တုထျန်းမိစ္ဆာဘုရင်နှင့် ပြန်လည်တွေ့ဆုံခြင်း
Vol. 77 Ch. 1004
ဥခွံက စုစုပေါင်း နှစ်ခု ရှိသည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအစစ် ရှိနေစဉ်တုန်းက ကောင်းကင်မဟာမိတ်အဖွဲ့၏ အတွင်းရေးသည် ပို၍ပင် ရှုပ်ထွေးနေခဲ့၏။ သူတို့အနေဖြင့် ရှေးဟောင်းမြေသို့ ၀င်ရောက်ပြီး ဥခွံအား ခိုးယူရန် ကောင်းကင်နတ်ဧကရာဇ်၏ရုပ်ခန္ဓာကို ပူးကပ်လိုက်ရုံသာ လိုအပ်ခဲ့သည်။
သို့သော် ထိုအချိန်တုန်းက တစ်ယောက်မှ ဥခွံများအား မယူချင်ခဲ့ကြပေ။ ကောင်းကင်နတ်အရှင်ဟောင်ကလည်း ခါးခါးသီးသီး ဆန့်ကျင်ခဲ့သည်။ ကျန်ကောင်းကင်နတ်အရှင်များနှင့် ကောင်းကင်မဟာမိတ်အဖွဲ့ဝင်များလည်း အကြောင်းပြချက်ကိုယ်စီဖြင့် ဥခွံအား မယူချင်ခဲ့ကြပေ။
နောက်ပိုင်းတွင် ကောင်းကင်မဟာမိတ်အဖွဲ့သည် စည်းလုံးသွားခဲ့၏။ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်အကြီးအကဲများ ပျောက်သွားသည့်အခါ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကျန်ရှိသူများသာ ကျန်ရစ်ခဲ့သည်။
သူတို့ကို ရှုံ့ချပုတ်ခတ်မည့်သူများ ပျောက်ကွယ်သွားသော်လည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအစစ်သည်လည်း မရှိတော့ပေ။ ထို့ကြောင့် သူတို့မှာ ဥခွံအား မယူနိုင်ခဲ့ကြပေ။
အားလုံး ကောင်းကင်နတ်ဧကရာဇ်၏ ရှေးဟောင်းမြေထဲရှိ ရတနာကို တိတ်တိတ်ကလေး လိုချင်တပ်မက်နေခဲ့ကြသည့်တိုင် မည်သူမှ ဥခွံကို ယူနိုင်သော အင်အားမရှိသောကြောင့် လက်လျှော့ခဲ့ကြရသည်။
ကောင်းကင်နတ်အရှင်ဟောင်လည်း ကြိုးစားခဲ့၏။ သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဖြင့် ရှေးဟောင်းမြေထဲသို့ ၀င်ရောက်ခဲ့သော်လည်း အဆုံးသတ်တွင် ယဇ်ပလ္လင်နားသို့ပင် မကပ်နိုင်ခဲ့ပေ။
ကောင်းကင်နတ်အရှင်ဟောင်သည် ဥခွံနှစ်ခုက သူ အချိန်မရွေး ရယူနိုင်သော ရတနာများအဖြစ် သဘောာထားခဲ့၏။ ထို့အပြင် ကောင်းကင်နတ်ဧကရာဇ်က ဥမှ ပေါက်ဖွားလာပြီး သူ့ခမည်းတော် ဖြစ်ရာ ကောင်းကင်နတ်ဧကရာဇ်၏အပိုင်က သူ့အပိုင်သာ ဖြစ်သည်ဟုလည်း မြင်ခဲ့သည်။
မဟာဧကရာဇ်ကိစ္စနှင့် ပတ်သက်ပြီး သူတို့ တစ်ယောက်ကိုတစ်ယောက် သံသယ၀င်နေစဉ် တစ်စုံတစ်ယောက်က ဤအခြေအနေကို အခွင့်ကောင်းယူကာ ရှေးဟောင်းမြေထဲသို့ ၀င်ရောက်ပြီး ဥခွံတစ်ခု ခိုးယူသွားခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။
