မည်မျှကံဆိုးလိုက်သလဲ
Vol. 77 Ch. 998
“ကျွန်တော် ရွှေသံကြိုးမလိုဘူး... အဲ့ဒါကြီးက လှမှ မလှတာ... ရွှေဇလုံလိုချင်တယ်... ဇလုံသုံးလုံး”
နဂါးချီလင်၏အသံ ထွက်လာသည်။ “ကျွန်တော့်အခန်းကိုလည်း မမကြီးယန်အာရဲ့အခန်းလို ဖြစ်ချင်တယ်.. အခန်းရဲ့တစ်၀က်က နဂါးအသိုက်ဖြစ်ရမယ်... တစ်၀က်က မီးငှက်အသိုက် ဖြစ်ရမယ်... ချီလင်ဂူမလိုချင်ဘူး.... ချီလင်ဂူကြီးက မလှဘူး... ဟာ ဂိုဏ်းသခင်၊ ဂိုဏ်းသခင် ပြန်လာပြီ”
နဂါးချီလင် လှည့်လာပြီး အံ့အားသင့်သွားသည်။ ဟူလင်းအာက ချင်မူ့ဆီသို့ သူ့ထက် အလျင်ပျံသန်းသွား၏။ သူမက ချင်မူ့ဆီ ပျံသန်းသွားနေသော ဆယ်နှစ်အရွယ် ကလေးမလေးအသွင် ပြောင်းသွားသည်။
ချင်မူ ခါးကိုင်း၍ သူမကို ချီကာ ဖက်လိုက်သည်။ ထို့နောက် သူ့ပခုံးတွင် တင်ရင်း ရယ်နေ၏။ “လင်းအာ၊ နင် ရောက်လာပြီလား.... ဘာလို့ ဒီရောက်လာတာလဲ”
ဟူလင်းအာက သူ့မျက်နှာကို ဖက်ကာ ပွတ်သပ်နေသည်။ သူမက အလျင်အမြန် ဖြေ၏။ “ကောင်းကင်နတ်ဘုံက စွမ်းအင်ကူးပြောင်းတံတား ဆောက်ဖို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအလုပ်သမားတွေနဲ့ စာချုပ်ချုပ်ခဲ့တယ်... အဲ့ဒါကြောင့် ကျွန်မက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကို ဆောက်နည်းအပြည့်အစုံ ပေးပြီး ငွေလာယူတာ... ပြီးတော့ သခင်လေးရဲ့ ကောင်းကင်နတ်အရှင်နတ်အိမ်တော်အတွက်လည်း တာ၀န်ယူပေးမလို့.... ကျန်တဲ့ကောင်းကင်နတ်အရှင်အိမ်တော်တွေက ခမ်းနားတယ်လေ.... သခင်လေးရဲ့အိမ်တော်ကတော့ တော်တော်လေး စုတ်ပြတ်နေတာပဲ... ဖက်တီးနဂါးနဲ့ မမကြီးယန်အာဆိုရင် ချီကျုံရီရှိနေလို့ ငတ်မသေတာ... ဒါနဲ့ ဒီမမက ဘယ်သူလဲ”
သူမသည် နတ်ဘုရင်လန်ဝူကို သတိထားမိသည်နှင့် ချက်ချင်းဆိုသလို ရန်လိုသောအမူအရာ ဖြစ်သွား၏။ သူမ၏မြေခွေးအမြီးလေးများနှင့် မြေခွေးမွှေးလေးများက ထောင်မတ်သွားကာ သတိအနေအထားဖြင့် ရှိနေသည်။
ချင်မူ ချောင်းဟန့်ကာ ပြောလိုက်သည်။ “ဒါက....
