လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင်ရှောင်
Vol. 77 Ch. 1008
စွမ်းအင်အကူးအပြောင်းတံတားများမှတစ်ဆင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် ပိုမိုလွယ်ကူသည်။ ကမ္ဘာဦးဘုံသည် ကြီးမားပြီး အရေးပါသည့်အတွက် ၎င်းနှင့် ဆက်သွယ်နေသော တံတားများစွာ ရှိ၏။
ချင်မူ အပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ ကမ္ဘာဦးဘုံ၏ အလယ်တွင် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း တည်ဆောက်ထားပြီး နတ်ဘုရားမြို့တစ်မြို့ လေတွင် ပျံဝဲနေကြောင်း တွေ့လိုက်ရ၏။ သူတို့က ကမ္ဘာဦးသစ်ပင်နှင့် သိပ်မဝေးပေ။ ချင်မူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “တုထျန်း၊ ဘာလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ တန်းမသွားတာလဲ”
တုထျန်းမိစ္ဆာဘုရင် ပြန်မဖြေနိုင်ခင် ယွင်ချွီးရှို့က ပြုံးလျက် ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက သေးလွန်းတော့ ဆက်နေတဲ့ စွမ်းအင်အကူးအပြောင်းတံတား နှစ်စင်းပဲ ရှိတယ်… တစ်စင်းက ငါ့လက်အောက်မှာ… တစ်စင်းကတော့ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှာ… အဲဒီတံတားတွေကနေတစ်ဆင့် ဒီနတ်ဘုရားမြို့တော်အထိပဲ ရောက်နိုင်တယ်…. ဒီနတ်ဘုရားမြို့က ယွမ်တုလို့ ခေါ်ပြီး ကမ္ဘာဦးဘုံ၏ ဗဟိုချက်ပဲ”
ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူ၏နယ်မြေကူးလက်မှတ်ကို ထုတ်ကာ စာရင်းသွင်းရန် တုထျန်းမိစ္ဆာဘုရင်အား နတ်စစ်သူကြီးဆီ သွားရှာစေသည်။ သူက မှင်သေသေ မေးလိုက်၏။ “ဒီနေ့ ကမ္ဘာဦးဘုံက ဘယ်ကောင်းကင်နတ်အရှင်ရဲ့ လက်ထဲမှာလဲ”
ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုရင်း ယွမ်တုသည် ခမ်းနားကြီးကျယ်လာသလို, အစောင့်အရှောက်လည်း တင်းကြပ်နေကြောင်း တွေးလိုက်ရ၏။ ယွမ်တုကား အမြင့်မိုင် နှစ်သောင်းတွင် ရှိနေပြီး ကမ္ဘာဦးဘုံရှိ ကောင်းကင်ဘုံများအား အုပ်ချုပ်ထားသည်။ တာအိုရသေ့များက လေထဲတွင် ပျံဝဲ၊ တိမ်တိုက်များပေါ် ခုန်ကူးလျက် နေ၊ လနှင့် ကြယ်တာရာများကို ကောင်းကင်ထက်မှ ခူးဆွတ်နေကြသည်။
ယင်းကား ကောင်းကင်မြေပုံ ဖြစ်ချေသည်။
အသစ်တစ်ခု ပြန်ရေးဆွဲထားပြီး ဖြစ်လောက်၏။ မူလတစ်ခုမှာ ကမ္ဘာဦးဘုံ၏ ကောင်ကင်တစ်ပြင်လုံးအား လွှမ်းခြုံနိုင်ရန် သေးငယ်လွန်း၍ စုတ်ပြဲသွားသောကြောင့် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းက ပြန်ခွာချနေခြင်းပင်။
ယွင်ချွီးရှို့က အပေါ်မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ “နင် မသိဘူးလား… ကမ္ဘာဦးဘုံက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ထဲ ရောက်ခဲ့သင့်ပေမယ့် သူက အလောတကြီး လုပ်သွားတော့ ကောင်းကင်နတ်အရှင်ရှောင်က အခွင့်အကောင်း ဝင်ယူသွားတယ်လေ”