ကောင်းကင်နတ်အရှင်ဟောင်မှာ ပတ်၀န်းကျင်ကို ကြည့်ရှုရင်း ရင်ထဲ၌ သောင်းကျန်းနေသော အမျက်ဒေါသတို့ကို ဖိနှိပ်ထားရသည်။ သူက အသံကို ထိန်း၍ ပြောလိုက်၏။ “တာအိုမိတ်ဆွေတို့ ငါတို့ ဒီနေ့ ဒီနေရာအထိ ရောက်လာဖို့က လွယ်ကူတဲ့ခရီး မဟုတ်ခဲ့ဘူး... လက်ရှိခံစားနေရတဲ့ အဆင့်အတန်းတွေ ရဖို့အတွက် ငါတို့ အပင်ပန်းခံခဲ့ကြရတယ်... မင်းတို့ ရတနာကို ပြန်ပေးရန် ငါတို့ တာအိုမိတ်ဆွေတွေအဖြစ် ဆက်ရှိနေမယ်... ရတနာကို ပြန်မပေးရင်တော့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကနေ ကိုးယောက် ဖြစ်လာမှာ ငါ စိုးရိမ်မိတယ်”
သူ့ပတ်၀န်းကျင်ရှိ ကျန်ကောင်းကင်နတ်အရှင်များ တိတ်ဆိတ်သွားကြသည်။ သူတို့လည်း ကောင်းကင်နတ်ဧကရာဇ် ပေါက်ဖွားခဲ့လာသော ဥ၏ ဥခွံနှစ်ခုအား လိုချင်တပ်မက်ခဲ့ကြ၏။ ဥခွံထဲတွင် ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများ ရှိသည်မဟုတ်လော။ သို့သော် ယင်းက အရေးကြီးဆုံးအရာတော့ မဟုတ်။ ၎င်း၏ အကြီးမားဆုံး အသုံးဝင်မှုမှာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ချိတ်ပိတ်နိုင်ခြင်းပင် ဖြစ်သည်။
ကျန်ကောင်းကင်နတ်အရှင်များ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ပူးကပ်ထားလျှင်တောင်မှ သူ့တွင် ဥခွံများ ရှိလျှင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အား ထိုနေရာထဲ၌ ချိတ်ပိတ်ကာ ဖိနှိပ်ထားနိုင်၏။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ချိတ်ပိတ်နိုင်လျှင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုလည်း ချိတ်ပိတ်နိုင်သည်။
ဤရတနာဖြင့်ဆိုလျှင် ကောင်းကင်နတ်အရှင်ဆယ်ယောက်အကြား အသားစီးမှု ရသွားချေပြီ။ နှမြောစရာကောင်းသည်က ဥခွံတစ်ဝက်သာ ကျန်တော့၏။
မည်သူက ကျန်တစ်ဝက်ကို ခိုးယူသွားသနည်း။ ယင်းက ကောင်းကင်နတ်အရှင်များ စိတ်အပူဆုံး အရာပင်။
ကောင်းကင်နတ်အရှင်ဟောင်က ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ သူသည် အလွန်ဒေါသထွက်လာပြီး တဟားဟား ရယ်ကာ အင်္ကျီလက်အိုးများ ခါလျက် လှည့်ထွက်သွား၏။ “ကြည့်ရတာ ကောင်းကင်နတ်အရှင်တွေ ကိုးယောက်မကဘဲ ရှစ်ယောက်အထိ လျော့ချခံရတော့မယ် ထင်ပါရဲ့”
သူ ဒေါကြီးမောကြီး ထွက်သွားစဉ် ကျန်ကောင်းကင်နတ်အရှင်ခုနစ်ယောက်မှာ တိတ်ဆိတ်စွာ ကျန်ခဲ့သည်။
ရုတ်တရက် ကောင်းကင်နတ်အရှင်ချန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ “ကျွန်မ ဒီကို ရောက်ကတည်းက မရှိတော့တာနော်... ရတနာကို ကျွန်မယူတာမဟုတ်ဘူး... တာအိုမိတ်ဆွေတစ်ယောက်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ပြီး အိမ်ရှေ့မင်းသားမင်ရနဲ့အတူ ရောက်လာတဲ့ပုံပဲ”
ကောင်းကင်နတ်အရှင်ရှောင်က ဝင်ပြောသည်။ “အိမ်ရှေ့မင်းသားမင်ရ ဒီနေရာက ထွက်လာတော့ ကောင်းကင်နတ်ဘုံကနေ အလျင်အမြန် ထွက်သွားတယ်.... သူ အခု ဘယ်မှာလဲ မသိဘူး.. ဖြစ်နိုင်တာက တစ်ခုခုတော့ သိထားလိမ့်မယ်... ငါတို့ သူ့ကို ဖမ်းပြီး စစ်မေးကြမလား”
