မိတ်ဆွေဖွဲ့ခြင်း
Vol. 95 Ch. 1323
“ဝမ်ပေါင်လဲ့ အသစ်တဲ့လား” ကျီမော့၏ မြေအောက်အနက်ထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့က တင်ပျဉ်ခွေထိုင်ကာ ရှိနေသည်။ သူက ပြုံးကာ အာရုံမစိုက်ပေ။
ကိုယ်ပွားက အမှန်တကယ် အမှီအခိုကင်းလှ၏။ သူနှင့် ဝမ်ပေါင်လဲ့၏ အတိတ်ကြားတွင် ကံဆက်နွယ်မှုဟူ၍ မရှိပေ။ အကယ်၍ ရှိလျှင်ပင် ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ကိုယ်ပွားက အနည်းနှင့်အများ တည်ရှိခြင်း ဖြစ်၏။
သို့သော်လည်း ထိုကိစ္စက အရေးမကြီးပေ။ နှစ်ခုလုံးက ဒုတိယအဆင့်တွင် ရှိပြီး သူတို့ကို ကံအကြောင်းတရားဖြင့်ပင် မမှတ်ယူနိုင်ပေ။
အမှန်တကယ် လျှို့ဝှက်ထားသည့် ဆက်နွယ်မှုတစ်ခုသာ ရှိ၏။ ထိုအရာက သူတို့နှစ်ဦးလုံးသည် ဧကရာဇ်ဆီမှ ကံဆက်နွယ်မှုကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ရှိနေခြင်း ဖြစ်သည်။ ထိုအရာက လုံလောက်နေပြီ ဖြစ်၏။
ပိုပြီးတည်ငြိမ်တဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ အပြုအမူတွေနဲ့ဆိုရင် ငါ အခြေအနေကို ဖမ်းဆုပ်နိုင်လိမ့်မယ်…
ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူ့အတွက် အောင်မြင်မှုက အကောင်းဆုံး ဖြစ်၏။ အကယ်၍ ကိုယ်ပွားကျရှုံးသွားလျှင်ပင် အရေးမကြီးပေ။ ထိုအခါကျ သူသည် ပြင်ပလောက၏ စည်းမျဉ်းဥပဒေသထဲမှ အန္တရာယ်များကို အပြီးတိုင် ရှင်းထုတ်ပြီးလောက်ပြီဖြစ်၏။
သူက ပျော်ရွှင်မှု စည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသတို့ဖြင့် အပြီးတိုင် ပေါင်းစည်းနိုင်လိမ့်မည်။ အချိန်ကျရောက်လာသည့်အခါ သူက အပြင်ထွက်နိုင်မည်ဖြစ်ကာ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်စရာ မလိုပေ။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က မျက်လုံးမှိတ်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ ဆင်ခြင်လိုက်သည်။ တခြားတစ်ဖက်တွင် သူ့ကိုယ်ပွားက သဲကန္တာရထဲမှ ထွက်ပြီး အပြင်ဘက်ဆီ ပြေးထွက်လာ၏။
ဝမ်ပေါင်လဲ့၏ သိုသိုသိပ်သိပ်နေမည့် အတွေးနှင့်မတူဘဲ သူ့ကိုယ်ပွား၏ စိတ်ခံစားချက်ကမူ အတက်အကျ မရှိပေ။ သူက သူ့ယွမ်ယင်အဆင့်ကို ထုတ်လွှတ်ထားပြီး သူ့အရှိန်ကို တိုးမြှင့်ကာ ထွက်သွားသည်။
သူက ရည်ရွယ်ချက် ကင်းမဲ့နေ၏။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက သူ ဘယ်ကိုသွားရမှန်း မသိပေ။ ကမ္ဘာကြီးက ကြီးမားလွန်းပြီး ဤကမ္ဘာကြီးက သူနှင့်မရင်းနှီးလှပေ။ ထို့ကြောင့် သူ့အတွေးများအရ နယ်ခံကျင့်ကြံသူကို မေးမြန်းဖို့ ဖြစ်၏။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က အရှိန်မြှင့်လိုက်သည်။ သူက အရှိန်မြှင့်တင်ရင်းဖြင့် လေးရက်တာ ကုန်ဆုံးသွားလေ၏။
