← Chapters

တုထျန်း၏အိပ်မက်

Vol. 77 Ch. 1005

တုထျန်း၏အိပ်မက်

Vol. 77 Ch. 1005

တုထျန်းမိစ္ဆာဘုရင်သည် မဟာလေဟာနယ်သို့ သွား၍ အောင်မြင်မှု ရယူရန် ပြင်ဆင်ထားသော်လည်း သေမင်းခံတွင်းဝထဲ တိုးဝင်နေခြင်းသာ ဖြစ်၏။ သို့သော် သူ့လူများကို ချင်မူ့ဆီ အပ်ထားပြီးဖြစ်ရာ သူ မဟာလေဟာနယ်တွင် ကျဆုံးသွားပါက ချင်မူ့အနေဖြင့် သူတို့အား စောင့်ရှောက်ရုံအပြင် မရှိတော့ပေ။ ထို့ကြောင့် သူ့ဆန္ဒ ပြည့်သွားသည်ဟု ဆိုနိုင်သည်။

အင်အားကြီးမားသော ကောင်းကင်နတ်အရှင်မူတွင် သူ့လူများကို လုံခြုံသော နေရာသို့ ပို့ထားနိုင်မည့် နည်းလမ်းများ ရှိကြောင်း သူ သိလေသည်။

ချင်မူသည် သူ သေဆုံးသွားပြီးနောက်တွင် သူ့လူများအား မျက်စိဒေါက်ထောက် ဂရုစိုက်ပေးလောက်မည် မဟုတ်သော်လည်း အတိတ်တုန်းက ပတ်သက်ခဲ့မှုအပေါ် ထောက်ထားရင်း အနည်းဆုံးတော့ စကြဝဠာထဲတွင် ဦးတည်ရာမဲ့ လျှောက်သွားရင်း အန္တရာယ်များသော နေရာများသို့ ရောက်မသွားရအောင် အခြေချစရာ နေရာတစ်နေရာတော့ စီစဉ်ပေးလိမ့်မည်။

ကောင်းကင်နတ်ဆိုးများ ခြေသလုံးအိမ်တိုင်ဘဝဖြင့် လျှောက်သွားနေရသည်မှာ ကြာမြင့်လှချေပြီ။

တုထျန်းကမ္ဘာ ပျက်စီးသွားသည့်အခါ သူနှင့် သူ့လူများမှာ သူတို့ကို လက်ခံမည့် ကောင်းကင်ဘုံများ ၊ ကမ္ဘာများ မရှိသောကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အင်အားကြီးမားသော တချို့ကောင်းကင်ဘုံများဆိုလျှင် သူတို့နောက် လိုက်လာပြီး ကျွန်ပြုတတ်ကြသည်။

ထိုအတိုင်းသာ ဆက်သွားလျှင် တုထျန်းကမ္ဘာ၏ ကောင်းကင်နတ်ဆိုးမျိုးနွယ် မျိုးတုံးသွားလိမ့်မည်။

တုထျန်းမိစ္ဆာဘုရင်သည် အမှန်တကယ် ဉာဏ်ကောင်း၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကျူးကျော်ခဲ့တုန်းက ၎င်းက ကောင်းကင်ဘုံအသေးလေးတစ်ခုဟုသာ ထင်ခဲ့သည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကျောက်ရုပ်တုများကို မြင်လျှင် ရန်သူက အင်အားကြီးမားမှန်း ချက်ချင်းသိလိုက်သဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကျူးကျော်ဝင်ရောက်ရန် အတွေးများကို စွန့်ပစ်ခဲ့ရ၏။

ချင်မူက မိစ္ဆာနတ်ဆိုးဘာသာစကားနှင့် သင်္ချာတွင် ကျွမ်းကျင်သလို၊ တုထျန်းမိစ္ဆာဘုရင်လည်း ကျွမ်းသည်။ သင်္ချာတွင်လည်း ထူးချွန်၏။

မဟာလေဟာနယ်သို့ သွားလျှင် သေရမည်မှန်း သူ သိသော်လည်း သူ့တွင် တခြားရွေးစရာ မရှိပေ။

ချင်မူလည်း ဤအခြင်းအရာကို သိထားပြီးဖြစ်သည့်အတွက် တုထျန်းမိစ္ဆာဘုရင်ဆီ မော့ကြည့်လိုက်သည်။ သူ့မျက်နှာမှာ လောကဓံကြောင့် အလွန်ရုန့်ရင်းကြမ်းတမ်းနေသည်။ ဆင်းရဲဒုက္ခများသည် အသက်ကြီးရင့်သယောင် ထင်ရစေသော လက်နက်တစ်မျိုးးပင် ဖြစ်၏။ ကောင်းကင်နတ်ဆိုးများမှာ အသက်မကြီးနိုင်သော်လည်း တုထျန်းမိစ္ဆာဘုရင်မှာ သိသိသာသာ အိုစာသွားခဲ့ပြီး သူ၏ရည်မှန်းချက်ကလည်း ယခင်နှင့် မတူတော့ပေ။