သူမသည် သနားစဖွယ် မျက်နှာပေးလေးဖြင့် သက်ပြင်းချလိုက်၏။ “ကောင်းကင်နတ်အရှင်ရှောင်က ကောက်ကျစ်ပြီး ဉာဏ်များတယ်… သူက ကောင်းကင်နတ်အရှင်ဟောင် အမိကမ္ဘာမြေနဲ့ တိုက်ခိုက်ခဲ့ရလို့ ဒဏ်ရာရသွားတဲ့အချိန် ကမ္ဘာဦးဘုံကို အပိုင်သိမ်းလိုက်တာပဲ… ဒီကမ္ဘာဦးဘုံက အင်အားကြီးတယ်… အရင်တုန်းက ယွမ်တုလို့ ခေါ်ပြီး အရင်းအမြစ်တွေ အများကြီးပဲ…. ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်က ယွမ်တုရဲ့ သယံဇာတတွေကို ကောင်းကင်နတ်ဘုံ တည်ဆောက်ဖို့အတွက် တူးဖော်သင့်တယ်လို့ အမိန့်ထုတ်ပြန်ထားတယ်…”
ချင်မူ တုန်လှုပ်သွားသည်။ သူမစကား၏ နောက်တစ်ပိုင်းကို သူ မကြားတော့ပေ။
ကောင်းကင်နတ်အရှင်ရှောင်သည် ကမ္ဘာဦးဘုံကို သိမ်းပိုက်ခဲ့သည်ဆိုလျှင် သူကား ကောင်းကင်နတ်ဘုံအတွင်း၌ ပုန်းအောင်းနေသော ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်ဖြစ်လိမ့်မည်။
ကောင်းကင်နတ်အရှင်ချန်းက ရှေးဟောင်းကောင်းကင်နတ်အရှင်ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း သူ မှားသွားချေပြီ။
‘ဒါမှမဟုတ် ကောင်းကင်နတ်ဧကရာဇ်မှာ ကိုယ်ပွားနှစ်ခု ရှိနေတာလည်း ဖြစ်နိုင်တာပဲ… တစ်ယောက်က ကောင်းကင်နတ်အရှင်ရှောင်… တစ်ယောက်က နတ်အရှင်မချန်း’
ချင်မူ ပြုံးလိုက်၏။ “လိမ္မာတဲ့ မမလေး၊ ကောင်းကင်နတ်အရှင်ရှောင်အကြောင်း နင် ဘယ်လောက်ကောင်းကောင်း သိထားလဲ”
ယွင်ချွီးရှို့က မျက်တောင်ပုတ်ခတ်ပြီး သတိအနေအထားဖြင့် ပြောသည်။ “ငါ့ဆီက သတင်းအစ်ထုတ်ချင်ရင် နင့်အပြောလေးတွေက ပျားသကာလို ချိုလာပြီး ငါ့ကို လိမ္မာတဲ့ မမလေးလို့ ခေါ်တတ်တယ်.. နင် လိုချင်တဲ့ သတင်းရပြီးတာနဲ့ ငါက ကြောက်စရာ ကဝေမကြီး ဖြစ်သွားရော… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပတ်သက်ပြီး ဘာသိချင်တာလဲ”
ချင်မူလည်း ရိုးရိုးသားသား ပြောလိုက်သည်။ “ကျွန်တော် ကောင်းကင်နတ်ဘုံမှာ အတော်လေးကြာကြာ ရှိနေခဲ့တာ မဟုတ်လား… ငါးနှစ်လောက်နီးပါး ကြာခဲ့တာတောင် သူ့အကြောင်းတစ်ချက်မှ မကြားခဲ့ဖူးလို့…. သူက ကျွန်တော့်အတွက် ပဟေဠိလို ဖြစ်နေတော့ သိချင်မိရုံပါ…. မမကြီးက ကောင်းကင်နတ်အရှင်ရှောင်နဲ့ သိပ်မစိမ်းလောက်ပါဘူးနော် ဟုတ်တယ်မလား”
ယွင်ချွီးရှို့သည် စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ ပြော၏။ “သူက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်ပဲ… နင် သူ့ကို လေးစားသင့်တယ်… တစ်ခါတုန်းကဆို ကောင်းကင်နတ်အရှင်လင်ရဲ့ အကူအညီနဲ့ သူ တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံရဲ့ ပထမဆုံးကောင်းကင်နတ်ဧကရာဇ် ဖြစ်လာခဲ့သေးတယ်”
