← Chapters

တာအိုပေါင်းစည်းခြင်း

Vol. 95 Ch. 1321

တာအိုပေါင်းစည်းခြင်း

Vol. 95 Ch. 1321

ဒုတိယကမ္ဘာတွင် လေထဲ ပျံသန်းနေသည့် ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို ခေါင်းမော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးထဖွယ် ခံစားချက်က ပျံ့နှံ့လာ၏။

ကောင်းကင်က များများစားစား ပြောင်းလဲသွားမှု မရှိပေ။ လှိုင်းတွန့်များဖြင့် အက်ကြောင်းများ ပေါ်ထွက်နေသော်လည်း သူ့နောက်မှ လိုက်ဖမ်းနေသည့် ဧကရာဇ်စိတ်ဝိညာဉ်များ၏ ဖိအားကြောင့် ဖြစ်၏။

ရင်တုန်မှုက ပိုမိုပြင်းထန်လာ၏။ ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်ကာ သူ့ကျင့်ကြံဆင့်ကို လှည့်ပတ်လိုက်သည်။ ထို့နောက် သူ မြင်ရသည့် ကောင်းကင်ကြီးက ပြောင်းလဲသွား၏။

ကောင်းကင်အထက် မုန်တိုင်းတစ်ခု ထွက်ပေါ်လာဟန်ပေါ်သည်။ ထိုအရာက ကောင်းကင်အထက်မှ ဆင်းသက်လာ၏။ ထိုအရာကို သေချာအာရုံခံကြည့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုကျဆင်းလာသည့် မုန်တိုင်းက ဧရာမလက်ဝါးကြီး ဖြစ်နေကြောင်း ခံစားမိလိုက်သည်။ ထိုအရာမှ ထုတ်လွှတ်နေသည့် ဖိနှိပ်စွမ်းအားက သူ့အတွက်ပင် ကြောက်ဖို့ကောင်းလှသည်။

ဤသည်က ပဉ္စမအဆင့် စွမ်းအား မဟုတ်ပေ။ ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုအဖွဲ့ခွဲ၏ မဟာတာအိုအကြီးအကဲဆီမှ ဤကမ္ဘာအကြောင်း ပြောသံများကို ပြန်လည်အမှတ်ရသွား၏။

ဒဏ္ဍာရီအရ ဧကရာဇ်သားအထက်တွင် အစောင့်အရှောက် တစ်ယောက် ရှိလေသည်။ ထိုအစောင့်အရှောက်က အိပ်စက်နေသည့် နတ်ဘုရားကို ကာကွယ်ခြင်း ဖြစ်၏။

ထိုအရှိန်အဝါက သူနှင့် အင်မတန် ရင်းနှီးနေ၏။ သို့သော်လည်း နတ်ဧကရာဇ်၏ အငွေ့အသက်နှင့် ကွဲပြားနေလေသည်။ ထို့ကြောင့် ထိုအရာသည် အစောင့်အရှောက်သာ ဖြစ်လိမ့်မည်။

အစောင့်အရှောက်၏ ကျင့်ကြံဆင့်က ဆဋ္ဌမအဆင့် ဖြစ်၏။ ဝမ်ပေါင်လဲ့က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက သူ့ဆုံးဖြတ်ချက်ကို နောင်တမရပေ။ သူ့အကဲဖြတ်ထားမှုအရ တာအိုအသစ် ရယူမှုသည် သူ့အား ကမ္ဘာထဲ ပိုမိုသဟဇာတဖြစ်ဖို့ ကူညီပေးနိုင်လိမ့်မည်။

ထို့အပြင် သူ့အနေဖြင့် များများစားစား စဉ်းစားနေဖို့ အချိန်မရှိပေ။ သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ဝေဝါးသွားပြီး သူ့ရှေ့တွင် အချိန်မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက တုံ့ဆိုင်းမရှိ ဝင်ရောက်လိုက်၏။

