ကမ္ဘာထဲ ရောက်ရှိခြင်း
Vol. 95 Ch. 1317
ကောင်းကင်ကြီးက ပြာနေပြီး မြေကြီးက အနက်ရောင်သန်းနေသည်။
တောင်ထိပ်တွင် လေပြေတစ်ချက် တိုက်ခိုက်သွားပြီး မြက်နှင့်သစ်ပင်များက ယိမ်းနွဲ့သွားကြ၏။ တစ်ချိန်တည်းဆိုသလို တောင်ထိပ်တစ်နေရာတွင် ထိုင်ကာ အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည့်သူ၏ ဝတ်ရုံများကလည်း တလူလူ လွင့်သွားခဲ့သည်။ သူ့ဆံပင်ရှည်များကပင် လွင့်နေသည့်အတွက် ကြော့ရှင်းသည့် ခံစားချက်မျိုးကို ပေးစွမ်း၏။
တောင်ခြေတွင် သစ်သားအိမ်တချို့နှင့် လူတချို့ကို မြင်တွေ့နိုင်သည်။ ထိုအရာက ရွာငယ်လေးတစ်ခုလို ဖြစ်နေ၏။ ထိုရွာက သိပ်မကြီးဘဲ အိမ်ဒါဇင်ချီမျှသာ ရှိပြီး လူဦးရေတစ်ရာမျှသာ ရှိလေသည်။ ဤနေရာတွင် အင်မတန် အေးချမ်းပြီး တစ်ရွာလုံးက ပျော်ရွှင်မှုဖြင့် တောက်ပနေ၏။
တောင်ထိပ်မှကြည့်ပါက ကလေးသုံးယောက်မှ ငါးယောက်သည် ရွာဝန်းကျင်တွင် ပြေးလွှားဆော့ကစားနေသည်ကို မြင်နိုင်သည်။ တစ်ခါတစ်ရံတွင် သူတို့က ခေါင်းကိုမော့ကာ တောင်ထိပ်ဆီ ခိုးကြည့်တတ်ကြ၏။
“ပျော်ရွှင်မှုတာအိုက အများစုတော့ ရည်ရွယ်ချက်ကောင်းနဲ့ပဲ” တောင်ထိပ်တွင် ထိုင်နေသည့်သူက အကြည့်ပြန်ရုတ်သိမ်းကာ ရေရွတ်လိုက်သည်။ သူက သူ့ဘာသာသူ ရေရွတ်ရင်း သူ့နောက်တွင် လျှောက်လှမ်းလာသည့် လူကို သတိထားမိလိုက်၏။
သိပ်မကြာခင် တရိုတသေ အသံတစ်သံ ထွက်ပေါ်လာသည်။
“လူကြီးမင်း တောင်ခြေက ကလေးတွေက လူကြီးမင်းအတွက် ပန်းလက်ဆောင် ပေးလိုက်ပါတယ်။ သူတို့က ကိုယ်တိုင်ပေးချင်ပေမဲ့ ရှက်နေကြတယ်” ပြောလိုက်သည့်သူက ဝမ်ပေါင်လဲ့၏ ဖမ်းဆီးခြင်းခံရသည့် ပျော်ရွှင်မှုအဖွဲ့ခွဲမှ လူငယ်လေးကလွဲ၍ တခြားသူ မဟုတ်ပေ။
ယခုအခိုက်အတန့်တွင် သူက လေးစားသည့် အမူအရာမျိုးရှိပြီး လက်ထဲတွင် ပန်းစည်းကို ဆုပ်ကိုင်ထား၏။
တောင်ထိပ်တွင်ရှိနေသည့်သူက လှည့်ကာ ပြုံးလိုက်သည်။ ပျော်ရွှင်မှုတာအိုကို ကျင့်ကြံပြီးသည့်နောက်တွင် သူ့တာအိုအထက် အပြုံးမျိုးက ပိုမိုတိုးပွားလာပြီး သူ ထုတ်လွှတ်လာသည့် ပျော်ရွှင်မှုကပင် ပိုမိုများပြားလာသည်။ လူငယ်လေးက အကြိမ်များစွာ ကြုံတွေ့ပြီးသော်လည်း မနေနိုင်ဘဲ တငေးတမော ဖြစ်သွားမိ၏။ ထို့နောက် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။
