ဥခွံ
Vol. 77 Ch. 1001
အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသား အရှေ့မှ သွားနေစဉ် ချင်မူသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း အေးအေးလူလူ လမ်းလျှောက်နေ၏။ မိဖုရားဆောင်ထဲတွင် အလှပဂေးများ ပြည့်နှက်နေသည့်အတွက် ပြန်ရန်ပင် မေ့လျော့သွားစေနိုင်သည်။
မိဖုရားဆောင်တွင် မိဖုရားများလှသလို၊ နန်းဆောင်များလည်း ပေါများလှသည်။ မည်သည့်လမ်းသို့ လျှောက်လျှောက်၊ လမ်းအဆုံးတွင် ချစ်စဖွယ်ကောင်းသော မိဖုရားများ၏ အချစ်ရိပ်မြုံဆီသို့ ရောက်သွားမည်ဖြစ်သည်။ အမှန်ပင် ဇိမ်ကျလှပေသည်။
ချင်မူ လမ်းများကို ကြည့်ရင်း ခေါင်းယမ်းမိသည်။ ‘ကောင်းကင်နတ်ဧကရာဇ်က ဇိမ်ခံလွန်းတယ်… သူ သေသွားရင် သူ့နောက်မပါဘဲ ကောင်းကင်နတ်အရှင်ဆယ်ယောက်ပဲ ခံစားရမှာ… ကောင်းကင်နတ်ဧကရာဇ် ကလေးတွေ ဘယ်လောက်မွေးထားလဲ မသိဘူး… မွေးထားရင် ကလေးအမေတွေက ဘယ်သူတွေဖြစ်မလဲ”
သူ အလွန်သိချင်နေမိသည်။ သူ၏လက်ရှိအခြေအနေသည် ပါးလွှာသော ရေခဲပြင်ထက်၌ လမ်းလျှောက်နေရသကဲ့သို့ အလွန်အန္တရာယ်များသော်လည်း သူ့မှာ မတွေးမိဘဲ မနေပေ။
နောက်ဆုံးတော့ အရှေ့နန်းဆောင်၏ အိမ်ရှေ့မင်းသားက သူ့ကို မိဖုရားဆောင်၏ တားမြစ်နေရာဆီ ခေါ်သွားသည်။ ထိုနေရာတွင် စောင့်ရှောက်နေသော ရှေးဟောင်းနတ်ဘုရားရုပ်တုများ ရှိပြီး သူတို့ ဖြတ်လျှောက်သွားသော ကျောက်ရုပ်တုတိုင်းက အသက်ရှူနေသော ခန္ဓာကိုယ်အစစ် ဖြစ်လာ၏။ သူတို့က နတ်လက်နက်များ ဆွဲကိုင်လျက် အရိုအသေပေးကြသည်။
ချင်မူ သူတို့အား ကြည့်လိုက်၏။ ဤနတ်ဘုရားများက အတိုင်းထက်အလွန် အင်အားကြီးမားပြီး အဆီအနှစ်၊ သွေးများ ပိုင်ဆိုင်ထားကြသည်။ ကျောက်ရုပ်အခြေအနေမှ ထွက်လာသည့်အခိုက်အတန့်မှာပင် သူတို့ကား စွမ်းအားအမြင့်ဆုံး ဖြစ်နေချေပြီ။
‘ဒီစစ်သည်တော်တွေက တားမြစ်နေရာကို စောင့်ရှောက်ဖို့ တာဝန်ချထားခံရတဲ့ ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်လောက်တယ်’
ချင်မူ အသည်းထဲ အေးစိမ့်သွားသည်။ ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့သည် အထူးချွန်ဆုံး နတ်ဘုရားများနှင့် မိစ္ဆာများကို ရွေးချယ်ထားသော လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ လက်ဝဲလက်ယာ နဂါးသိုင်းတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ဗျူဟာတပ်ဖွဲ့နှင့် လက်ဝဲလက်ယာ နတ်ရှိန်ဝါတပ်ဖွဲ့တို့ဖြစ်ကြသည်။ ထိုတပ်ဖွဲ့များ၏ စစ်သည်တော်တစ်ယောက်အဖြစ် စာရင်းသွင်းနိုင်ရန် သိုင်းအဆင့်သည် အနိမ့်ဆုံး ကျောက်စိမ်းမြို့တော်အဆင့်ပင် ဖြစ်ရန် လိုအပ်၏။
