ကောင်းကင်နတ်အရှင်မူ၏ အိမ်တော်
Vol. 77 Ch. 997
နတ်ဘုရင်လန်ဝူက အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်နေသော ဖန်ဆင်းရှင်တို့၏ နတ်ဘုရင်မဟုတ်ပါလော။ သို့သော် ဖန်ဆင်းရှင်တို့၏ တစ်ယောက်တည်းသော နတ်ဘုရင်နှင့် ခိုင်ဧကရာဇ်၏ ပြိုင်ဘက်ပီပီ သူမသည် အချဉ်တော့မဟုတ်ပေ။
နတ်အရှင်မချန်း စကားပြောလိုက်သည်နှင့် ထိုစကားတွင် အချက်အလက်များစွာ ပါလာကြောင်း သူမ သိလိုက်သည်။
ထို့ကြောင့် ဆိတ်ဆိတ်သာ နေလိုက်၏။
ချင်မူမှာလည်း မှင်သက်သွားပြီး အတွေးများစွာ တွေးမိနေသောကြောင့် တိတ်ဆိတ်သွားသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ်တွင် ကောင်းကင်မဟာမိတ်အဖွဲ့ ခေါင်းဆောင်များနှင့် ကောင်းကင်နတ်ဧကရာဇ်သာ ကျွယ်ဝူချိန်အကြောင်း သိကြ၏။
ထိုစဉ်တုန်းက ကောင်းကင်မဟာမိတ်အဖွဲ့သည် ကောင်းကင်နတ်ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ရန် အတူတူ ပူးပေါင်းခဲ့ကြကာ လူအင်အားလည်း စုဆောင်းခဲ့ကြ၏။ မူလကောင်းကင်နတ်အရှင်များအပြင်၊ နတ်ဘုရားတစ်ပိုင်းတို့၏ ခေါင်းဆောင်များ၊ ကောင်းကင်နယ်စားမင်း၏ သား၊ မြေအောက်ဘုံအရှင်သခင်၏ သမီးနှင့် ကောင်းကင်နတ်ဧကရာဇ်ပင် ပါဝင်ခဲ့သည်။
သို့သော် အတော်များများသည် ကျွယ်ဝူချိန်ကြောင့် ထိုမျှအံ့ဩတုန်လှုပ်သွားမည်မဟုတ်ပေ။ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုမှလွဲ၍ ထိုသို့တုန်လှုပ်သွားနိုင်သူမှာ ကောင်းကင်နတ်ဧကရာဇ် ဖြစ်လိမ့်မည်။
နတ်အရှင်မချန်းသာ ကောင်းကင်နတ်ဧကရာဇ်ဆိုလျှင် စိတ်ဝင်စားစရာ ကောင်းသွားချေပြီ။
ထိုစဉ်တုန်းက နဂါးဟန်ကောင်းကင်နတ်ဘုံတွင် ဖြစ်ပွားခဲ့မည့် အခြေအနေကို ချင်မူ ချက်ချင်း တွေးမိသွားသည်။ ကောင်းကင်နတ်ဧကရာဇ်သည် ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ နတ်အရှင်မချန်းအဖြစ် မိဖုရားဆောင်သို့ ဝင်ရောက်ပြီး ကောင်းကင်နတ်ဧကရီ၏ အင်အားနှင့် အာဏာ မကြီးထွားလာအောင် ဟန့်တားခဲ့လိမ့်မည်။ ကောင်းကင်နတ်ဧကရီ၏ အာဏာက သူ၏ထီးနန်းကို ခြိမ်းခြောက်နိုင်သည် မဟုတ်ပါလော။
သူက နတ်အရှင်မချန်းအဖြစ် နေထိုင်ရင်း သူ၏မိဖုရားဆောင်ထဲတွင် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု မည်ကဲ့သို့ ပြဿနာရှာနေခဲ့သည်ကို စောင့်ကြည့်ခဲ့လိမ့်မည်။
သူ လူဝင်စားအဖြစ် လူ့ဘုံသို့ ဆင်းသွားပြီး အရှင်မယွမ်မု ဖန်ဆင်းထားသော ကျွယ်ဝူချိန်အား ပိုးပန်းနေသည့်အချိန်တွင် နတ်အရှင်မချန်းသည် မိဖုရားဆောင်ထဲ၌ ရှိနေ၏။