ချင်မူမှာ မည်သို့ပြောရမည်မှန်း မသိတော့ပေ။
ယွင်ချွီးရှို့မှာ သူ၏ အံ့အားသင့်နေသော အမူအရာကို မြင်လျှင် မရယ်မိဘဲ မနေတော့ပေ။ “ဘာရုပ်ဖြစ်သွားတာတုန်း…. ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တပည့်ပဲ.... သူက နဂါးခေတ်ကတည်းက သူတို့နောက် လိုက်နေခဲ့တာဆိုတော့ ကောင်းကင်မဟာမိတ်အဖွဲ့မှာ အတော်လေးအရေးပါတဲ့လူလို့ သတ်မှတ်နိုင်တယ်... ရှေးဟောင်းနတ်ဘုရားတွေကို သူ သုတ်သင်ချင်နေတာ ကြာပြီလေ... ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကိုတောင် သတ်ချင်နေတာ”
ချင်မူမှာ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ ဆွံ့အသွားသည်။
ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့် ဖြစ်သည်လော။ ကောင်းကင်နတ်အရှင်လင်၏ တပည့်ပင် ဖြစ်လာခဲ့သည်လော။
“ကောင်းကင်နတ်အရှင်ရှောင်က နဂါးခေတ်နဲ့ ချိမင်ခေတ်တုန်းက အင်မတန် တက်ကြွတယ်...အတော်လေး မျိုးချစ်ဆန်တော့ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ရန်လိုတတ်တယ်... အဲဒါကြောင့် လူတွေက သူ့ကို သိပ်သဘောမကျကြဘူး”
ယွင်ချွီးရှို့သည် ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့က သူ့ရဲ့ တစ်ဖက်စောင်းနင်းအတွေးတွေကို သဘောမကျတာနဲ့ သူ့ကို မောင်းထုတ်ခဲ့ကြတယ်... ဒါပေမဲ့ မထင်မှတ်စရာကောင်းတာက သူက ကောင်းကင်နတ်အရှင်လင်နဲ့ အတော်လေး ရင်းနှီးလာတယ်... ကောင်းကင်နတ်အရှင်ယွင် သေသွားပြီး ကောင်းကင်နတ်အရှင်ယွဲ့ ဇာတ်မြုပ်သွားတော့ ကောင်းကင်နတ်အရှင်လင်က သူ့ကို အင်မတန် တန်ဖိုးထားခဲ့ပြီး တောင်ပိုင်းချုံဧကရာဇ်အဖြစ် တင်မြှောက်ပေးခဲ့တာပဲ”
ချင်မူမှာ မူးဝေလာပြီး မည်သည်ကိုမျှ မပြောနိုင်တော့ပေ။
“ကျန်တဲ့ကောင်းကင်နတ်အရှင်တွေလည်း သူ့ကို ဖက်လှဲတကင်း သိပ်မရှိကြဘူး... သူက ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တပည့်ဖြစ်တဲ့အပြင် ကောင်းကင်နတ်အရှင်လင်နဲ့လည်း ရင်းနှီးတာမဟုတ်လား... ပြီးတော့ သူကိုယ်တိုင်ကလည်း လူလုံးထွက်ပြခဲတယ်”
ယွင်ချွီးရှို့က ခပ်ပြတ်ပြတ် ပြောသည်။ “နဂါးသွဲ့ရေကန်မှာ နင့်ကို ကယ်ခဲ့တဲ့ ကောင်းကင်နတ်အရှင်တစ်ယောက်က သူ ဖြစ်မယ်လို့ ထင်တာပဲ”
ချင်မူ စိတ်ကို ငြိမ်အောင် ထိန်း၍ တုထျန်းမိစ္ဆာဘုရင်ထံ လှမ်းပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားစို့”
နဂါးချီလင်က သွေးတိုးစမ်းသလို မေးသည်။ “ဂိုဏ်းသခင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တကယ် သွားမှာလား... မဟာဧကရာဇ်ရဲ့ အလောင်းကရော...”
