← Chapters

သရုပ်မှန်

Vol. 77 Ch. 1002

သရုပ်မှန်

Vol. 77 Ch. 1002

‘ယဇ်ပလ္လင်က ဖန်ဆင်းရှင်တွေနဲ့ ဆိုင်တယ်... ဒါပေမဲ့ သူတို့ ဘာလို့ ဥတစ်လုံးကို မြင်ယောင်ဖန်ဆင်းခဲ့တာလဲ... ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ဒီကနေ ပေါက်ဖွားလာနိုင်ပေမယ့် ဖန်ဆင်းရှင်တွေအနေနဲ့ ဒီတိုင်း သက်ရှိတစ်ယောက် မြင်ယောင်ဖန်ဆင်းလိုက်လို့ ရတာပဲလေ... ဥတစ်လုံးကို မြင်ယောင်ဖန်ဆင်းပြီး အဲဒီဥကနေမှ ကောင်းကင်နတ်ဧကရာဇ် ပေါက်လာအောင် လုပ်ဖို့မှ မလိုတာ..’.

ချင်မူ အူကြောင်ကြောင် ဖြစ်နေမိသည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မွေးဖွားမှုက ထူးဆန်းသည်။ မွေးဖွားရာနေရာကို ကြည့်ရသလောက် ဥက အရင်ဖြစ်တည်လာခြင်း ဖြစ်မည်။ ဖန်ဆင်းရှင်များသည် ဥကို တစ်နေရာမှ ရှာတွေ့ပြီး အသက်ရှင်နေကြောင်း သိလိုက်သဖြင့် ၎င်းအတွက် ယဇ်ပလ္လင်တစ်ဆူ ဆောက်ခဲ့ခြင်း ဖြစ်တန်ရာ၏။

သူတို့က ထိုသတ္တဝါ ပေါက်ဖွားလာအောင် ဥအတွင်းထဲသို့ စွမ်းအားများ ယဇ်ပူဇော်ပေးခဲ့လိမ့်မည်။

သို့သော် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ဖွားမြင်မှုက ဖန်ဆင်းရှင်တို့ကို မျိုးသုဉ်းလုနီးပါး ဆုတ်ယုတ်သွားစေခဲ့သည်။ မဟာလေဟာနယ်ကို ဖွင့်လှစ်ကာ သွားရောက်ပုန်းအောင်းခဲ့ကြရသည်အထိပင်။

သို့သော် ဤသီအိုရီတွင် အဖြေမရှိသော ပဟေဠိများစွာ ရှိနေသေးသည်။ ဥကား မည်သည့်နေရာမှ ရောက်လာသနည်း။

ဥမှ ပေါက်ဖွားလာသော သတ္တဝါက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်လို အင်အားကြီးမားသော ဖြစ်တည်မှုတစ်ခု အဘယ်သို့ ဖြစ်လာသနည်း။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ပေါက်ဖွားလာအောင် ထိုမျှများပြားသော ဖန်ဆင်းရှင်များအား အဘယ်ကြောင့် စုစည်းခဲ့သနည်း။

ချင်မူမှာ ရှေးဟောင်းနတ်ဧကရာဇ်၏ ခန္ဓာကိုယ်အတု ဒဏ်မခံနိုင်တော့မှန်း သိလိုက်သဖြင့် ဖိအားနှင့် ဝေးရာသို့ ဆုတ်လိုက်သည်။

‘ဒီဥအကွဲက အသုံးတည့်လောက်တယ်... ငါ ယူသွားသင့်သလား’

သူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအတွင်းမှ စွမ်းအားကို ထုတ်လွှတ်လျက် ဥအကွဲကို ယူရန် ကြိုးစားလိုက်သည်။

သို့သော် ဧကရာဇ်ပလ္လင်အဆင့်အထက် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှ ဖြာထွက်လာသော မှော်စွမ်းအင်မှာ ခရမ်းရောင်မဟာတာအိုအလင်းရောင်၏ ဖိနှိပ်ခြင်း ခံလိုက်ရသေးသည်။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ဥခွံသည် ထိုနေရာတွင် ရှိနေသည့်တိုင် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်တစ်ယောက်မှ မယူခဲ့ရာ ယူရန် မလွယ်ကြောင်း ထင်ရှား၏။