“မမက လန်ဝူပါ”
နတ်ဘုရင်လန်ဝူသည် ဟူလင်းအာကို အကဲခတ်ပြီးနောက် လက်ဖဝါးဖြန့်လိုက်သည်။ သူမက ပြုံးကာ ပြောလေ၏။ “ညီမလေးလင်းအာ၊ ဒါက မမတို့ ပထမဆုံးတွေ့တဲ့အနေနဲ့ ညီမလေးအတွက် လက်ဆောင်ပါ”
“မလိုဘူး ရတယ်”
ဟူလင်းအာက တစ်ဖက်လှည့်သွားပြီး ခေါင်းခါသည်။ “ကျွန်မက သူများပစ္စည်းကို လွယ်လွယ်မယူတတ်ဘူး... အဲ့ဒီလိုယူလိုက်ရင် လာဘ်ယူတယ် ထင်မှာပေါ့”
နတ်ဘုရင်လန်ဝူက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ဒါက ကောင်းကင်ဘုံအသေးစားလေးပါ.... အထဲမှာ နေရာကျယ်ကျယ်၀န်း၀န်း မရှိပေမယ့် နေအဖွဲ့အစည်းတစ်ခုလုံးကိုတော့ အလွယ်တကူ ထည့်လို့ရတယ်....ညီမလေးက အရက်ကြိုက်တယ်ဆိုလို့ အရက်တချို့လည်း ထည့်ပေးထားတယ်... သိပ်တော့မများပေမယ့် ရေကန်တစ်ကန်စာလောက်တော့ ရှိပါတယ်”
ဟူလင်းအာ ရင်ထဲထိသွားသည်။ သူမက လက်ဆန့်ထုတ်၍ နတ်ဘုရင်လန်ဝူကို မကြည့်ဘဲ ကောင်းကင်ဘုံအသေးစား ပုလဲအား တိတ်ဆိတ်စွာ ယူသည်။ ထိုပုလဲကို ရသည်နှင့် သူမမျက်နှာက ပြုံးပျော်ရွှင်ပြီး မေးလေသည်။ “ကျွန်မ အရက်ကြိုက်မှန်း ဘယ်လိုသိတာလဲ”
နတ်ဘုရင်လန်ဝူက ပြုံး၍ ချင်မူ့ထံ လှမ်းကြည့်သည်။ ဟူလင်းအာ သဘောပေါက်သွားပြီး တွေးလိုက်၏။ ‘သခင်လေးက ငါ့အပေါ် တော်တော်ကောင်းတာပဲ’
ချင်မူသည် ဟူလင်းအာ၏ အကြိုက်များအား နတ်ဘုရင်လန်ဝူဆီ တစ်ခါမှ မပြောခဲ့ဖူးပေ။ နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်က အလွန်အားကောင်း၍သာ သိနေခြင်းဖြစ်သည်။ ဟူလင်းအာနှင့် အတန်ကြာ အတူရှိနေရုံမျှဖြင့် သူမက ဟူလင်အားအကြောင်းမှန်သမျှ သိသွားချေပြီ။
နဂါးချီလင်က နတ်ဘုရင်လန်ဝူအနား လျှောက်လာကာ သူမကို အကဲခတ်သည်။ ထို့နောက် သူမကို အနံ့ခံရင်း သတိအနေအထားဖြစ်ထား၏။ ‘သူက ယွင်ချွီးရှို့မဟုတ်ပေမယ့် သူလည်း အကြံသမားပဲ... တွေ့တွေ့ချင်းမှာတင် မမကြီးလင်းအာကို တံစိုးလက်အောင် ပေးပြီးနေပြီ... ဂိုဏ်းသခင်လည်း သူ ဆွဲဆောင်တာ ခံထားရတဲ့ပုံပဲ’
နတ်ဘုရင်လန်ဝူ သူ့ကို ကြည့်သည့်အခါ နဂါးချီလင်က မေးသည်။ “အမျိုးသမီးလန်၊ ခင်ဗျားမှာ အိုးကြီးတစ်လုံးနဲ့ ပေါင်းအိုးရှိလား.... ကျွန်တော်က အဲ့ဒါမျိုးတွေ ကြိုက်တယ်”
