← Chapters

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသား

Vol. 77 Ch. 1000

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသား

Vol. 77 Ch. 1000

ရှေးဟောင်းကောင်းကင်ဧကရာဇ်၏ ရုပ်ခန္ဓာကို သန့်ရှင်းပေး‌နေသော နတ်ဘုရားမများ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူ ယခုလို ပြာယာခတ်နေသည်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ယခုတွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် သူ၏ရုပ်ခန္ဓာကို မထိန်းချုပ်နိုင်သည့်အလား ထင်ရ၏။ သူ့မျက်နှာမှာ အပိုင်းရှစ်ပိုင်း ကွဲသွားသကဲ့သို့ ပုံပျက်ရှုံ့တွလာပြီး အပိုင်းတစ်ပိုင်းစီတွင် မျက်နှာအမူအရာတစ်ခုစီ ဖြစ်နေကြသည်။ သူ၏လက်ချောင်းဆယ်ချောင်းက ကွေးကောက်နေပြီး အရွတ်အကြောများ ထောင်ထွက်လာသည်။ အရေပြားအောက်ရှိ ကြွက်သားများမှာ နဂါးများလူးလွန့်နေသည့်အလား လှုပ်ရှားနေသည်။

မြင်ကွင်းက ကြောက်စရာကောင်းသည့်အတွက် နတ်ဘုရားမများမှာ ချောက်ခြားတုန်လှုပ်‌ကုန်ကြလေသည်။

ချင်မူက မတ်တပ်ထရပ်ကာ ပြောသည်။ “အားလုံး သွားကြတော့”

ထိုနတ်ဘုရားမများက နောက်ဆုတ်ကာ မဟာအားဖြည့်ခန်းမထဲမှ ထွက်သွားကြသည်။

ချင်မူက အရိုအသေပေး၍ ပြောလိုက်၏။ “အရှင်မင်းကြီး ကြည့်ရတာ နေမကောင်းတဲ့ပုံပဲ.... ကျွန်တော် အခုသွားတော့မယ်နော်”

သူ ထွက်သွားတော့မည့်အချိန် တုန်ခါလှိုင်းများ ရုတ်တရက် ဖြာထွက်လာသည်။

ကောင်းကင်နတ်အရှင်ရှစ်ယောက်ကား တစ်ယောက်ကိုတစ်ယောကိ မတိုက်ခိုက်တော့ဘဲ ကောင်းကင်နတ်ယွင်၏ရုပ်ခန္ဓာထဲမှ ပြိုင်တူထွက်သွားကြပုံရ၏။ သူတို့က မှော်စွမ်းအင်များနှင့် အသိစိတ်အလျဉ်များကို ပြန်ရုတ်သိမ်းကာ တစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်တော့ပေ။

သူတို့အားလုံး ကြောက်နေကြလိမ့်မည်။ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေလျှင် ကျန်ကောင်းကင်နတ်အရှင်ခုနစ်ယောက်အား ပြိုင်တူခုခံနေရသည်နှင့် ညီမျှ၏။ ကျန်ကောင်းကင်နတ်အရှင်များက ကောင်းကင်နတ်အရှင်တစ်ယောက်တည်းကို ဝိုင်းတိုက်ပြီး သူ၏သိုင်းကွက်အစစ်များအား ထုတ်ဖော်ရအောင် ဖိအားပေးနိုင်ခြေလည်း ရှိသည်။

ထိုသို့ ဖြစ်လာလျှင် နောက်ဆုတ်လိုက်သည်ကသာ အကောင်းဆုံးဖြစ်၏။

ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲတွင် အတူတူရှိနေရခြင်းက သူတို့အားလုံးအတွက် အလွန်အန္တရာယ်များသည်မဟုတ်ပါလော။ မဟာဧကရာဇ် သူတို့ကြားတွင် ပုန်းအောင်းနေသည့်ကိစ္စက ထိုမျှဖိအားမများပေ။ အချိန်ယူ၍ စုံစမ်းနိုင်သည်။ သို့သော် မိမိ၏ အင်အားအကြီးဆုံးသိုင်းကွက်ကို ထုတ်ပြလိုက်ပါက ပေးဆပ်ရမည့်တန်ဖိုးက ကြီးမားလိမ့်မည်။

ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ ချက်ချင်းဆိုသလို ဗလာကျင်းသွား၏။

သူတို့၏ထိန်းချုပ်မှု မရှိတော့သည်နှင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မျက်လုံးများက ဖြည်းဖြည်းချင်းပိတ်သွားသည်။ သူ့ခေါင်းနောက်ရှိ ရောင်ခြည်တော်စက်၀န်းများက ညင်သာစွာ လှည့်ပတ်နေပြီး စောစောကကဲ့သို့ မလှုပ်ခတ်နေတော့ပေ။ သူ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည် လှုပ်ရှားလျက် အသက်ရှူနေသေးကြောင်း ပြသနေ၏။

သူ၏အရှိန်အဝါက ပုံမှန်ပြန်ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ သွေးများလည်း ဆက်လက်စီးဆင်းနေသည်။ ခမ်းနား‌ကြီးကျယ်သော ကောင်းကင်နတ်မြစ်ကြီးက သူ၏သွေးကြောများတလျှောက် စီးဆင်းနေသည့်အလား ထင်ရပေ၏။

အပြင်းထန်ဆုံး အားအင်က သူ့နှလုံးသားထဲ၌ ကိန်းဝပ်နေသည်။ ထိုအားအင်သည် စကြဝဠာတစ်ခု၏ စွမ်းအားအရင်းအမြစ်ပမာ ကြောက်စရာကောင်းလှ၏။

ဤရုပ်ခန္ဓာမှာ အက္ခရာသင်္ချာနှင့် ဖန်ဆင်းပညာဖြင့် တည်ဆောက်ထား၍ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အစစ် မဟုတ်သော်လည်း အဆုံးမဲ့စွမ်းအား ပါရှိသည်။

ချင်မူ မှင်သက်နေသည်။ ဤအခိုက်အတန့်တွင် မဟာအားဖြည့်ခန်းမထဲတွင် သူတစ်ယောက်တည်းသာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ကျန်ခဲ့၏။

သူ့မျက်ဝန်းများက ထိုရုပ်ခန္ဓာဆီ ကြည့်ရင်း လှုပ်ခတ်လာသည်။ ဤခန္ဓာသည် အတုဖြစ်သော်လည်း အသန်မာဆုံး နတ်လက်နက်၊ ကောင်းကင်နတ်အရှင်ယွီနှင့် ယှဉ်နိုင်သေးသည်။

သို့သ်ော အရေးကြီးသည်မှာ ဤကောင်းကင်နတ်ဧကရာဇ်လက်နက်၏ စွမ်းအားမဟုတ်၊ ၎င်း ကိုယ်စားပြုသော လုပ်ပိုင်ခွင့်နှင့် အဆင့်အတန်း ဖြစ်သည်။

‘ကောင်းကင်နတ်အရှင်ဆယ်ယောက်တောင် ဝင်နိုင်သေးတာပဲ... ငါလည်း ဘာလို့မဝင်ရမှာလဲ... ငါက ကောင်းကင်နတ်အရှင်မူ၊ ငါ့အဆင့်အတန်းက သူတို့ထက် ပိုလို့တောင် မြင့်မားသေးတယ်’

ချင်မူသည် ရှေး‌ဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဆီ လျှောက်သွားရင်း တစ်ယောက်တည်း ပွစိပွစိ ပြောနေ၏။ “ကောင်းကင်နတ်ဘုံမှာ လျှို့ဝှက်ချက်တွေအများကြီး နစ်မြုပ်နေတယ်... ဒါက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် မွေးဖွားခဲ့တဲ့ နေရာလို့တောင် ရှုကျွင်း ပြောခဲ့ဖူးသေးတယ်.. ပြီးတော့ ကောင်းကင်နတ်အရှင်ယွီရဲ့ တစ်ပိုင်းတစ ဝိညာဉ်နဲ့ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ ဖန်ဆင်းနတ်လက်နက်လည်း ရှိသေးတယ်... ဒီနေရာတွေက ငါ အနားကပ်လို့မရခဲ့တဲ့ နေရာတွေပဲ... ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာထဲ ဝင်လိုက်ရင်တော့...”