ပြင်ပလောကမှ စည်းမျဉ်းဥပဒေသများက ဤနေရာတွင် အသုံးပြုလိုပါက ဖိနှိပ်ခံထားရလိမ့်မည်။ သို့သော်လည်း သူက နောက်မှ လိုက်ဖမ်းခံနေရဆဲဖြစ်သောကြောင့် ဝမ်ပေါင်လဲ့အတွက် များများစားစား ကွဲပြားချက် မရှိပေ။

ထိုအခိုက်အတန့်တွင် သူ့ပုံရိပ်က အချိန်မြစ်ကြောင်းတစ်ခုအတွင်း ဝင်ရောက်သွားကာ ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွား၏။ နောက်အခိုက်အတန့်လေး၌ ကွဲပြားသည့်အချိန်တွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ဒုတိယကမ္ဘာထဲ ပြန်လည်ပေါ်ထွက်လာသည်။

ဧကရာဇ်စိတ်ဝိညာဉ်များနှင့် သူ့ကြားတွင် ကျင့်ကြံဆင့် ကွာဟချက် ရှိ၏။ သူတို့က အနိုင်ရရှိဖို့အတွက် အရေအတွက်ကိုသာ မှီခိုနိုင်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူတို့နှင့် ရင်မဆိုင်ဘဲ ထွက်ပြေးခြင်း ဖြစ်၏။ ဧကရာဇ်စိတ်ဝိညာဉ်များ၏ ဟာကွက်ကမူ သိသာလှသည်။ သူတို့က ဝမ်ပေါင်လဲ့နှင့် အမှီမလိုက်နိုင်ပေ။

ဤသို့ဖြင့် အချိန်မြစ်ကြောင်း၏ အကူအညီဖြင့် ဝမ်ပေါင်လဲ့က အသက်ဆယ်ရှိုက်စာကျော်နောက်တွင် ဧကရာဇ်စိတ်ဝိညာဉ်များကို အပြီးတိုင် မျက်ခြေဖြတ်နိုင်ခဲ့သည်။

သို့သော်လည်း ပထမကမ္ဘာမှ ကျရောက်လာသည့် အနက်ဝတ်အမျိုးသား၏ ဧရာမလက်ကြီးက အချိန်ကို လျစ်လျူရှုထားလေ၏။ ဝမ်ပေါင်လဲ့ကမူ အချိန်မြစ်ကြောင်းကို မည်မျှကို ဖြတ်ကျော်စေကာမူ ထိုအရာက ရှိနေဆဲသာ ဖြစ်သည်။ ထိုအရာက အချိန်တိုင်းတွင် တည်ရှိနေပြီး ဆက်လက် ကျဆင်းလာနေသည်။

ဝမ်ပေါင်လဲ့က အချိန်မြစ်ကြောင်းအတွင်း သူ့အမူအရာ ပျက်ယွင်းသွားခဲ့သည်။ သူက ခေါင်းကိုမော့ကာ ကြည့်လိုက်သည့်အချိန် ဧရာမလက်ဝါးကြီးက အပြည့်အဝ ပုံပေါ်လာပြီး သူ့ဆီ ကျရောက်ကာ သူ့ကို ဆွဲယူတော့မည့်ဟန်ကို မြင်တွေ့လိုက်ရသည်။

ဒီအရာက ဆဋ္ဌမအဆင့်ဖြစ်တာနဲ့ ငါ့ကို လုံးဝတစ်ချက်ထဲနဲ့ အနိုင်ယူလို့ရမယ်လို့ ထင်နေတာလား…

ဝမ်ပေါင်လဲ့က ထိပ်တိုက်ရင်မဆိုင်လိုပေ။ ပြင်ပလောကမှ စည်းမျဉ်းဥပဒေသများစွာကို ထုတ်ဖော်လိုက်ခြင်းက သူ့ကို မသက်မသာဖြစ်စေသည်။

