အခန်း (၁၁၁၉)
Vol. 80 Ch. 1119
မီးတောက်နှစ်ခုလုံးက စိတ်အားထက်သန်နေပုံပေါ်သည်။
အချင်းချင်း ပေါင်းစပ်လိုက်လျှင် ခွန်အားတိုးလာလိမ့်မည်။
ခွန်အားတိုးလာရန်အတွက် ဆန္ဒရှိခြင်းသည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအို ဖြစ်သည်။
“ဘန်း”
မီးတောက်နှစ်ခုက ထိတွေ့ပြီး ရွှေအလင်းလွှာကို ထုတ်လွှတ်၍ ဟန်မူယဲ့ကို လွှမ်းခြုံသည်။
သူ့ပတ်ဝန်းကျင်တွင် တောက်လောင်နေသော မီးတောက်များက ကောင်းကင်နှင့်မြေကြီးကို လောင်ကျွမ်းသွားတော့မည်ဟု ထင်ရသည်။
ရွှေရောင်နှင့် အနီရောင်မီးတောက်က သွယ်ယှက်နေပြီး ဆက်တိုက် အားကောင်းလာသည်။
သုံးရက်အကြာတွင် ဟန်မူယဲ့က တောက်ပနေသော မီးလုံးတစ်လုံးကို ကိုင်ထားခဲ့သည်။
ထိုမီးလုံးက လူတိုင်းကို ရင်ထိတ်သွားစေနိုင်သည်။
ယခုအချိန်တွင် သူ၏ ရွှေကျီးကန်းမီးတောက်က တခြားမီးတောက်များထက် အရည်အသွေးပိုကောင်းနေသည်။
“မလုံလောက်သေးဘူး”
ဟန်မူယဲ့က လက်ဝါးထဲတွင်ရှိသော မီးတောက်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။
မီးတောက်၏ အရည်အသွေးက လုံလောက်သော်လည်း အရေအတွက်က နည်းပါးသည်။
ဥပမာအနေဖြင့် ကျိုးယွီနှင့် တခြားကျွမ်းကျင်သူများက ရွှေကျီးကန်းမီးတောက်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းခဲ့ကြသည်။
ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော မီးတောက်ပမာဏက သူတို့၏ အကြွင်းအကျန်နှင့်ပင် ယှဉ်နိုင်မည်မဟုတ်ပေ။
“ဒါပေမဲ့ ဒီမီးတောက်ရဲ့ အရည်အသွေးနဲ့ဆိုရင် တခြားမီးတောက်တွေကို လဲလှယ်လို့ရပြီ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး မတ်တပ်ရပ်သည်။ သူက အခန်းထဲမှ ထွက်သွားခဲ့သည်။
ယခုအချိန်တွင် ဟန်တောင်တန်းကလန်၏ နယ်မြေက အလွန်ကျယ်ပြန့်ပြီး မြို့များကို တည်ဆောက်ထားသည်။
ယခင်က ကျောက်တုံးစံအိမ်များကို မတွေ့ရတော့ပေ။
ဟန်မူယဲ့က သုံးထပ်ကျောက်တုံးစံအိမ်ဆီသို့ လျှောက်သွားလိုက်ပြီး လက်မြှောက်၍ ရွှေအလင်းကို ထုတ်ဖော်သည်။
ကျောက်တုံးစံအိမ်ထဲတွင် တူညီသောရွှေအလင်း တောက်ပနေပြီး မူချန်ခုံး ထွက်လာသည်။
“ရှားပါးလိုက်တာ။ မင်းက ကျင့်ကြံတဲ့နေရာမှာ ငါ့ထက်တောင် ဇွဲကြီးသေးတယ်။ မင်းက ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ”
မူချန်ခုံးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“မင်းက နည်းစနစ်အသစ်ကို လေ့လာခဲ့ပြန်ပြီလား”
“သွားကြစို့။ တိုက်ခိုက်ကြည့်ကြမယ်”