ကောင်းကင်နတ်အရှင်လန်သည် သူမ၏ကြောင်ဖြူလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ခပ်တိုးတိုး ရယ်လိုက်၏။ “အိမ်ရှေ့မင်းသားမင်ရက ကောင်းကင်နတ်ဘုံကနေ ထွက်သွားပြီတဲ့လား... ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ”
နတ်ဧကရာဇ်လန်ရွှမ်က ချောင်းဟန့်ကာ ပြောသည်။ “အဲဒီရတနာကို ယူသွားတာက ဘယ်တာအိုနောင်တော်ပဲ ဖြစ်ဖြစ်၊ ပြန်ပေးလိုက်ပါ... မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်”
မည်သူမှ မတုံ့ပြန်ကြပေ။
ကောင်းကင်နတ်အရှင်ဟုန်က သူ၏မုတ်ဆိတ်ဖြူကို ကိုင်ရင်း အလေးအနက် ဝင်ပြော၏။ “တားမြစ်မြေကို ဝင်ရောက်နိုင်တဲ့ပုံအရ မဟာဧကရာဇ်ပဲ အဲဒီလို လုပ်နိုင်မယ်ထင်တယ်... ရှေးဟောင်းနတ်ဘုရားဘုရင်၊ မင်းက မဟာဧကရာဇ်ရဲ့ အစွမ်းအစတွေကို မြင်ဖူးတော့ သူ့ရဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးမှာပေါ့”
ကောင်းကင်နယ်စားမင်း၏ သားတော်၊ ရှေးဟောင်းနတ်ဘုရားဘုရင်က မှင်သေသေ ဖြေသည်။ “မဟာဧကရာဇ်မှာ အဲဒီလိုအစွမ်းအစတွေ ရှိတာ မှန်တယ်... သူသာ ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်လာချင်ရင် ဘယ်သူ့မှ သူ့ကို မဖော်ထုတ်နိုင်ဘူး”
ကောင်းကင်နတ်ဧကရာဇ် ခုနစ်ယောက်စလုံး တိတ်ဆိတ်သွားပြန်ကြသည်။
ဘယ်သူက မဟာဧကရာဇ် ဖြစ်နေသနည်း။
မဟာဧကရာဇ်သည် သူတို့အထဲ၌ အမှန်တကယ် ပုန်းနေသည်လား။
လက်ရှိ ခုနစ်ယောက်အနက် တစ်ယောက်က မဟာဧကရာဇ်ဖြစ်နေမည်လား။
ကောင်းကင်နတ်အရှင်ခုနစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း တစ်ချိန်တည်းမှာပင် အကြည့်ချင်းလွှဲလိုက်ကြသည်။ ဤအခိုက်အတန့်တွင် မည်သူမဆို မဟာဧကရာဇ် ဖြစ်နိုင်၏။ ယခုလေးတင် ထွက်ခွာသွားသော ကောာင်းကင်နတ်အရှင်ဟောင်ပင် သံသယ၀င်စရာဖြစ်သည်။
ရုတ်တရက် နတ်အရှင်မယန်က ပြုံးလိုက်ပြီး သူမ၏ကြောင်ဖြူလေးကို ခေါ်လျက် ထွက်သွားရင်း လှမ်းပြောသည်။ ”ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှု ပြန်ရောက်လာပြီ”
ကျန်ကောင်းကင်နတ်အရှင်ခြောက်ယောက် တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်ဘုံသို့ အလျင်အမြန် ပြန်လာခဲ့ကြသော်လည်း လမ်းခရီးတွင် အချိန်ယူခဲ့ရသောကြောင့် ချင်မူ့ထက် ရက်အနည်းငယ်မျှ နောက်ကျခဲ့လေသည်။