ထို့နောက် သူ့ခန္ဓာကလည်း ကောင်းကင်နတ်ဘုံတွင် ရှိခဲ့မည်။ သို့သော် ကောင်းကင်နတ်ဧကရာဇ်၏ မူလဝိညာဉ်ကင်းမဲ့သော အခွံသက်သက်ကြီးသာ ဖြစ်ပေသည်။
အရှင်မယွမ်မုနှင့် ကောင်းကင်မဟာမိတ်အဖွဲ့ ကောင်းကင်နတ်ဧကရာဇ်လူဝင်စားကို လုပ်ကြံသတ်ဖြတ်၍ ဝိညာဉ်ဖျက်စီးလိုက်သည့်အခါ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် အရှင်မယွမ်မု၏ ကျွယ်ဝူချိန်သည် သူ့ရုပ်ခန္ဓာကို ပူးကပ်နိုင်ရန် ကောင်းကင်နတ်ဘုံသို့ တက်လာခဲ့၏။
ယင်းက ချင်မူ သိထားသော အရာများပင်။
‘သူတို့ ကောင်းကင်နတ်ဘုံဆီ တက်လာတဲ့အချိန်မှာ တစ်ယောက်ယောက်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ထားနှင့်ပြီးမှန်း သိသွားရင် ဘယ်လိုဖြစ်သွားမလဲ’
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိ၏။ ‘နတ်အရှင်မချန်းက အဲဒီရုပ်ခန္ဓာကို ထိန်းချုပ်ထားတာ ဆိုရင်ရော’
မည်သူက အနိုင်ရသွားသူနည်း။
မှန်သည်၊ ယင်းက သီအိုရီသာ ရှိသေးသည်။ ထိုစဉ်တုန်းက ကောင်းကင်နတ်ဧကရာဇ်သည် သူ၏ထီးနန်း ပျောက်မသွားအောင် သူ့ရုပ်ခန္ဓာကိုယ်အား ကာကွယ်ဖို့ တစ်ယောက်ယောက် ထားကို ထားခဲ့လိမ့်မည်။
အရိုးရှင်းဆုံး နည်းလမ်းက သူ၏တစ်စိတ်တစ်ပိုင်းကို မိဖုရားဆောင်၌ ထားခဲ့ခြင်းပင်။ ထိုနည်းလမ်းဖြင့် သူ၏ဝိညာဉ်တစ်စိတ်တစ်ပိုင်းက မိဖုရားဆောင်တွင် ပုန်းနေနိုင်မည်။
ထိုအတိုင်းဆိုလျှင် နတ်အရှင်မချန်းနှင့် နတ်အရှင်မယန်တို့သည် ကောင်းကင်နတ်ဧကရာဇ် ဖြစ်နိုင်၏။ နတ်ဘုရင်လန်ဝူကြောင့် အံ့ဩတုန်လှုပ်သွားပုံအရ နတ်အရှင်မချန်း ဖြစ်နိုင်ချေများသည်။
‘ဒါ့အပြင် နောက်တစ်ယောက်လည်း ရှိသေးတယ်... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အဖေအရင်း’
ချင်မူသည် နတ်အရှင်မချန်းကို ပြုံး၍ ကြည့်နေရင်း တွေးနေ၏။ ‘ကောင်းကင်နတ်ဧကရာဇ်က ယွမ်မုကို သဘောကျပြီး နတ်ဘုရားတစ်ပိုင်းတွေ အသက်ရှည်နိုင်စေမယ့် နည်းလမ်းအတွက် နတ်ဘုရားတစ်ပိုင်း မွေးဖွားကြည့်ပေးဖို့ လူပြန်ဝင်စားခဲ့တယ်... လူဖြစ်လာတော့ သူက နတ်ဘုရားတစ်ပိုင်း၊ ကောင်းကင်နတ်အရှင်ဟောင်ကို ရှေးဟောင်းနတ်ဘုရား ဖြစ်တဲ့ အရှင်မယွမ်မုနဲ့အတူ မွေးဖွားခဲ့တယ်.... သူ့ကို မွေးပြီးတော့ အဲဒီလူဝင်စားရော ဘာဖြစ်သွားလဲ.... ရှိနေသေးလား... ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ ပုန်းနေတာလား... သူ ရှိနေသေးရင် ကောင်းကင်နတ်ဧကရာဇ်အနေနဲ့ နတ်အရှင်မချန်းကိုရော၊ နတ်အရှင်မယန်ကိုရော မလိုအပ်တော့ဘူး... ဝိညာဉ်ချန်ထားခဲ့ဖို့ပဲ လိုမှာ’