ထိုလေးရက်အတွင်း သူက ကျင့်ကြံသူတစ်ယောက်မှ မမြင်ရပေ။ မြေကြီးက ခရမ်းရောင်မှ ဖြည်းဖြည်းချင်း ပြောင်းလဲလာ၏။ ၅ရက်မြောက်နေ့တွင် မြေကြီး၏ အရောင်က အဝါဖျော့ဖျော့ ဖြစ်လာခဲ့သည်။ အပင်များကလည်း ပိုမိုများပြားလာ၏။
အရှိန်မြှင့်တင်လာသည့် ဝမ်ပေါင်လဲ့က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူက ဆက်လက် သွားတော့မည့်ဆဲဆဲတွင် အမူအရာပြောင်းလဲသွား၏။ သူက ညာဖက်ကို လှည့်ကာ ကြည့်လိုက်သည်။ အဝေးတစ်နေရာရှိ တောအုပ်အတွင်း အတက်အကျလှိုင်းတချို့ ရှိနေဟန်ပေါ်သည်။
ခေတ္တမျှကြည့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က တည်နေရာပြောင်းကာ ထိုနေရာဆီ ဦးတည်လာ၏။ သို့သော်လည်း တောအုပ်အနီးရောက်ရှိလာသည့်အခါ လေဟုန်ခွင်းသံကို ကြားလိုက်ရသည်။
ဝမ်ပေါင်လဲ့က သူ့ခြေထောက်များကို မလှုပ်ရှားတော့ပေ။ သူက အပေါ်ပိုင်းခန္ဓာကိုယ်ကို နောက်အသာဆုတ်လိုက်သည့်အခါ မျက်လုံးထောင့်မှ အနက်ရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက သူ့ကို ဖြတ်သန်းသွားပြီး မနီးမဝေးမှ သစ်ပင်ကြား ဝင်ရောက်သွားလေ၏။
ထိုလူက မျောက်လိုမျိုး ပိန်ပါးနေသည့် အကြီးအကဲတစ်ဦး ဖြစ်လေသည်။ သူက အနက်ရောင်ကို ဝတ်ဆင်ထားပြီး အလယ်အလတ် ယွမ်ယင်အဆင့်ရှိသည်။ သူက သစ်ပင်အပေါ်တွင် ထိုင်နေပြီး မျက်လုံးအစိမ်းဖြင့် ဝမ်ပေါင်လဲ့ကို ကြည့်ကာ မေးလိုက်၏။
“မင်းက ဘယ်သူလဲ”
“ရှေးဟောင်းခေတ်ကာလမြို့တော်က ကျင့်ကြံသူ” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက သူ့မေးခွန်းကို ထုတ်မပြောပေ။ သူက ထိုအကြီးအကဲကို ကြည့်ရင်း အကြည့်များ တောက်ပလာ၏။
“ရှေးဟောင်းခေတ်ကာလ မြို့တော်တဲ့လား။ မင်းတို့ကို ဒီနေရာမှာ မကြိုဆိုဘူး။ ချက်ချင်းထွက်သွား” အကြီးအကဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့အသံက အနည်းငယ် ကြက်သီးထဖို့ ကောင်းနေ၏။
ဝမ်ပေါင်လဲ့က နေရာတစ်ခုလုံးကို ခြုံငုံကြည့်လိုက်သည်။ ထို့နောက် အကြီးအကဲရှိနေသည့် သစ်ပင်ကို ကြည့်ပြီးသည့်နောက်တွင် ဝင်ရောက်လိုက်၏။
သူက ဤနေရာတွင် တောအုပ်ထဲမှ သူ့ကို စောင့်ကြည့်နေသည့် မျက်ဝန်းအစုံကို ခံစားမိလေသည်။ သူတို့က ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေပြီး သူ့နှာခေါင်းမှ ထူးထူးဆန်းဆန်းအနံ့ တစ်ခုကို ရလိုက်၏။
ထိုရနံ့မျိုးက မည်သို့သော အသားဖြစ်ကြောင်း မသိပေ။ ထိုအရာက မှိန်ဖျော့ဖျော့ဖြစ်နေသော်လည်း ဝမ်ပေါင်လဲ့၏ နှာခေါင်းထဲ ဝင်ရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်က စားချင်စိတ် ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခုကို တောင့်တနေဟန်ပေါ်သည်။