ချင်မူ ပြုံးလိုက်သည်။ “ကမ္ဘာဦးဘုံက ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ပိုင်နက်ပဲဟာ ဘာကြောက်စရာရှိမှာလဲ... ကောင်းကင်နတ်အရှင်ရှောင်က လူသားတစ်ယောက်၊ သူ့လူတွေကို ကာကွယ်ပေးတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးဖြစ်ပွားတုန်းက သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူသားတွေကို ကာကွယ်ပေးခဲ့တဲ့သူပဲ... မဟာဧကရာဇ် လာရဲရင် အပြန်လမ်းရှိတော့မှာ မဟုတ်ဘူး”
နဂါးချီလင်က တုထျန်းကို အထိတ်ထိတ်အလန့်လန့်ဖြင့် ပြောသည်။ “နောင်ကြီးတုထျန်း၊ ကောင်းကင်နတ်ဘုံဆီ အခုချက်ချင်း ပြန်မယ်”
ချင်မူ သူ့ကို ဆောင့်ကန်ကာ အေးတိအေးစက် ရယ်လိုက်သည်။ “သောက်ရူး... ကောင်းကင်နတ်အရှင်ရှောင်လို လူသားတစ်ယောက်ကို မယုံဘူးလား... ကောင်းကင်နတ်အရှင်ရှောင်နဲ့ဆို ငါ အန္တရာယ်မဖြစ်ပါဘူး”
နဂါးချီလင်သည် ခပ်တိုးတိုး ပြောနေ၏။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှောင်မှ ဒီမှာ မရှိတာ...”
ချင်မူက ပြုံးလိုက်သည်။ “ဘာလို့ အဲဒီလိုပြောတာတုန်း... သူ့နတ်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာဦးဘုံကို အုပ်ချုပ်နေတာလေ.... ငါ အန္တရာယ်ဖြစ်ရင် သူ သေချာပေါက် လာကယ်လိမ့်မယ်”
တုထျန်းမိစ္ဆာဘုရင်က နယ်မြေကူးလက်မှတ်ကို ပြန်ယူလာကာ ပြောသည်။ “ဂိုဏ်းသခင်၊ စာရင်းသွင်းပြီးပါပြီ”
ချင်မူသည် အားတက်သရော ရယ်မောလိုက်ရင်း လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ရှောင် ငါ ရောက်နေမှန်း သိသွားပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ကြစို့”
နဂါးကိုးကောင်က တွန်ကျူးလျက် မိုင်ရာချီ ရှည်လျားသေ နတ်နဂါးများ ဖြစ်လာကြသည်။ သူတို့သည် လေပေါ် ပျံတက်သွားပြီး ရထားလှည်းကို သူတို့နှင့်အတူ ဆွဲရင်း အရှေ့အရပ်သို့ စီးဆင်းနေသော မြစ်အတိုင်း ပျံသန်းသွားကြ၏။
ကောင်းကင်နဂါးကိုးကောင်၏ အမြန်နှုန်းကား ကြောက်မက်ဖွယ်ရာအတိပင်။
တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဘုံ၏ တောင်အရပ်တွင် ကောင်းကင်နတ်အရှင်တောင်ကြားဆိုသော တောင်တစ်လုံး ရှိသည်။ တောင်ကြားသည် နက်ရှိုင်းပြီး မြူများ လွှမ်းခြုံရစ်သိုင်းနေတတ်လေသည်။ နတ်ဘုရားများ၊ မိစ္ဆာများ အမှတ်မထင် ဝင်သွားမိပါက ပြန်ထွက်မလာနိုင်ကြပေ။