ကောင်းကင်နတ်အရှင်ဟောင်၏ အဖေအရင်းသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့၏။ လူဝင်စား ကောင်းကင်နတ်ဧကရာဇ်၏ သရုပ်မှန်အား သိထားသည့် တစ်ယောက်တည်းသော လူမှာ အရှင်မယွမ်မုသာ ဖြစ်လောက်သည်။
အရှင်မယွမ်မုအနေဖြင့် ထိုလူဝင်စား၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ပါက သူမလည်း ဖော်ထုတ်ခံရမည်။ ထို့ကြောင့် နှစ်ယောက်သား တစ်ယောက်၏ သရုပ်မှန်ကို တစ်ယောက်ဖုံးကွယ်ပေးထားရခြင်း ဖြစ်မည်။
ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်၌ ချင်မူ၊ နတ်အရှင်မချန်းနှင့် နတ်ဘုရင်လန်ဝူတို့ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြ၏။ အခြေအနေက တင်းမာနေသည်။
နတ်ဘုရင်ရှုကျွင်းက ဂရုမစိုက်ခြင်း ဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မေးနေ၏။ “ဒါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်လား... မွေးကြိုင်နေတာ အံ့ဩစရာမရှိဘူးပဲ”
သူ့စကားက သုံးယောက်စလုံးကို သတိပြန်ဝင်သွားစေသည်။
ချင်မူ့အပြုံးက ပို၍ပင် ရိုးသားလာပြီး သူသည် နတ်အရှင်မချန်းကို အရိုအသေပေးရင်း ယဉ်ယဉ်ကျေးကျေး ဆို၏။ “အရိုအသေပေးပါတယ် နတ်အရှင်မချန်း... ကျွန်တော် ဒီရောက်နေတာ ကြာပြီဆိုပေမယ့် အလုပ်များနေတာနဲ့ လာမတွေ့နိုင်ခဲ့ဘူး... ခွင့်လွှတ်တော်မူပါ”
နတ်အရှင်မချန်းသည် ပြန်လည်နှုတ်ဆက်ကာ ပြုံး၏။ “ကောင်းကင်နတ်အရှင်မူ၊ အရမ်းယဉ်ကျေးလွန်းနေပါပြီ.... ကျွန်မလည်း ဒီမှာ ရှိနေတာ ကြာပြီဆိုပေမယ့် ကောင်းကင်နတ်အရှင်မူကို လာမတွေ့မိခဲ့ဘူး.... ကောင်းကင်နတ်အရှင်မကမှ ကျွန်မကို ခွင့်လွှတ်ပေးရမှာပါ”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် သံသယဝင်နေကြသဖြင့် ယဉ်ယဉ်ကျေးကျေး ပြောနေကြသည်။
ချင်မူက ပြောသည်။ “ကျွန်တော်တို့ ဒီကို မထင်မှတ်မိဘဲ ဝင်လာမိတာပါ... ကံကောင်းလို့ နတ်အရှင်မနဲ့ တွေ့လို့သာပါ့... နို့မိုဆို ပြဿနာကြီး တက်မှာ”
နတ်အရှင်မချန်းက ရယ်သည်။ “ဒီကလမ်းတွေက ရှုပ်တော့ မှားတတ်ပါတယ်... လမ်းမသိဘဲ ဝင်လာမိတာဆိုတော့ ကိစ္စမရှိပါဘူး.. ကျွန်မ လမ်းပြပေးဖို့ လူလွှတ်ပေးပါ့မယ်”
ချင်မူ သူမကို ကျေးဇူးတင်လိုက်ပြီး နတ်အရှင်မချန်းက ပြန်ပြုံးပြသည်။ “ကိစ္စမရှိပါဘူးရှင်... ရှင် ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖို့ မဟာလေဟာနယ်ဆီ သွားတုန်း တိုက်ခိုက်ခံခဲ့ရတယ် ကြားတယ်.... ရှင် အဲဒီမှာ သေဆုံးသွားပြီး စစ်တပ်တစ်တပ်လုံးလည်း ပျောက်သွားတယ်လို့ ပြောနေကြတာ... အခုလို အသက်ရှင်လျက် ပြန်ရောက်လာမယ် မထင်ထားဘူး... ဒီလူတွေက ရွှင်ပျော်ပျော်ကျေးရွာက လူတွေလား”