သို့သော်လည်း ထိုလက်ဝါးက မဆုတ်မနစ် သူ့နောက်မှ လိုက်ဖမ်းနေဟန်ပေါ်သည်။ သူသာ ဆက်လက်ထွက်ပြေးနေပါက အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ အကယ်၍ ထပ်မံပုန်းအောင်းမည်ဆိုလျှင်ပင် ထိုလက်ဝါးကို တစ်စစီဖြစ်အောင် လုပ်ရတော့မည်။ ထိုအခါမှသာ သူ့အနေဖြင့် လက်ဝါးနှင့် ထိုသူ့နတ်ဘုရားစွမ်းရည်ကြားမှ ဟာကွက်ကို သုံးပြီး ပုန်းအောင်းဖို့ရာ အခွင့်အရေး ရလာလိမ့်မည်။

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက ထွက်ပြေးလွတ်မြောက်ဖို့ မကြိုးစားတော့ပေ။ ထိုအစား လက်ဝါးကြီး နီးကပ်လာသည့်အခါ သူ့မျက်ဝန်းအထက် တိုက်ခိုက်လိုစိတ်တို့ ထွက်ပေါ်လာ၏။ သူက အစွန်းရောက်တာအို၈ပါးကို စွမ်းအားအပြည့် ထုတ်လွှတ်လိုက်သည်။ လက်တစ်ချက်အဝှေ့တွင် မျက်ရည်စက်နှင့် ငွေပြားတို့က ပေါ်ထွက်လာပြီး ထာဝရမီးတောက် အဆောင်သင်္ကေတနှင့် ကျောက်ပြား၏ ကိုယ်ထည်ကလည်း ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

တစ်ခုချင်းစီက ကမ္ဘာကို တုန်လှုပ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က သစ်သားအဆီအနှစ်အတွက် အသုံးပြုစရာ မရှိပေ။ မူလစကြဝဠာတာအိုနေရာတွင် သူက သစ်သားစွမ်းအားကို ချုပ်တည်းရ၏။ ဓာတ်ငါးပါးတစ်ခုက လိုအပ်နေဆဲ ဖြစ်သော်လည်း ဝမ်ပေါင်လဲ့က ယင်နှင့်ယန်ကို အသက်သွင်းလိုက်သည်။ ထို့နောက် အမှောင်စွမ်းအားကိုပါ ထုတ်ဖော်လိုက်၏။ ထို့နောက် ကောင်းကင်တံတားကို တက်လှမ်းနေသည့် ကြီးကျယ်ခမ်းနားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ကောင်းကင်တံတားကို အမှန်တကယ် လျှောက်လှမ်းနေခြင်း မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အထက် စုဝေးနေသည့် တိုက်ခိုက်စွမ်းရည်တို့ထက် မူလအနေအထားသို့ ရောက်ရှိသွားလေ၏။

ထိုအရာအပေါ် မူတည်၍ စကြဝဠာ၏ အသင်္ချေတာအိုစွမ်းအားကို ဆွဲယူကာ သူ့ကိုယ်ပိုင်စည်းမျဉ်း ကွန်ယက်ကို ဖွဲ့စည်းလိုက်သည်။ ထိုအရာတို့က တစ်စုတစ်စည်းတည်း စုဝေးလာကာ ကောင်းကင်လောက် မြင့်မားသည့် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာစေသည်။

ထိုပုံရိပ်က ဝမ်ပေါင်လဲ့၏ တာအိုခန္ဓာ ဖြစ်၏။

လက်ဝါးက ကျဆင်းလာသည့်အခါ ဝမ်ပေါင်လဲ့၏ အသင်္ချေတာအိုမှ ဖွဲ့စည်းထားသည့် တာအိုခန္ဓာက ဧရာမလက်ဝါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထို့နောက် ထိုလက်သီးချက်က ပဉ္စမအဆင့်စွမ်းအားကို ထုတ်လွှတ်ထားပြီး အချိန်မြစ်ကြောင်းကိုပင် ပြိုလဲသွားစေသည်။ ဧရာမလက်ဝါးနှင့် ထိတွေ့သွားသည့်အခါ အချိန်မြစ်ကြောင်းက တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွား၏။