နတ်ဘုရင်လန်ဝူ လက်ဝါးလှန်လိုက်သည့်အခါ ရွှေရောင်အိုးတစ်အိုးနှင့် ပေါင်းအိုးတစ်လုံးသည် သူမအရှေ့၌ ပေါ်လာ၏။ “ဒါလား”
ဟူလင်းအာက သူမကိူ စပ်စပ်စုစု အကဲခတ်နေသည်။ ဤပစ္စည်းများကို သူမ မည်သည့်နေရာမှ ရလာမှန်း သူမ မသိပေ။
နဂါးချီလင်က ပစ္စည်းများအား ကြည့်ပြီးနောက် အိုးကို မြှောက်ကာ ပေါင်းအိုးအပေါ် တင်သည်။ ထို့နောက် အိုးထဲ ခုန်ဝင်၍ အိုးအောက်သို့ မီးတချို့ လှမ်းမှုတ်ကာ အပူပေးလိုက်သည်။
ချင်မူမှာ သူဘာလုပ်နေလဲမသိသဖြင့် ထူးဆန်းနေသည်။
နဂါးချီလင်သည် အိုးအဖုံးကို မြှောက်ကာ လှမ်းပြော၏။ “ဂိုဏ်းသခင် လက်ဝါးများကိုမြှောက်၍ အိုးအဖုံးကိုဖယ်ကာ ပြောသည်။ “အတိတ်တုန်းကလူတွေဟာ နန်းတွင်းကို အခေါင်းတွေ သယ်သွားရင်း ဆန္ဒပြတတ်တယ်... ဒီနေ့ခေတ်မှာတော့ သူတို့ကိုယ်သူတို့ ပေါင်းရင်း ဆန္ဒပြတတ်ကြပြီ... ကျွန်တော့်မှာ ဂိုစ်းသခင်ကို ပြောစရာ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်... ဂိုဏ်းသခင် နားထောင်ချင်ရင် ကျွန်တော်ဆင်းလာမယ်... နားမထောင်ချင်ရင်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အပေါင်းခံပြီး ဂိုဏ်းသခင်စားဖို့အတွက်ပဲ ထားလိုက်တော့မယ်”
ချင်မူက ဟူလင်းအာကို ချကာ ပြုံးလိုက်သည်။ “စားဖို့ အချိန်ကျပြီ... ဖက်တီးနဂါး ဆင်းလာတော့”
“ဟုတ်” ဖက်တီးနဂါးသည် အိုးအပေါ်မှ ချက်ချင်း ဆင်းလာ၏။
နတ်ဘုရင်လန်ဝူက စပ်စပ်စုစု မေးသည်။ “နင် စွမ်းအင်ဆေးလုံးတွေ စားရတာ ကြိုက်လား.... ငါ့မှာ ရတနာဇလုံတစ်လုံး ရှိတယ်... အဲ့ဒီထဲကို စွမ်းအင်ဆေးလုံးတစ်လုံး ထည့်လိုက်ရင် အလုံးတစ်ရာ ပွားထွက်လာနိုင်တယ်.... လိုချင်လား”
နဂါးချီလင်သည် တွေးကြည့်ပြီး ဤအမျိုးသမီးကို အရှုံးပေးရန် ဆုံးဖြတ်လိုက်၏။ ‘သူက အစွမ်းထက်တယ်.... ငါတို့စိတ်၀င်စားအောင် ဘယ်လိုလုပ်ရမလဲ သိတယ်... ငါ သူ့ကို မနိုင်နိုင်ဘူး’
ရုတ်တရက် အစိမ်းရောင်စာကလေးတစ်ကောင်က ပျံထွက်လာကာ နဂါးချီလင်၏ခေါင်းပေါ်တွင် နားလိုက်သည်။ ၎င်းက ခေါင်းလေးကို စောင်း၍ နတ်ဘုရင်လန်ဝူအား စပ်စပ်စုစု ကြည့်နေသည်။
နတ်ဘုရင်လန်ဝူက ထုတ်လိုက်သည့် ဇလုံကို စာကလေးဆီ ပေးလိုက်သည်။ စာကလေးက ဆင်းသက်လာပြီး ယန်အာ ဖြစ်လာ၏။