“တုထျန်းကမ္ဘာရဲ့ ကောင်းကင်နတ်ဆိုးတွေ ဘယ်လောက် ကျန်သေးတာလဲ” ချင်မူ မေးလိုက်သည်။

တုထျန်းမိစ္ဆာဘုရင်မှာ ပျော်သွားသော်လည်း အနည်းငယ်သာ ဖြစ်၏။ သူက အလျင်အမြန် ပြန်ဖြေသည်။ “သိပ်မကျန်တော့ဘူး... တစ်သန်းလောက်ပဲ ရှိတယ်... ငါတို့က ရေနဲ့ အစားအစာ ပေါများတဲ့ နေရာလေးတစ်နေရာဆို ရပါတယ်.... သူတို့အတွက် မြေအကြီးကြီး မလိုဘူး”

“တစ်သန်းကတော့ သိပ်မရှိဘူး... ဒါပေမဲ့ ကျွန်တော်ကလည်း ကောင်းကင်နတ်အရှင်ဆိုပေမယ့် ကောင်းကင်နတ်ဘုံမှာ အာဏာမရှိဘူးဖြစ်နေတယ်... သူတို့အတွက် နေစရာ ရှာမပေးနိုင်ဘူး”

ချင်မူ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “အခု သူတို့ ဘယ်မှာလဲ”

“ကောင်းကင်နတ်ဘုံရဲ့ အပြင်က ကောင်းကင်နတ်မြစ်ထဲမှာ... ကောင်းကင်နတ်ဘုံထဲ ဝင်ဖို့ သူတို့က အဆင့်မမှီဘူးတဲ့လေ”

တုထျန်းမိစ္ဆာဘုရင်သည် အားတုံ့အားနာ ပြုံးရင်း ပြော၏။ “သင်္ဘောတွေ သူတို့ကို မတိုက်အောင် ကမ်းစပ်မှာပဲ နေဖို့ မှာထားခဲ့တယ်... ကောင်းကင်နတ်အရှင်....”

ချင်မူက ကြားဖြတ်ပြောလိုက်သည်။ “မမကြီးယန်အာ၊ ဖက်တီးနဂါး လာပါဦး”

ယန်အာက ဖက်တီးနဂါး၏ ခေါင်းပေါ်တွင် ရပ်နေပြီး နှစ်ယောက်သား အပြေးအလွှား ရောက်လာကြသည်။ ချင်မူက ပုလင်းအသေးလေး ထုတ်ကာ ပြောသည်။ “ဒီရတနာကို ယူသွားပြီး တုထျန်းမိစ္ဆာဘုရင်နဲ့အတူ ကောင်းကင်နတ်ဘုံအပြင် လိုက်သွားပါ... အပြင်ရောက်ရင် ကောင်းကင်နတ်ဆိုးတွေကို ဒီပုလင်းထဲ ထည့်လိုက်”

ဤပုလင်းသည် တောင်ကွယ်မျိုးနွယ်စု ပေးခဲ့သော ဖန်ပေါင်းချောင်ကမ္ဘာပုလင်းဖြစ်၏။ ချင်မူနှင့် လော့ဝူရွှမ်က မဟာလေဟာနယ်တွင် တောင်ကွယ်မျိုးနွယ်စုခေါင်းဆောင်နှင့် ဆုံတွေ့ခဲ့ပြီး ယိုတု တည်ဆောက်ပေးမည်ဟူသော ချင်မူ၏ကတိကြောင့် အပြန်အလှန်အဖြင့် ဤနေရာအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဖန်ပေါင်းချောင်ကမ္ဘာပုလင်း၏ အတွင်းမှာ ကျယ်ချေသည်။ အကြီးစားကောင်းကင်ဘုံတစ်ဘုံ ပါရှိ၏။

ချင်မူက သူ၏ကျင့်ကြံခြင်းအတွက် မူလဝိညာဉ်ရည်ကြည် ထည့်ထားရန် ဤပုလင်းကို အသုံးပြုထားသည်။ ဖန်ပေါင်းချောင်ကမ္ဘာပုလင်းမှ ဂြိုဟ်တစ်လုံးကို ကောင်းကင်နတ်ဆိုးမျိုးနွယ်အတွက် ယာယီနေရာအဖြစ်လည်း သုံးနိုင်သေးလေသည်။