ထိုသူများက ထိုထူးထူးဆန်းဆန်း အရာကို ကာကွယ်ဖို့ ရောက်နေဟန်ပေါ်သည်။ အကယ်၍ သူ့ တကယ့်ခန္ဓာကိုယ်ဆိုပါက သူသည် ထိုအရာကို စိတ်ဝင်စားမိလောက်သည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ဂရုမစိုက်ပေ။
“ဒီနေရာရဲ့ မြေပုံကို ပေး။ ကျုပ်ထွက်သွားမယ်” ဝမ်ပေါင်လဲ့က အကြည့်ရုတ်သိမ်းကာ တိုက်ရိုက်ပြောလိုက်သည်။
အနက်ဝတ်အကြီးအကဲက မျက်မှောင်ကြုတ်လိုက်၏။ ဝမ်ပေါင်လဲ့၏ စကားက အနည်းငယ် ထူးဆန်းလှသည်။ သူက ဝမ်ပေါင်လဲ့ကို ခြုံငုံကြည့်ကာ ညာဖက်လက်ကို မြှောက်ပြီး ကျောက်စိမ်းများကို ပစ်ပေးလိုက်သည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ဖမ်းဆုပ်ပြီး နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လှည့်ထွက်ဖို့ ပြင်လိုက်သည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က ပေတစ်ရာအဝေးလောက်တွင် တောအုပ်ထဲမှ ရုတ်ချည်းဆိုသလို အသံတစ်သံ ထွက်ပေါ်လာ၏။
“ရှေးဟောင်းခေတ်ကာလမြို့တော်က တာအိုရောင်းရင်း ကျုပ်တို့ တွေ့ရတာ ကံကြမ္မာပဲဆိုတော့ အထဲဝင်ပြီး တစ်နပ်လောက် အတူတူစားချင်လား”
ထိုအသံ ထွက်ပေါ်လာသည်နှင့် အနက်ဝတ်အကြီးအကဲက အသံကူးပြောင်းမှု လက်ခံရရှိလိုက်ဟန်ပေါ်သည်။ သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ဝေဝါးကာ ပျောက်ကွယ်သွား၏။ သူက ဝမ်ပေါင်လဲ့ရှေ့မှ ရောက်ရှိလာကာ လမ်းကို တားဆီးလိုက်သည်။
“အဲဒါက ဘာလဲ” ဝမ်ပေါင်လဲ့က ရပ်လိုက်ပြီး အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ မိတ်ဆွေဖွဲ့ချင်ရုံပါပဲ” ဝမ်ပေါင်လဲ့ကို ပြန်ဖြေသည့်သူက သူ့ရှေ့တွင်ရှိနေသည့် အနက်ဝတ်အကြီးအကဲ မဟုတ်ဘဲ တောအုပ်အလယ်မှ ထွက်လာသည့် ကျင့်ကြံသူသုံးဦးထဲမှ အလယ်ကလူ ဖြစ်၏။
ထိုကျင့်ကြံသူသုံးဦးက လူလတ်အရွယ် ဖြစ်ကြသည်။ နှစ်ဦးက အစောပိုင်း ယွမ်ယင်အဆင့်မျှသာ ရှိသေးပြီး စကားပြောလိုက်သည့်သူကမူ နှောင်းပိုင်း ယွမ်ယင်အဆင့် ဖြစ်ပေသည်။
သူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ လောဘတို့ ဖြတ်ပြေးသွား၏။ သူက လျှာသပ်လိုက်သေးသည်။
“အို” ဝမ်ပေါင်လဲ့၏ အမူအရာက နည်းနည်းလေးမှ အပြောင်းအလဲ မရှိပေ။ သူက ခေါင်းညိတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က အရှိန်ဖြင့် ပေါက်ထွက်လာသည်။ သူက ယခင်ကထက်ပင် မြန်ဆန်လှ၏။ မျက်စိတစ်မှိတ်အတွင်း လေးယောက်သား မတုံ့ပြန်နိုင်ခင် သူက အနက်ဝတ်အကြီးအကဲဆီ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ညာဖက်လက်ဖြင့် အကြီးအကဲ၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက သူ့ညာဖက်ဒူးကို အကြီးအကဲ၏ ခွကြားသို့ ရောက်ရှိနေသည်။
ကျယ်လောင်တဲ့ အပ်သံနှင့်အတူ အကြီးအကဲက နာကျင်စွာ အော်ညည်းလိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးသံရဲရဲဖြစ်လာပြီး သူ့ယွမ်ယင်ပင် ပျက်စီးသွားသည်။ ဝမ်ပေါင်လဲ့က လက်ထဲတွင် ခေါင်းကိုကိုင်ကာ အမူအရာပြောင်းလဲနေသည့် ကျင့်ကြံသူသုံးဦးကို ကြည့်လိုက်၏။