နတ်ဘုရင်လန်ဝူက ဇလုံထဲသို့ ဆေးလုံးတစ်လုံး ထည့်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “ကြည့်နော် ညီမလေးယန်အာ”
ဆေးလုံး ဇလုံထဲကျသွားသည်နှင့် များစွာပွားထွက်လာသည်။ ယန်အာမှာ အလွန်အံ့ဩဝမ်းသာသွားပြီး တစ်လုံးကောက်ကာ နဂါးချီလင်အတွက် ခွံ့လိုက်သည်။ “ဒီဇလုံနဲ့ဆို အများကြီး အဆင်ပြေသွားပြီ”
နတ်ဘုရင်လန်ဝူ ပြုံးနေစဉ် ချင်မူက အရှေ့လျှောက်သွားပြီး ကောင်းကင်နတ်အရှင်အိမ်တော်၏ အပြင်အဆင်များကို ကြည့်ရှုနေ၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအလုပ်သမားများသည် ပန်းပုများ၊ ပန်းချီများများဖြင့် အိမ်တော်အား ပြင်ဆင်မွမ်းမံနေကြလေသည်။
နတ်ဘုရင်လန်ဝူ သူ့နောက် လိုက်လာသည့်အခါ ချင်မူက ပြောသည်။ “နတ်ဘုရင် သူများတွေကို သွေးတိုးစမ်းဖို့ အသိစိတ်အလျဉ်ကို အမြဲမသုံးပါနဲ့... အဲ့လိုဆက်သုံးနေရင် အခြားသူတွေက ခင်ဗျားရှေ့မှာ ဘာကိုမှ လျှို့ဝှက်ထားနိုင်မှာ မဟုတ်တော့ဘူး... ခင်ဗျားက သူတို့နဲ့ပက်သက်ပြီး အကုန်သိနေပြီး ဖန်ဆင်းပြနေရင် အကြံသမားနဲ့ တူနေလိမ့်မယ်”
နတ်ဘုရင်လန်ဝူက ပြုံးကာ ပြန်ဖြေသည်။ “အထွတ်အမြတ်ကလေးငယ်... ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်တစ်ယောက်အနေနဲ့ ပြည်သူပြည်သားတွေရဲ့ အတွေးတွေကို သိနေဖို့က ငါ့ရဲ့တာ၀န်ပါ... အထွတ်အမြတ်ကလေးငယ်အနေနဲ့လည်း အဲဒီလိုစွမ်းအား ရှိတာပဲ... အဲ့ဒါကို မသုံးဘဲနေတာက နှမြောစရာမကောင်းဘူးလား”
ချင်မူ ပြန်မဖြေနိုင်ခင် နတ်ဘုရင်ရှုကျွင်းက လိုက်လာပြီး ပျင်းရိပျင်းတွဲဖြင့် ပြောသည်။ “မင်း မမြင်တာလား၊ နားမလည်တာလား အထွတ်အမြတ်ကလေးငယ်... နတ်ဘုရင်လန်ဝူက ပရမတ္တကမ္ဘာရဲ့ တစ်ယောက်တည်းသော နတ်ဘုရင်ပဲ... သူက ကောင်းကင်နတ်အရှင်ချင်နဲ့တောင် ယှဉ်နိုင်တယ်... ဘယ်လိုလုပ်ပြီး ဖြူစင်ရိုးသားနိုင်မှာလဲ... ပရမတ္တကမ္ဘာမှာ ငါတို့ရဲ့ ဖြစ်တည်မှုတိုင်းကို သူက စီစဉ်ပေးနေတာလေ... သူက ဖန်ဆင်းရှင်တွေကို ထိန်းချုပ်နေတာပဲဟာ ဉာဏ်များတတ်တာ ပုံမှန်ပါပဲ”
နတ်ဘုရင်လန်ဝူသည် သူ့ဆီ ကြည့်ကာ ပြုံးပြ၏။ “ဘာတွေ ပြောနေတာလဲ နတ်ဘုရင်”
“ဘာမှမပြောပါဘူး”