တုထျန်းမိစ္ဆာဘုရင်မှာ အတိုင်းထက်အလွန် ကျေးဇူးတင်သွားသည်။ ဖက်တီးနဂါးက သူ့ကို ကြည့်ကာ ဇဝေဇဝါ မေး၏။ “နောင်ကြီးတုထျန်း၊ ဘယ်တုန်းက ဒီလောက် အိုစာသွားတာလဲ”

တုထျန်းမိစ္ဆာဘုရင်မှာ ခါးသီးစွာ ပြုံးလိုက်သည်။ “တာအိုညီလေး၊ မနောက်ပါနဲ့ကွာ”

သူက နဂါးချီလင်နှင့် ယန်အာကို ကောင်းကင်နတ်ဘုံအပြင်သို့ ဦးဆော်ခေါ်သွားသည်။ အပြင်ရောက်သည့်အခါ စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများဖြင့် အနက်ရောင်သင်္ဘောအစုတ်ပေါ်တွင် ရပ်နေကြသော ကောင်းကင်နတ်ဆိုးများအား မြင်လိုက်ကြရ၏။ သို့သော် သိပ်မများပေ။ သူတို့က ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်တန်ရာသည်။ မိစ္ဆာနတ်ဘုရားတစ်ပါးကိုလည်း တွေ့မြင်ရသည်။

သင်္ဘောအပေါ်တွင် ပျက်စီးနေသော ကောင်းကင်ရတနာများလည်း ရှိနေသည်။ နဂါးချီလင်တစ်ချက် ကြည့်လိုက်သည့်အခါ ၎င်းသည် မိစ္ဆာနတ်ဘုရား၏ အရပ်ခြောက်မျက်နှာမြေပြင်ဖြစ်ပြီး ကောင်းကင်နတ်ဆိုး သောင်းဂဏန်းမျှ တွေ့ရ၏။ သေဆုံးသွားသော မိစ္ဆာနတ်ဘုရားက သူ့လူများ ယာယီနေနိုင်ရန် သူ၏အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာအား ပေးထားခြင်း ဖြစ်မည်။

ယန်အာက ဤကောင်းကင်နတ်ဆိုး ဒုက္ခသည်များကို ဖန်ပေါင်းချောင်ကမ္ဘာပုလင်းအတွင်းရှိ ဂြိုဟ်တစ်လုံး၌ နေရာချပေးလိုက်သည်။ ထိုဂြိုဟ်သည် တောင်ကုန်းတောင်တန်းများ၊ ရေပြင်များဖြင့် မြေဩဇာကောင်းမွန်သည့် နေရာတစ်နေရာ ဖြစ်၏။ ဤဒုက္ခသည်များ အသက်ရှင်နေထိုင်ရေးအတွက် စိုးရိမ်စရာမလိုဘဲ အခြေချနိုင်သည်။

တုထျန်းမိစ္ဆာဘုရင်မှာ စိတ်သက်သာရာသွားပြီးနောက် သူတို့နှစ်ယောက်နှင့်အတူ ကောင်းကင်နတ်အရှင်မူ၏ အိမ်တော်ဆီ ပြန်လိုက်လာသည်။ ယန်အာနှင့် နဂါးချီလင် အထဲတွင် လျှောက်တင်နေစဉ် သူက အပြင်၌ ကျန်ရစ်ခဲ့၏။

အချိန်တချို့ကြာသော် ယန်အာ ထွက်လာသည်။ “သခင်လေးက မတွေ့တော့ဘူးလို့ ပြောတယ်... သူမှာလည်း ခက်ခဲမယ့် အချိန်တွေ ရှိလာတော့မှာမလို့ ရှင့်ကို ဂရုစိုက်ပါတဲ့”

တုထျန်းမိစ္ဆာဘုရင်က အိမ်တော်အရှေ့၌ ဒူးထောက်အရိုအသေပေးရင်း လျှောက်တင်၏။ “ကောင်းကင်နတ်အရှင်မူရဲ့ ကျေးဇူးကို နောက်ဘဝမှာ ပြန်ဆပ်ပါ့မယ်” ထိုသို့ပြောပြီးနောက် သူ ထွက်သွားသည်။

တုထျန်းမိစ္ဆာဘုရင်သည် ကောင်းကင်နတ်ဘုံ တပ်သားစုဆောင်းပြီး မြင်းများ ဝယ်ယူနေသော အနောက်ကောင်းကင်မုခ်ဝသို့ ရောက်လာ၏။ ကောင်းကင်ဘုံအသီးသီးမှ နတ်ဘုရားများနှင့် မိစ္ဆာများက စာရင်းသွင်းရန် ရောက်ရှိနေကြပြီး မဟာလေဟာနယ်အား တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