သူ့အနေဖြင့် ရုပ်ခန္ဓာ၏ စွမ်းအားကို အသုံးပြုနိုင်သော်လည်း ဖိအားကို တောင့်ခံ၍ ယဇ်ပလ္လင်ဆီ သွားရန် မဖြစ်နိုင်ပေ။

‘ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာအစစ်ကိုသာ ရလို့ကတော့ကွာ... ဒါပေမဲ့ အဲဒီကိုယ်အစစ်က ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေတုန်းပဲ... သူ့ကိုယ်အစစ် ရှိတုန်းကလည်း မယူခဲ့ဘူးဆိုတော့ ဒီဥခွံ အခြားသူတွေလက်ထဲ ရောက်သွားမှာ စိုးရိမ်နေတာများလား’

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သေဆုံးသွားပြီးနောက် ကောင်းကင်မဟာမိတ်အဖွဲ့၏ စည်းလုံးမှု ပြိုကွဲသွားခဲ့သည်။ စိတ်ဝမ်းကွဲကုန်ကြခြင်းအရ ကောင်းကင်နတ်ဧကရာဇ်ကို ထိန်းချုပ်သည့်အချိန်တွင် ဥခွံကို မယူနိုင်ခဲ့ကြကြောင်း သက်သေထူနေသည်။

‘ဒီမှာ ဘာကောင်းကင်နတ်သိုင်းမှ မတည်ရှိနိုင်ဘူး... အဆင့်မြင့်အသိစိတ်အလျဉ်နယ်တောင် ဒီက ဖိအားကို မခံနိုင်ဘူး... ဒါပေမဲ့ မဟာတာအိုရဲ့ ခရမ်းရောင်အလင်းကို ရင်ဆိုင်နိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု ရှိတယ်’

ချင်မူ့မျက်ဝန်းများ လှုပ်ခတ်သွားပြီး ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သားဆံထိုးကို ထုတ်လိုက်သည်။

ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းသာ မဟာတာအို ခရမ်းရောင်အလင်းနှင့် အငွေ့အသက်များကို ရပ်တန့်သွားစေနိုင်၏။

သူက ကောင်းကင်နတ်ဧကရာဇ်၏ ကိုယ်အတွင်းရှိ စွမ်းအားဖြင့် မက်မွန်သားဆံထိုးကို အသုံးချလိုက်သည်။ ဆံထိုးအား ညင်ညင်သာသာ ဝှေ့ယမ်းလိုက်သည့်အခါ ဥခွံဆီ ပျံသန်းနေသော အလင်းရောင်များ ရပ်တန့်သွားသည်။

ချင်မူမှာ အလွန်ပျော်ရွှင်သွားပြီး ခရမ်းရောင်အလင်းဆီ လျှောက်သွား၏။ သို့သော် သူ ခရမ်းရောင်အလင်းအား ထိလိုက်သော အခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှ နာကျင်မှုအား ခံစားလိုက်ရ၏။

ဤခန္ဓာကိုယ်သည် အလင်းနှင့် အခိုးအငွေ့များကို မခုခံနိုင်ရာ ထိတွေ့သွားသည်နှင့် ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်။

ချင်မူ မျက်မှောင်ကြုတ်သွား၏။ သူ့အနေဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအတွင်းရှိ စွမ်းအားကို အသုံးချကာ မပြောင်းလဲနိုင်သော ဒြပ်ထုကောင်းကင်နတ်သိုင်းကို ထိန်းထားနိုင်သော်လည်း ဤရုပ်ခန္ဓာမှာ သူ အသုံးချနိုင်သည့် စွမ်းအားမှာ နည်းလွန်းနေသည်။

‘ငါ့ချီစွမ်းအင်နဲ့ အသိစိတ်အလျဉ်နဲ့ ယဇ်ပလ္လင်ဆီ ရောက်နိုင်လောက်လား’

ထိုသို့တွေးလိုက်မိသည်နှင့် သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဥ်က ဖြာထွက်လာပြီး သူက ယဇ်ပလ္လင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ယဇ်ပလ္လင်သည် နီးသယောင် ထင်ရသော်လည်း အတိုင်းထက်အလွန် ဝေးကွာ၏။ ၎င်းက သူ့ထက်ပို၍ ကြီးမားပြီး ဥအကွဲကလည်း သူထင်ထားသည်ထက် ပို၍ကြီးမားနေသည်။