ထိုနေရာက ကောင်းကင်နတ်အရှင်တစ်ယောက် မြှုပ်နှံခံထားရသော နေရာဖြစ်သည်ဟု ဆိုကြသည်။ ကောင်းကင်ဘုံ ဆယ်နှစ်ဘုံကျော်က ပတ်ပတ်လည်မှ ဝိုင်းထားသော်လည်း မည်သူမှ မဝင်ရဲကြပေ။
ယနေ့တွင် တောင်ကြား၌ ဆူပွက်နေသော မီးတောက်များနှင့် ထူးဆန်းသော အရာများ ပြည့်နှက်သည်။ အလင်းပေါင်းစုံက တောင်ကြောဆီမှ ဖြာထွက်လာရာ ထိုနေရာ၌ စခန်းချနေသော ကောင်းကင်နတ်ဘုံများ၏ နတ်ဘုရားများမှာ တိမ်တိုက်များအထက်မှ လှမ်းငုံ့ကြည့်မိကြသည်။ အလင်းရောင်များက တစ်စုံတစ်ခု ထွက်လာနေသကဲ့သို့ ဖြာထွက်လာနေ၏။
နတ်ဘုရားများနှင့် မိစ္ဆာများမှာ စိတ်ဝင်စားလာကြသည်။ “ကောလဟာလတွေအရ... ဒီနေရာမှာ ကောင်းကင်နတ်အရှင်တစ်ယောက်ကို မြှုပ်ထားတာတဲ့... ဒီနေ့ ရတနာတွေ ထွက်ပေါ်လာတာ ဖြစ်နေမလား”
နတ်ဘုရားများနှင့် မိစ္ဆာများစွာ ရတနာရှာရန် တောင်ကြားထဲ ဝင်သွားကြသည်။
ဤကောင်းကင်နတ်အရှင်တောင်ကြားသည် မာယာများပြီး ဝင်သွားသည့် နတ်ဘုရားများ၊ မိစ္ဆာများ ပြန်ထွက်မလာကြပေ။ လေချဉ်တက်သံကိုသာ တောင်ကြားထဲမှ ကြားကြရ၏။
‘အခု ဒီအရူးတွေက ငါ့ဆီမှာ လာအစားခံလိုက်ပြီဆိုတော့ ကုန်ခမ်းသွားတဲ့ ငါ့အဆီအနှစ်တွေနဲ့ သွေးတွေကို ပြန်ဖြည့်နိုင်ပြီ’
တောင်ကြားထဲတွင် အင်္ကျီလက်အိုးရှည်များဖြင့် ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော အရိုးစုနတ်ဘုရားများနှင့် မိစ္ဆာများ ပျံထွက်လာကြသည်။ သူတို့သည် တောင်ကြားအတွင်းထဲမှ ကြေးအခေါင်းကြီးတစ်ခေါင်းအား သယ်ထမ်းလာကြ၏။
ယွမ်တုမြို့တော်
ယွမ်တုမြို့ကို စောင့်ရှောက်နေသော စစ်သူကြီးများက ကမ္ဘာဦးသစ်ပင်ထိပ်ဖျားထက်ရှိ ကောင်းကင်နန်းဆောင်ဆီ သွားကြသည်။ သူတို့က နတ်ကောင်းကင်ခန်းမထဲသို့ အလျင်အမြန် ဝင်၍ ပလ္လင်ပေါ်ရှိ နတ်ရုပ်တုကို အရိုအသေပေးကာ ကောင်းကင်နတ်အရှင်မူ ရောက်လာသည့်အကြောင်း လျှောက်တင်၏။
ထိုနတ်ရုပ်တုက ရွှံဖြင့် ပြုလုပ်ထားသယောင် ထင်ရသော်လည်း သတင်းကြားလျှင်ချင်း မျက်လုံးဖွင့်ကာ ပြန်ဖြေသည်။ “ငါ သိထားပြီးသား... ပြန်ကြတော့
စစ်သူကြီးများ ဆုတ်ခွာသွားကြသည်။