သူလည်း စာရင်းသွင်းလိုက်သည်။ တာဝန်ကျနတ်ဘုရားအရာရှိသည် သူက စစ်ရေးကျွမ်းကျင်ပြီး နဂါးသွဲ့ရေကန်အဆင့်သို့ ရောက်ထားပြီးသော သိုင်းပညာရှင်မှန်း မြင်လျှင် တပ်မှူးအဖြစ် ခန့်အပ်လိုက်၏။

ကောင်းကင်နတ်ဘုံက ကောင်းကင်ဘုံအမျိုးမျိုးမှ နတ်ဘုရားများ၊ မိစ္ဆာများကို စုဆောင်းနေပြီးနောက် နှစ်လကြာသော် အင်အားသန်းနှင့်ချီ ရှိလာသည်။ အလံများ လွှင့်ထူထားသော စစ်သင်္ဘောများမှာလည်း မရေမတွက်နိုင်အောင်ပင်။

သင်္ဘောအပေါ်တွင် စစ်သူကြီးများက မဟာလေဟာနယ်၏ ဆန်းကြယ်မှုများကို ရင်ဆိုင်ရန် အတွေးမပေါ်လာစေမည့် နေဝသည နာသညာယတနသုတ်အား သင်ပေးကြသည်။ ထို့နောက် စစ်ချီတက်ကြပြီး လအနည်းငယ်ကြာသည့်အခါ မဟာလေဟာနယ်သို့ ရောက်လာကြ၏။

မဟာလေဟာနယ်၏ ဆန်းကြယ်မှုအမျိုးမျိုး၏ တိုက်ခိုက်မှုအောက်တွင် နတ်ဘုရားမိစ္ဆာများစွာ အတုံးအရုံး သေဆုံးကုန်ကြသည်။ တုထျန်းမိစ္ဆာဘုရင် ဦးဆောင်သော စစ်သည်တော်များက ရဲရင့်စွာ တိုက်ခိုက်ကြ၏။ ကံကောင်းစွာနှင့် မဟာလေဟာနယ်တွင် လမ်းလျှောက်နေသော အလောင်းများနှင့် ဆုံတွေ့ကာ မဟာလေဟာနယ်မြေပြင်သို့ အရောက်သွားနိုင်ခဲ့လေသည်။

သို့သော် မဟာလေဟာနယ်မြေ၏ ထူးဆန်းသောအရာများကြောင့် နတ်ဘုရားမိစ္ဆာအင်အားမှ တစ်သန်း၏ တစ်ဝက်သာ ရှိတော့သည်။ တုထျန်းမိစ္ဆာဘုရင်မှာ ကံကောင်းထောက်မစွာနှင့် အသက်ရှင်ကျန်ခဲ့ပြီး ပြောက်ကျားတပ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ့တပ်ဖွဲ့မှာ အင်အားနည်းသထက် နည်းလာသည်။ သူတို့စစ်တပ် ရိက္ခာမပြတ်လပ်ခင် စစ်ကူများ ရောက်လာ၏။

ကောင်းကင်နတ်ဧကရာဇ်၏ သားတော်၊ အိမ်‌ရှေ့မင်းသားမင်ရက ကောင်းကင်နတ်ဘုံ၏ မဟာစစ်တပ်ကြီးကို ဦးဆောင်လျက် ရောက်လာကာ သူ့အား အဆင့် (၄) သစ္စာရှိစစ်သူကြီးအဖြစ် ရာထူးမြှင့်ပေးခဲ့သည်။ သူက တပ်စိတ်တစ်စိတ်ကို ဦးဆောင်ပြီး အိမ်ရှေ့မင်းသားနှင့်အတူ စစ်ပွဲဆင်နွှဲခဲ့၏။

မဟာလေဟာနယ်တွင် တိုက်ခိုက်ရသည်မှာ အင်မတန် အန္တရာယ်များသည်။ သို့သော် တုထျန်းမိစ္ဆာဘုရင်မှာ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံထားရသကဲ့သို့ အောင်မြင်ပြီးရင် အောင်မြင်နေ၏။ သူ၏သိုင်းအဆင့်ကလည်း ကြောက်ခမန်းလိလိ တိုးတက်လာကာ နတ်ဘုရားစီရင်ရာအဆင့်ကို ဖြတ်ကျော်၍ ကျောက်စိမ်းမြို့တော်အဆင့်အထိ တက်သွားသည်။ အိမ်ရှေ့မင်းသားမင်ရက သူ့အား သတိထားမိသည့်အလျောက် မကြာခဏ ရာထူးတိုးပေးခဲ့သည်။

ဤသို့ဖြင့် နှစ်ပေါင်းတစ်ထောင် ကြာမြင့်ခဲ့ချေပြီ။ အိမ်ရှေ့မင်းသားနှင့် အတိုင်ပင်ခံသုံးပါး၏ ဦး‌ဆောင်မှုအောက်တွင် တုထျန်းမိစ္ဆာဘုရင်က ဖန်ဆင်းရှင်များ၏ အလစ်တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ပြီး နှိမ်နင်းချေမှုန်းနိုင်ခဲ့သဖြင့် အောင်မြင်မှု ရယူနိုင်ခဲ့ပြန်သည်။