ကောင်းကင်နတ်အရှင်များက ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှု၏ စကားများကို နားထောင်ရင်း မဟာလေဟာနယ်တွင် သူတို့ ကြုံတွေ့ခဲ့ရသည်များကြောင့် အံ့အားသင့်သွားကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှု ပြောသည့်အတွေ့အကြုံများက ချင်မူ၏အတွေ့အကြုံများနှင့် တူလေသည်။ လမ်းလျှောက်နေသော အလောင်းများ၊ ဖန်ဆင်းရှင်တို့၏မြို့တော်၊ ရူးနေသော ကောင်းကင်ဆရာသခင်ယွဲ့၊ အဆင့်မြင့်အသိစိတ်အလျဉ်နယ်နှင့် လေဟာနယ်တံတားဟူသော ဆန်းပြားသောအရာများစွာလည်း ပါ၀င်နေခဲ့၏။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် ချင်မူက မလိမ်ညာခဲ့ဘဲ သူ လေဟာနယ်တွင် မြင်ခဲ့၊ ကြားခဲ့သည်များကို အမှန်တကယ် ပြန်ပြောပြခဲ့လေသည်။
ကောင်းကင်နတ်အရှင်မူသည် သူပုန်တစ်ယောက် မဟုတ်ပါလော။ မည်သည့်အချိန်က သစ္စာရှိသော ကောင်းကင်နတ်ဘုံဘက်တော်သားတစ်ယောက် ဖြစ်လာခဲ့သနည်း။
သို့သော် ကောင်းကင်နတ်အရှင်ရှု ပြောပုံအရ မဟာဧကရာဇ်က သူတို့၏ကြားတွင် အမှန်တကယ် ပုန်းအောင်းနေသည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်များအကြား တစ်မျိုးဖြစ်နေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် သတိထားနေကြပြီး ရန်လိုမှုများကိုပင် ဖော်ထုတ်ပြနေကြသည်။
ကောင်းကင်နတ်အရှင်ဆယ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသော်လည်း တိုးတိုးတိတ်တိတ်သာ သတိထားတတ်ခဲ့ကြသည်။ မည်သည့်အချိန်က ယခုလို ပေါ်ပေါ်ထင်ထင် ဖြစ်လာခဲ့ကြသနည်း။
ကောင်းကင်နတ်အရှင်ဟွေ့ မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံကို ရောက်လာကတည်းက ကောင်းကင်နတ်အရှင် ဆယ်ယောက်ကြားမှာ စိတ်၀မ်းပိုကွဲလာတယ်... ကောင်းကင်မဟာမိတ်အဖွဲ့ ပြိုကွဲဖို့က ရှောင်လွှဲလို့မရတော့တဲ့ပုံပဲ.... ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားတွေကို အခုထက်ထိ မသုတ်သင်ရသေးဘူး... ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက် ရှေးဟောင်းနတ်ဘုရားတွေရဲ့ စည်းမျဉ်းဥပဒေကို ပယ်ဖျက်ဖို့ပဲ’
“အဲ့ဒါဆိုရင် လေဟာနယ်တံတားရဲ့ အဆုံးမှာ ရွှင်ပျော်ပျော်ကျေးရွာကို မရှာတွေ့ခဲ့ကြဘူးပေါ့” ရှေးဟောင်းနတ်ဘုရားဘုရင်က မေးသည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက ပြိုင်တူခေါင်းညိတ်လိုက်ကြ၏။ ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “ငါတို့က အလယ်ခန်းမှာ ပိတ်မိနေခဲ့တာ... အပြင်ထွက်တော့ နှစ်၀က်ကုန်နေခဲ့ပြီ”
“အဲဒီအချိန်တုန်းက ကောင်းကင်နတ်အရှင်မူ ဘယ်ရောက်နေလဲ” ကောင်းကင်နတ်အရှင်ကုန်းက မေးသည်။
“အပြင်နားလေးမှာပဲ”
ကောင်းကင်နတ်အရှင်ရှုသည် အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြန်ဖြေ၏။ “သူက ကျွန်မတို့ကို မြင်လိုက်တာနဲ့ တံခါးပိတ်ပစ်လိုက်တယ်... ကျွန်မတို့ အပြင်ရောက်တော့ သူ မရှိတော့ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်သည်။ “ဒါဖြင့် ကောင်းကင်နတ်အရှင်မူ ရွှင်ပျော်ပျော်ကျေးရွာကို ရှာတွေ့ခဲ့လား”