မုန်တိုင်းလက်ဝါးနှင့် ဝမ်ပေါင်လဲ့တို့၏ တာအိုခန္ဓာက အတူတကွ ပေါက်ကွဲထွက်သွားသည်။ သုံးခုလုံးက တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားခြင်း ဖြစ်၏။

အသံကျယ်ကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ တာအိုခန္ဓာက ပြိုလဲသွားကာ မုန်တိုင်းလက်ဝါးကလည်း ဖျက်ဆီးခံလိုက်ရသည်။ ထို့နောက် အချိန်မြစ်ကြောင်းကလည်း အပိုင်းပိုင်းအစစ အဖြစ်ပြောင်းလဲသွား၏။

ပထမကမ္ဘာထဲ ကြက်တူရွေးရုပ်ထုအပေါ် တင်ပျဉ်ခွေထိုင်နေသည့် အနက်ဝတ်အမျိုးသားကလည်း ရုတ်တရက် မျက်လုံး နီလာကာ ထိုင်ရာမှ ထလိုက်သည်။ သူက ရှေ့ကို တိုးကာ အောက်ကို ငုံ့ကြည့်လိုက်၏။

သူ အောက်ကို ငုံ့လိုက်သည့်အခါ အချိန်မြစ်ကြောင်း အပိုင်းအစတစ်ခုထဲ ဝမ်ပေါင်လဲ့၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်ထွက်လာသည်။ သူက အချိန်မြစ်ကြောင်းကို ချန်ထားပြီး လက်ရှိတွင် ပေါ်ထွက်လာခြင်း ဖြစ်၏။ သူက ဒုတိယကမ္ဘာ၏ တခြားနေရာသို့ ရောက်ရှိလာသည်။

သူက သူ ယခင်ကရှိခဲ့သည့် တောင်နယ်နိမိတ်နှင့် အရမ်းကို အလှမ်းကွာဝေးနေပြီ ဖြစ်၏။

ဝမ်ပေါင်လဲ့ ပြန်လည်ပေါ်ထွက်နေသည့်အခါ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း မျက်ဝန်းများက တည်ငြိမ်နေသည်။ သူက သူ့ခန္ဓာကိုယ်ထဲမှ ပျော်ရွင်မှုတာအိုစည်းမျဉ်းကို အလျင်အမြန် လှည့်ပတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ပြင်ပလောက စည်းမျဉ်းဥပဒေသများကို ဖုံးကွယ်လိုက်သည်။

ထိုသို့ဆိုလျှင်ပင် ကောင်းကင်ဘုံမှ အန္တရာယ်က ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က တုံ့ဆိုင်းမနေဘဲ ထင်းယွိတာအိုမျိုးစေ့ကို ထုတ်ယူပြီး သူ့မျက်ခုံးကြား ထိကပ်လိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းလိုက်၏။

သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းလိုက်သည့်အခါ ခန္ဓာကိုယ်ထဲ မိုးကြိုး ပေါက်ကွဲထွက်သွားသလို ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အမူအရာက နည်းနည်းလေးမှ အပြောင်းအလဲ မရှိပေ။ မျက်စိတစ်မှိတ်အတွင်း သူက သူ့ခြေထောက်အောက်မှ မြေကြီးအနက်ပိုင်းထဲ ပျောက်ကွယ်သွားလေသည်။