ကလန်တစ်ခုလုံးတွင် မူချန်ခုံးကသာ ဟန်မူယဲ့နှင့် လေ့ကျင့်ပေးနိုင်သည်။
မူချန်ခုံးက သူနှင့် ပျော်ရွှင်စွာ လေ့ကျင့်ခဲ့သည်။
တူညီစွာပင် ကလန်တစ်ခုလုံးတွင် ဟန်မူယဲ့ကသာ သူနှင့် ယှဉ်ပြိုင်နိုင်သည်။
ထို့အပြင် အားကောင်းသော နည်းစနစ်များကို ဟန်မူယဲ့က တစ်ယောက်တည်း ထိန်းသိမ်းမထားပေ။
ဟန်မူယဲ့၏အမြင်တွင် အစစ်အမှန်ခွန်အားက နည်းစနစ်များတွင် မရှိပေ။ ကျင့်ကြံသူနှင့်သာ သက်ဆိုင်သည်။
လူတစ်ယောက်က နည်းစနစ်၏ အစစ်အမှန်ခွန်အားကို ဖော်ထုတ်ရန်အတွက် လုံလောက်စွာ သန်မာရမည်။
“နည်းစနစ်အသစ်အတွက် မဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စံအိမ်ထဲသို့ ဝင်လာသည်။ ထို့နောက် မူချန်ခုံး၏ သိချင်နေသော အကြည့်များအောက်တွင် လက်မြှောက်လိုက်သည်။
ရွှေအလင်း ပေါ်ထွက်လာသည်။
မူချန်ခုံးက ကြောင်အသွားသည်။ ထို့နောက် အံ့အားသင့်နေပြီး ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ရွှေကျီးကန်းမီးတောက်ကို ကြည့်သည်။
“မင်းက ဘယ်လိုလုပ်လိုက်တာလဲ”
“မင်းရဲ့ ရွှေကျီးကန်းမီးတောက်က ငါ့ထက် ပိုအားကောင်းနေသလိုပဲ”
သူက လက်မြှောက်ပြီး မီးတောက်ကို ထုတ်ဖော်သည်။
ဟန်မူယဲ့၏ မီးတောက်နှင့် ယှဉ်လိုက်လျှင် ကွဲပြားနေခဲ့သည်။
“ဝီ”
ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး မီးတောက်ကို မူချန်ခုံးဆီသို့ ပေးလိုက်သည်။
မူချန်ခုံးက စိတ်ရှုပ်ထွေးနေပြီး မီးတောက်ကို လှမ်းယူသည်။
“ဒီမီးတောက်အတွက် ရွှေကျီးကန်းမီးတောက် ဆယ်ခုနဲ့ လဲမလား”
‘အလဲအလှယ်လား’
မူချန်ခုံးက လက်ထဲတွင်ရှိသော မီးတောက်ကို ကြည့်လိုက်ပြီး ငေးမောနေရာမှ နိုးထလာသည်။ သူက လျင်မြန်စွာ ခေါင်းခါသည်။
“ဆယ်ခုက နည်းလွန်းတယ်။ သုံးဆယ်ဆိုရင်ရော ဘယ်လိုလဲ”
“ငါက နှစ်တစ်ရာမှာ မီးတောက်တစ်ခုကို စုစည်းနိုင်တယ်။ နှစ်သုံးထောင်ဆိုရင် မီးတောက်သုံးဆယ် ရလိမ့်မယ်”
“ဒါပေမဲ့ မင်းပေးတဲ့ မီးတောက်ရဲ့ အရည်အသွေးကို ရဖို့ဆိုရင်တော့ နှစ်ပေါင်းတစ်သိန်းလောက် ကြာလိမ့်မယ်”
မူချန်ခုံးက အမှန်အတိုင်း ပြောခဲ့သည်။
သူက ရွှေကျီးကန်းမီးတောက်ကို အားဖြည့်ပေးရန်အတွက် အမျိုးမျိုးသော မီးတောက်များကို ရှာဖွေနိုင်သည်။
သို့သော် နှစ်တစ်သိန်းကြာသွားလျှင်ပင် ဟန်မူယဲ့၏ မီးတောက်များကို ရလာလိမ့်မည်ဟု မပြောနိုင်ပေ။
“မင်းက ရွှေကျီးကန်းမီးတောက်တွေကို လိုချင်နေတာလား”
မူချန်ခုံးက မီးတောက်သုံးဆယ်ကို ပုလဲလုံးအဖြစ် စုစည်းပြီး ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက အချိန်ယူ၍ စုစည်းရန် လိုအပ်သော နတ်ဘုရားမီးတောက်များကို စုဆောင်းချင်သည်။