ချင်မူ ရယ်လိုက်မိသည်။ “မဟုတ်ပါဘူးဗျာ... နတ်အရှင်မကြည့်ရတာ ကျွန်တော့်မမကြီးကို သိနေတဲ့ပုံပဲနော်... အရင်က တွေ့ဖူးတာလား”
နတ်အရှင်မချန်းသည် အသက်မပါသောအပြုံးဖြင့် ပြုံးပြ၏။ “မတွေ့ဖူးပါဘူး... ကောင်းကင်နတ်အရှင်မူ ဒီကို မရောက်ဖူးဘူးနော်”
ချင်မူလည်း ပြုံးလိုက်သည်။ “ကျွန်တော်လည်း ခင်ဗျားကို ဒီနေ့ မတွေ့ခဲ့ပါဘူး”
နတ်အရှင်ချန်းက ခေါင်းညိတ်၍ လက်ခုပ်တီးလိုက်သည်။ နန်းတွင်းသူနှစ်ယောက် ရောက်လာပြီး သူမက သူတို့ဆီ ခပ်တိုးတိုး ပြောလိုက်သည့်အခါ ထိုနှစ်ယောက်သည် ခေါင်းညိတ်၍ နူးညံ့ချိုသာစွာ ပြော၏။ “နောက်က လိုက်ခဲ့ပါ ဧည့်သည်တော်ကြီးတို့ရှင့်”
သူတို့က ရှေ့မှ ဦးဆောင်သွားပြီး နတ်အရှင်မချန်းက သူတို့ကို လိုက်ပို့ပေး၏။ ထို့နောက် သူမက မျက်မှောင်ကြုတ်ကာ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ဟိုအပျက်မနှစ်ယောက်ထဲက ဘယ်တစ်ယောက်များလဲ... ထူးဆန်းတယ်... ထူးဆန်းတယ်...”
ချင်မူက နောက်ပြန်လှည့်ကြည့်၍ နတ်အရှင်မချန်း လှမ်းပြုံးပြလိုက်သည်။ နှစ်ယောက်သား အဝေးမှ တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်နေကြ၏။
ချင်မူ နန်းတွင်းသူများနောက် ဆက်လိုက်သွားသည်။ နန်းတွင်းသူများက သူ့မျက်ခွက်ကြီးကို သိသိသာသာ မှတ်မိထားသဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသော်လည်း တစ်ခွန်းမဟရဲကြပေ။
ချင်မူက ပြုံးလိုက်သည်။ “မမကြီးတို့၊ သူ့ဆီမှာ ခစားနေတာ ဘယ်လောက်ကြာပြီလဲ”
သူတို့က တိုက်ရိုက်မဖြေပေ။ တစ်ယောက်က တခစ်ခစ် ရယ်၍ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ရှင် တော်တော်အရှက်မရှိတာပဲ.... ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မယ်မယ် ရေချိုးနေတာကို ချောင်းကြည့်ခဲ့ပေမယ့် မေ့သွားတဲ့ ပုံပဲနော်”
ချင်မူ ရှက်သွားကာ ထပ်မမေးရဲ့တော့ပေ။ သူက နတ်ဘုရင်လန်ဝူဆီ ခိုးကြည့်လိုက်သည်။
နတ်ဘုရင်လန်ဝူက အရေးမလုပ်သည့်အလား ပုံမှန်ပင်။
ရှုကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် ဝင်မေး၏။ “မမကြီးတို့၊ အဲဒီနေ့က ဧကရာဇ်ရဲ့ ဘယ်မိဖုရား ရေချိုးနေတာလဲ... စောစောက နတ်အရှင်မချန်းလား”
ချင်မူ့မျက်နှာမှာ မီးသွေးတုံးသဖွယ် မည်းတူးသွားသည်။