ကောင်းကင်နတ်အရှင်ရှု ခေါင်းယမ်းလိုက်သည်။ “ကျွန်မ မသိဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က သူမဆီသို့ လှမ်းကြည့်၏။ ချင်မူနှင့်အတူ နောက်ထပ် လူနှစ်ယောက် ရှိနေကြောင်း ကောင်းကင်နတ်အရှင်ရှု မပြောသွားခဲ့ရာ သူ ဇဝေဇဝါ ဖြစ်မိသည်။ ဤအမျိုးသမီး ဘာတွေးနေမှန်း သူ မခန့်မှန်းတတ်တော့ပေ။
သို့သော် ကောင်းကင်နတ်အရှင်ရှု မပြောလိုက်သည့်အတွက် သူလည်း မပြောလိုက်ပေ။
ကောင်းကင်နတ်အရှင်ဆယ်ယောက် တိတ်ဆိတ်သွားပြီး အခြေအနေက တင်းမာလေးနက်လာသည်။ သဘောတရားအရ ရွှင်ပျော်ပျော်ကျေးရွာ၏ သဲလွန်စများကို ရှာတွေ့ပြီဖြစ်၍ ချက်ချင်း တိုက်ခိုက်သင့်၏။ အသေအကြေအပျက်အစီး များမည်ဆိုသော်လည်း ရွှင်ပျော်ပျော်ကျေးရွာနှင့် ခိုင်ဧကရာဇ်ကို သုတ်သင်ဖယ်ရှားရန် လိုအပ်သည်။
သို့သော် ယခုတွင် သူတို့ ထိုသို့မတွေးမိပေ။
မဟာဧကရာဇ် ကောင်းကင်နတ်ဘုံတွင် ပုန်းအောင်းနေသော ကိစ္စနှင့် ယှဉ်လိုက်လျှင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကိစ္စသည် အနည်းငယ် သေးငယ်သွား၏။
မဟာလေဟာနယ်ကို ဖိနှိပ်လျှင် ဖန်ဆင်းရှင်များနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ခုခံမှုနှင့် မလွဲဧကန် ရင်ဆိုင်ရလိမ့်မည်။ ထိုအခါ စစ်သည်တော်များ သေကျေပျက်စီးကာ အင်အားနည်းသွားမည်။
ယနေ့ခေတ် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ယောက်မှာ ယခင်ကလို မဟုတ်ပေ။ သူတို့ထဲမှ တစ်ယောက်ယောက်၏အင်အား ကျဆင်းသွားပြီး ခိုင်ဧကရာဇ်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေရလျှင် ခိုင်ဧကရာဇ်၏ လက်ချက်နှင့် သေရမည့်အစား ကျန်ကောင်းကင်နတ်အရှင်များ၏ လုပ်ကြံမှုကြောင့် သေရနိုင်ခြေ ပိုများသည်။
မဟာနေဧကရာဇ်ဆီမှ သင်ခန်းစာယူနိုင်ပေသည်။
“ငါတို့ ရွှင်ပျော်ပျော်ကျေးရွာကို တိုက်ခိုက်ဖို့လိုတယ်”
ကောင်းကင်နတ်အရှင်ဟုန်က သက်ပြင်းချသည်။ “ကောင်းကင်နတ်အရှင်ချင် နေထိုင်နေတဲ့ ရွှင်ပျော်ပျော်ကျေးရွာက နာမည်အတိုင်း ရွှင်ပျော်ပျော်စရာကောင်းတဲ့ မြေလို့ ထင်ခဲ့မိတာ... အဲဒီလောက် အန္တရာယ်များမှန်း မထင်ခဲ့ဘူး... ရွှင်ပျော်ပျော်ကျေးရွာလို့ နာမည်ပေးထားတာ ရယ်စရာတောင် ကောင်းသေးတယ်... အဲဒီလိုနေရာကို တိုက်ခိုက်ရင် ငါတို့ မဟာလေဟာနယ်ရဲ့ အန္တရာယ်တွေကို ဖြတ်ကျော်ဖို့ လိုမယ်... ဒီတော့ ကလေးတွေကို လမ်းဖောက်ဖို့ အရင်လွှတ်လိုက်ကြမလား... အပြင်က အန္တရာယ်တွေ ရှင်းလင်းသွားတာနဲ့ ငါတို့ ချင်ယဲ့နဲ့ ဖန်ဆင်းရှင်တွေကို ရင်ဆိုင်လို့ရပြီ”
