အခန်း (၁၃၁၃)
Vol. 95 Ch. 1313
ထင်းယွိမြို့တော်လား…
ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ မူလစကြဝဠာတာအိုနေရာတွင်ရှိနေသည့် တာအိုက သူ ယခင်နားလည်ထားသည်နှင့် ကွဲပြားနေဟန်ပေါ်သည်။ ဤသည်က တေးဆိုခြင်း ကျင့်ကြံရေးနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။ ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာတွင် ထိုအရာကို မြင်တွေ့ခဲ့ဖူးပြီး ကျင့်ကြံသူတချို့ဖြင့်ပင် ဆုံတွေ့ခဲ့ဖူးသော်လည်း အနှစ်သာရနှင့် အဓိပ္ပာယ်က ဤနေရာရှိ ကျင့်ကြံသူများနှင့် လုံးဝကွဲပြားနေသည်။
သေချာတဲ့ အနေအထားတစ်ခုအထိ ကျင့်ကြံနိုင်ရင် ခန္ဓာကိုယ်က တေးဂီတ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားနိုင်တယ်။
ထိုကျင့်ကြံရေးနည်းစနစ်က သဘာဝစည်းမျဉ်းဥပဒေသကို ကိုယ်စားပြုသည့်အတွက် ဝမ်ပေါင်လဲ့က စိတ်ဝင်စားလာမိသည်။ ထာဝရ မသေဆုံးဘဲ တည်ရှိနိုင်ဖို့အတွက်ကိုမူ ဝမ်ပေါင်လဲ့အနေဖြင့် မယုံကြည်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်၌ တစ်ဖက်လူ၏ အသေးစိတ်အဖြေကြောင့်လား သို့မဟုတ် အမည်မသိ အကြောင်းအရင်းတချို့ကြောင့်လား မသိသော်လည်း သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးကို အကောင်းမြင်မိသည်။ သူက သူ့စိတ်ထဲမှ ပျော်ရွှင်မှု တိုးပွားလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။
ထိုအချက်က ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေသည်။ သူက မျက်မှောင်ကြုတ်ကာ သူ့လက်ထဲမှ ဂီတသင်္ကေတနှစ်ခုကို ကလိလိုက်သည်။ ထို့နောက် အော်သံများ ထွက်ပေါ်လာ၏။ ထိုအရာ၏ စွမ်းအားဖြင့် သူက နှလုံးသားထဲမှ ပျော်ရွှင်မှုကို ပယ်ဖျက်လိုက်နိုင်သည်။
“မင်းကရော ဘယ်လိုလဲ”
ဝမ်ပေါင်လဲ့က ရုတ်တရက် မေးလိုက်သည်။
လူငယ်လေးက ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။ သို့သော်လည်း သူ့အကျင့်က သူ ယခင်က တွေးခဲ့ဖူးသည့် စကားများကို အလျင်အမြန်ပင် မေ့လျော့သွားပြီး လူကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။
“ကျုပ်က ပျော်ရွင်မှုအဖွဲ့ခွဲ အင်အားစုက ကျင့်ကြံသူပါ။ ကျုပ်က ပျော်ရွှင်မှုတာအိုကို ကျင့်ကြံတယ်။ ဒီတာအိုကို ကျင့်ကြံတဲ့အခါမှာ ကျုပ်ရဲ့ လှုပ်ရှားမှုတိုင်းမှာ ပျော်ရွှင်မှုတွေကို ထုတ်လွှတ်နိုင်တယ်။ ဒီပျော်ရွှင်မှုကျမ်းရဲ့ ဖော်ပြချက်အရတော့ အထွတ်အထိပ်အနေအထားထိ ကျင့်ကြံနိုင်ပြီး ပျော်ရွှင်မှုတာအိုသခင် အနေအထား ရောက်သွားမယ်ဆိုရင် ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးက ပျော်ရွှင်မှုနဲ့ ရူးသွပ်သွားလိမ့်မယ်တဲ့”