နန်းတွင်းသူနှစ်ယောက် ပြန်မဖြေရဲကြပေ။ ဖြေလိုက်လျှင် သေရလောက်သည်။
လေဟာနယ်တံတားတွင် ချင်မူ မိဖုရားဆောင်၏ တံခါးအား နှစ်ကြိမ် ဖွင့်ခဲ့တုန်းက အတော်လေး ပွက်လောရိုက်ခဲ့ပြီးပြီဖြစ်သည်။ မိဖုရားသည် အတင်းတုပ်နေသော နန်းတွင်းသူမှန်သမျှ သတ်ဖြတ်ခဲ့၏။ သူတို့နှစ်ယောက်မှာ ကံကောင်း၍သာ အသက်ရှင်နေသေးရာ မပြောရဲကြပေ။
ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်မှာ အလွန်ကျယ်ဝန်းသည်။ နန်းတွင်းသူများသည် လူများမမြင်အောင် လမ်းကြိုလမ်းကြားမှ သူတို့ကို ခေါ်သွားပေးပြီး အနောက်တံခါးအထိ လိုက်ပို့ပေး၏။
ချင်မူက နောက်ပြန်လှည့်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတဲ့ပုံပဲ”
နတ်ဘုရင်လန်ဝူဆီမှ အသံထွက်လာသည်။ “ရေချိုးနေတဲ့ အမျိုးသမီးတွေလည်း အများကြီးပဲ”
ချင်မူ ထပ်မပြောတော့ပေ။
ရှုကျွင်းက ခေါင်းညိတ်၍ ပြောသည်။ “ဟုတ်တယ် သူ တံခါးဖွင့်လိုက်တုန်းက မိဖုရားတွေနဲ့ နန်းတွင်းသူတွေ ရေချိုးနေတာ မြင်ခဲ့ရတယ်... သူတို့အသားလေးတွေဆို ဖြူဖွေးနေတာပဲ”
ချင်မူ ရှုကျွင်းဆီ လှမ်းကြည့်လိုက်သည့်အခါ ရှုကျွင်းမှာ ချောက်ထဲ ကျသွားသလို ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။
နတ်ဘုရင်လန်ဝူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကောင်းကင်နတ်ဘုံအထက်တွင် အတူစီးဖြာနေသော အလင်းတန်းများအား မြင်လိုက်ရ၏။ သူမအတွက် အထူးအဆန်း ဖြစ်နေသည်။
၎င်းက ချင်မူ ရေးဆွဲထားသော စွမ်းအင်အကူးအပြောင်းတံတားမှန်း သူမ မသိပေ။
ဤနေရာတွင် စွမ်းအင်အကူးအပြောင်းတံတား အရေအတွက်က ချင်မူ ထွက်လာခဲ့စဉ်တုန်းကထက် ပိုများချေပြီ။ ယိုတုနှင့် ရွှမ်တုကဲ့သို့ ကမ္ဘာများအထိ တံတားများဖြင့် ဆက်သွယ်ထား၏။ အားလုံးအတွက် သွားရလာရ အဆင်ပြေသလို၊ ကောင်းကင်နတ်ဘုံ၏ အာဏာကိုလည်း တည်တံ့စေသည်။
နတ်ဘုရင်ရှုကျွင်းက ခေါင်းယမ်းကာ ပြောသည်။ “ဒါက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံပဲ.. ငါတို့ရဲ့ ဘိုးဘေးနန်းတော်မဟုတ်ဘူး.... နတ်ဘုရင်လန်ဝူက အဲဒီတုန်းက ငယ်ငယ်လေး ရှိသေးတာဆိုတော့ မရောက်ဖူးလောက်ဘူး”
ချင်မူ မှင်သက်သွားကာ မေးလိုက်မိသည်။ “ကောင်းကင်နတ်ဘုံက ခင်ဗျားတို့ရဲ့ ဘိုးဘေးနန်းတော် မဟုတ်ဘူးလား”
နတ်ဘုရင်ရှုကျွင်းက ခေါင်းယမ်း၏။ “မဟုတ်ဘူး”