“မင်းက ကျိုးယွမ်ကလန်မှာ အများကြီး လဲနိုင်လိမ့်မယ်”
မူချန်ခုံးက အကြံပေးလိုက်သည်။
“ကျွန်တော်က ရည်ရွယ်ထားပြီးသားပါ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။
“ကျွန်တော်က ကျိုးယွမ်ကလန်ကို သွားလိုက်အုံးမယ်။ ကျေးဇူးပြုပြီး ကလန်ကို ကြည့်ထားပေးပါအုံး”
မူချန်ခုံးက လက်ကို ဝှေ့ယမ်းသည်။
“သွားပါ။ ငါက ဒီမှာ စီစဉ်ထားလိုက်မယ်”
ထို့နောက် သူက ပြုံးသည်။
“နတ်ဘုရားမီးတောက်တွေကို စုစည်းပြီးရင် နေဖမ်းပွဲအချိန်ကို ရောက်လာတော့မယ်”
“နေဖမ်းပွဲမှာ မင်းက ဘယ်လို အစစ်အမှန်ဝိညာဉ်အရိုးကို ရလာမလဲ ငါသိချင်မိတယ်”
သူက ဘိုးဘေးများ၏ အစစ်အမှန်ဝိညာဉ်အရိုးကို ရရှိပြီး အစစ်အမှန်ဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်လိမ့်မည်။
မူချန်ခုံးက ဟန်မူယဲ့၏ အနာဂတ်နှင့်ပတ်သတ်ပြီး အလွန်အကောင်းမြင်နေသည်။ ထို့ကြောင့် ဟန်တောင်တန်းကလန်တွင် နေထိုင်ခဲ့သည်။
ဟန်မူယဲ့က ဟန်တောင်တန်းကလန်မှ တိတ်ဆိတ်စွာ ထွက်သွားသည်။ သက်တံရောင်ဓားအလင်းသည် ကောင်းကင်တွင် ပျံသန်းနေသည်။
ယခု သူ၏ အမြန်နှုန်းက မူချန်ခုံးကိုပင် ကျော်လွန်နေသည်။
သူက ရက်အနည်းငယ်ဖြင့် မိုင်တစ်သန်းကို ကျော်ဖြတ်နိုင်သည်။ ထို့ကြောင့် လမ်းတွင် မူချန်ခုံး၏ နတ်ဘုရားမီးတောက်များကို သန့်စင်ပြီး သားရဲများနှင့် တိုက်ခိုက်ခဲ့သည်။
သူက ကျိုးယွမ်ကလန်သို့ ရောက်လာသောအခါတွင် ကျိုးယွီက တံခါးပိတ်ကျင့်ကြံနေသည်။ အကြီးအကဲကျိုးကျန်းယုက ဟန်မူယဲ့ကို ကြိုဆိုခဲ့သည်။
လွန်ခဲ့သော နှစ်တစ်ရာတွင် ကျိုးယွမ်ကလန်နှင့် ဟန်တောင်တန်းကလန်က အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့သည်။ ထို့ကြောင့် ကျိုးကျန်းယုနှင့် ဟန်မူယဲ့က ရင်းနှီးနေသည်။
“ခေါင်းဆောင်မူယဲ့က နေဖမ်းပွဲအတွက် ပြင်ဆင်နေတာလား။ စိတ်မပူပါနဲ့။ ခေါင်းဆောင်မူယဲ့လိုတာကို ထုတ်ပြောလိုက်ပါ”
ကျိုးကျန်းယုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
မျိုးနွယ်စု၏ အကြီးအကဲများက မကြာခဏ ဆက်သွယ်လေ့ရှိကြသည်။
သူတို့အားလုံးက ဟန်မူယဲ့၏ အနာဂတ်နှင့်ပတ်သတ်ပြီး အကောင်းမြင်နေကြသည်။
ဟန်မူယဲ့က အနိုင်ရရန် သေချာနေသော လောင်းကစားပွဲတစ်ခု ဖြစ်သည်။
ထို့အပြင် ဟန်တောင်တန်းကလန်က ကျိုးယွမ်ကလန်ကို သက်ရောက်နိုင်သည်အထိ ခွန်အားမကောင်းသေးပေ။