ထိုရွှံ့ရုပ်တုက အေးစက်စက် ရယ်၏။ ‘ဒီခွေးသားလေးကတော့ ငါ့ကို ဒုက္ခတွေ ပေးပြီးရင်း ပေးနေတော့တာပဲ... အရှေ့ဝင်ရိုးစွန်းကို အရင်သွားသင့်တာကို ကမ္ဘာဦးဘုံကို လာဖြစ်အောင် လာသေးတယ်... မဟာဧကရာဇ်ကလည်း မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး... ငါ မင်းကို ကယ်လိုက်ရင် မင်းကို နဂါးသွဲ့ရေကန်မှာ ကယ်ပေးခဲ့တဲ့ ကောင်းကင်နတ်အရှင်သုံးယောက်ထဲက တစ်ယောက်မှန်း ကောင်းကင်နတ်အရှင်တွေ ရိပ်မိသွားလိမ့်မယ်.... မကယ်ပြန်ရင်လည်း မင်းက သေရဦးမယ်... ခက်တယ် ခက်တယ်”
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် လေထဲတွင် ဖြည်းဖြည်းချင်း ပေါ်လွင်လာပြီး အရှိန်အဝါတို မြင့်တက်လာ၏။ တစ်ချိန်တည်းမှာပင် ကမ္ဘာဦးသစ်ပင်ထိပ်ဖျားရှိ ကောင်းကင်နန်းတော်ထဲတွင် တံခါးတစ်ချပ် ဘွားခနဲ ပေါ်လာသည်။
ရွှံ့ရုပ်တုမှာ မှင်သက်သွား၏။ “တံခါးပွင့်လာပြန်ပြီ... အရင်တစ်ခေါက် ပွင့်လာတုန်းက ကောင်းကင်နတ်အရှင်မူနဲ့ နတ်ဆိုးတစ်ကောင် အပြင်ထွက်လာပြီး ငါ့လူတွေကို သတ်ပစ်ခဲ့တယ်တဲ့.... ငါ့စစ်တပ်ကြီးတစ်တပ်လုံး သူ့ကို ဝိုင်းခဲ့တာတောင် မဖမ်းနိုင်ခဲ့ဘူး.... အခု ဒီတံခါးက ပွင့်လာပြန်ပြီ... ဒီတစ်ခေါက် ဘာဖြစ်မလဲ’
ပွင့်နေသည့် တံခါးထဲမှ သက်လတ်ပိုင်းလူတစ်ယောက် ထွက်လာသည်။ သူ့တွင် ထူသော မျက်ခုံး၊ ကြီးသော မျက်လုံးရှိပြီး ခံ့ညားသော ရုပ်သွင်ပိုင်ဆိုင်ထား၏။ သူ့မျက်ဝန်းများက ရင့်ကျက်တည်ငြိမ်နေသည်။ သူ့အဝတ်အစားများသည် သာမန်သာ ဖြစ်ကာ ခါးတွင် ဓားတစ်လက် ချိတ်ထားသည်။
သူက ကမ္ဘာဦးသစ်ပင် ကောင်းကင်နန်းတော်ထဲတွင် ဗြုန်းစားကြီး ပေါ်လာပြီးနောက် ကောင်းကင်သို့ မော့ကြည့်သည်။ သူကြည့်ရသည်မှာ ဝမ်းမြောက်နေဟန် ရှိပြီး သူ့နှုတ်ခမ်းများက စကားပြောတော့မည့်အလား ရွေ့လျားသွားသည်။
“ဒီနေရာကို ပြန်ရောက်လာဖို့ အိပ်မက်မက်ပြီး သိပ်လွမ်းနေခဲ့ရတာ... ငါ အသက်ကြီးသွားတာ တော်တော်မြန်တာပဲ”
သူက သက်ပြင်းရှည်ကြီးချကာ လှည့်ကြည့်လိုက်သည်။ မိုင်ပေါင်းရာချီအကွာရှိ နတ်ကောင်းကင်ခန်းမထဲတွင် ကောင်းကင်နတ်အရှင်ရှောင်၏ နတ်ရုပ်တုမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။
သက်လတ်ပိုင်းလူမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားသော်လည်း သူ့ကော်လံကို မတ်လိုက်သည်။ ထို့နောက် လက်ပိုက်လျက် ထွက်သွားသည်။
“ဒီမြေပြင်က အရင်လို ပြန်ဖြစ်သွားပေမယ့် လူတွေကတော့ အရင်လူတွေ မဟုတ်တော့ဘူး... “ သူသည် သက်ပြင်းတချချနှင့် ထွက်သွား၏။