စစ်ရေးအောင်မြင်မှုများ များပြားလာသည်နှင့်အမျှ တပ်မှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ယနေ့တွင် ကောင်းကင်နတ်အရှင်များက မဟာလေဟာနယ်မြေသို့ ဆင်းသက်လာကြကာ ဖန်ဆင်းရှင်များကို အားကုန်ဖိနှိပ်ရင်း ရွှင်ပျော်ပျော်ကျေးရွာအထိ ထိုးခွင်းတိုက်ခိုက်နိုင်ခဲ့ကြ၏။

အိမ်‌ရှေ့မင်းသားနှင့် အတိုင်ပင်ခံသုံးပါးက တပ်ပြန်ရုတ်ပြီး သူ့ကို ချီးမြှင့်မြှောက်စားရန် ကောင်းကင်နတ်ဘုံသို့ ပြန်ခေါ်သွားသည်။

ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် သူ့ကို တွေ့ဆုံကာ ဆုချီးမြှင့်၏။ တုထျန်းမိစ္ဆာဘုရင်ကို ဘာအလိုရှိသလဲ မေးသည့်အခါ တုထျန်းမိစ္ဆာဘုရင်က ဒူးထောက်ပြီး လျှောက်တင်သည်။ “ကျွန်တော့်လူတွေ အခြေချဖို့ ကောင်းကင်ဘုံတစ်ဘုံ လိုချင်ပါတယ်”

ကောင်းကင်နတ်ဧကရာဇ်နှင့် နတ်ဘုရားအရာရှိများ တဟားဟား ရယ်ကြသည်။ “တပ်မှူးချုပ်၊ မောင်မင်းက အောင်မြင်မှုတွေ ဒီလောက် ရယူပေးနိုင်ခဲ့တာအောင် ကောင်းကင်ဘုံတစ်ဘုံပဲ တောင်းဆိုတယ်လား... တယ်ရိုးသားပေတာပဲ” ဤသို့ဖြင့် ကောင်းကင်နတ်ဧကရာဇ်သည် သူ့ကို မရေမတွက်နိုင်သော ရတနာများ၊ ကောင်းကင်နတ်ဘုံနှစ်ဘုံ ချီးမြှင့်ပြီး မြို့စားမင်းအဆင့်သို့ တိုးမြှင့်ပေးခဲ့၏။

တုထျန်းမိစ္ဆာဘုရင်ဆိုသော နာမည်က လူထုအကြား ကျော်ကြားလာသည်။ သူ ကောင်းကင်နတ်အရှင်မူ၏အိမ်တော်သို့ သွားရောက်ရန် ပြင်ဆင်နေသည်ကို ကြားလျှင် အိမ်ရှေ့မင်းသားက သူ့ကို ဆင့်ခေါ်၏။ “ကောင်းကင်နတ်အရှင်မူက ပုန်ကန်မယ့်သူပဲ... အရှင်မင်းကြီး သူ့ကို သည်းခံထားတာ ကြာပြီဆိုပေမယ့် ထိန်းချုပ်လို့ မရခဲ့ဘူး... မင်းက သူနဲ့ ရင်းနှီးတယ်ဆိုတော့ သူက မင်းကို သံသယဝင်နေမှာ မဟုတ်ဘူး... ဒီတံဆိပ်တော်နဲ့ ဝတ်ရုံကို ယူသွားပြီး သူ့အိမ်တော်ထဲမှာ ဖွက်ခဲ့ပါဘ... မင်း အဲဒီလိုလုပ်ပြီးရင် ငါ သူ့နေရာမှာ သွားရှာပြီး သူ့ကို ပြစ်မှုနဲ့ စွပ်စွဲလို့ရတယ်... ဒါဆို အရှင်မင်းကြီးလည်း အေး‌အေးဆေးဆေး နေနိုင်သွားမယ်”

တုထျန်းမိစ္ဆာဘုရင်မှာ မှင်သက်သွားပြီး အင်ပါယာတံဆိပ်တော်နှင့် ဝတ်ရုံများကို လက်မခံရဲပေ။

“မင်းလူတွေအတွက် စိုးရိမ်နေတာလား တုထျန်း.... မင်း ကောင်းကင်နတ်အရှင်မူကို သတ်ပြီးသွားရင် မင်းလူတွေက မင်းဆီ ပြန်ရောက်လာမှာပဲလေ”