ချင်မူက ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို ပေါင်းစည်းလိုက်ကာ အရှိန်မြှင့်လိုက်သည်။ ထို့နောက် ယဇ်ပလ္လင်ဆီသို့ ရောက်သည့်အခါ ဥခွံကို မ,ရန် ကြိုးစားလိုက်၏။ သို့သော် အထဲ၌ အဖြူရောင်အနှစ်များ ရှိနေသေးသည့်အတွက် ဥခွံမှာ လေးလံနေသည်။ လုံး၀ရွေ့မရပေ။

ဥခွံအစတစ်စအား ကောက်မသည့်အခါ ရွေ့သွားသည်။

ချင်မူ ၀မ်းသာသွားသည်။ သူက ချီစွမ်းအင်နှင့်အသိစိတ်အလျဉ်ကို အသုံးချ၍ ဥခွံကို ယဇ်ပလ္လင်၏အစွန်းနားသို့ ဖြည်းဖြည်းချင်း ဆွဲသွား၏။ ထို့နောက် ၎င်းအား ယဇ်ပလ္လင်ပေါ်မှ ပစ်ချလိုက်ရာ ဥခွံက ရေပေါ်တွင် ပေါလာပေါ်နေသကဲ့သို့ ခရမ်းရောင်အလင်းအပေါ်၌ မျောလွင့်နေသည်။

ချင်မူမှာ ၎င်းအနား တိုးကပ်သွားရင်း ရင်တဒိန်းဒိန်း ခုန်နေမိသည်။ ဥခွံနှင့် နီးကပ်လာလေလေ ၎င်း၏စွမ်းအားကို ခံစားရလေလေ ဖြစ်သည်။

၎င်းကို သူ့အရှေ့သို့ ဆွဲလိုက်သည့်အခါ ဥခွံသည် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထက်ပင် မြင့်မားနေသောကြောင့် မော့ကြည့်လိုက်ရ၏။

ချင်မူ အံ့အားသင့်နေသော်လည်း ရုပ်ခန္ဓာ၏သင်္ကေတအမှတ်အသားများကို အကဲမခတ်အားဘဲ ချင်စက်လုံးမြေပြင်ထဲ ပို့လွှတ်လိုက်ရသည်။

ဘုန်း...။

ချင်စက်လုံးမြေပြင်ထဲမှ ကျယ်လောင်သော ထစ်ချုန်းသံကြီး ထွက်လာ၏။ ဥခွံသည် ကောင်းကင်ထက်မှ ပြုတ်ကျလာသော်လည်း မြေပြင်ပေါ်သို့ မဆင်းသက်သွားပေ။ ထိုအစား မြေထု၏တစ်၀က်ကျော်အား လွှမ်းခြုံလျက် လေထဲတွင် ပျံဝဲနေသည်။

ချင်မူမှာ သူ၏တတိယမျက်လုံး၏ အမြင်အာရုံ ဝေဝါးသွားသည်ကို ခံစားလိုက်ရသည်။ ဖြတ်ပြေးနေသော သင်္ကေတအမှတ်အသားများမှအပ မည်သည်ကိုမျှ သူ မမြင်ရတော့ပေ။

သူ၏တတိယမျက်လုံးကလည်း ထူးဆန်းသည်။ ၎င်းသည် မြေအောက်ဘုံအရှင်သခင်၏ ချိုများဖြင့် တည်ဆောက်ထားသော ချင်စာလုံးမြေပြင်ကို မျက်ဆံရစ်များအဖြစ် အသုံးချကာ မဟာကမ္ဘာဦးအစမူလကျောက်တုံးအား သူငယ်အိမ်အဖြစ် ပြုမူစေသည်။

သို့သော် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံ ကျဆင်းလာသည့်အခါ သူ၏မျက်လုံးကို ကွယ်သွား၏။ ‘ငါ့မှာ ဒီပစ္စည်းကိုထည့်ဖို့ တခြားအဖိုးထိုက်ရတနာလည်း မရှိဘူးဆိုတော့ ချင်စာလုံးမြေပြင်ထဲမှာပဲ ထည့်လို့ရမယ်.... ဒါပေမဲ့ ငါ့ရဲ့အမြင်ကို ကွယ်ထားတာတော့ မကောင်းဘူး’

ချင်မူ ရင်ထဲတွင် တင်းကြပ်သွားသည်။ “ချင်စာလုံးမြေပြင်အနောက်မှာ ဘာမှမှ မရှိတာ.... အဲ့ဒီမှာ ထားလို့ရလောက်မလား’