နတ်ဘုရင်လန်ဝူက ပြောသည်။ “ငါလည်း မဟုတ်ဘူးလို့ ခံစားရတယ်... ငါတို့ဘိုးဘေးဝိညာဉ်တွေ ပြောပုံအရ ဘိုးဘေးနန်းတော်က ကျယ်ဝန်းပြီး အထွတ်အမြတ်တောင်တန်းတွေ၊ မြစ်ချောင်းတွေ ပြည့်နက်နေတာတဲ့... နတ်ကျောက်တုံးတွေလည်း ပေါများသလို၊ အဖိုးထိုက်ရတနာတွေလည်း အများကြီး ရှိတယ်ပြောတယ်... ဒီနေရာက ကြွယ်တချမ်းသာပေမယ့် ငါတို့ဘိုးဘေးဝိညာဉ်တွေ ပြောနေတဲ့ ဘိုးဘေးနန်းတော်ဟုတ်ပုံမရဘူး”
ချင်မူ မျက်မှောင်ကြုတ်သွား၏။ ဖန်ဆင်းရှင်တို့၏ ဘိုးဘေးနန်းတော်ဟု ကြားလိုက်ရတုန်းက ကောင်းကင်နတ်ဘုံဟု ထင်ခဲ့မိသည်။ ကြည့်ရသည်မှာ သူ့အထင် မှားသွားခဲ့ပုံရသည်။
“ဒါက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် မွေးဖွားခဲ့တဲ့ နေရာဖြစ်မယ်”
နတ်ဘုရင်ရှုကျွင်းက ပတ်ဝန်းကျင်ကို အနံ့ခံရင်း ပြောသည်။ “အဲဒီကောင်ရဲ့ မဟာတာအိုအနံ့တွေ ရနေတယ်... သူမွေးတဲ့နေရာမှာ လျှို့ဝှက်ချက်အကြီးကြီးတွေ ရှိတယ်... ငါ အနံခံရသလောက်တော့ သူမွေးတဲ့နေရာက မိဖုရားဆောင်ထဲက တစ်နေရာရာ ဖြစ်နေသလိုပဲ”
ချင်မူမှာ သူ့ကို အထူးအဆန်းသဖွယ် ကြည့်ရင်း တွေးနေမိသည်။ ‘မဟာတာအိုရဲ့ အနံ့ဟုတ်လား... သူ အဲဒါကိုလည်း အနံ့ရတယ်ပေါ့... ရှုကျွင်းနှာခေါင်းက ငါတို့နှာခေါင်းနဲ့ မတူတာလားများ..... ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ် မွေးတဲ့နေရာက မိဖုရားဆောင်ဆိုရင် ဒါ လျှို့ဝှက်ချက်ကြီးပဲ... မိဖုရားဆောင်ထဲမှာ သွားရှာနိုင်လို့ကတော့...”
ချင်မူ ခေါင်းယမ်းလိုက်မိသည်။ ကောင်းကင်နတ်အရှင်ချန်းက သူတို့ကို အပြင်ပို့ပေးခိုင်းခဲ့သော်လည်း ပြန်ဝင်ရန် ခက်လိမ့်မည်။
‘ဖက်တီးနဂါးနဲ့ ယန်အာက မီးငှက်နန်းဆောင်မှာ... ငါ သူတို့ကို အရင်သွားခေါ်ရမယ်’
ချင်မူ တွက်ချက်ကြည့်နေသည်။ ‘ဒီမှာ ငါ့ပိုင်ဆိုင်မှုတွေ မရှိဘူး... ဝယ်စရာငွေလည်း မရှိဘူး.. တော်တော် ဒုက္ခရောက်တာပဲ...’
သူက သူတို့နှစ်ယောက်ကို ကောင်းကင်နတ်ဘုံထဲရှိ တောင်နတ်မင်း၏ ယာယီနန်းဆောင်သို့ ခေါ်သွားသည်။ ကျူချွဲအာတွင် မီးငှက်နန်းဆောင်ဟု ခေါ်သော ကိုယ်ပိုင်နန်းဆောင် ရှိခဲ့သော်လည်း တောင်ဝင်ရိုးစွန်းသို့ ရွှေ့ပြောင်းခံလိုက်ရသည့်အတွက် ဤနေရာတွင် နာမည်တူ ယာယီနန်းဆောင်သာ ကျန်ခဲ့၏။ မူလနန်းဆောင်လောက် သိပ်မကျယ်သဖြင့် သာမန်နန်းဆောင်လောက်သာ ရှိချေသည်။
ချင်မူ ရောက်သည့်အခါ သိပ်မကြီးမားကြောင်း တွေ့လိုက်ရသည်။ ၎င်းဘေးရှိ အခြားနန်းဆောင်မှာ အလွန်ခမ်းနားတင့်တယ်နေ၏။ ထိုနန်းဆောင်က ကောင်းကင်နတ်ဘုံ၏ တောင်ပိုင်းတွင် ရှိသည့် ချီရှားယွီ၏ ယာယီနန်းဆောင်၊ သစ္စာစောင့်သိနန်းဆောင်ဟု ခေါ်သည်။