ဤနေရာရှိ နတ်ဘုရားများနှင့် မိစ္ဆာတို့၏ စွမ်းအားက အတိုင်းထက်အလွန် ကြောက်စရာကောင်းပေသည်။
သူတို့၏ နတ်လက်နက်များကလည်း ပုံမှန်မဟုတ်ပေ။ အားလုံးတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မဟာတာအို ကိန်းဝပ်နေသောကြောင့် လက်နက်များ စုပေါင်းလိုက်လျှင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပုံသဏ္ဍာန်ကို ဖော်ဆောင်ကာ ကြောက်မက်ဖွယ်ရာ စွမ်းအား ထုတ်လွှတ်ပေးနိုင်သည်။
ကောင်းကင်နယ်စားမင်းသည်ပင် မဟာတာအို ၄၉ ခုဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပါလော။
သို့တိုင်အောင် ဤနေရာတွင် နတ်ဘုရားများနှင့် နတ်လက်နက်များ အင်အားအနည်းဆုံးတစ်သောင်း ရှိနေသည်။
ပေါင်းစည်းထားသော နတ်လက်နက်တို့သည် ရှေးဟောင်းနတ်ဘုရားအစစ်နှင့် မယှဉ်နိုင်သော်လည်း အင်အားကြီးမားကြသေး၏။
‘ဒီနေရာကို ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က အတော်အရေးထားတာပဲ… တခြားကောင်းကင်နတ်အရှင်တွေလည်း ဒီကို ရောက်ဖူးမလား မသိဘူး’
ချင်မူ ရှေ့ဆက်လျှောက်သွားရင်း တွေးနေမိသည်။ ‘အဲဒီကောင်းကင်နတ်အရှင်တွေက ကောင်းကင်နတ်ဧကရာဇ် မွေးတဲ့နေရာကို ဘယ်လက်လွှတ်ခံပါ့မလဲ… ဒီနေရာကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရှာဖွေပြီးနေလောက်ပြီ’
အရှေ့တွင် အရှေ့နန်းဆောင်၏ အိမ်ရှေ့မင်းသားက ရပ်၍ အရိုအသေပေးသည်။ “ခမည်းတော်၊ တားမြစ်နေရာက အရှေ့မှာပါ… သားတော် အထဲ မဝင်ဝံ့ပါဘူး”
ချင်မူ အရှေ့သို့ လျှောက်သွားကာ ပြုံးလိုက်သည်။ “ခမည်းတော် ဝင်ခွင့်ပေးနေတာတောင် သားတော်က ဘာလို့ မဝင်ရဲတာလဲ”
ထိုစဉ် သာယာနာပျော်ဖွယ် သီချင်းသံက သူ့နားထဲသို့ ရောက်ရှိလာသည်။ ၎င်းသည် အတိုင်းထက်အလွန် ခမ်းနားဆန်းပြားသော တာအိုတေးသံ၊ တာအိုတုန်ခါသံ ဖြစ်၏။
အစောင့်အရှောက်ဆောင်မှာတုန်းက ချင်မူသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများစွာ ရရှိခဲ့သည်။ သို့သော် ထိုသင်္ကေတအမှတ်အသားများမှာ အလွန်ဆန်းကြယ်နက်နဲသောကြောင့် နားလည်ရန် မလွယ်ပေ။
သို့ဖြစ်၍ ချင်မူမှာ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများအထဲတွင်သာ ပိုမိုအားစိုက်ထည့်ခဲ့၏။ အထူးသဖြင့် ကောင်းကင်နယ်စားမင်း၏ မဟာတာအိုတွင်ပင်။ သူက ကောင်းကင်နယ်စားမင်း၏ မဟာတာအိုသင်္ကေတအမှတ်အသားများကို အများဆုံး အသုံးပြုပြီးနောက် ထိုက်ဝေသင်္ချာကျမ်းဖြင့် ပြန်လည်တွက်ချက်ခဲ့သည်။
ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတများနှင့် ပတ်သက်၍မူ အနည်းအကျဉ်းသာ တွက်ထုတ်ခဲ့ဖူးသည်။