အိမ်ရှေ့မင်းသား မျက်နှာပျက်သွားကာ အေးစက်စက် ရယ်သည်။ “မမေ့နဲ့ ... ငါက မင်းကို ဒီနေရာအထိ ရောက်လာအောင် မြေတောင် မြှောက်ပေးခဲ့တာ... မင်းကျေးဇူးပြန်ဆပ်ဖို့ အချိန်ကျပြီ”

တုထျန်းမိစ္ဆာဘုရင်က ဒူးထောက်၍ လျှောက်တင်၏။ “အိမ်ရှေ့မင်းသား၊ ကျွန်တော်မျိုး မင်းသားအပေါ် ကျေးဇူးရှိပေမယ့် ကောင်းကင်နတ်အရှင်မူရဲ့ ကျေးဇူးက တောင်ကြီးတမျှ ကြီးမားလှပါတယ်.... ကျွန်တော်မျိုး ကျွေးတဲ့လက်ကိုတော့ ပြန်မကိုက်နိုင်ပါဘူး.. အရှင်မင်းသား အမိန့်ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုပါတယ်”

အိမ်ရှေ့မင်းသားမင်ရ ဒေါသထွက်သွားသည်။ သူက စားပွဲကို ဒုန်းခနဲ ရိုက်ကာ ထရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပြော၏။ “ကောင်းကင်နတ်အရှင်မူကို ပြစ်မှုနဲ့ စွပ်စွဲပြီးတော့မှ သတ်နိုင်ပေမယ့် မင်းကတော့ မတူဘူး တုထျန်း... ငါ မင်းကို ရွေးစရာ နှစ်ခုပေးမယ်.... နတ်ဘုရားစီရင်ရာစင်မြင့်ဆီ သွားမလား... တော်ဝင်တံဆိပ်တော်နဲ့ ဝတ်ရုံကို ကောင်းကင်နတ်အရှင်မူရဲ့ အိမ်ဆီ ယူသွားမလား.... မင်း ရွေးလိုက်”

တုထျန်းမိစ္ဆာဘုရင်မှာ မည်သည်ကိုမျှ မတွေးနိုင်တော့ဘဲ စဉ်းစားရကြပ်သွားသော်လည်း တခဏကြာသော် ရွေးချယ်လိုက်၏။ “ကျွန်တော်မျိုး နတ်ဘုရားစီရင်စင်မြင့်ဆီပဲ သွားလိုပါတယ်”

အိမ်ရှေ့မင်းသားက အင်္ကျီလက်အိုးကို ခါကာ ပြောသည်။ “ဒါဆို မင်း သေရမယ်”

တုထျန်းမိစ္ဆာဘုရင်သည် သူ့ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည်များကို တွေးရင် နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် ငေးငိုင်နေ၏။ ‘ငါလူတွေက ကောင်းကင်နတ်အရှင်မူနဲ့ အတူရှိတာပဲ အဆင်ပြေကြမှာပါ...’

ဓားမရောင်နှစ်လက် လက်သွားပြီ သူ့ခေါင်း ပြတ်ကျသွားသည်။ သူ၏မူလဝိညာဉ်လည်း သေဆုံးသွားပြီး ဝိညာဉ်သည် ယိုတုသို့ မဝင်ရောက်နိုင်ဘဲ ပြိုကွဲသွား၏။

သူ့မျက်စိရှေ့ရှိ အရာအားလုံး အမှောင်ဖုံးသွားသည်။

ဤအခိုက်အတန့်တွင် ယန်အာဆိုသည့် မိန်းကလေး သူ့အား ခေါ်နေသည်ကို ကြားလိုက်ရသည်။ တုထျန်းမိစ္ဆာဘုရင် ကပျာကယာ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်၏။ “ဒါ ဘာနေရာလဲ”

“တုထျန်း၊ ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်အရှင်အိမ်တော်အရှေ့မှ အိပ်ပျော်သွားတာလဲ”

တုထျန်းမိစ္ဆာဘုရင်မှာ ငေးကြောင်နေသည်။ “ငါ သေသွားတာလား... ငါ ဘယ်ရောက်နေတာလဲ... နတ်ဘုရားစီရင်ရာစင်မြင့်ရော ဘယ်မှာလဲ... အိမ်ရှေ့မင်းသားမင်ရရော”

ယန်အာက တခစ်ခစ် ရယ်၏။ “ဘာကို နတ်ဘုရားစီရင်စင်မြင့်တုန်း.. ဒါက ကောင်းကင်နတ်အရှင်မူရဲ့ အိမ်လေ... အိမ်ရှေ့မင်းသားမင်ရလည်း မရှိပါဘူး.... သူ ထွက်ပြေးသွားလို့ ဘယ်သူမှ သူဘယ်မှာ ရှိနေမှန်း မသိဘူးလို့ ကြားတယ်... ကျွန်မက အခုလေးတင် ဖက်တီးနဂါးနဲ့ သခင်လေးကို ဝင်တွေ့နေတာ... သခင်လေးက ရှင့်ကို အထဲ ဝင်လာခိုင်းလို့ လာခေါ်တာကို ရှင်က အိပ်ပျော်နေတယ်လေ”