ကျန်ကောင်းကင်နတ်အရှင်များလည်း ခေါင်းညိတ်ကာ သဘောတူကြသည်။ “ကောင်းကင်နတ်ဘုံအသီးသီးက ကလေးတွေကို လမ်းအရင်ဖောက်ခိုင်းပြီးမှ ချင်ယဲ့နဲ့ သွားတိုက်ခိုက်ကြတာပေါ့”
ကောင်းကင်နတ်အရှင်ဟွေ့ မျက်မှောင်ကြုတ်သွား၏။ “အားလုံးပဲ.... မဟာလေဟာနယ်မှာ သာမန်နတ်ဘုရားတွေ၊ မိစ္ဆာတွေက သုံးစားလို့မရဘူးလေ.. သူတို့ကို သေဖို့ လွှတ်လိုက်တာနဲ့ ဘာထူးတော့မလဲ”
ကျန်ကောင်းကင်နတ်အရှင်များက ပြုံးလိုက်ကြသည်။ “ကောင်းကင်နတ်အရှင်ဟွေ့မှာ တပည့်တွေ၊ သိုင်းပညာရှင်တွေ အများကြီးရှိတာပဲ.. မင်းကိုယ်တိုင် မင်းရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ချင်ယဲ့နဲ့ တိုက်ခိုက်လိုက်ပါ့လား”
ကောင်းကင်နတ်အရှင်ဟွေ့ ဒေါသထွက်သွား၍ အင်္ကျီလက်အိုးကို ခါကာ ငေါက်ခနဲ ထပြီး ဒေါကြီးမောကြီး ထွက်သွားသည်။ “ငါကိုယ်တိုင် မဟာလေဟာနယ်ဆီ အဒုက္ခခံသွားပြီး သတင်းတွေ ယူလာပေးခဲ့တာကို မင်းတို့က ဒီမှာ ဘောလီဘော ပုတ်နေကြတယ်... သောက်ရူးတွေ၊ မင်းတို့နဲ့ ပတ်သက်ရမှာ ငါ ရှက်တယ်”
“ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသကြီးတုန်းပဲ” အားလုံး ခေါင်းယမ်းမိကြသည်။
ကောင်းကင်နတ်အရှင်မူ၏ အိမ်တော်တွင်
ဟူလင်းအာ အောက်ဘုံသို့ ပြန်သွားပြီဖြစ်၍ ချင်မူ ကောင်းကင်နတ်အရှင်အိမ်တော်တွင် ကျန်ခဲ့သည်။ နေ့တိုင်း သူသည် သူ့အရှေ့ရှိ ဥခွံကို လေ့လာပြီး သင်္ကေတအမှတ်အသားများအား စဉ်းစားရင်း အချိန်ကုန်ဆုံးတတ်၏။ တစ်ခါတရံ ယွင်ချွီးရှို့နှင့် နတ်ဘုရင်လန်ဝူနှင့်အတူ စနောက်တတ်လေသည်။
ယွင်ချွီးရှို့က ကောင်းကင်နတ်အရှင်အိမ်တော်တွင် အခန်းတစ်ခန်း အပိုင်စီးထားပြီး ဂေါ်နှင့် ကော်ထုတ်လျှင်ပင် ထွက်မသွားပေ။ လျန်းဟွာဟွန်ကလည်း တစ်ခါတရံ ရောက်လာကာ နတ်ဘုရင်လန်ဝူနှင့် စကားပြောတတ်သည်။ ဤအမျိုးသမီးသုံးယောက်ကြောင့် ချင်မူမှာ မပျင်းရပေ။
သို့သော် သုံးယောက် ဆုံသွားတိုင်း ချင်မူ ရှောင်ထွက်သွားတတ်၏။
မကြာမီ ကောင်းကင်နတ်ဘုံက မဟာလေဟာနယ်ဆီ စစ်တပ်စေလွှတ်တော့မည့် သတင်း ကြားရသည်။ သူတို့က အမျိုးမျိုးသော ကောင်းကင်နတ်ဘုံများမှ နတ်ဘုရားများ၊ မိစ္ဆာများကို ခေါ်ယူစုဆောင်းနေ၏။ ဟူလင်းအာကလည်း ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကောင်းကင်လက်နက်များ သွန်းလုပ်ဖို့ တာဝန်များစွာ ပေးအပ်ထားကြောင်း လူကြုံနှင့်အတူ သတင်းပါးလိုက်သည်။
“ကောင်းကင်နတ်အရှင်၊ အောက်ဘုံက သူဆင်းရဲအမျိုးတစ်ယောက် လာပါတယ်... သူက ကောင်းကင်နတ်အရှင်ဆီမှာ ခိုလှုံချင်လို့ပါတဲ့” နန်းတွင်းသူတစ်ယောက်က လျှောက်တင်သည်။
“သူဆင်းရဲအမျိုးဟုတ်လား”