ကောင်းကင်နတ်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရားများအနက် အသန်မာဆုံး သိုင်းပညာရှင် ဖြစ်သည်။ သူက လမ်းစဉ်တစ်သောင်းကို ထိန်းချုပ်ထားသည့်အပြင် အနက်နဲဆုံး မဟာတာအို သင်္ကေတအမှတ်အသားများကိုလည်း ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းနှင့် တာအိုဘိုးဘေးကြီးမှာ သူ၏သင်္ကေတအမှတ်အသားများအတွက် အများဆုံး အားစိုက်ထည့်ပေးခဲ့ရသည်။
ချင်မူ့အနေဖြင့် ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်ကို လေ့လာပြီးနောက် အိပ်မက်များမှတစ်ဆင့် ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများကို ခွဲခြမ်းစိတ်ဖြာရန်ပင် ခက်ခဲနေသည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် ဤတာအိုတေးသံတို့သည် နားလည်ရန်ခက်ခဲသော မဟာတာအိုသင်္ကေတအမှတ်အသားတချို့အား ရှင်းပြနေလေသည်။
အမှန်တကယ် ထူးခြားဆန်းပြားလှ၏။
ချင်မူ အရှေ့သို့ ငေး၍ ကြည့်နေမိသည်။ နေရောင်ခြည်မှ ဖြာထွက်လာသော သက်တံရောင်သည် ယိမ်းနွဲ့နေသည့် ပေါင်းမြက်ပင်တို့နှင့် ထွေးယှက်ရစ်ပတ်သွား၏။ ပေါင်းစည်းလျက် ထွက်ပေါ်လာသော အရောင်အဝါမှာ အနည်းငယ် မှိန်ပျနေသည်။
သက်တံရောင်၏ ခရမ်းရောင်ကား အစစ်အလား ထင်ရသည်။ တာအိုတေးသံက သက်တံဆီမှ ပျံ့လွင့်လာနေခြင်းပင်။
ထူးဆန်းစွာနှင့် ပတ်ဝန်းကျင်နေရာမှာ မကျယ်ဝန်းသယောင် ထင်ရသော်လည်း သူ လမ်းလျှောက်ဝင်သွားသည်နှင့်အမျှ ကျယ်လာသည်။ သက်တံရောင်များသည် ခရမ်းရောင်အလင်းရေတံခွန်တစ်စင်း စီးဆင်းနေသည့်အလား သူတို့ကို လှည့်ပတ်ပျံဝဲနေကြ၏။
‘ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ဒီမှာ မွေးခဲ့တာလား’
ချင်မူမှာ သူ၏မဟာတာအိုတေးသံကို ခံစားရင်း သင်္ကေတအမှတ်အသားများအား ပိုမိုနားလည်လာသဖြင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်လာသလို ခံစားနေရသည်။
ခရမ်းရောင်အလင်းနှင့် အခိုးအငွေ့များ၏ လှုပ်ရှားမှုတို့က တစ်ချက်တစ်ချက် လမ်းတက်လျှောက်သွားနိုင်သော တောင်တန်းများသဖွယ် ဖွဲ့တည်သွားတတ်သည်။ တစ်ချက်တစ်ချက် ကောင်းကင်နတ်မြစ်တစ်စင်းသဖွယ် စီးဆင်းနေပြီး တစ်ချက်တစ်ချက် ကြယ်တာရာအလင်းကွင်းများသဖွယ် တောက်ပဖြာထွက်လာတတ်၏။
တချို့အလင်းနှင့် အခိုးအငွေ့များဆိုလျှင် မြေထုများအသွင် ချိတ်ဆက်နေသည်။ ထိုမြေထုများသည် မြေထုအစစ်များသဖွယ် ဖြစ်၍ အပေါ်မှ လမ်းလျှောက်သွားနိုင်၏။ ထူးဆန်းသော သစ်ပင်များနှင့် ပန်းပွင့်များလည်း ဖွဲ့တည်နေကြသည်။