“ငါ့ကိုယ်စား ကျေးဇူးတင်လိုက်ဦး” တောင်ထိပ်တွင် ရှိနေသည့် ပုဂ္ဂိုလ်က လက်ဝှေ့ကာ ပြောပြီး ပန်းများကို ယူလိုက်သည်။ သူက ပေါင်ပေါ်တင်ထားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ပျော်ရွှင်မှု စည်းမျဉ်းကို ထိန်းချုပ်လိုက်၏။ ထိုအခါမှသာ လူငယ်လေးက အသိပြန်ဝင်လာခဲ့သည်။ ထို့နောက် ထိုသူက ဦးညွှတ်ကာ တောင်အောက်သို့ ဆင်းသွားလေ၏။
သူက တောင်အောက်သို့ ဆင်းလာရင်း မနေနိုင်ဘဲ တောင်ထိပ်မှ ပုံရိပ်ကို လှမ်းကြည့်လိုက်မိသည်။ အထူးသဖြင့် လေမတိုက်ဘဲ ထိုသူ၏ အနီးအနားတွင် ဝေ့ဝဲနေသည့် မြက်ပင်များကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ စိတ်ခံစားချက်များစွာဖြင့် ပြည့်နှက်လာသည်။ ထိုသူတွင် အင်မတန် ထူးကဲသည့်ပါရမီရှိသည်လား သို့မဟုတ် ပျော်ရွှင်မှုတာအိုက ထိုသူ့အတွက် သင့်တော်နေသည်လား မတွေးတတ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသကို လအနည်းငယ် ကျင့်ကြံပြီးသည့်နောက်တွင် သူက အရာအားလုံးဖြင့် သဟဇာတဖြစ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာလေ၏။
ထိုအဆင့်အနေအထားက အမြင့်မားဆုံး မဟုတ်သေးသော်လည်း အဖွဲ့ခွဲတစ်ခုလုံးတွင် မဟာအကြီးအကဲတစ်ယောက်ကသာ ထိုသို့လုပ်ဆောင်နိုင်သည်။
တောင်ထိပ်ပေါ်တွင် ရှိနေသည့် ပုဂ္ဂိုလ်က ဝမ်ပေါင်လဲ့ ဖြစ်၏။
သူ့အနေဖြင့် မူလစကြဝဠာတာအိုနေရာ၏ ဒုတိယအလွှာဆီ ရောက်ရှိလာသည်မှာ လအနည်းငယ်ကြာမြင့်နေပြီ ဖြစ်၏။ ယခင်လပိုင်းအတွင်း သူက အရှိန်အဝါကို ချုပ်ထိန်းထားပြီး ပြင်ပလောကမှ စည်းမျဉ်းဥပဒေသကို အနည်းငယ်မှ ထုတ်မသုံးခဲ့ပေ။ သူက ပျော်ရွှင်မှုတာအိုကို နားလည်ဖို့ရာသာ အာရုံစိုက်ထားခဲ့၏။ တစ်ချိန်တည်းဆိုသလို ဤလပိုင်းအတွင်း သူက ဤကမ္ဘာအပေါ် အတော်အတန် နားလည်လာလေသည်။
ဤကမ္ဘာတွင် စည်းမျဉ်းဥပဒေသ ၁၄ ခု ရှိ၏။ စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးတို့အပြင် မူလရှေးဟောင်းနည်းစနစ်ကိုသာ ဤနေရာတွင် သုံးခွင့်ပြုထားသည်။