ရှုကျွင်းက လက်နှစ်ဖက်ကို ကားလိုက်သဖြင့် ပိန်လှီနေသော သူ၏ကိုယ်အပေါ်ပိုင်း ပေါ်သွားသည်။ အသိစိတ်အလျဉ် အပြည့်အဝ မပြည့်တင်းသေးသောကြောင့် သူ မြင်ယောင်ဖန်ဆင်းထားသော ရုပ်ခန္ဓာမှာ မီးခြစ်ဆံသဖွယ် ပိန်လှီနေကာ နံရိုးအပြိုင်းပြင်း ဖြစ်နေသည်။ သူက ပြောသည်။ “ငါ ပရမတ္တကမ္ဘာမှာ မနေချင်တဲ့ အကြောင်းရင်းက မဟာဧကရာဇ် ကောင်းကင်နတ်ဘုံမှာ ရှိနေသေးလား သိချင်လို့ပဲ... ဒါပေမဲ့ ပရမတ္တကမ္ဘာမှာ ငါက အသုံးမဝင်တဲ့လူလို ဖြစ်နေမှာကြောင့်လည်း ပါတယ်.... ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်အားလုံးက နတ်ဘုရင်လန်ဝူရဲ့ လက်ထဲမှာ ရှိတယ်... သူ ပရမတ္တကမ္ဘာကနေ မင်းနဲ့အတူ ထွက်သွားလည်း ငါ သူ့ရဲ့ ရာထူးအာဏာကိ သိမ်းပိုက်လို့မရဘူး”
သူက ပြုံးသည်။ “မင်းလည်း အတူတူပဲ မဟုတ်လား... သေချာစဉ်းစားကြည့်... မင်းရဲ့ နာမည်က ဖန်ဆင်းရှင်တွေကြားမှာ ကျော်ကြားပေမယ့် မင်းမှာ လုပ်ပိုင်ခွင့်ရှိလား... မျိုးနွယ်စုကို ဦးစီးလို့ရလား”
ချင်မူ သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ “မရှိဘူးလေ... ကျွန်တော်က သူ လှည့်စားပေးလို့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာတာ... သူ ကျွန်တော့်အဆင့်အတန်းကို ဖယ်ရှားချင်ရင် သူ့အတွက် လွယ်လွယ်လေးပဲ”
နတ်ဘုရင်လန်ဝူက မျက်မှောင်ကြုတ်သွားကာ တိုးညှင်းစွာ ပြောသည်။ “အခြားသူတွေရဲ့ အတွေးကို သိရဖို့ အသိစိတ်အလျဉ် ထပ်မသုံးတော့ပါဘူး”
ချင်မူက ရိုးရိုးသားသား ပြောလိုက်သည်။ “ဒါက ပရမတ္တကမ္ဘာမဟုတ်သလို၊ ရွှင်ပျော်ပျော်ကျေးရွာလည်း မဟုတ်ဘူး... ဒါက အန္တရာယ်တွေ နေရာတိုင်းမှာ ရှိတဲ့ ကောင်းကင်နတ်ဘုံပဲ... ဒီက ကောင်းကင်နတ်အရှင်တိုင်းရဲ့ စွမ်းအားက ခိုင်ဧကရာဇ်နဲ့ တန်းတူဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပိုမြင့်တယ်... ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာဧကရာဇ်လည်း သူတို့ထဲမှာ ရှိတယ်... ရှေးဟောင်းနတ်ဘုရားတွေလည်း ဒီမှာ အပြည့်ပဲ... ခင်ဗျား အသိစိတ်အလျဉ်ကို စိတ်တိုင်းကျ သုံးနေရင် သရုပ်မှန် လွယ်လွယ်ပေါ်သွားလိမ့်မယ်... ကျွန်တာ်က ခင်ဗျားကို ရိုးရိုးသားသား ဆက်ဆံတာမလို့၊ ရိုးရိုးသားသား အပြန်အဆက်ဆံခံရဖို့ မျှော်လင့်တယ်”