ပို၍ပင် ထူးခြားဆန်းကြယ်သည်မှာ ဤနေရာ၏ အလင်းနှင့် အခိုးအငွေ့များကို ရှူသွင်းပြီးနောက် ချင်မူမှာ ချီစွမ်းအင် ပိုမိုသန့်စင်သွားကြောင်း ခံစားလိုက်ရသည်။
ဤသည်မှာ ကျင့်ကြံအားထုတ်ခြင်းအတွက် အထူးကောင်းမွန်သည့် အဆင့်မြင့်စွမ်းအင်တို့ ကိန်းဝပ်နေသော အထွတ်အမြတ်နေရာတစ်နေရာ ဖြစ်ပေသည်။
ရုတ်တရက် အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ အင့်ခနဲ ညည်းတွားလိုက်ရပြီး သူ့ခြေထောက်နှစ်ဖက်စလုံး အလင်းနှင့် အခိုးအငွေ့တို့၏ တိုက်စားမှုကြောင့် စုတ်ပြတ်သွားသည်။
အလင်းနှင့် အခိုးအငွေ့များအတွင်း၌ အသန့်စင်ဆုံး မဟာတာအိုများ ကိန်းဝပ်နေ၏။ ၎င်းတို့အထဲ လမ်းလျှောက်သွားလျှင် အတိုက်ခိုက်ခံရလိမ့်မည်။ အိမ်ရှေ့မင်းသားအနေဖြင့် ဤနေရာတွင် ရှိနေနိုင်ခြင်းက ဇာမဏီနတ်မင်းချီရှားယွီကို အနိုင်ယူနိုင်ခဲ့သော သိုင်းပညာရှင် ပီသနေချေပြီ။
“မင်းရဲ့ သိုင်းအဆင့်က နိမ့်လွန်းတယ်”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ခမည်းတော် မင်းကို သိုင်းအဆင့် မြှင့်တင်ပြီး စွမ်းအားတိုးပွားလာအောင် ဒီနေရာကို ဝင်ခွင့်ပြုခဲ့တာ... မင်းကို ငါ့ညာလက်ရုံးဖြစ်စေဖို့ ရည်ရွယ်ထားပေမယ့် မင်းက ငါ့ကို စိတ်ပျက်စေတယ်”
အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမှာ ရှက်ရွံ့သွားပြီး ခေါင်းငိုက်စိုက်ချက ပြောသည်။ “ခမည်းတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးဖို့ သားတော်က အားနည်းလွန်းပါတယ်”
ချင်မူက ဆက်ပြောသည်။ “အထဲ ရောက်လေလေ၊ မင်းကိုယ်ပေါ် ဖိအားများလေလေပဲ... အန္တရာယ်ကင်းတဲ့ နေရာဆီ သွားပြီး ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ခဏလောက် ကျင့်ကြံနေချည်... ငါ့ကို စိတ်မပျက်စေနဲ့”
အရှေ့နန်းဆောင်၏ အိမ်ရှေ့မင်းသားမှာ ဝမ်းသာသွားပြီး အန္တရာယ်ကင်းသည့် နေရာသို့ ဆုတ်ခွာသွားသည်။
ချင်မူ့အကြည့်သည် ကောင်းကင်နတ်ဧကရာဇ် မွေးဖွားသည့်နေရာ၏ အလယ်ဗဟိုအပေါ် ကျရောက်သွား၏။ ထိုနေရာတွင် ခရမ်းရောင်အခိုးအငွေ့များ သိပ်သည်းနေပြီး ဆွဲအားတစ်ရပ် ရစ်သိုင်းလွင့်မျောနေသည်။
‘ငါ အဲဒီကို ရောက်ရင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ နတ်ဘုရားတွေက သဘာဝအလျောက် မွေးဖွားလာတာလား... ဖန်ဆင်းရှင်တွေ ဖန်ဆင်းထားတာလား သိရလိမ့်မယ်’
သက်ဝင်လှုပ်ရှားနေသော မဟာတာအိုကို ချင်မူ ခံစားနေရသည်။ တာအိုတေးသံက လေးနက်ပြီး ရှည်လျားနေကာ ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုအား ရှင်းလင်းဖွင့်ဆိုပြနေသယောင် ထင်ရ၏။ ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတများအား ပိုမိုနားလည်သဘောပေါက်လာတော့သည်။