ကလန်နှစ်ခုက ဆက်ဆံရေးကောင်းပြီး ခေါင်းဆောင်ကျိုးယွီက ဟန်မူယဲ့ကို လက်ထောင်ခေါင်းဆောင်လုပ်ရန် ဖိတ်ခေါ်ဖူးသည်။
ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်သွားပြီး ဟန်တောင်တန်းကလန်က ခွန်အားကြီးလာလျှင်လည်း ကျိုးယွမ်ကလန်အတွက် ပြဿနာမရှိပေ။
“ကျွန်တော်က ရတနာတွေကို မလိုအပ်ပါဘူး”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ကျွန်တော့်မှာ နတ်ဘုရားမီးတောက်တွေ သိပ်မရှိဘူးဖြစ်နေတယ်”
‘နတ်ဘုရားမီးတောက်လား’
‘ရွှေကျီးမျိုးနွယ်စုမှာ ဘယ်သူက နတ်ဘုရားမီးတောက်ကို မလိုချင်လို့လဲ’
ကျိုးကျန်းယုက ခပ်ဟဟရယ်လိုက်ပြီး လက်မြှောက်၍ မီးတောက်တစ်ခုကို ထုတ်ဖော်သည်။
“ငါက ဒီမီးတောက်ကို ခေါင်းဆောင်မူယဲ့ဆီ ပေးလိုက်ပါ့မယ်”
“မင်းက ထပ်ပြီး လိုချင်တယ်ဆိုရင် တခြားအကြီးအကဲတွေဆီ ခေါ်သွားပေးမယ်”
သူတို့က နတ်ဘုရားမီးတောက်များကို အလကားရလာခြင်း မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီး စုစည်းထားခဲ့ရသည်။
ကျိုးကျန်းယုက မီးတောက်တစ်ခုကို ထုတ်ပေးပြီး စေတနာကောင်းကို ပြသခဲ့သည်။
ဟန်မူယဲ့က ကျိုးကျန်းယု၏ မီးတောက်ကို မယူပဲ ကိုယ်ပိုင်မီးတောက်ကို ထုတ်ပြသည်။
ကျိုးကျန်းယုက မျက်နှာထားပြောင်းလဲသွားပြီး မျက်လုံးပြူးနေသည်။
“ကျွန်တော်က အကြီးအကဲတွေနဲ့ ဒီမီးတောက်ကို လဲလှယ်ဖို့ ရောက်လာတာပဲ”
နတ်ဘုရားမီးတောက်ကို လဲလှယ်မည်။
ကျိုးကျန်းယုက ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော မီးတောက်ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
“မင်းက တကယ်လဲမှာလား”
ထိုမီးတောက်၏ အရည်အသွေးမျိုးကို ရရှိရန်အတွက် အလွန်ခက်ခဲလိမ့်မည်။
တခြားလူများက ထိုမီးတောက်မျိုးကို လဲလှယ်ရန် ဆန္ဒရှိကြမည်မဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကျိုးကျန်းယုက အသက်ရှူသွင်းလိုက်ပြီး မီးတောက်တစ်ခုကို ထုတ်ပြသည်။
“ဒါက နှစ်တစ်သောင်းစုစည်းထားတဲ့ နတ်ဘုရားမီးတောက်ပဲ”
“ဒီအလဲအလှယ်မှာ ငါက အကျိုးအမြတ်ရတယ်”
သူတို့နှစ်ယောက်က မီးတောက်များကို လဲလှယ်လိုက်ပြီး စိတ်ကျေနပ်စွာ ပြုံးသည်။
ဟန်မူယဲ့က အသစ်ရလာသော မီးတောက်များကို ကိုယ်ပိုင်အဖြစ် သန့်စင်လိုက်ပြီး အရည်အသွေးမြင့်မားသော နတ်ဘုရားမီးတောက်ကို ပြန်ထုတ်ပေးနိုင်သည်။
တစ်ဖက်တွင် ကျိုးကျန်းယုက ဟန်မူယဲ့ပေးလိုက်သော မီးတောက်၏ အရည်အသွေးမျိုးကို ရရှိရန်အတွက် နှစ်ပေါင်းသောင်းချီ၊ သိန်းချီ၍ ကြာမြင့်လိမ့်မည်။