ဇာမဏီနတ်မင်းချီရှားယွီမှာ ကောင်းကင်နတ်ဘုံ၏ မူလဇာမဏီနတ်မင်းမဟုတ်ဘဲ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ ပျက်သုဉ်းသွားသည့် တိုက်ပွဲတွင် သစ္စာခံခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ယာယီနန်းဆောင်ာအး သစ္စာစောင့်သိနန်းဆောင်ဟု ခေါ်ချေသည်။
သစ္စာစောင့်သိနန်းဆောင်သည် မီးငှက်နန်းဆောင်ထက် ပိုမိုမြင့်မားပြီး ခံ့ညားထည်ဝါနေ၏။
ချင်မူ မီးငှက်နန်းဆောင်ဆီ ရောက်သည့်အခါ သော့ပိတ်ထားကြောင်း တွေ့လိုက်ရသည်။ သူက စောင့်နေသော အစောင့်နတ်ဘုရားဆီ အကျိုးအကြောင်း မေးလိုက်၏။ “အာ ကောင်းကင်နတ်အရှင်မူလား... မမလေးယန်နဲ့ သခင်လေးပိက ကောင်းကင်နတ်အရှင်မူရဲ့ အိမ်တော်ဆီ သွားတာ ကြာပြီ”
ချင်မူ အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်အိမ်တော် ဟုတ်လား”
“မသိဘူးလား”
ထိုနတ်ဘုရားက ပြုံးလေသည်။ “ဧကရာဇ်က ကောင်းကင်နတ်အရှင်မူကို ချီးမြှင့်ထားတာပါ... ကျောက်စိမ်းမြို့တော်မှာ ရှိတယ်... နောက်က လိုက်ခဲ့ပါ... ကျွန်တော် လိုက်ပို့ပေးမယ်”
ချင်မူမှာ မျက်မှောင်ကြတ်သွား၏။ ‘ငါက ဒီမှာ ဆင်းရဲနေတာကို ကောင်းကင်နတ်အရှင်အိမ်တော်လို ပိုင်ဆိုင်မှုမျိုး ဘယ်လိုလုပ်ပြီး ထိန်းသိမ်းနိုင်မှာလဲ... နဂါးသွဲ့ရေကန်မှာ ဆက်နေပြီး ကောင်းကင်နတ်ဧကရီအနား ကပ်စားရမှာ... မဟုတ်ရင် ငါ့ရဲ့အသုံးစရိတ်တွေအတွက် မပေးနိုင်ဘဲ နေလိမ့်မယ်’
ထိုနတ်ဘုရားသည် သူတို့ကို ကျောက်စိမ်းမြို့တော်ရှိ ကောင်းကင်နတ်အရှင်မူနန်းဆောင်သို့ လိုက်ပို့၏။ နန်းဆောင်ကား အလွန်ခမ်းနားထည်ဝါပြီး တင့်တယ်နေကြောင်း တွေ့လိုက်ရသည်။ ခြေလှမ်းငါးလှမ်းစာတိုင်း အဆောက်အအုံတစ်လုံးရှိပြီး ခြေဆယ်လှမ်းစာတိုင်း စံအိမ်တစ်လုံး ရှိနေ၏။ ကောင်းကင်နန်းဆောင်အငယ်စားနှင့်ပင် တူနေသည်။
ချင်မူ မှင်သက်နေစဉ် အထဲမှ ဟူလင်းအာ၏အသံအား ကြားလိုက်ရသည်။“မြန်မြန်... မြန်မြန်…ဒီနေရာကို မြန်မြန်ပြင်ဆင်ကြ.... ဒါက ကောင်းကင်နတ်အရှင်ရဲ့ အိမ်တော်ပဲ.. သခင်လေး မျက်နှာမပျက်ရအောင် လုပ်ကြ.. ငါတို့မှာ ငွေပေါတယ်...ဒါက သခင်လေးအတွက် နန်းတော် ဖြစ်ရစေမယ်"
ချင်မူ နေအိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဟူလင်းအာ၏အသံသည် နီးသထက် နီးလာ၏။ “ဒီနေရာကို နဂါးသိုက်လို လုပ်ချင်လား.... ချီလင်ဂူလို လုပ်ချင်လား... သံကြိုးရောလိုလား... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အလုပ်သမားတွေ နင့်အတွက် ရွှေသံကြိုး လုပ်ပေးဖို့ လိုသေးလား"