တုထျန်းမိစ္ဆာဘုရင်မှာ မတ်တပ်ရပ်ပြီး ကြောင်တောင်တောင် ဖြစ်နေသေးသည်။ နေ‌ရောင်သည် စူးရှစွာ တောက်ပနေပြီး သူ ပတ်ဝန်းကျင်ကို ကြည့်နေမိ၏။ ဤနေရာက ကောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်အတွင်းရှိ ကောင်းကင်နတ်အရှင်မူ၏ အိမ်တော် ဖြစ်လေသည်။ လွန်ခဲ့သော နှစ်တစ်ထောင်တုန်းက ဤအနားပတ်ဝန်းကျင်တွင် လမ်းလျှောက်နေသူများလည်း ရှိနေသေး၏။ တခဏလေးသာ ကြာလိုက်သည့်အလားပင်။

သို့သော် သူ့အိပ်မက်က နှစ်တစ်ထောင် ကြာသည်။ မဟာလေဟာနယ်တွင် စစ်ပွဲများစွာ ဆင်နွှဲခဲ့ဖူးပြီး ကောင်းကင်နတ်ဘုံသို့ပင် ပြန်လာကာ ကောင်းကင်နတ်ဧကရာဇ်၏ ချီးမြှောက်ခြင်းခံထားရသေး၏။ သို့သော် နတ်ဘုရားစီရင်ရာ စင်မြင့်ထက်သို့ အပို့ခံခဲ့ရသည်။

ယန်အာက သူ့ကို အိမ်ထဲ ခေါ်သွားရင်း ပြောသည်။ “ခရီးပန်းသွားတာ နေမှာပဲ.. သခင်လေးက သူ့ကို ဒူးထောက်တာ မကြိုက်ဘူး... သူနဲ့ တွေ့ရင် အဲဒီလို မလုပ်နဲ့နော်.... ရှင် ဘယ်လိုစွမ်းအင်ဆေးလုံးမျိုး စားလဲ”

တုထျန်းမိစ္ဆာဘုရင် ခေါင်းယမ်းလိုက်သည်။ “ငါ စွမ်းအင်ဆေးလုံးတွေ မစားဘူး”

မည်သို့ဆိုစေ ယန်အာက သူ့ပါးစပ်ထဲ တစ်လုံး ထည့်ပေးသည်။ သူလည်း စားကြည့်ရင်း အရသာရှိကြောင်း တွေ့လိုက်ရ၏။

“မိန်းကလေးယန်အာ၊ စောစောက ငါ အိပ်ပျော်သွားပြီး ငါ့အိပ်မက်ထဲမှာ နှစ်တစ်ထောင် ကြာသွားတယ်.... အိပ်မက်က အသက်ဝင်လွန်းလို့ အစစ်အတိုင်းပဲ”

တုထျန်းမိစ္ဆာဘုရင်သည် စွမ်းအင်ဆေးလုံးကို စားလျက် သူမနောက်မှ လိုက်နေရင်း အိပ်မက်အခြေအနေအား ပြောပြနေ၏။ “ငါ အိပ်မက်ကနေ နိုးလာတော့ တမလွန်ဘဝ ရောက်လာသလို ခံစားရတယ်.... အိပ်မက်က အစစ်လား... အခုက အိပ်မက်မက်နေတာလား မသိတော့ဘူး”

“စောစောက ရှင် အိပ်မက်မက်နေပြီး အခု နိုးလာတာပါ”

ယန်အာမျာ မရယ်မိဘဲ မနေပေ။ “အိပ်မက်ထဲက အရာက ဘယ်လိုလုပ် အစစ်ဖြစ်နိုင်မှာလဲ.... ဥပမာ ရှင်က အိပ်မက်ထဲမှာ မြို့စားမင်းတစ်ယောက် ဖြစ်ပြီး ကျောက်စိမ်းမြို့တော်အဆင့်ဆိုပေမယ့် အခုက နဂါးသွဲ့ရေကန်အဆင့်ပဲ ရှိသေးတယ်လေ... အိပ်မက်ထဲက အရာတွေက တကယ် ဖြစ်ခဲ့ရင်တော့ နတ်ဘုရားစီရင်စင်မြင့်ဆီ လွယ်လွယ်တက်သွားမှာပေါ့ၑ