ရွှေကျီးကန်းမျိုးနွယ်စုတွင် အရည်အသွေးမြင့်မားသော မီးတောက်များက ရှားပါးလှသည်။ ထိုမီးတောက်မျိုးကို ပိုင်ဆိုင်ထားသော လူများကလည်း တခြားလူများနှင့် လဲလှယ်ရန် ဆန္ဒမရှိကြပေ။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံထားသော ကျွမ်းကျင်သူများက နတ်ဘုရားမီးတောက်များကို စုစည်းထားနိုင်ကြသည်။ သူတို့က ဟန်မူယဲ့နှင့် ကောင်းမွန်စွာ လဲလှယ်နိုင်လိမ့်မည်။
ကျိုးကျန်းယုက ဟန်မူယဲ့ကို ကူညီပြီး ကျိုးယွမ်ကလန်၏ တခြားအကြီးအကဲများဆီသို့ သွားခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ဟန်မူယဲ့က ရွှေကျီးကန်းမီးတောက် သုံးသောင်းကို ရရှိလာသည်။
ထိုမီးတောက်များကို ရရန်အတွက် နှစ်ပေါင်းသုံးသန်း ကျင့်ကြံရလိမ့်မည်။
ကျိုးယွမ်ကလန်တွင်ရှိသော အကြီးအကဲအများစုက သူနှင့် တူညီသော မီးတောက်ပမာဏကို ပိုင်ဆိုင်ထားကြသည်။
တစ်နည်းပြောရလျှင် ဟန်မူယဲ့၏ မီးတောက်များက ကျိုးယွမ်ကလန်၏ အကြီးအကဲတစ်ယောက်နှင့် ယှဉ်နိုင်သည်။
သုံးရက်အကြာတွင် ကျိုးယွီက သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
ကျိုးယွီ၏ နတ်ဘုရားမီးတောက်က တခြားအကြီးအကဲများထက် ပိုကောင်းသည်။
ဟန်မူယဲ့က မီးတောက်တစ်ရာကို ထုတ်ပေးခဲ့သည်။
ကျိုးယွီက မီးတောက်တစ်သောင်း ပြန်ပေးသည်။ ဟန်မူယဲ့၏ မီးတောက်ပမာဏက လေးသောင်းအထိ ရောက်သွားသည်။
သူက ကျိုးယွီတွင်ရှိနေသော မီးတောက်ပမာဏကို ခန့်မှန်းမကြည့်ရဲပေ။
“ခေါင်းဆောင်ကျိုး၊ ကျွန်တော်တို့ ရွှေကျီးကန်းမီးတောက်နဲ့ ယှဉ်နိုင်တဲ့ မီးတောက်ကို ဘယ်မှာ သွားရှာရမလဲ”
မီးတောက်များကို လဲလိုက်ပြီး ဟန်မူယဲ့က မေးသည်။
ကျိုးယွီက စဉ်းစားကြည့်လိုက်ပြီး ပြုံးသည်။
“ငါက တစ်နေရာတော့ သိတယ်”
သူ့မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောသည်။
“မင်းက ဖီးနစ်မျိုးနွယ်စုကို သိတယ်မဟုတ်လား”
ကမ္ဘာဦးခေတ်နတ်ဘုရားသားရဲ ဖီးနစ်ငှက် ....
ဟန်မူယဲ့က ဖီးနစ်မျိုးနွယ်စုကို သိသည်။ သူ့ကို မွေးစားအဖေဟု ခေါ်နေသော ဖီးနစ်သွေးမျိုးဆက်နှင့် ငှက်တစ်ကောင်ပင် ရှိသေးသည်။
ကျိုးယွီက ဆက်ပြောသည်။
“နောက်ဘက် မိုင်ပေါင်းသန်းသုံးဆယ်အကွာမှာ အဆုံးမဲ့တောင်တန်းရှိတယ်။ အဲဒီမှာ နတ်ဘုရားသားရဲဖီးနစ်ငှက်တွေနဲ့ ဖီးနစ်သွေးမျိုးဆက်ကလန်တစ်ခု နေထိုင်တယ်”
နတ်ဘုရားသားရဲဖီးနစ်ငှက်နှင့် မျိုးနွယ်စုတစ်ခု ....
ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။
နတ်ဘုရားသားရဲ၏ ကာကွယ်မှုကို ရထားသော ကလန်သည် မဟာတောရိုင်းကမ္ဘာတွင် ရှားပါးသည်။