ထိုအရာအပြင် သူက တခြားသော စည်းမျဉ်းဥပဒေသကို ထုတ်သုံးပါက ဧကရာဇ်စိတ်ဝိညာဉ်များကို ဆွဲဆောင်မိမည်ဖြစ်ကြောင်း သိထားသည်။ ဝမ်ပေါင်လဲ့သည် ဤအခြေအနေတွင် ပိုမိုပင်ဆိုးရွားနိုင်ကြောင်း သေချာနေ၏။
ပို၍ဆိုးရွားသည်က နတ်ဧကရာဇ်ကပင် အိပ်စက်နေခြင်းမှ နိုးထလာနိုင်သည်။
ထို့ကြောင့် မလိုအပ်လာသရွေ့ ဝမ်ပေါင်လဲ့က ပြင်ပကမ္ဘာမှ စည်းမျဉ်းဥပဒေသများကို အသုံးပြုမည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင် ထပ်နေနေခြင်း ဖြစ်၏။ ပျော်ရွှင်မှုတာအိုက သူ့အစားထိုး ဖြစ်လာခဲ့သည်။
ဤကမ္ဘာ၏ စည်းမျဉ်းဥပဒေသ ၁၄ခုက လူငယ်လေး ပြောခဲ့သည်နှင့် တူညီလေသည်။ ဤကမ္ဘာတွင် ပင်မအင်အားစု သုံးခုရှိပြီး စိတ်ခံစားချက် ၇မျိုး၊ လိုအင်ဆန္ဒ ၆ပါးနှင့် ရှေးဟောင်းခေတ်ကာလမြို့တော်ဟူ၍ ဖြစ်သည်။
သို့သော်လည်း ဝမ်ပေါင်လဲ့ ဤနေရာသို့ ရောက်လာပြီး သိလာသည့်အရာတချို့ ရှိလေသည်။ ဤသည်က စိတ်ခံစားချက် ၇မျိုးနှင့် လိုအင်ဆန္ဒ ၆ပါးကြားတွင် ဆန့်ကျင်ဘက်တချို့ရှိ၏။
အတိအကျပြောရမည်ဆိုလျှင် ဤကမ္ဘာကို တစ်ခါက စိတ်ခံစားချက် ၇မျိုးက လွှမ်းမိုးခဲ့သည်။ နောက်ပိုင်းတွင် လိုအင်ဆန္ဒ၆ပါးက တဖြည်းဖြည်း ကြွယ်ဝလာခဲ့၏။ စိတ်ခံစားချက် ၇မျိုးဘက်က ရှုံးနိမ့်ပြီးသည့်နောက်တွင် သူတို့က သစ္စာဖောက်အဖြစ် နာမည်အမည်တပ်ခံရကာ လိုအင်ဆန္ဒ၆ပါးမှ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် စိတ်ခံစားချက် ၇မျိုး၏ အဖွဲ့ခွဲခုနစ်ခုလုံးက အပြီးတိုင် ကျဆင်းသွားခဲ့သည်။
နမူနာအနေဖြင့် ပျော်ရွှင်မှုတာအိုသခင်က ထင်းယွိမြို့သခင်လက်ထဲ ရှုံးနိမ့်ကာ စည်းပိတ်ခံရပြီးသည့်နောက်တွင် တခြားသော စိတ်ခံစားချက် ၇ မျိုးမှ လူများက ကမ္ဘာအနှံ့ပြန့်ကျဲကာ ပုန်းအောင်းနေကြရသည်။
လိုအင်ဆန္ဒ ၆ပါးအတွက်မူ သူတို့က ဆက်လက်ကြီးပွားကာ တိုးတက်လာခဲ့ပြီး ကမ္ဘာ၏ အားအကောင်းဆုံးသူ ဖြစ်လာသည်။ သို့သော်လည်း ထူးဆန်းသည့်အရာက လိုအင်ဆန္ဒ ၆ပါးဘက်တွင် မြို့၆ခု မဟုတ်ဘဲ မြို့၅ခုသာ ရှိ၏။