လျှို့ဝှက်ဆန်းကြယ်သည့် အချက်အလက်များ သူ့ဦးနှောက်ထဲ ဝင်ရောက်လာကာ သူ၏အသိပညာ ဖြစ်လာသည်။
သူသည် ပရမတ္တကမ္ဘာ၏ ဘိုးဘေးဝိညာဉ်ကမ္ဘာမှာတုန်းကလည်း ဖန်ဆင်းရှင်တို့၏ ဘိုးဘေးဝိညာဉ်များဆီမှ အသိပညာများကိုလည်း ရရှိခဲ့၏။ သို့သော် ထိုမှတ်ဉာဏ်များတွင် ရှေးဟောင်းနတ်ဘုရားများအား ဖန်ဆင်းခြင်းနှင့် ပတ်သက်ပြီး မပါဝင်ခဲ့ပေ။
ကမ္ဘာဦးခေတ်၌ ဖန်ဆင်းရှင်အများစုမှာ ရှေးဟောင်းနတ်ဘုရားများ၏ သုတ်သင်သတ်ဖြတ်ခြင်း ခံခဲ့ရကာ လူမျိုးစုအင်အား ကျဆင်းခဲ့ရသည်။ မဟာဧကရာဇ် မဟာလေဟာနယ်သို့ ဝင်ရောက်ကျူးကျော်လာသည်ကိုပါ ထည့်တွက်လိုက်လျှင် ဖန်ဆင်းရှင်များမှာ လက်ခံရရှိသင့်သော အမွေများနှင့် အဆက်ပြတ်နေခဲ့လိမ့်မည်။
ချင်မူက သွေးသံချေးဇုန်တွင် မြင်ခဲ့ရသည့် မြို့ပျက်များမှတစ်ဆင့် ဖန်ဆင်းရှင်များသည် သူတို့အား သုတ်သင်သတ်ဖြတ်ခဲ့သော ရှေးဟောင်းနတ်ဘုရားတို့အား ဖန်ဆင်းခဲ့သည်ဟု သံသယရှိမိ၏။
သို့သော် ဤသည်မှာ သူ၏သီအိုရီသာ ရှိသေးသည်။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် မွေးသည့်နေရာသို့ သွားကြည့်မှ အတိအကျ သိရလိမ့်မည်။
ခရမ်းရောင်အလင်း၏ အတွင်းကျဆုံးနေရာတွင်သာ လျှို့ဝှက်ချက်ကို သိနိုင်လေသည်။
ချင်မူ စိတ်လှုပ်ရှားနေသည်ကို မနည်းထိန်းချုပ်နေရသည်။ ဤလျှို့ဝှက်ချက်ကို ကောင်းကင်နတ်အရှင်ဆယ်ယောက်နှင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သာ သိခဲ့လိမ့်မည်။ ယခုတွင် သူလည်း သိနိုင်ချေပြီ။
သူက ရှေ့ဆက်သွားရင်း ခရမ်းရောင်အခိုးအငွေ့နှင့် အလင်းရောင်အနား ကပ်လာသည်။ ရုတ်တရက် ချင်မူ ရပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ ကောင်းကင်နတ်ဧကရာဇ်၏ ခြေချောင်းများဆီ ငုံ့ကြည့်လိုက်သည်။
အတိုင်းထက်အလွန် သန်မာသည့် ရုပ်ခန္ဓာ၏ ခြေချောင်းများမှာ အလင်းနှင့် အခိုးအငွေ့များ၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
ခြေချောင်းအပေါ်ရှိ ကြွက်သားများမှာ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် ပါးလျလာ၏။
‘ဒါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော် တည်ဆောက်ထားတဲ့ လက်နက်ပဲလေ... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ’