ချင်မူ အံ့အားသင့်သွားသည်။ “ဘယ်တုန်းက ငါ့မှာ သူဆင်းရဲအမျိုး ရှိသွားတာတုန်း... အကုန်လုံးက ချမ်းသာပါတယ်ဟ... သူ့ကို အထဲ ခေါ်လိုက်ချည်”
အချိန်တချို့ကြာသော် နန်းတွင်းသူတစ်ယောက်က လက်ရှစ်ဖက်မိစ္ဆာနတ်ဘုရားတစ်ပါးကို ခေါ်လာသည်။ ထိုမိစ္ဆာနတ်ဘုရားသည် လက်ရှစ်ဖက်၊ မျက်နှာလေးဖက်၊ မျက်လုံးဆယ့်နှစ်လုံးဖြင့် ရှိန်စရာကောင်း၏။ သူက ဦးညွှတ်အရိုအသေပေးကာ ပြောလေသည်။ “တုထျန်းမိစ္ဆာဘုရင် ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”
ချင်မူမှာ ကပျာကယာ သွားကြိုကာ ပြုံးပျော်နေသည်။ “နောင်ကြီးတုထျန်း၊ ဘယ်လိုပြုပြီး ဒီရောက်လာတာတုန်း”
ထိုမိစ္ဆာနတ်ဘုရားသည် တုထျန်းကမ္ဘာ၏ တုထျန်းမိစ္ဆာဘုရင် ဖြစ်လေသည်။ သူက ရှက်ရွံ့စွာ ပြောသည်။ “တုထျန်းကမ္ဘာက ပျက်စီးသွားလို့ ငါတို့တွေ ဂြိုဟ်တွေကြား လျှောက်သွားခဲ့ကြရတယ်... ငါတို့ ထွက်သွားတော့ မြေအောက်ဘုံအရှင်သခင်က တုထျန်းကမ္ဘာကို ချိုတစ်ခုအဖြစ် ပြောင်းလဲခဲ့တယ်... ဒီအတောအတွင်း ငါ့မျိုးနွယ်အတော်များများ ငတ်ပြတ်ပင်ပန်းပြီး သေကုန်ကြပြီ... ကောင်းကင်နတ်ဘုံ မဟာလေဟာနယ်ကို တိုက်ခိုက်ဖို့ ပြင်နေတဲ့ သတင်းကြားတော့ ကောင်းကင်နတ်ဘုံမှာ လာခိုလှုံဖို့ အပြင် ရွေးစရာမရှိတော့ဘူးလေ... နောက်တော့ ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်မူဆိုတဲ့ တစ်ယောက် ရှိတယ်ကြားတော့ ထူးဆန်းတယ် ခံစားရတာနဲ့ လိုက်မေးကြည့်ပြီး မင်းဖြစ်နေတာ သိခဲ့ရတာပဲ”
ချင်မူက တဟားဟား ရယ်လိုက်သည်။ “ကျွန်တော် မဟုတ်ဘဲ နေပါ့မလား”
တုထျန်းမိစ္ဆာဘုရင်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချ၏။ “အဲဒီတုန်းက ဂိုဏ်းသခင်ပေါက်စလေးက ဒီနေ့မှာ ကောင်းကင်နတ်အရှင်မူ ဖြစ်နေမယ်လို့ ဘယ်သူ ထင်ပါ့မလဲ... ငါ့ကို အထဲဝင်ခွင့်ပေးအောင် ကျောက်စိမ်းမြို့တော်ရဲ့ အစောင့်တွေဆီ တံစိုးလက်ဆောင်အတော် ပေးခဲ့ရတယ်... ငါ့ရဲ့ တုထျန်းကမ္ဘာသားတွေက မျှော်လင့်ချက်တွေ မရှိတော့ဘူး... ဒါကြောင့် အရင်တုန်းက ရင်းနှီးခဲ့တာကို ထောက်ထားပြီး ကောင်းကင်နတ်အရှင်မူ ငါတို့ကို အသက်ရှင်နိုင်မယ့်လမ်း ပြသပေးလို့ ရမလား”
ချင်မူက သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်ရင်း ရယ်လိုက်သည်။ “ကောင်းကင်နတ်ဘုံအောက်မှာ ခိုလှုံဖို့ မဟာလေဟာနယ်ကနေ ထွက်လာမယ် တွေးနေတာလား”
တုထျန်းမိစ္ဆာဘုရင်မှာ တွန့်ဆုတ်သွားပြီးနောက် ခပ်တိုးတိုး ပြော၏။ “ကောင်းကင်နတ်ဘုံရဲ့ ရည်ရွယ်ချက်တွေက မကောင်းဘူးလို့ ငါ ထင်တယ်... မဟာလေဟာနယ်သာ သိမ်းဖို့ အဲဒီလောက် လွယ်နေရင် ကောင်းကင်နတ်ဘုံအနေနဲ့ သူတို့ရဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေနဲ့ တိုက်ခိုက်ပြီး အောင်ပွဲခံမှာပေါ့... ဘာလို့အခြားကမ္ဘာက နတ်ဘုရားတွေ, မိစ္ဆာတွေကို စုဆောင်းနေမှာလဲ... သူတို့ကို အသေခံခိုင်းဖို့အတွက်ပဲ ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်”