“ပျော်ရွှင်မှုတာအိုလား” ဝမ်ပေါင်လဲ့က ဆက်လက် မေးလိုသော်လည်း အနီရောင်မြူခိုးများက လှုပ်ခတ်လာကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
အကယ်၍ ဤသို့သာ ဖြစ်နေပါက ပြဿနာမရှိပေ။ မိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့် အနီရောင်မြူခိုးများက လှုပ်ခတ်ကာ ရွှေရောင်ပိုက်ကွန်ကြီးက အဖက်ဖက်မှ ဖြစ်တည်လာပြီး သူတို့ဆီ ချဉ်းကပ်လာသည်။
ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့၏ အကြည့်အား တောက်ပလာစေသည်။ သူက ထိုလူငယ်လေးအား မေးလိုက်၏။
“ဘာတွေဖြစ်နေတာလဲ”
လူငယ်လေးကလည်း ကြောင်အမ်းနေပြီး သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့်အမူအရာမျိုး ရှိနေသည်။
“ကြည့်ရတာ ထင်းယွိမြို့က တခြားပညာရှင်တွေက ကျုပ်တို့နောက် လိုက်ဖမ်းတာလား မသိဘူး။ အဲ့လိုလည်း မဖြစ်နိုင်ဘူး။ အဲဒီမြို့မှာ မိုးခြိမ်းသံကို ကျင့်ကြံနိုင်တဲ့သူတော့ မကြားဖူးသေးဘူး။ အဲ့လိုရှိတယ်ဆိုရင်တောင် ကျုပ်အတွက်နဲ့ ဒီလိုနေရာအထိ လိုက်ဖမ်းဖို့ မလိုအပ်ဘူး”
“ကျုပ်တို့က မြေအောက်လေဟာနယ်ထဲ ရောက်နေတာ။ မနိုးထသေးတဲ့ ရှေးဟောင်းလူတွေကလွဲရင် ဒီနေရာမှာ သက်ရှိဆိုတာ မရှိဘူး။ နောက်ထပ်ရှေးဟောင်းပုဂ္ဂိုလ်တစ်ယောက် နိုးထလာတာများလား” ထိုလူငယ်လေးက အံ့အားသင့်နေမိသည်။ သူ ပြောလိုက်သည့်အရာက မမှားသော်လည်း သူကိုယ်တိုင်ပင် အမှန်တကယ် နားမလည်နိုင်သည့် အရာတစ်ခု ဖြစ်၏။
သူ သိထားသလောက် ရှေးဟောင်းလူများ နိုးထသည်မှာ မကြာခဏဖြစ်လေ့မရှိပေ။ သူ့အနေဖြင့် တစ်စုံတစ်ယောက်ကို မြင်တွေ့သည်မှာ ရှားပါးလှပြီဖြစ်၏။ အကယ်၍ နောက်တစ်ယောက်နှင့် တွေ့ပါက အတော်လေးကို ရှားပါးလွန်းလိမ့်မည်။
ဝမ်ပေါင်လဲ့၏ အတွေ့အကြုံနှင့် အသိအမြင်အရ ထိုလူငယ်လေးသည် အမှန်တကယ် ဆွံ့အနေကြောင်း ပြောနိုင်လေ၏။ သူက မျက်မှောင်ကြုတ်ကာ ထိုဂီတသင်္ကေတနှစ်ခုကို သိမ်းဆည်းပြီး အသက်ရှင်လျက် ဖမ်းဆီးလိုက်သည်။ သူက သူ့ဘေးတွင် ရှိနေသည့် လူငယ်လေးကို ဆွဲကိုင်ကာ နောက်ဆုတ်လိုက်၏။ သူက ဤနေရာမှ ရှောင်ရှားဖို့ ပြင်ဆင်လိုက်သည်။
သူက ထိုမိုးကြိုးသည် အဝေးတွင်ရှိနေသော်လည်း သူ့အား အန္တရာယ်ခံစားမှုကို ပေးစွမ်း၏။ သူ့လိုကျင့်ကြံဆင့်ရှိသူမျိုးအတွက် အန္တရာယ်ကို ခံစားမိစေဖို့ ပုံမှန်မဟုတ်ပေ။