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာသည် မဟာတာအိုများဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်၏။ ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း သုတေသန လုပ်ထားသော မဟာတာအိုသင်္ကေတအမှတ်အသားများမှာ ထိုက်ဝေသင်္ချာကျမ်း၏ မော်လီကျူးအထိ တွက်ထုတ်ပေးနိုင်သည့် သင်္ချာနှင့် တွက်ချက်ထားခြင်းမဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ ခွန်အား သို့မဟုတ် စွမ်းအားအရ ခန္ဓာကိုယ်အစစ်ထက် အားနည်းနေရာ ခန္ဓာကိုယ်မှာ တောင့်ခံရန် ခက်ခဲလာသည်။
ချင်မူက ခန္ဓာကိုယ်ထဲရှိ ခွန်အားနှစ်ထောင်ကို လှုပ်ရှားရင်း မဟာတာအို၏ ဖိအားအား လျှော့ချရန် ကြိုးစားသည်။ သို့သော် ထိုနေရာအထိ လမ်းလျှောက်သွားနိုင်ပါ့မည်လား သူ မသေချာပေ။
ချင်မူမှာ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုရင်း အနည်းငယ် မှင်သက်သွားသည်။
သူ ရှိနေသည့် နေရာမှ ရွှမ်တု၊ ယိုတုနှင့် ကမ္ဘာဦးဘုံကိုပင် မြင်နေရလေသည်။
ထို့အပြင် စကြဝဠာ၏ ဝင်ရိုးစွန်းလေးခုအပြင် ကောင်းကင်ဘုံများကိုလည်း မြင်ရ၏။ ၎င်းတို့ကား လက်ဖြင့် လှမ်းထိနိုင်သကဲ့သို့ ကြည်လင်ပြတ်သားနေသည်။
ချင်မူ ညည်းတွားပြီး အဝေးရှိ ခရမ်းရောင်အလင်းဆီသို့ ကြည့်လိုက်သည်။ အလင်းထဲတွင် ကောက်ကြောင်းတစ်ခုအား ခပ်ရေးရေးမျှ မြင်လိုက်ရ၏။ ၎င်းက ကွဲနေသော ဥတစ်လုံးနှင့် တူသည်။ သို့သော် ဥ၏အောက်တွင် ခရမ်းရောင်အလင်းသည် တစ်စုံတစ်ခုကို တည်ဆောက်ပေးထား၏။
အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားက ကောင်းကင်နတ်ဧကရာဇ်၏ မွေးဖွားရာနေရာအစပ်တွင် ထိုင်၍ အလင်းနှင့် အခိုးအငွေ့များအား အသုံးပြုရင်း ဖြည်းဖြည်းချင်း ကျင့်ကြံနေသည်။ သူ့မှာ သိုင်းအဆင့် မြင့်တက်လာသည်ကို ခံစားရသည့်အခါ ဝမ်းသာလာလေသည်။
သူက တားမြစ်နယ်မြေအတွင်းထဲရှိ ချင်မူ့ကို ကြည့်ကာ တွေးနေသည်။ ‘ခမည်းတော်က တခြားမင်းသားတွေနဲ့ ငါ့ကို နှစ်ပေါင်းလေးသောင်းကြာ လျစ်လျူရှုခဲ့တယ်.... အခု သူ ဘယ်လိုခံပြင်းမှုတွေကို သည်းခံခဲ့ရလဲ ငါ သိပြီ... သူက ငါတို့ကို ကာကွယ်ပေးဖို့ ဖိအားတွေ အများကြီး ခံစားခဲ့ရတာပဲ’
ရုတ်တရက် သူ့မျက်နှာတွင် တွေဝေမှုများ ဖြတ်ပြေးသွား၏။ ‘ခမည်းတော် ဘာလို့ ရပ်လိုက်တာလဲ’
သူက တွေဝေရှုပ်ထွေးလာနေသည့် အမူအရာဖြင့် တားမြစ်နယ်မြေအတွင်းရှိ ချင်မူ့ကို ကြည့်နေသည်။
သူ၏ခြေထောက်များလို ကောင်းကင်နတ်ဧကရာဇ်၏ ခြေထောက်များလည်း ကောင်းကင်နတ်ဧကရာဇ် မွေးဖွားရာနေရာရှိ အလင်းရောင်ဖြင့် ဖြတ်တောက်ခံလိုက်ရကြောင်း မြင်လိုက်ရသည်။
အိမ်ရှေ့မင်းသား ကျောရိုးတစ်လျှောက် စိမ့်အေးသွား၏။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အစစ်ဆိုလျှင် သူ၏မွေးဖွားရာနေရာရှိ အလင်းရောင်ဖြင့် ဖြတ်တောက်ခံရမည်မဟုတ်ပေ။