ဤသည်က လိုအင်ဆန္ဒ ၆ ပါးဘက်မှ မြို့သခင်များအတွက်လည်း အတူတူသာ ဖြစ်ပေသည်။ သူတို့က ၅ယောက်သာ ရှိ၏။ သူတို့ကြားတွင် ယွိမြို့တော်က မတည်ရှိပေ။ တခြားနည်းဖြင့် ပြောရလျှင် ဤကမ္ဘာတွင် မတည်ရှိခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က အသေးစိတ်ကို သေချာမသိပေ။ သူ ကြားသလောက် သိထားသည်က ကမ္ဘာပေါ်တွင် လူအများသိထားသလောက်သာ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က လိုအင်ဆန္ဒ ၆ပါးအဖွဲ့၏ ကျင့်ကြံဆင့်ကို ခန့်မှန်းမိလေသည်။
ပြောရမည်ဆိုလျှင် တစ်ဦးချင်းစီက ပဉ္စမအဆင့်ကို ပိုင်ဆိုင်ထားလိမ့်မည်။ အကြောင်းအရင်းကမူ သူတို့က လိုအင်ဆန္ဒအဖွဲ့ခွဲ၏ မြို့သခင်အပြင် နောက်ထပ် ဇစ်မြစ်တစ်ခုလည်း ရှိနေသေး၏။
ဤသည်က ဧကရာဇ် သားတော်ဟူ၍ ဖြစ်သည်။ တချို့သောအရာများက ရှေးဟောင်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားကာ တချို့ကမူ ဝမ်ပေါင်လဲ့က ရွာထဲရှိ အားအကောင်းဆုံး မဟာအကြီးအကဲဆီမှ ကြားခဲ့ရခြင်း ဖြစ်၏။
ရှေးခေတ်အချိန်က ဤကမ္ဘာတွင် နတ်ဘုရားတစ်ပါး ရှိခဲ့ဖူးသည်။ ထိုနတ်ဘုရားတစ်ပါးအတွက် စကားတစ်လုံးသာ ရှိ၏။ ပြောရမည်ဆိုလျှင် နတ်ဧကရာဇ် ဖြစ်ပေသည်။
ဧကရာဇ်စိတ်ဝိညာဉ်က ထိုနတ်ဘုရားအတွက် အစောင့်အရှောက် ဖြစ်ပြီး လိုအင်ဆန္ဒ(၆)ပါး၏ မြို့သခင်များကလည်း ထိုနတ်ဘုရား၏ တပည့်များ ဖြစ်ကြသည်။
သို့သော်လည်း နတ်ဘုရားက အမြဲအိပ်စက်နေပြီး ရံဖန်ရံခါမျှသာ နိုးထလာလေ့ရှိသည်။ သို့သော်လည်း ထိုနတ်ဘုရား အိပ်စက်နေသည့်နေရာ၌ အစောင့်အရှောက် တစ်ယောက် ရှိလေသည်။ ထိုအစောင့်အရှောက်က ဧကရာဇ်စိတ်ဝိညာဉ်ထက် မြင့်မားပြီး သူက တစ်ကမ္ဘာလုံးကို ချုပ်ကိုင်ထားလေ၏။
သူ့ကျင့်ကြံဆင့်က မှန်းကြည့်၍ မရပေ။ မဟာအကြီးအကဲ၏ ပြောစကားအရ စိတ်ခံစားချက်(၇)မျိုး၏ မြို့သခင်များက အင်အားပေါင်းစည်းကာ ထိုအစောင့်အရှောက်ကို စိန်ခေါ်ခဲ့ဖူးသည်။ သို့သော်လည်း သူတို့က ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့၏။
ဤသည်က လိုအင်ဆန္ဒ(၆)ပါးအနေဖြင့် မြင့်တက်လာသည့် အခွင့်အရေးကို ရလာစေသည်။