သူ့မှာ ရင်တဒိန်းဒိန်း ခုန်နေသည်ကို ထိန်းနေ၏။ မကြာခင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ နှလုံးသားနေရာသို့ သူ ရောက်လာသည်။

ဤရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာက အတုဖြစ်သော်လည်း သင်္ချာဖြင့် တည်ဆောက်ထားသည်ဟု မထင်ရပေ။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း တွက်ထုတ်ထားသော သင်္ကေတအမှတ်သားများအပေါ် သုတေသန ပြုခြင်းမှာ ရက်ပိုင်းလောက်နှင့် ပြီးမြောက်မည့်အရာမဟုတ်ပေ။ နှစ်ပေါင်းထောင်နှင့်ချီ ကြာလိမ့်မည်။

ချင်မူသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများကို လက်ခံရရှိခဲ့သော်လည်း အပေါ်ယံသာ သိထားခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်တွင် ကောင်းကင်နယ်စားမင်း၏ မဟာတာအိုသင်္ကေတအမှတ်အသားများက သူ့ကို အကြီးအကျယ် အကျိုးပြုခဲ့၏။ ဤအခြင်းအရာမှတစ်ဆင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများ မည်မျှခက်ခဲနက်နဲကြောင်း ပေါ်လွင်ပေသည်။

သူ၏အသိစိတ်အလျဉ်က ကောင်းကင်နတ်ဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားသည်။

ကောင်းကင်နတ်ဧကရာဇ်၏ စိတ်ထဲတွင် သိပ်သည်းအားကောင်းသော ခရမ်းရောင်အလင်းပင်လယ်တစ်စင်းအား မြင်လိုက်ရ၏။ မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများဖြင့် ဖော်ဆောင်ထားသော ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ဦးနှောက်က အထဲတွင် ရှိနေပြီး မဟာတာအိုများအား အတူတကွ ချိတ်ဆက်ထားသည့်အလား ထင်ရသည်။

သူ၏အသိစိတ်အလျဉ် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုအတွင်း ဝင်ရောက်လိုက်သည့်အခါ အလွန်ရှုပ်ထွေးသော ယန္တရားစက်တစ်စက်ထဲ ရောက်သွားသလို ခံစားလိုက်ရ၏။ ဦးနှောက်၏ မည်သည့်အပိုင်းက မျက်လုံးများ၊ ပါးစပ်နှင့် လက်ချောင်းများကို ထိန်းချုပ်ကြောင်း စဉ်းစားရလေသည်။

ချင်မူ၏အသိစိတ်အလျဉ်သည် ယခင်ထက် များစွာသန်မာအားကောင်းသော်လည်း ဤရုပ်ခန္ဓာကို အပြည့်အဝ ထိန်းချုပ်ရန် အနည်းငယ် အားစိုက်ထုတ်ရသေးသည်။

ဤရုပ်ခန္ဓာမှာ ကြီးမားလွန်းလှသည် မဟုတ်ပါလော။ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုစီတိုင်းက တာအိုတစ်ခုစီကို ကိုယ်စားပြုကာ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ထိန်းချုပ်၏။ ဤအစိတ်အပိုင်းအားလုံးကို လှုပ်ရှားရန် ကောင်းကင်နတ်ဧကရာဇ်၏ ဦးနှောက်အား အတိအကျ ထိန်းချုပ်ရန် လိုအပ်သည်။ အချိန်တိုလေးအတွင်း အသားကျရန်မှာ မလွယ်ပေ။

ထို့အပြင် ဤခန္ဓာကိုယ် ထိန်းချုပ်ရန် အသိစိတ်အလျဉ် လိုအပ်ပေရာ ကုန်ခမ်းမည့်ပမာဏက ချင်မူ့အတွက် များပြားလွန်းသည်။

‘ခန္ဓာငှားနည်းကို အသုံးချပြီး ဒီရုပ်ခန္ဓာထဲက စွမ်းအားကို သုံးလို့ ရလောက်တယ်...’