သူမစကားပြောနေစဉ် တုထျန်းမိစ္ဆာဘုရင်၏ အရှိန်အဝါက ရုတ်တရက် ပေါ်ထွက်လာသည်။ မူလဝိညာဉ်သည် နတ်ဘုရားစီရင်ရာစင်မြင့်ထက်သို့ တက်၍ နတ်ဘုရားစီရင်ရာ စင်မြင့်၏ စမ်းသပ်မှုများကို ကျော်ဖြတ်နိုင်သွား၏။

ယန်အာ ထိတ်လန့်သွားကာ အော်ဟစ်လိုက်သည်။ “ရှင် ဘယ်လိုလုပ်နိုင်တာတုန်း”

တုထျန်းမိစ္ဆာဘုရင်၏ မျက်နှာလေးဖက်မှာလည်း အကြီးအကျယ် အံ့အားသင့်နေသည်။ “အိပ်မက်ထဲမှာ တွေးခဲ့တဲ့အတိုင်း လိုက်လုပ်တာ.... အဆင့်ဆက်သွားတယ်... မိန်းကလေးယန်အာ၊ အဲဒါက တကယ် အိပ်မက်ဟုတ်ပ့ါမလား”

ယန်အာက တခဏ စဉ်းစားကာ ပြောသည်။ “ရှင့်အသိပညာတွေက ပြည့်ဝနေလို့ ဖြစ်မယ်... အဲဒါကြောင့် နတ်ဘုရားစီရင်စင်မြင့်ဆီ လွယ်လွယ်တက်သွားပြီး ကျော်ဖြတ်နိုင်သွားတာပဲ... ကျောက်စိမ်းမြို့တော်ကိုရော ဝင်လို့ရမလား စမ်းကြည့်ပါလား”

တုထျန်းမိစ္ဆာဘုရင်က စမ်းကြည့်ပြီး ခေါင်းခါ၏။ “ဝင်လို့မရဘူး”

ယန်အာ ပြုံးလိုက်သည်။ “အဲဒါပဲ ... စောစောက အိပ်မက်ဟုတ်ပါတယ်.... သခင်လေး၊ တုထျန်း ရောက်ပြီ”

ချင်မူသည် သူတို့အရှေ့ရှိ ပန်းခြံထဲတွင် ဖြစ်ပြီး နတ်ဘုရင်လန်ဝူနှင့် ယွင်ချွီးရှို့နှင့် စနောက်ကျီစယ်နေ၏။ နဂါးချီလင်က ပုလင်းလေးတစ်လုံးကို လည်ပင်းတွင် ဆွဲလျက် မြေကြီးပေါ်တွင် လှဲအိပ်နေ၏။ ထိုပုလင်းက ဖန်ပေါင်းချောင်ကမ္ဘာပုလင်း ဖြစ်ပေသည်။

ချင်မူက လှည့်လာပြီး ရယ်လိုက်သည်။ “နောင်ကြီးတုထျန်း၊ ကျွန်တော် စဉ်းစးကြည့်တော့ ခင်ဗျားတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်နဲ့ မရင်းနှီးဘူး.. သူတို့ကို ကျွန်တော် စောင့်ရှောက်ထားရင် အတော်လေး အချိန်ကုန်ပြီး အားစိုက်ထည့်နေရလိမ့်မယ်... နောင်ကြီးတုထျန်း မဟာလေဟာနယ်ဆီ မသွားဘဲ သူတို့ကို စောင့်ရှောက်လိုက်ပါတော့”

တုထျန်းမိစ္ဆာဘုရင်သည် ဒူးထောက်ချင်သော်လည်း ယန်အာ သတိပေးခဲ့သည်ကို မှတ်မိလိုက်၏။ သူက ဦးညွှတ်အရိုအသေပေးကာ ပြောသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ကောင်းကင်နတ်အရှင်”

“ဂိုဏ်းသခင်လို့သာ ခေါ်ပါ”

ချင်မူက တောက်ပစွာ ပြုံးနေသည်။ “ခင်ဗျားက ကျွန်တော့်ကို နောက်ဘဝကျ ကျေးဇူးဆပ်မယ် ပြောခဲ့တယ်နော်... အခု ခင်ဗျားရဲ့ နောက်ဘဝမှာ ရှင်သန်နေတာပဲ”

တုထျန်းမိစ္ဆာဘုရင် အကြီးအကျယ် တုန်လှုပ်သွားပြီး ချင်မူ့ကို မှင်သက်စွာ ကြည့်လိုက်သော်လည်း သူက ဘေးရှိ ဖြူဖြူချောချော မိန်းကလေးနှစ်ယောက်အား စနောက်နေကြောင်း မြင်လိုက်ရ၏။

သူ့မှာ အူကြောင်ကြောင် ဖြစ်နေသည်။ ‘ဒါက အိပ်မက်တော့ မဟုတ်ပါဘူးနော်’

All Chapters