သို့သော်လည်း ဝမ်ပေါင်လဲ့က နောက်ဆုတ်လိုက်သည်နှင့် အမည်မသိအကြောင်းအရာတချို့ကြောင့် သူ့အပြုအမူကို ထိုချဉ်းကပ်လာသည့် မိုးကြိုးက အာရုံခံမိသွားဟန်ပေါ်သည်။ မိုးကြိုးက ရုတ်ချည်းဆိုသလို ပြင်းထန်လာပြီး အရှိန်မြှင့်တင်လာ၏။ နောက်အခိုက်အတန့်လေး၌ မြူခိုးအလယ်တွင် ခရမ်းရောင်လျှပ်စီးများ ဝန်းရံထားလျက် ရှိနေသည့် အနက်ရောင် လှံရှည် တစ်ချောင်း ပေါ်ထွက်လာသည်။ ထိုအရာက ဝမ်ပေါင်လဲ့ဆီ ဦးတည်နေလေ၏။
ထိုလှံက ထောပတ်ကို ဖြတ်တောက်လိုက်သည့် ဓားပူပူတစ်ချောင်းကဲ့သို့ ဖြစ်၏။ ထိုအရာက ပုံရိပ်များချန်ထားခဲ့လောက်အောင် မြန်ဆန်လွန်းပြီး တာအိုကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအားကိန်းအောင်းနေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် အဖက်ဖက်မှ အသံကျယ်ကြီးများ ထွက်ပေါ်လာ၏။ ထိုအဖျက်စွမ်းအားက ထိပ်သီးစတုတ္ထအဆင့် စွမ်းအားဖြင့် ယှဉ်နိုင်သည်။
နောက်အခိုက်အတန့်လေး၌ ထိုအရာက ဝမ်ပေါင်လဲ့ ရှေ့မှောက်ရောက်ရှိလာပြီး သူ့ကို ထိုးစိုက်တော့မည် ဖြစ်၏။
သို့သော်လည်း ထိုအရာတစ်ခုတည်းက ဝမ်ပေါင်လဲ့အတွက် ခြိမ်းခြောက်မှုဖြစ်ဖို့ရာ မလုံလောက်ပေ။ လှံက နီးကပ်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အစွန်းရောက်တာအို၈ပါး ထွက်ပေါ်လာသည်။ သူက ဘယ်ဖက်လက်ကို မြှောက်ကာ ကြောက်မက်ဖွယ် စွမ်းအားပြည့်နှက်နေသည့် လှံတံကို ဆွဲကိုင်လိုက်သည်။
ထိုလှံတံက မည်မျှပင် အားကောင်းစေကာမူ သို့မဟုတ် မည်မျှပင် ရုန်းကန်စေကာမူ အသုံးမဝင်ပေ။ ဝမ်ပေါင်လဲ့၏ ဘယ်ဖက်လက်က မီးညှပ်တစ်ချောင်းလိုဖြစ်ပြီး ထိုအရာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ထို့နောက် ပြင်းထန်စွာ ဝှေ့ယမ်းပြီး လှံတံကို သူ ထွက်ပေါ်လာသည့်နေရာထံ ပြန်လည်လွှတ်လိုက်သည်။ ဤသည်က နဂိုထက်ပင် ပိုမိုမြန်ဆန်ပြီး အားကောင်း၏။
ထိုလေဟုန်ခွင်းသံ ကျယ်လောင်လာသည့်အခါ လှံတံက မြူခိုးများဆီ တိုးဝင်သွားပြီ ဖြစ်၏။
နောက်အခိုက်အတန့်လေး၌ အသံကျယ်ကြီးနှင့်အတူ အဖြူရောင်ဝတ်ရုံနှင့် အဖြူရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထိုသူပေါ်ထွက်လာသည်နှင့် ရွှေရောင်ပိုက်ကွန်ကြီးက ပိုမိုသိသာလာ၏။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့ညာဖက်တွင်ရှိနေသည့် လူငယ်လေးကလည်း မျက်လုံးအပြူးသားဖြစ်သွားလေ၏။ သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ပေါ်သည်။ သူ့အမူအရာက စိတ်ရှုပ်ထွေးနေရာမှ အကြောက်တရားအဖြစ် ပြောင်းလဲသွားပြီး တုန်လှုပ်တကြီး အော်ဟစ်နေတော့သည်။
“ဧကရာဇ်စိတ်ဝိညာဉ်ပဲ”
“အမလေးလေး ဒါက တကယ်ကြီးကို ဧကရာဇ်စိတ်ဝိညာဉ်ပဲ”
