”