နတ်ဘုရင်လန်ဝူ ခေါင်းညိတ်လိုက်၏။
ချင်မူမှာ စိတ်သက်သာရာရသွားကာ ပြုံးလိုက်သည်။ “လင်းအာကို မမကြီးတို့အတွက် အခန်းတွေ ပြင်ခိုင်းလိုက်မယ်.... ဒီမှာ အကြာကြီးနေမှာမဟုတ်ပေမယ့် အနည်းဆုံးတော့ နေစရာနေရာ တစ်နေရာတော့ လိုတယ်... မမကြီးတို့ ဒီနေရာနဲ့ ရင်းနှီးသွားရင် ဘိုးဘေးနန်းတော်ကို လိုက်ရှာတာပေါ့”
သူက ဟူလင်းအာကို ခေါ်၍ အခန်းများ ပြင်ဆင်ခိုင်းလိုက်၏။ ဟူလင်းအာက သူတို့ကို ဆိုင်ရာအခန်းများဆီ ခေါ်သွားပေးသည်။ ထို့နောက် ချင်မူသည် သူမကို ပြန်ခေါ်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြောင်း မေးကြည့်၏။
“ကျွန်မတို့တွေ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကနေ အလုပ်တွေ လွဲယူပြီး စွမ်းအင်အကူးအပြောင်းတံတားအတွက် အစိတ်အပိုင်းအမျိုးမျိုး ဆောက်ကြတယ်... နှစ်နှစ်အတွင်း စျေးနည်းနည်းနဲ့ အများကြီး ဆောက်ပေးပြီးသွားပြီ... ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းက အကုန်လုံး လာစစ်ဆေးပြီး သင်္ချာက အမှားသိပ်မပါဘူးလို့ ချီးကျူးသွားခဲ့တယ်”
ဟူလင်းအာက ပြောသည်။ “အခုဆို ကျွန်မတို့ နာမည်တော်တော် ကြီးသွားပြီ... အတော်လေးလည်း ငွေရှာနိုင်ခဲ့တဲ့.... ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းက သူတို့အတွက် နတ်လက်နက်တွေ သွန်းလုပ်ပေးဖို့ ကျွန်မတို့နဲ့ စာချုပ်ချုပ်ထားတယ်...ဒါပေမဲ့ အလုပ်အားလုံး ကျွန်မတို့ ရတာပဲတော့ မဟုတ်ဘူး... ကောင်းကင်နတ်ဘုံအတွက် နတ်လက်နက်တွေ ကူညီသွန်းလုပ်ပေးနေတဲ့ တခြားကောင်းကင်ဘုံတွေလည်း ရှိသေးတယ်”
“မကြာခင် အလုပ်တွေ အများကြီး ပိုရပါလိမ့်မယ်”
ချင်မူက ပြောသည်။ “ဒီမှာ အေးချမ်းနေတဲ့ ပုံပေါ်ပေမယ့် မကြာခင် စစ်ဖြစ်တော့မှာ... ရွှင်ပျော်ပျော်ကျေးရွာ လှုပ်ရှားလိမ့်မယ်... ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ဝင်ရိုးစွန်းလေးခုက နတ်မင်းလေးပါးက ကောင်းကင်နတ်ဘုံကို ရင်ဆိုင်လိမ့်မယ်... သူတို့က မလှုပ်ရှားသေးခင် ရိက္ခာတွေ၊ လက်နက်တွေ စုနေတာ... ကောင်းကင်နတ်ဘုံ အဲဒီအင်အားစုတွေကို သွားထိချင်ရင် စစ်မြေပြင်မှာ လက်နက်မကုန်ခမ်းဖို့ ပြင်ဆင်ထားရလိမ့်မယ်”