“မိတ်ဆွေဖွဲ့ဖို့ လက်ဆောင် လိုတယ်။ ငါက အလျင်စလို လာရတော့မှ မပြင်ဆင်လိုက်ရဘူး။ ခေါင်းကို လက်ဆောင်အနေနဲ့ ပေးမယ်”
ယွမ်ယင်အဆင့် ကျင့်ကြံသူသုံးဦးအနက် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကလွဲ၍ ကျန်နှစ်ဦးက နောက်ဆုတ်လိုက်ကြသည်။ သူတို့က ဝမ်ပေါင်လဲ့ကို အကြောက်တရားဖြင့် ကြည့်လိုက်ကြ၏။
ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ဦးကို ချက်ချင်းသတ်နိုင်သည်က သူတို့ရန်မစနိုင်သည့် ရန်သူတစ်ဦး ဖြစ်နေလေပြီ။
နှောင်းပိုင်းအဆင့် ကျင့်ကြံသူကလည်း နှလုံးခုန်နှုန်း မြန်သွားမိ၏။ သူက အသက်ပြင်းပြင်းရှူကာ ကြင်ကြင်နာနာပြုံးပြီး လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်းက ကြင်နာလွန်းနေပါပြီ။ ကျုပ် ဒီလက်ဆောင်ကို သဘောကျပါတယ်။ တောအုပ်ထဲမှာ သန္ဓေပြောင်း သားရဲနဲ့ သေရည်ကောင်းကောင်းကို ပြင်ထားတယ်။ ကြွပါ”
ဝမ်ပေါင်လဲ့က မလှုပ်ရှားပေ။ သူက နှောင်းပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူကို ကြည့်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“မိတ်ဆွေဖွဲ့ဖို့ဆိုရင် လက်ဆောင်လိုတယ်။ ဘယ်မလဲ ငါ့အတွက် လက်ဆောင်” ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က နောက်ဆုတ်နေသည့် ရန်သူနှစ်ဦး၏ လည်ပင်းကို ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့၏ အကြည့်ကို သတိထားမိကာ ထိုကျင့်ကြံသူနှစ်ဦး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားလေ၏။ သူတို့က ထပ်မံနောက်ဆုတ်ကာ စွမ်းအားအပြည့် ကျင့်ကြံဆင့်ကို ထုတ်ဖော်လိုက်ကြသည်။
နှောင်းပိုင်းအဆင့် ကျင့်ကြံသူကလည်း အမူအရာပြောင်းလဲသွား၏။ သူက နောက်ဆုတ်နေသည့် ကျင့်ကြံသူနှစ်ဦးကို ကြည့်ကာ သူ့စိတ်ထဲ အတွေးများ ဖြတ်ပြေးသွားလေ၏။ သူကိုယ်တိုင်က အလယ်အလတ် ယွမ်ယင်အဆင့် ကျင့်ကြံသူကို သတ်နိုင်မည် မဟုတ်ကြောင်း သိလေသည်။ ထို့ကြောင့် သူ့ရှေ့တွင်ရှိနေသည့်သူကသာ လုပ်နိုင်သည့်အတွက် သူ့အနေဖြင့် ပြိုင်ဘက်မဟုတ်ကြောင်း သိနေ၏။
သူက သူ့ကို ပထမဦးစွာ ရန်စခဲ့မိသည်။ ထို့ကြောင့် သူသာ ကောင်းမွန်စွာ မဖြေရှင်းနိုင်ပါက သေခြင်းရှင်ခြင်းအခြေအနေကြား ကျရောက်သွားနိုင်၏။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် နှလုံးသားထဲ နာကျင်မှုကို ချုပ်တည်းလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။
ထို့နောက် သူ့လက်ထဲ အမှတ်အသားပြားနှစ်ခု ထွက်ပေါ်လာသည်။
“အာသီသ မြို့တော်ကို ဝင်ဖို့ နေရာနှစ်ခုကို လက်ဆောင်အနေနဲ့ ပေးမယ်လေ။ အဆင်ပြေတယ်မလား”