ချင်မူ ချက်ချင်း အကောင်အထည် ဖော်တော့သည်။ သူသည် ဖန်ဆင်းရှင်တို့၏ ပညာရပ်များ ပိုင်ဆိုင်ထားသည့် ခန္ဓာငှားနည်းနှင့် အလွန်ရင်းနှီး၏။ မဟာဧကရာဇ်က သူ့စိတ်တိုင်းကျ ခန္ဓာကိုယ်ကို ငှား၍ မည်သူမဆိုအဖြစ် ပြောင်းလဲနိုင်ကြောင်း တစ်ခါပြောခဲ့ဖူးသည်။

ချင်မူက မဟာဧကရာဇ်လောက် မတတ်ကျွမ်းသ်ောလည်း ဤနည်းလမ်းကို အသုံးပြုနိုင်သည်အထိတော့ လုံလောက်၏။

အချိန်အနည်းငယ်ကြာသော် သူ့အသိစိတ်လျဉ်သည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် တစ်သားတည်း ဖြစ်သွားပြီး သူက ရှေးဟောင်း‌ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ရုပ်ခန္ဓာအပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေသကဲ့သို့ တိကျသွားသည်။

ထိုမျှတင်မကသေး၊ ဤရုပ်ခန္ဓာအတွင်းရှိ စွမ်းအားအရင်းအမြစ်အားလုံး၏ တည်နေရာကို သူ တိတိကျကျ ဆုံးဖြတ်နိုင်လာသည်။

ရုပ်ခန္ဓာသည် အတုဖြစ်သော်လည်း အထဲတွင် အရွယ်အစားမတူညီသော စွမ်းအားအရင်းအမြစ် နှစ်ထောင်ခန့် ရှိနေသည်။ ဤအရင်းအမြစ်တို့မှ စွမ်းအား ထုတ်သုံးလျှင် ချင်မူ့ရုပ်ခန္ဓာအတွက် သက်သာပေမည်။

‘ဖန်ဆင်းရှင်တွေရဲ့ ခန္ဓာငှားနည်းက တော်တော်မိုက်တာပဲ... အခုဆို ငါ ဒီခန္ဓာထဲက စွမ်းအားအားလုံး ထုတ်သုံးနိုင်ပြီ... ရှေးဟောင်း‌ကောင်းကင်နတ်ဧကရာဇ်က ဘယ်လောက် သန်မာလဲ မသိဘူး’

ချင်မူ ဝမ်းသာနေသည်။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မတ်တပ်ရပ်ပြီး သူ့မျက်ခုံးနှစ်ဖက်ကြားကို ခွဲလိုက်သည်။ ချင်မူက ထိုအပေါက်ထဲ ဝင်ရောက်သွားပြီးနောက် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားအား ပြန်ပိတ်ကာ မဟာအားဖြည့်ခန်းမအပြင်သို့ ထွက်လာ၏။

ခန်းမအပြင်တွင် နန်းတွင်းသူများမှာ ဒူး‌ထောက်လျက် သူ့ကို မေ့ာမကြည့်ရဲကြပေ။

ချင်မူက လက်ဝှေ့ယမ်းကာ မှင်သေသေ ပြောလိုက်သည်။ “ထကြ”

ထိုနန်းတွင်းသူများက သူ့စကားကို နာခံသော်လည်း သူအဝေးရောက်သွားမှ ထရပ်ရဲကြသည်။

ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဖြင့် လျှောက်သွားနေသော်လည်း အတွေးမြို့တော်နှင့် မရင်းနှီးသည့်အတွက် ခြေဦးတည့်ရာ သွားနေခြင်း ဖြစ်သည်။ သွားနေ၏။ ကောင်းသည့်အချက်မှာ ကောင်းကင်နတ်ဧကရာဇ် ဖြစ်၍ မည်သူမှ စစ်ဆေးမေးမြန်းခြင်း မရှိပေ။

ထို့အပြင် သူ မည်သည့်နေရာသို့သွားသွား၊ အပျို‌တော်များဖြစ်စေ၊ အထိန်းတော်များဖြစ်စေ ကျောက်စိမ်းမြို့တော် တော်၀င်နန်းမြို့ကို စောင့်ရှောက်နေသေသေနတ်ဘုရားများဖြစ်စေ အားလုံး သူ့ရှေ့တွင် ဒူးထောက်ကြရသည်။