မြေကြီးအနက်ပိုင်းထဲတွင် ဝမ်ပေါင်လဲ့က မြှုပ်နှံခံထားရသလိုမျိုး တင်ပျဉ်ခွေထိုင်လျက် ရှိနေ၏။ သူက မလှုပ်မယှက်ဖြင့် သူ့ခန္ဓာကိုယ်ထဲမှ အရှိန်အဝါတို့က အပြီးတိုင် ချုပ်ထိန်းပြီးသွားပြီဖြစ်ရာ နည်းနည်းလေးမှ ထွက်ပေါ်လာခြင်း မရှိတော့ပေ။ တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်မှ ပျော်ရွှင်မှုနှင့် ထင်းယွိတာအိုမျိုးစေ့တို့က မီးနှင့်ရေလို ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု စတင်တိုက်ခိုက်လာကြသည်။

သူတို့၏ တိုက်ခိုက်မှုက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ပြင်ပကမ္ဘာလောကမှ စည်းမျဉ်းဥပဒေသ သဲလွန်စအားလုံးကို ဖုံးလွှမ်းသွားသည့်အတွက် သူ့ အရိပ်အမြွက် အားလုံးကို အပြီးတိုင် ရှင်းထုတ်လိုက်နိုင်သည်။

အကယ်၍ မုန်တိုင်းလက်ဝါးက သူ့ကို ရှာဖွေနေပါက ဝမ်ပေါင်လဲ့အနေနှင့် သဲလွန်စကို ပယ်ဖျက်ဖို့ရာ အင်မတန် ခက်ခဲလိမ့်မည်။ သို့သော်လည်း လက်ဝါးချက်ကို ဖျက်ဆီးလိုက်ခြင်းက ဝမ်ပေါင်လဲ့အတွက် လွတ်မြောက်လာနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်လာစေသည်။

ပျော်ရွှင်မှုနှင့် ထင်းယွိ စည်းမျဉ်းဥပဒေသနှစ်ခုက တစ်ခုနှင့်တစ်ခု ရင်ဆိုင်နေစဉ် ကောင်းကင်အထက် ဧရာမမျက်နှာကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ထိုမျက်နှာက ဂုဏ်သိက္ခာဖြင့် ပြည့်နှက်နေပြီး မျက်ဝန်းများက အေးစက်နေပြီး စိတ်ခံစားချက်ဟူ၍ မရှိပေ။ တစ်ချိန်တည်းဆိုသလို ထိုအရာတွင် မုန်တိုင်းတစ်ခု ကိန်းအောင်းနေလေ၏။ ထိုအရာက စိတ်ရှုပ်ထွေးနေမှန်း သိသာသော်လည်း မျက်နှာပေါ်တွင် အမူအရာတစ်စက်မှ မရှိပေ။

သူ ပေါ်ထွက်လာသည့်အခါ ဒုတိယကမ္ဘာရှိ အားကောင်းသည့် ကျင့်ကြံသူအားလုံးက တုန်လှုပ်သွားကြသည်။ သူတို့က ခေါင်းကို မော့ကာ တအံ့တဩ ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ခေါင်းငုံ့လိုက်ကြသည်။

မြေကြီးအနက်ပိုင်းတွင် ရှိနေသည့် ဝမ်ပေါင်လဲ့ကမူ ထိုမျက်နှာကို မကြည့်နိုင်ပေ။ သူသည် ထိုမျက်နှာက မည်သို့တူမှန်း မသိပေ။ သို့သော်လည်း သူ့စိတ်ထဲ၌မူ အဖြေရှိနေ၏။

သူ့အိပ်မက်တာအိုက ထိုသူ၏ အိပ်မက်ထဲ ဝင်ရောက်လာသည် မဟုတ်ပါလော။ နတ်ဘုရားအစောင့်အရှောက်ဆိုသည်ကား ဧကရာဇ်ရွှမ်းချန် ဖြစ်နေလေသည်။ ကောင်းကင်တွင် ပေါ်ထွက်လာသည့် မျက်နှာက မြေနက်ဧကရာဇ်သာ ဖြစ်၏။

All Chapters