‘သူက ခမည်းတော်မဟုတ်ဘူး’ ကြောက်မက်ဖွယ်ရာ အတွေးတစ်ခု သူ့ရင်ထဲတွင် ပေါက်ဖွားလာသည်။
သူ၏အကြည့်အောက်တွင် ချင်မူက ခရမ်းရောင်အလင်းနှင့် အခိုးအငွေ့ဆီ ဆက်လက်ရွေ့လျားသွားသည်။ ထိုနေရာရှိ မဟာတာအို၏ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် သူ့ခြေထောက်များသည် စုတ်ပြတ်နေသည့် အသားစများ ဖြစ်လာပြီး ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ ပုံပျက်ရှုံ့တွလာ၏။ သူ၏ကြွက်သားများ ကျုံ့လာကာ ရုပ်ခန္ဓာလည်း သေးငယ်လာသည်။
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအတွင်း၌ ပုန်းအောင်းနေသော ချင်မူပင်လျှင် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော တာအိုဖိအားကို ခံစားလိုက်ရသည်။ သူသာ အပြင်၌ ရှိနေလျှင် ချက်ချင်းဆိုသလို မီးလောင်ပြာကျသွားလိမ့်မည်။
‘ငါ ဆက်မလျှောက်နိုင်တော့ဘူး’
ချင်မူ ရပ်၍ ကောင်းကင်နတ်ဧကရာဇ်၏ မျက်လုံးများကို အသုံးပြုကာ ခရမ်းရောင်အလင်းဆီ ကြည့်လိုက်သော်လည်း ဥခွံအောက်ရှိ အရာကို မြင်ရရန် ဝါးတားနေသည်။
‘သူ့ရုပ်ခန္ဓာရဲ့ မျက်လုံးတွေက အသုံးမဝင်တော့... ငါ့မျက်လုံးငါပဲ အသုံးပြုရမယ်... ပွင့်လိုက်’
ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲရှိ စွမ်းအားဖြင့် မျက်ခုံးနှစ်ဖက်ကြားကို ကာထားသည်။ ထို့နောက် မျက်ခုံးနှစ်ဖက်ကြားကို ဖွင့်လိုက်ကာ သူ၏ခန္ဓာကိုယ်အစစ် ပေါ်လာ၏။ သူက တတိယမျက်လုံးကို ဖွင့်ပြီး ခရမ်းရောင်အလင်းထဲရှိ အရာဆီ ကြည့်လိုက်သည်။
ဥအကွဲအောက်တွင် ခရမ်းရောင်အလင်း လွှမ်းခြုံထားသော အရာမှာ ရှေးဟောင်းယဇ်ပလ္လင်တစ်ဆူ ဖြစ်နေမှန်း မြင်သည့်အခါ ချင်မူ တုန်လှုပ်သွားတော့သည်။
ယဇ်ပလ္လင်တွင် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ပလ္လင်အလယ်၌ စုဝေးနေစေသော ဆန်းကြယ်စွမ်းအားတစ်ခု ကိန်းဝပ်နေသယောင် ထင်ရသည်။ သိပ်သည်းပြီး ရှုပ်ထွေးသည့် သင်္ကေတအမှတ်အသားများသည် အလင်းနှင့် အခိုးအငွေ့များမှတစ်ဆင့် ဥခွံအကွဲအပေါ်တွင် ခတ်နှိပ်ခံထားရ၏။
ဥခွံအပေါ်ရှိ သင်္ကေတများက ဆန်းကြယ်ပြီး ရှုပ်ထွေးနေသည်။ အစောင့်အရှောက်ဆောင်၏ ကျောက်စိမ်းစာလိပ်တွင် မြင်ခဲ့ရသည်ထက် ပိုမို ရှုပ်ထွေးသလို ပို၍လည်း များသည်။
သို့သော် ဥခွံက ဟောင်းလောင်းပေါက် ဖြစ်သည်။ ကျန်သည့်အရာဆို၍ တဖျတ်ဖျတ် လင်းလက်နေသော ဆန်းကြယ်သင်္ကေတအမှတ်အသားများသာ ရှိပေသည်။
‘အဲထဲမှာ အဖြူရောင် ဥအနှစ်တချို့ ရှိနေတဲ့ပုံပဲ’