နတ်ကောင်းကင်ခန်းမထဲ၌ ထိုရွှံ့နတ်ရုပ်တုက ရွှံ့သားနှင့် ပြုလုပ်ထားသော လူအသွင် ပြန်ဖြစ်လာသည်။ သူက ပလ္လင်ပေါ်မှ ခုန်ဆင်းကာ ခန်းမအပြင်သို့ ကမန်းကတန်း ထွက်လိုက်၏။ တံခါးကို လှမ်းကြည့်လိုက်သော်လည်း သက်လတ်ပိုင်းလူကို အရိပ်အယောင်ပင် မမြင်ရတော့ပေ။
‘ချင်ယဲ့၊ ကောင်းကင်နတ်အရှင်ချင်’
ရွှံ့လူဆီမှာ လူအသံထွက်လာသည်။ “သူ ရွှင်ပျော်ပျော်ကျေးရွာက ထွက်လာတာလား... ဒါက ကိစ္စအကြီးကြီးပဲ.. ဒီသစ္စာဖောက် နောက်ဆုံးတော့ ရွှင်ပျော်ပျော်ကျေးရွာမှာပဲ ထိုင်စောင့်မနေတော့ဘူး”
သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီ မော့ကြည့်လိုက်သော်လည်း အသုံးပြုရန် တွန့်ဆုတ်နေသည်။ ခိုင်ဧကရာဇ်ချင်ယဲ့ကို သတ်ရန်က သူ့အတွက် အရေးအကြီးဆုံးမဟုတ်ပေ။
‘ကောင်းကင်နတ်အရှင်ချင်ပေါ်လာတဲ့အကြောင်း ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေဆီ အသိပေးသင့်လား’
ရွှံလူသည် ရပ်လိုက်ပြီး နတ်ကောင်းကင်ခန်းမထဲရှိ ပလ္လင်ပေါ် ပျံတက်ကာ မျက်လုံးမှိတ်လိုက်သည်။ “သူ့ကို လျစ်လျူရှုပြီး မမြင်ချင်ယောင်ဆောင်လိုက်မယ်... ချင်ယဲ့ ပေါ်လာပြီဆိုတော့ ကောင်းကင်နတ်အရှင်မူကို မဟာဧကရာဇ် လာသတ်မှာ သူ ခွင့်မပြုလောက်ဘူး.... ဒါကြောင့် ငါ ထိုင်ကြည့်နေပြီးမှ အကျိုးအမြတ်တွေ သိမ်းယူမယ်”
“လှည်းရပ်လိုက်”
ရထားလှည်း မာန်ဟုန်မြစ်၏အထက်ပိုင်းတွင် ရှိနေစဉ် ချင်မူက ရုတ်တရက် ပြောလိုက်သည်။ “တုထျန်း၊ ငါတို့ ငါ့မွေးရပ်မြေအနား ရောက်နေပြီ... ဒီမရောက်တာလည်း ကြာပြီဆုတော့ ဒီကနေ လမ်းလျှောက်သွားရအောင်”
တုထျန်းမိစ္ဆာဘုရင်မှာ နားမလည်နိုင်ဖြစ်သွားသည်။ “ဂိုဏ်းသခင်၊ မင်းကလည်း အဲဒီလိုလူမျိုးလား... လမ်းလျှောက်သွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ဖို့ ရက်နဲ့ချီ ကြာမှာနော်”
“ကိစ္စမရှိဘူး” ချင်မူ ပြုံးလိုက်သည်။
ရထားလှည်းသည် မာန်ဟုန်မြစ်အပေါ် ဆင်းသက်လိုက်၏။
ချင်မူက ရထားလှည်းထဲမှ ထွက်ပြီး ကျောက်စိမ်းပုလင်းနှင့် ကမ္ဘာဦးရေကြည်တစ်စက် ထုတ်ကာ ပြောသည်။ “ငါ့မွေးရပ်မြေကို ဒီအရည်တစ်စက်နဲ့ ချီးမြှင့်သင့်တယ်”
ကမ္ဘာဦးရေကြည်စက် မြစ်ထဲ ကျဆင်းသွားပြီး တခဏကြာသော် မာန်ဟုန်မြစ်ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာ ၎င်းတို့အောက်၌ ဧရာမအရာကြီးတစ်ခုခု ရွေ့လျားသွားသကဲ့သို့ တုန်ခါလာကြသည်။