သူက ချက်ချင်း အကောင်အထည်မဖော်ဘဲ မက်မွန်သားဆံထိုးကို အရင်ဆုံး သိမ်းပြီးနောက် ဖိအားဒဏ်ခံနိုင်သည့်နေရာ ရောက်သည်အထိ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအား ရွှေ့လိုက်သည်။ ပြီးသည်နှင့် ကောင်းကင်နတ်ဧကရာဇ်၏ စွမ်းအားကို အသုံးချ၍ တတိယမျက်လုံးထဲသို့ ၀င်ရောက်ကာ ဥခွံအား ချင်စာလုံးမြေပြင်အနောက်သို့ ရွှေ့ထားလိုက်၏။

ယခုတွင် ဥခွံသည် သူ၏တတိယမျက်လုံး၏ ဖန်လုံးသဖွယ် ဖြစ်လာသည်။ အပြင်မှလာသည့် အလင်းရောင်က ချင်စာလုံးမြေပြင်၏ အလယ်ရှိ ကမ္ဘာဦးအစမူလကျောက်တုံးကို ဖြတ်ကျော်သည်။ ထို့နောက် အလင်းရောင်သည် ဥခွံ၏အတွင်းထဲသို့ ဖြာကျကာ ၎င်း၏သင်္ကေတအမှတ်အသားများအား လင်းထိန်လာစေ၏။

ထိုအခါ ဆန်းကြယ်သော အရာတစ်ခု ဖြစ်သွားသည်။

ချင်မူ တတိယမျက်လုံးဖြင့် မြင်ရသောအရာများကား မတူတော့ပေ။ မည်သည့်အရာကိုမဆို အသေးစိတ်ဆုံး အက်တမ်များအထိ မြင်လာရသည်။ ခရမ်းရောင်အလင်းပင် ပါ၀င်သည်။

မဟာတာအိုခရမ်းရောင်အလင်း၏ ဖွဲ့စည်းပုံများက သူ၏တတိယမျက်လုံးထဲ၌ ထင်ဟပ်လာသည့်အပြင် သူ၏အသိစိတ်အလျဉ်အထိပင် ရောက်ရှိလာ၏။

ချင်မူ ငုံ့ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဧကရာဇ်၏ရုပ်ခန္ဓာကို မြင်ရသည်။ သူသည် ဤခန္ဓာ၏ဖွဲ့စည်းပုံကို ယခင်က မမြင်ခဲ့ရသော်လည်း ယခုတွင် သူ၏သူငယ်အိမ်ထဲ၌ ရှင်းလင်းပြတ်သားစွာ မြင်နေရချေပြီ။ ထို့အပြင် ဤခန္ဓာကိုယ်အတု၏ သင်္ချာဖွဲ့စည်းပုံများအပြင် ဆန်းကြယ်သော ဖန်ဆင်းမှုများကိုပင် မြင်လိုက်ရသည်။

သူက ခရမ်းရောင်အလင်းထဲရှိ ယဇ်ပလ္လင်ဆီ ကြည့်လိုက်၏။ သူ့အကြည့်က ခရမ်းရောက်အလင်းကို ဖြတ်ကျော်ကာ ယဇ်ပလ္လင်အား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။ ‘ဒီဥခွံက အသုံး၀င်တယ်.. နောက်တစ်ခုသာ ရလိုက်လို့ကတော့’

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ လက်ရှိတွင် ဥခွံနောက်တစအား ရွှေ့နိုင်သော အင်အား သူ့တွင် မရှိပေ။

‘အချိန်က ရွှေပဲ... ငါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ငှားရုံပဲ ငှားနေတာ... ကောင်းကင်နတ်အရှင်ဆယ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သံသယဝင်နေကြပေမယ့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာ ပျောက်သွားတာ အနှေးနဲ့ အမြန် သိမှာပဲ... ငါ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး’

ချင်မူသည် ရုပ်ခန္ဓာကို ထိန်းချုပ်၍ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်ခုံးကို ပိတ်ကာ အထဲ၌ ပြန်ပုန်းရင်း အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားဆီ ပြန်လျှောက်သွား၏။

ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ မျက်လုံးများက ထောင့်နေရာတိုင်းတွင် ရှိသည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာ ပျောက်သွားသည်ကို သိသည်နှင့် ရှာတွေ့ရန် ကြာမည်မဟုတ်ပေ။