ချင်မူ တဟားဟား ရယ်မိသည်။ သူက လက်မြှောက်၍ တုထျန်းမိစ္ဆာဘုရင်၏ ပခုံးကို ပုတ်ချင်သော်လည်း မမှီပေ။
တုထျန်းမိစ္ဆာဘုရင်က ကပျာကယာ ကိုယ်ကိုင်းပေး၏။ ထိုအခါမှ ချင်မူက သူ့ပခုံးကို ပုတ်ရင်း စိတ်ကျေနပ်သွားသည်။ “အမှန်ပဲ... နောင်ကြီးတုထျန်းက တစ်ချက်လေး ကြည့်လိုက်ရုံနဲ့ ဘယ်ဟာမှားနေမှန်း ပြောနိုင်သေးတာပဲ.... မဟာလေဟာနယ်စစ်ပွဲမှာ ကောင်းကင်နတ်အရှင်တွေက သူတို့အင်အားတွေကို ထုတ်မသုံးချင်ကြဘူး... ဒါကြောင့် အသေခံခိုင်းဖို့ တမင်လွှတ်နေတာ”
တုထျန်းမိစ္ဆာဘုရင်၏ မျက်နှာမှာ ဓားမများ၊ ပုဆိန်များဖြင့် ခုတ်ထစ်ခံထားရသကဲ့သို့ ကြမ်းထော်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း သူ့အတွက် ခက်ခဲခဲ့ကြောင်း ထင်ရှား၏။ သူက အားတင်းပြုံးကာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်၊ ဒါဖြင့် ငါ့တုထျန်းကမ္ဘာသားတွေကို မင်း ကာကွယ်ပေးလို့ ရမလား”
ချင်မူ့အကြည့်က သူ့မျက်နှာပေါ် ကျရောက်သွားကာ တိတ်ဆိတ်သွား၏။
တုထျန်းမိစ္ဆာဘုရင်မှာ ဒူးထောက်၍ ခေါင်းငုံ့လိုက်လေသည်။ “ငါတို့လူတွေ သိပ်မကျန်တော့ဘူး... ကောင်းကင်နတ်အရှင်၊ ကျေးဇူးပြုပြီး ငါတို့ကို အသက်ရှင်နိုင်မယ့်လမ်း ပြသပေးပါ... အရင်တုန်းက ငါ မင်းအပေါ် မကောင်းခဲ့မိမှန်း သိပါတယ်... အဲဒီအပြစ်အတွက် ငါ့ဦးခေါင်းကို ဖြတ်ပေးဖို့ အသင့်ပါပဲ”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ထပါဗျာ.... ကျွန်တော့်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ဖို့တောင် ခက်ခဲနေတာ... ခင်ဗျားတို့လူတွေအတွက် ပေးစရာမြေ ဘယ်မှာ ရှိပါ့မလဲ”
တုထျန်းမိစ္ဆာဘုရင်က ကပျာကယာ ပြော၏။ “ကောင်းကင်နတ်အရှင် ငါ့လူတွေကို အရင်စောင့်ရှောက်ထားပေးပါ... ငါ မဟာလေဟာနယ်စစ်ပွဲမှာ အောင်မြင်မှုရအောင် သွားလုပ်လိုက်မယ်... အဲဒါဆို မြေတစ်မြေတော့ ချီးမြှင့်ခံရမှာပဲ ... ပြီးတာနဲ့ ငါ့လူတွေ ရှင်သန်ဖို့အတွက် ပြန်လာခဲ့မယ်”
ချင်မူ တဟားဟား အော်ရယ်လိုက်မိ၏။ “ခင်ဗျား မဟာလေဟာနယ်ဆီ လိုက်သွားရင် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ မခြားဘူး... ခင်ဗျားမပြောနဲ့၊ နတ်ကောင်းကင်ခန်းမအဆင့်... ဧကရာဇ်ပလ္လင်အဆင့်တွေတောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား မသေချာဘူး... ခင်ဗျား အဲဒီမှာ အောင်မြင်အောင် မလုပ်နိုင်တာတော့ သေချာတယ်”