‘ရှုကျွင်းက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ မွေးနေရာက မိဖုရားဆောင်မှာလို့ ပြောဖူးတယ်ဆိုတော့ အဲဒီနေရာပဲ ဖြစ်လောက်တယ်’

ချင်မူက မိဖုရားဆောင်ဆီသို့ စိတ်လှုပ်တရှား လျှောက်သွားသည်။ သူ့ရင်ထဲတွင် ပေါက်ကရ အတွေးတစ်ခု ပေါ်လာ၏။ ‘ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်ထဲမှာ အလှလေးတွေ အများကြီးရှိပြီး အားလုံးက သက်ဆိုင်ရာမျိုးနွယ်တွေရဲ့ ထိပ်တန်းအလှပဂေးလေးတွေလို့ ကြားတယ်... ငါ မိဖုရားဆောင်ထဲ ၀င်သွားလို့ အဲ့ဒီမိဖုရားတွေ ငါနဲ့တူတူ အိပ်ချင်နေရင် ဘယ်လိုလုပ်ရပါ့”

သူ့မှာ မျက်တောင်ပုတ်ခတ်ရင်း အနည်းငယ် ဗျာများသွားသည်။

“သားတော် ခမည်းတော်ကို အရိုအသေပေးပါတယ်”

ရုတ်တရက် ခပ်ထွားထွား နတ်ဘုရားငယ်တစ်ယောက်က သူ့ကို အရိုအသေပေးသည်။ သူက ခေါင်းမော့ကာ ၀မ်းသာအားရ ပြော၏။ “ခမည်းတော်က အမြဲတမ်း နန်းတွင်းထဲက မထွက်တာနဲ့ သားတော်နဲ့ ခမည်းတော် မတွေ့ရတာ အတော်ကြာပြီနော်”

ချင်မူ ရင်ထဲ တင်းကြပ်သွားသည်။ ဤမင်းသားငယ်ကို သူ မသိသလို နာမည်လည်း မသိပေ။ သူက လက်မြှောက်ကာ ပြောလိုက်၏။ “ထတော့... ငါ ခုတလော အလုပ်များနေလို့ မင်းကို လျစ်လျူရှုထားမိတယ်”

နတ်ဘုရားငယ်သည် အလျင်အမြန် ပြန်ထလိုက်ပြီး သူ့မျက်လုံးများတွင် မျက်ရည်များ ဝဲနေ၏။ “ခမည်းတော် သားတော်ကို မဆက်သွယ်တာ နှစ်ပေါင်းလေးသောင်း ကြာခဲ့ပါပြီ... သားတော်က အရှေ့နန်းတော်ရဲ့ အိမ်‌ရှေ့မင်းသားဆိုပေမယ့် ခမည်းတော်နဲ့ တွေ့ရတဲ့အချိန်က နန်းတွင်းသူတစ်ယောက်ထက်တောင် နည်းပါသေးတယ်... သားတော် ခမည်းတော်နဲ့ တရင်းတနှီး မနေခဲ့ရဘူး”

ချင်မူ ရင်ထဲ ထိတ်သွား၏။ ‘အရှေ့နန်းတော်ရဲ့ အိမ်ရှေ့မင်းသား... ချုံဧကရာဇ်ခေတ်ရဲ့ နောက်ဆုံးနှစ်တွေတုန်းက ချီရှားယွီကို ဖမ်းပြီး အညံ့ခံအောင် ဖိအားပေးခဲ့တဲ့ တစ်ယောက်လား ... မဖြစ်တော့ဘူး.. ဒီအိမ်ရှေ့မင်းသားက ဧကရာဇ်ပလ္လင်အဆင့်ဟ’

ထိုနှစ်တုန်းက ချီရှားယွီသည် တောင်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ယခင်ဇာမဏီနတ်မင်းကို သတ်ဖြတ်ကာ အောင်ပွဲခံခဲ့၏။ မှတ်တမ်းပင် တင်ခဲ့သေးသည်။ သို့သော် အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားက သူမကို ဖမ်းဆီးပြီး ကောင်းကင်နတ်ဘုံအား သစ္စာခံစေခဲ့သည်။