ထိုအရာအားလုံးက ဝမ်ပေါင်လဲ့ကို သတိကြီးကြီးဖြစ်သွားစေ၏။ နတ်ဘုရားဟု ခေါ်သည့်အရာက နတ်ဧကရာဇ်ဖြစ်မည်မှန်း ခန့်မှန်းမိလေသည်။ အစောင့်အရှောက်အတွက်မူ နတ်ဧကရာဇ်၏ ကိုယ်ပွားလား မသိရပေ။ သို့သော် သူ့အင်အားမှ အကဲဖြတ်ထားသလောက် ထိုသို့ဖြစ်ဟန်မပေါ်ပေ။ အစောင့်အရှောက်က ပို၍ပင် အားကောင်းဟန်ပေါ်၏။
သူ့အနေဖြင့် ဆက်လက် လေ့လာစောင့်ကြည့်ရဦးမည်။ သူက ကမ္ဘာတွင် သဟဇာတဖြစ်စွာ နေထိုင်နေလျက်ရှိသည်။ ထိုအခါမှသာ သူ့အနေဖြင့် နတ်ဧကရာဇ်ဖြင့် ပြောဆိုဖို့ အခွင့်အရေးရလာကာ အနက်ရောင်သစ်သားပြားဖြင့် ပေါင်းစည်းပြီး သူတို့ကြားမှ ကံအကြောင်းတရားကို ဖြေရှင်းနိုင်လိမ့်မည်။
ပြင်ပကမ္ဘာမှ ကြည့်လျှင် မူလစကြဝဠာတာအိုနေရာထဲက စကြဝဠာ ၁၀၈ခုသည် အစစ်အမှန် မဟုတ်ပေ။ လက်တွေ့တွင်မူ ဤနေရာက တစ်သားတည်း ဖြစ်နေခဲ့၏။
ဝမ်ပေါင်လဲ့က အတွေးနက်နေမိရင်း ပျော်ရွှင်မှု တာအိုစည်းမျဉ်းဥပဒေသကို ဆက်လက်နားလည်အောင် လုပ်ဆောင်လိုက်သည်။
တစ်ချိန်တည်းဆိုသလို ဤကမ္ဘာ၏ အမြင့်ဆုံးနေရာ၌ ဒဏ္ဍာရီလာ ပထမကမ္ဘာရှိရာ အိပ်စက်သူကမ္ဘာအတွင်း နေ့နှင့်ညနှင့် ဟူ၍ ကွဲပြားချက် မရှိပေ။ ကုန်းမြေက အပြိုအပျက်နှင့် အလောင်းများဖြင့်သာ ပြည့်နှက်နေလေ၏။ ပြောရမည်ဆိုလျှင် သေခြင်းတရားနှင့် ညှိုးနွမ်းခြောက်ကပ်မှုတို့က ဤနေရာ၏ အဓိကပုံစံ ဖြစ်ဟန်ပေါ်သည်။
ဤအဖြစ်အပျက်များအလယ်တွင် ဧရာမကြက်တူရွေး တစ်ကောင်၏ ရုပ်ထုကြီး ရှိနေသည်။
ထိုရုပ်ထုကြီး၏ ခေါင်းအထက် တင်ပျဉ်ခွေ ထိုင်နေသည့် အနက်ဝတ် အမျိုးသားတစ်ယောက် ရှိနေသည်။ သူ့ဝတ်ရုံက ကြီးမားကာ ထိုသူ၏ ဦးခေါင်းကို လွှမ်းခြုံထားရုံသာမကဘဲ ပုခုံးအထိ ရစ်ပတ်ထားလေသည်။
ထို့နောက် ထိုအနက်ဝတ်အမျိုးသားက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာပြီး မျက်ဝန်းအစုံက သူ့ဝတ်ရုံအမှောင်ထုအတွင်း ပေါ်ထွက်လာသည်။ သူက အဝေးတစ်နေရာကို ကြည့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ပေါ်၏။
အချိန်ကြာမြင့်ပြီးသည့်နောက်တွင် မျက်ဝန်းများက ဖြည်းဖြည်းချင်း ပြန်လည်မှိတ်သွားခဲ့သည်။