ချင်မူသည် ရှေ့လျှောက်နောက်လျှောက်ရင်း ပြောနေ၏။ “ကောင်းကင်နတ်ဘုံ မဟာလေဟာနယ်ကို စစ်မြေပြင်အဖြစ် ဖွင့်လိုက်ရင် အပျက်အစီးတွေ အများကြီး ဖြစ်လိမ့်မယ်... အဲဒီလို ဖြစ်လာတဲ့အခါ အကြီးစားနတ်လက်နက်တွေ ပျက်စီးမှာပဲ... အခြားကောင်းကင်ဘုံတွေနဲ့ ကောင်းကင်နတ်ဘုံရဲ့ အလုပ်သမားတွေ အမှီလိုက်နိုင်မှာမဟုတ်ဘူး... အဲဒီအချိန်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တာဝန်ပေးလိမ့်မယ်... စစ်များများဖြစ်လေလေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အခွင့်အရေးများလေလေပဲ.... ကျန်တဲ့ကောင်းကင်ဘုံတွေအနေနဲ့ အခွင့်အရေးနည်းလာရင် ပုန်ကန်ကြလိမ့်မယ်”
ဟူလင်းအာက မေးသည်။ “သခင်လေး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်တော့ ပြန်လာမှာလဲ”
ချင်မူ စဉ်းစားသွားပြီးနောက် ပြန်ဖြေ၏။ “ငါ အခု ပြန်လို့မရသေးဘူး.. ငါ ဒီမှာနေရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ အန္တရာယ်ကင်းတယ်... ငါ ပြန်သွားရင် အန္တရာယ်တွေလည်း ရောက်လာလိမ့်မယ်”
“ကောင်းကင်နတ်အရှင်၊ ယွင်မိသားစုရဲ့ ယွင်ချွီးရှို့ တွေ့ခွင့်တောင်းပါတယ်” နန်းတွင်းသူတစ်ယောက်က အပြင်မှ လျှောက်တင်သည်။
“ယွင်ချွီးရှို့ဟုတ်လား... သူ မသေဘူးလား... ကောင်းကင်ဓားမလော့က သူ့ကို ဓားနဲ့ ပိုင်းပြီး လေဟာနယ်တံတားအောက် ပစ်ချခဲ့တာလေ... အရှင်မယွမ်မုက ယွင်ချီးရှို့နောက်တစ်ယောက် ဖန်ဆင်းလိုက်တာလား”
ချင်မူ ခေါင်းကိုက်လာသည်။ မဟာလေဟာနယ်သည် အန္တရာယ်များခဲ့၍ အရှင်မယွမ်မုအနေဖြင့် ထိုနေရာသို့ ထပ်မဝင်ချင်တော့လောက်အောင် ကျော်ဖြတ်ခဲ့ရဖို့ များသည်။
သူမ မဟာလေဟာနယ်သို့ မဝင်သရွေ့ ယွင်ချွီးရှို့ မြင်တွေ့ခဲ့ရသည်များကို သိမည်မဟုတ်ပေ။ လော့ဝူရွှမ်၏ သစ္စာဖောက်မှုကိုလည်း သိနိုင်မည်မဟုတ်။
အရှင်မယွမ်မုက သူ ပြန်ရောက်လာသည့်သတင်းကြား၍ အခြေအနေ သိရရန် ယွင်ချွီးရှို့ နောက်တစ်ယောက် ဖန်ဆင်းခဲ့ခြင်းဖြစ်တန်ရာသည်။
သို့သ်ော ယွင်ချွီးရှို့ ဝင်လာ၍ နတ်ဘုရင်လန်ဝူကို မြင်သွားလျှင်....