ဤအိမ်ရှေ့မင်းသားသည်လည်း ထူးချွန်သော လူတော်တစ်ယောက်ဖြစ်သည်။ သူကလည်း ချီရှားယွီကို ဖမ်းဆီးပြီးနောက် သူ့အတွက်သူ မှတ်တမ်းတင်ခဲ့သေးသည်။ ကမ္ဘာဦးဘုံ ပွင့်လာတုန်းက ချင်မူ ဤနှစ်ယောက် မြင်ခဲ့ဖူး၍ သူ့အား မှတ်မိနေခြင်း ဖြစ်ပေသည်။

‘ဒီအရှေ့နန်းတော်ရဲ့ အိမ်ရှေ့မင်းသား င့ါကို ရိပ်မိမလား မသိဘူး’

သူ အနေရခက်လာသည်။ သမိုင်းအရ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်တွင် အိမ်ရှေ့မင်းသားများစွာ ရှိခဲ့သော်လည်း အားလုံး အဆုံးသတ်မလှခဲ့ကြပေ။ သို့သော် ဤအရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှ မွေးဖွားလာခြင်းဖြစ်၍ မျိုးသန့်သွေးအား ပိုင်ဆိုင်ထား၏။ သူ့အစွမ်းအစများက တုနှိုင်းမဲ့လောက်အောင် သန်မာအားကောင်းသည်။

သူသာ ရိပ်မိသွားလျှင် ဤရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာက သူ့အား အနိုင်ယူနိုင်ပါမည်လော။

ပို၍အရေးကြီးသည်က ဤအိမ်ရှေ့မင်းသား၏ နာမည်ကို သူ မသိပေ။

‘ချီရှားယွီ ဒါမှမဟုတ် ဟိုကဝေမလေး ယွင်ချွီးရှို့သာ ဒီမှာ ရှိရင်... ဖွီ ဖွီ အဲဒီကဝေလေးက အရှင်မယွမ်မုဟ... ငါ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာထဲ ငါ ဝင်သွားမှန်း သိရင် ငါ့ကို သတ်လိမ့်မယ်... အနည်းဆုံးတော့ အရေခွံစုတ်မှာ’

ချင်မူက အိမ်ရှေ့မင်းသားကို ငုံ့ကြည့်၍ နွေးထွေးစွာ ပြောလိုက်သည်။ “မင်းအတွက် ဒီအတောအတွင်း ခက်ခဲခဲ့မှာပဲ... ငါ မင်းကို သိပ်တွေ့ခဲ့ပေမယ့် မင်းရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ အင်မတန် မြန်မြန်တိုးတက်လာတာ သိပါတယ်... ဒါပေမဲ့ တော်ဝင်မိသားစုထဲမှာ အဖေနဲ့ သားအကြား ဆက်ဆံမှုမရှိတာ အကောင်းဆုံးပဲ မဟုတ်ပေလား... ဒါကြောင့် မင်း သန်မာအားကောင်းလေလေလ၊ ငါ စိတ်ချလာလေလေ မလို့ မင်းဆီ မလာတော့ပါ... အရင်တုန်းက မင်းရဲ့အစ်ကိုတော်တွေက အောင်မြင်မှုရတာနဲ့ ငါ့ကို ပုန်ကန်ကြတော့ သူတို့နဲ့ ငါ့အကြား သံယောဇဉ်တွေ ပြတ်တောက်စေခဲ့တယ်... ဒါကြောင့် ငါ မင်းကို လျစ်လျူရှုခဲ့တာ... မင်းအစ်ကိုတော်လို မင်းကို မဖြစ်စေချင်ဘူး”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားသည် ကပျာကယာ အရိုအသေပေးပြန်၏။ သူ့မှာ မျက်ရည်မျာ ကျလုဆဲဆဲ ဖြစ်နေသည်။ “ခမည်းတော်၊ သားတော်ရဲ့ သစ္စာစောင့်သိမှုကို ကောင်းကင်နဲ့ မြေပြင်နဲ့ တိုင်တည်နိုင်ပါတယ်... သားတော် ခမည်းတော်ကို သစ္စာမဖောက်ရဲပါဘူး... အရင်နှစ်တွေတုန်းက ကောင်းကင်နတ်အရှင်တွေ ကောင်းကင်နတ်ဘုံအပေါ် ထိန်းချုပ်လာပြီး ခမည်းတော်ကို မရှိသလို သဘောထားကြမလို့ သားတော်က ခမည်းတော်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူမိပါတယ်”