သူ့အနေဖြင့် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နှင့် နံ့သာဆောင်ဆီ သွားရဦးမည်ဖြစ်ရာ သူတို့ ရှာမတွေ့ခင် သွားမှဖြစ်လိမ့်မည်။

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ သူ၏ ‘ခမည်းတော်’ ချဉ်းကပ်လာသည်ကို မြင်လျှင် မျက်ဝန်းများ လှုပ်ခတ်သွားသည်။ ချင်မူ သူ့ဆီ ရောက်လာသည့်အခါ သူက ဦးညွှတ်အရိုအသေပေးကာ “ခမည်းတော်”ဟု ခေါ်လိုက်၏။

ချင်မူက ရပ်ပြီး သူ့ကို ကြည့်သည်။ “မင်း သိသွားပြီလား”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ ဆံပင်မွှေးများထောင်သွားကာ ထွက်ပြေးချင်သွားသည်။

“မင်း သိသွားလည်း ကိစ္စမရှိဘူး”

ချင်မူက ခပ်ပြတ်ပြတ် ပြောသည်။ “ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက တစ်ယောက်အနေနဲ့ ငါ မင်းလို အိမ်ရှေ့မင်းသားတစ်ယောက်ကို ဂရုမစိုက်ဘူး... အမှန်တိုင်း ပြောရရင် မင်းရဲ့ခမည်းတော် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က သေသွားပြီ... ငါ မင်းကို နှစ်ပေါင်းလေးသောင်း လျစ်လျူရှုထားတာ မင်း သတိထားမိတယ်မလား... ဘာကြောင့်လဲ သိလား”

သူသည် အေးစက်စက် ပြောလိုက်၏။ “မင်းခမည်းတော် သေသွားတာ နှစ်လေးသောင်း ကြာပြီ”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ မြေကြီးပေါ်တွင် ဒူးထောက်လျက်သား ကျသွား၍ ခရမ်းရောင်အလင်းကို လှမ်းဆွဲလိုက်ရာ သူ့လက်ဝါးမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။

သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်နေသည်။ သူ ပြန်ထပြီး သူ့အရှေ့ရှိ ကောင်းကင်နတ်အရှင်ကို သတ်ချင်သော်လည်း အင်အားချင်း မယှဉ်နိုင်မှန်း သိလေသည်။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်တစ်ယောက်၏ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်နိုင်မည်မဟုတ်ပေ။

သူ၏ဆင်ခြင်တုံတရားက သူ့ကို မလှုပ်ရှားဘဲ သည်းခံထားရန် ပြောနေသည်။ ယင်းကသာ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

ချင်မူက သူ့ကို အေးစက်စက် ကြည့်ကာ ပြောသည်။ “လွန်ခဲ့ နှစ်လေးသောင်းက မင်းရဲ့ ခမည်းတော် ငါတို့လက်ထဲမှာ သေခဲ့ရတယ်... ငါတို့က ကောင်းကင်နတ်ဘုံကို ထိန်းချုပ်ဖို့ ဒီရုပ်ခန္ဓာကို ဖန်တီးထားတာပဲ”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ တုန်ရီအက်ကွဲစွာ မေးလေသည်။ “ဘာကြောင့်လဲ”

“ဘာကြောင့်လဲ”

ချင်မူက ရယ်သည်။ “ဘာကြောင့်ဆို ဒီနေရာက ငါတို့ကို အာဏာတွေ ပေးနိုင်လို့ပဲ... မင်း ရိုးသားတုံးအတဲ့ အိမ်ရှေ့မင်းသားအနေနဲ့ ဆက်နေရင် အသက်ရှင်နိုင်တယ်... ထုတ်ပြောလိုက်ရင်တော့ သေရမယ်”

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသား တိတ်ဆိတ်သွားသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ရီမနေတော့ပေ။

ချင်မူက လက်ဝှေ့ယမ်းကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ငါ မင်းကို ရှင်းပစ်နိုင်မယ့် အထောက်အထားလည်း မရှိဘူး... အိမ်ရှေ့မင်းသားတစ်ယောက်ကို သတ်တာကလည်း အတော်လေး အလုပ်ရှုပ်တော့ မင်းကို လွှတ်ပေးလိုက်မယ်... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”