‘မဖြစ်ဘူး’
ချင်မူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ငါ မအားဘူးပြောလိုက်”
ထိုအချိန်တွင် ယွင်ချွီးရှို့အသံ ကြားလိုက်ရ၏။ “ကောင်းကင်နတ်အရှင်မူက တော်တော်ရက်စက်တာပဲ... ကျွန်မမှာ ရှင့်ကို တွေ့ဖို့ တကူးတက လာရတာကို.... နဂါးသွဲ့ရေကန်မှာတုန်းက ကျွန်မတို့ အချစ်ဇာတ်လမ်းကို ရှင်မေ့သွားပြီလား”
ချင်မူ စိတ်တိုသွားသည်။ သူမသည် ကောင်းကင်နတ်အရှင်တစ်ယောက်၏ အိမ်တော်ထဲ ဝင်လာပြီး ပေါက်ကရ လျှောက်ပြောနေ၏။ သို့သော် ကောင်းကင်နတ်ဘုံတွင် အသက်ရှင်နိုင်ရန် အရှင်မယွမ်မုကို သူ လိုအပ်သေးသည်။
ယွင်ချွီးရှို့၏ ရယ်သံက နားတွင် စူးနေသည်။ “မဟာလေဟာနယ် အတူတူ ဒုက္ခခံခဲ့ရတုန်းက တို့ အချစ်စစ်ကို ရှာတွေ့ခဲ့တာလေ... နင် တကယ် ရက်စက်တော့မှာလား... အမ် နင်က ဘယ်သူလဲ”
ချင်မူ ရင်ထဲ ထိတ်သွားပြီး အပြင်ထွက်လိုက်သည့်အခါ ကျွယ်ဝူချိန်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြောင်း မြင်လိုက်ရသည်။ တစ်ယောက်က ယွင်ချွီးရှို့ ဖြစ်ပြီး တစ်ယောက်က နတ်ဘုရင်လန်ဝူ ဖြစ်၏။
‘ငါ ဘယ်လောက် ကံဆိုးလိုက်သလဲ’
ချင်မူ အံတင်းတင်းကြိတ်၍ စကားပြောတော့မည့်အချိန် ယွင်ချွီးရှို့က အေးစက်စက် ရယ်သည်။ “အစ်မတော်ပေါ့လေ... ကျွယ်ဝူချိန်ရဲ့ ပုံကြမ်းကို ဘယ်ကခိုးလာတာလဲ... အဲဒါက ငါ့မှာပဲ ရှိတာ”
ထိုအချိန်တွင် နတ်ဘုရားမတစ်ပါးက လျှောက်တင်၏။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်၊ လျန်းဟွာဟွန်က တွေ့ခွင့်တောင်းပါတယ်”
ချင်မူ့မျက်လုံးများ ပြူးကျယ်သွား၏။ ကောင်းကင်နတ်ဧကရီလည်း ရောက်လာချေပြီ။
သိသိသာသာပင် ကောင်းကင်နတ်ဧကရီသည် သူ မဟာလေဟာနယ်မှ ပြန်ရောက်လာသည့်အတွက် လာစုံစမ်းခြင်း ဖြစ်မည်။
ယွင်ချွီးရှို့မှာ နတ်ဘုရင်လန်ဝူကို ကြည့်ရင်း တုန်လှုပ်သွား၏။ သူမနှင့် ချွတ်စွပ်တူနေသော ဤအမျိုးသမီးက ကောင်းကင်နတ်ဧကရီ၏ ကိုယ်ပွားမဟုတ်လျှင် မည်သူနည်း။
“ကျေးဇူးပြုပြီး” ချင်မူမှာ ယိုင်ယိုင်ယွဲ့ယွဲ့ဖြင့် ရေရွတ်လိုက်ရတော့သည်။