“ဧကရာဇ်စိတ်ဝိညာဉ်ဆိုတာ ဘာလဲ” ဝမ်ပေါင်လဲ့က ချက်ချင်းမေးလိုက်သည်။
“ဧကရာဇ်စိတ်ဝိညာဉ်ဆိုတာက ဒဏ္ဍာရီလာ ကောင်းကင်တာအိုတမန်တော်ပဲ။ ဒါက ဖျက်ဆီးလို့ မရနိုင်ဘူး။ ပြီးတော့ ကမ္ဘာမှာ ဘယ်တုန်းကမှ ပေါ်ထွက်မလာဖူးဘူး။ မဟုတ်သေးပါဘူး … ဧကရာဇ်စိတ်ဝိညာဉ်က ဘာလို့ ပေါ်ထွက်လာတာလဲ…
ကြားရတာတော့ သူတို့ဆီမှာ တာဝန်တစ်ခုပဲ ရှိတယ်တဲ့။ အဲဒါက အပြင်လူတွေကို သတ်ဖို့”
လူငယ်လေးက ရုတ်ချည်းဆိုသလို စကားပြောရပ်ကာ ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်များက တုန်လှုပ်နေလေ၏။
“ခင်ဗျားက ရှေးဟောင်းလူ မဟုတ်ဘဲနဲ့ အပြင်လူလား”
“အပြင်လူကို သတ်ပြီး ဘယ်တော့မှ မသေနိုင်ဘူးတဲ့လား” ဝမ်ပေါင်လဲ့က အတွေးနက်နေသည်။ သူက အဖြူရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူက သူ့ဆီ ပြေးဝင်လာသည်ကို ကြည့်နေပြီး မရှောင်ရှားပေ။
နောက်အခိုက်အတန့်လေး၌ သူ့အနောက်ဘက်တောအုပ်မြူခိုးထဲမှ လေတိုးသံ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့ ပစ်လွှတ်လိုက်သည့် လှံတံက အနီရောင်မြူခိုးကို ထိုးဖောက်ပြီး ထွက်ပေါ်လာ၏။ ထိုအရာက ယခင်ကထက်ပင် မြန်ဆန်လှသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့ထံ ချဉ်းကပ်လာသည့် ပုံရိပ်ဆီ ရောက်ရှိလာသည်။
အဖြူရောင်ပုံရိပ်က ထိုအရာကို ခံစားမိကာ ရှောင်ရှားဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်း လှံရှည်က သူ့ရင်ဘတ်ကို ထိုးစိုက်ကာ သူ့ခန္ဓာကိုယ်ကို အပိုင်းအပိုင်းအစစ ပေါက်ကွဲထွက်သွားစေသည်။
လူငယ်လေးက ထပ်မံ ကြောင်အမ်းသွား၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က စိတ်အေးလက်အေး မဖြစ်လိုက်ရပေ။ ထိုအစား သူက မျက်မှောင်ကြုတ်လိုက်၏။ စတုတ္ထအဆင့် ဧကရာဇ်စိတ်ဝိညာဉ်က သူ့ကို အန္တရာယ်ခံစားမှု ပေးစွမ်းဖို့ရာ မလုံလောက်ပေ။ အထူးသဖြင့် ဧကရာဇ်စိတ်ဝိညာဉ် သေဆုံးပြီးသည့်နောက်တွင် ထိုခံစားမှုက နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။ ထိုအစား ပိုမိုပင် အားကောင်းလာလေ၏။
နောက်အသက်ရှိုက်စာ အနည်းငယ်အတွင်း ဝမ်ပေါင်လဲ့က ဧကရာဇ်စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လျက်ရှိ၏။ ပျက်စီးသွားသည့် ဧကရာဇ်စိတ်ဝိညာဉ်က အပြီးတိုင် ဖျက်ဆီးခံလိုက်ရဟန်မပေါ်ပေ။ ထိုအစား ပြန့်ကျဲနေသည့် အသွေးအသားများမှ ပုံရိပ်အသစ်တစ်ခု ထွက်ပေါ်လာ၏။ တကယ်တမ်း ပြောရမည်ဆိုလျှင် ဧကရာဇ်စိတ်ဝိညာဉ် နှစ်ခု ဖြစ်ပေသည်။
ထိပ်သီးစတုတ္ထအဆင့်ရှိသည့် တစ်ပုံစံတည်းတူနေသော ဧကရာဇ်စိတ်ဝိညာဉ် ဖြစ်၏။