ချင်မူ့အမူအရာ အနည်းငယ် လှုပ်ခတ်သွားပြီး အေးစက်စက် ပြောလိုက်သည်။ “မဟုတ်တာ မပြောနဲ့ ... မင်းကများ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို စွပ်စွဲရဲရတယ်လို့... ဒါ ဘယ်လိုသေဒဏ်မျိုးလဲ မင်း သိလား”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ မြေကြီးပေါ်တွင် ဝပ်စင်းလျက် မထရဲပေ။ သူက ရှိုက်ငိုလျက် ပြောသည်။ “ဒီနေ့ခေတ်ရဲ့ ရှေးဟောင်းနတ်ဘုရားတွေဟာ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို သစ္စာခံကြပါတယ်.... သစ္စာမခံရင်လည်း အသေဆိုးနဲ့ သေကြရတယ်.. ဒါကြောင့် အချိန်ကြာလာရင် ခမည်းတော် အားကိုးစရာမရှိတော့မှာ သားတော် စိုးရိမ်ပါတယ်”

ချင်မူက သူ့ကို အေးတိအေးစက် ကြည့်နေသည်။ အတန်ကြာသော် သူက ပြောလိုက်၏။ “ထ... မင်းပြောတာတွေ ငါ မသိဘဲ နေမလား... မင်း သစ္စာစောင့်သိတာလည်း ငါ သိတယ်... ငါ့မှာလည်း င့ါလှည့်ကွက်တွေ ရှိပါတယ်”

အိမ်ရှေ့မင်းသားသည် ထရပ်ပြီး မျက်ရည်သုတ်၏။

ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “လိမ္မာလိုက်တဲ့ကလေး... မင်းက တကယ်ကို လိမ္မာလိုက်တဲ့ ကလေးပဲ... ဟောင်လို...”

သူက ကောင်းကင်နတ်အရှင်ဟောင်အကြောင်း မပြောချင်ဟန်ဖြင့် အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။ “ငါမွေးတဲ့နေရာက ကောင်းကင်နတ်ဘုံမှာ ကိန်းဝပ်နေတယ်ဆို... အဲဒီနေရာ ဘယ်မှာလဲ မင်း သိလား”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသား အံ့ဩတုန်လှုပ်သွားသည်။ သူက အရိုအသေပေး၍ ပြောသည်။ “သားတော် အဲဒီရတနာမြေအကြောင်း လိုက်မမေးခဲ့ရဲပေမယ့် လူတွေပြောတာတော့ ကြားဖူးပါတယ်... ဒါပေမဲ့ သားတော်ကိုယ်တိုင် တစ်ခါမှမရောက်ဖူးဘူး”

ချင်မူက ပြုံး၍ ပြောလိုက်သည်။ “ဒီနေ့ ခမည်းတော် ငါ့သားတော်ကို အဲဒီနေရာဆီ ခေါ်သွားမယ်....လာ ရှေ့က သွား”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ ချင်မူ သူ့ကိုယ်သူ ခမည်းတော်ဟု ခေါ်လိုက်သည်ကို ကြားလျှင် ဝမ်းသာပျော်ရွှင်သွားသည်။ သူက ရှေ့မှ ဦးဆောင်သွား၏။

ချင်မူ သူ့နောက်မှ လိုက်သွားရင်း တိတ်တိတ်ကလေး စိုးရိမ်နေသည်။ ‘ဒီအိမ်ရှေ့မင်းသားရဲ့ နာမည်က ဘာပါလိမ့်... ငါ သူ့နာမည်ကို မသိရင် အနှေးနဲ့အမြန် ပေါ်သွားလိမ့်မယ်... ပြီးတော့ ဘယ်မိဖုရားက သူ့မယ်တော်လဲ.... ကောင်းကင်နတ်ဧကရီတော့ မဟုတ်ပါစေနဲ့’

All Chapters