အရှေ့နန်းဆောင်၏ အိမ်ရှေ့မင်းသားသည် မျက်ရည်များဖြင့် ထရပ်ပြီး ခေါင်းငိုက်စိုက်ကျလျက် ဖြည်းဖြည်းချင်း ထွက်သွား၏။

“ရပ်လိုက်” ချင်မူ သူ့အား လှမ်းခေါ်သည်။

အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသား တောင့်တင်းသွားပြီး တိတ်ဆိတ်စွာ ရပ်သွားသည်။

“ငါတို့ကို သစ္စာဖောက်ဖို့ မတွေးနဲ့ ... မဟုတ်ရင် မင်း ကွပ်မျက်ခံရမယ် နားလည်လား” ချင်မူက ပြောလိုက်သည်။

အိမ်ရှေ့မင်းသားသည် တိတ်ဆိတ်စွာ ခေါင်းညိတ်၏။

“သွားတော့”

အိမ်ရှေ့မင်းသားမှာ မျက်ရည်များဝဲလျက် ထွက်သွားလေသည်။

ချင်မူမှာ စိတ်သက်သာရာရသွားသည်။ ‘သူသာ တကယ် လှုပ်ရှားရင် ဒီရုပ်ခန္ဓာနဲ့တောင် သူ့ရဲ့ ဧကရာဇ်ပလ္လင်အဆင့် စွမ်းအားကို ငါ မခုခံနိုင်ဘူး... ဒါကြီးက ကြီးလွန်းတော့ ထိန်းချုပ်ရခက်တယ်.... အထွတ်အထိပ်အဆင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တွေကို ဒါနဲ့ အနိုင်ယူဖို့ တော်တော် ခက်မှာပဲ’

ချင်မူ မသက်မသာဖြင့် အပြင်ထွက်လာသည်။ ‘အရင်ဆုံး နံ့သာဆောင်ဆီ သွားပြီး ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်ကို ယူလို့ရမလား ကြည့်ရမယ်.. ပြီးရင် ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်မှာ ဘယ်လိုဖန်ဆင်းလက်နက်တွေ အများကြီး ဖန်ဆင်းနိုင်လဲ ကြည့်မယ်...’

သူ တားမြစ်နယ်မြေမှ ထွက်လိုက်သည့်အချိန်တွင် အမျိုးသမီးတစ်ယောက်က သူ့ဆီ လျှောက်လာသည်။ သူမသည် လေတောင်ပံခြေနင်းကို ဝတ်ဆင်ထားပြီး အနီရောင်အပေါ်ဝတ်မှာ ပခုံးသားများ ပေါ်သည့်တိုင်အောင် လျှောကျနေသည်။ အရပ်သည်လည်း မြင့်မားကာ ရင်သားအား တစ်ဝက်ကျော် ဖော်ထား၏။ ၎င်းကာ ကောင်းကင်နတ်အရှင်ဆယ်ယောက်အနက်မှ နတ်အရှင်မချန်း ဖြစ်ပေသည်။

ချင်မူမှာ မျက်တောင်ပုတ်ခတ်ရင်း ဒုက္ခရောက်ပြီဟု တွေးလိုက်မိ၏။

“ရှင် ဘာလို့ ဒီရောက်နေတာလဲ ဧကရာဇ်” နတ်အရှင်မချန်းက သူ့ကို အကဲခတ်နေပြီးနောက် တခစ်ခစ် ရယ်သည်။

ချင်မူ ပြန်ရယ်လိုက်၏။ “မိဖုရား၊ ဒါက ကိုယ်တော့်ရဲ့ ရှေးဟောင်းမြေလေ... မိဖုရား ဘာကြောင့် ဒီကို ရောက်လာတာလဲ”

နတ်အရှင်မချန်းက ပြုံးသည်။ “ရှင် မိဖုရားဆောင်ကို ရောက်မလာတာ ကြာပြီ... အခု ရောက်လာပြီဆိုတော့ ကျွန်မက ရှင့်ကို စောင့်နေရတာပေါ့ရှင်.. မထင်မှတ်စရာကောင်းတာက ရှင်က ကျွန်မဆီ လာမယ့်အစား ဒီကို လာတာပဲ”

ချင်မူမှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ ဤနတ်အရှင်မချန်းက ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်တစ်ခု ဖြစ်နိုင်ကြောင်း တွေးမိသည့်အခါ သူ့မှာ မသက်မသာ ဖြစ်လာတော့သည်။

All Chapters