ကောင်းကင်နဂါးရတနာ ရထားလှည်း
Vol. 77 Ch. 1007
ချင်မူက ကောင်းကင်နတ်ဘုံမှ ထွက်ခွင့်တောင်းစွာကို ကျောက်စိမ်းမြို့တော်၏ နတ်ကောင်းကင်ခန်းမသို့ ပို့လိုက်သည်။ မကြာမီ ကောင်းကင်နတ်ဧကရာဇ်က အတည်ပြုပေးပြီး ကောင်းကင်နတ်အရှင်တစ်ယောက်၏ ရာထူးနှင့် အခွင့်အာဏာကို ပြသသည့်အနေဖြင့် ကောင်းကင်နဂါးရတနာရထားလှည်းကို ချီးမြှင့်ခဲ့သည်။
ယင်းက ကောင်းကင်နတ်ဧကရာဇ်မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ဆယ်ယောက်ဆီမှ ခွင့်ပြုချက်ဖြစ်ကြောင်း ချင်မူ သိလေသည်။
သူတို့သည် အချင်းချင်းအကြား ရန်ငြိုးများရှိပြီး တစ်ယောက်ကို တစ်ယောက် ဖိနှိပ်ရန် ကြိုးစားရင်း အလုပ်များနေကြသဖြင့် မဟာလေဟာနယ်ကိုသော်လည်းကောင်း၊ ရွှင်ပျော်ပျော်ကျေးရွာကိုလည်းကောင်း အရေးစိုက်နေရန် အချိန်မရှိပေ။ ချင်မူ ကောင်းကင်နတ်ဘုံတွင် နေထိုင်နေခြင်းမှာ သူတို့အတွက် အကျိုးမရှိသောကြောင့် ထွက်သွားခွင့်ပြုလိုက်ခြင်း ဖြစ်၏။
ယွင်ချွီးရှို့လည်း လိုက်လာသည်။
ချင်မူမှာ မျက်ခုံးလှုပ်နေ၏။ ‘ငါ ဒီတစ်ခေါက် ကောင်းကင်နတ်ဘုံကနေ ထွက်လာတဲ့ အကြောင်းရင်းက ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်ကို ရှာဖို့၊ ရှေးဟောင်းနတ်ဘုရားတွေဆီ အလည်သွားဖို့နဲ့ ကောင်းကင်နတ်ဘုံ မသိတဲ့နေရာမှာ ကောင်းကင်နတ်အရှင်ယွင်ကို အသက်ပြန်သွင်းဖို့ပဲ… ဒါတောင် မင်းက ငါ့နောက် လိုက်လာပြီး စပ်စုဦးမယ်တဲ့…. ဟီးဟီး ကောင်းကင်ဓားမလော့က မင်းကို ဓားနဲ့ တစ်ခါခုတ်ပြီးပြီ.. သူ ထပ်ခုတ်ဖို့ လက်ရွံ့နေမှာမဟုတ်ဘူး”
ချင်မူမှာ ကောင်းကင်နဂါးရတနာ ရထားလှည်းကို အင်မတန်မှ သဘောကျနေသည်။ ရထားလှည်းသည် ခမ်းနားတင့်တယ်ပြီး ကျောက်စိမ်းမြို့တော်အဆင့် ကောင်းကင်နဂါးကိုးကောင်က ဆွဲနေခြင်း ဖြစ်၏။ နတ်ဘုရင်လန်ဝူ၏ ရထားလှည်းနှင့် ယှဉ်လျှင် မှေးမှိန်သွားသော်လည်း ချင်မူ သုံးဖူးသမျှထဲ အခမ်းနားဆုံး ဖြစ်နေသေးသည်။
“နင်တော့ သေပြီ” ယွင်ချွီးရှို့က ရထားလှည်းကို မြင်သည်နှင့် ပြောသည်။ သူမမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေ၏။
ချင်မူက ဒေါသတကြီး ပြန်တုံ့ပြန်သည်။ “ခင်ဗျားကမှ သေမှာ... ကောင်းကင်နတ်အရှင်မူ ဖြစ်တဲ့ ကျွန်တော့်ကို အဲဒီလို လေသံနဲ့ ပြောနေတာလဲ”
“ဒီကောင်းကင်နဂါးကိုးကောင်က အရှေ့နတ်မင်းချင်းလုံရဲ့ သွေးဆက်ကပဲ… နင် အရှေ့နတ်မင်းချင်းလုံကို အရှေ့ဝင်ရိုးစွန်းမှာ သွားတွေ့မှာ မဟုတ်လား”
ယွင်ချွီးရှို့သည် ဝမ်းသာအားရ ပြော၏။ “သူ့မျိုးနွယ်တွေကို နင့် ရထားလှည်း ဆွဲခိုင်းနေတယ်ဆို သူ စိတ်တိုမှာပေါ့… နင် သေရမှာမဟုတ်ဘူးလား”
ချင်မူမှာ အောင့်သက်သက် ဖြစ်သွားသည်။ “ဒါဖြင့် သူတို့ကို အထဲမှာ ထိုင်ခိုင်းပြီး ဖက်တီးနဂါးကိုပဲ ဆွဲခိုင်းလိုက်မယ်”
ယွင်ချွီးရှို့က ထီးရွက်ဆီ မော့ကြည့်ကာ ပြော၏။ “နင် သေဦးမှာပဲ … အမိုးမှာ ကောင်းကင်တာအိုပိုက်ကွက်ကို ခတ်နှိပ်ထားတယ်… ကြယ်တွေရဲ့ ပတ်လမ်းကြောင်းက ကောင်းကင်နယ်စားမင်းပုံစံ ပေါက်နေတော့ သူ နင့်ကို မြင်တာနဲ့ တန်းသတ်မှာပဲ”
ချင်မူ့မျက်နှာမှာ မီးသွေးတုံးပမာ မည်းခြစ်သွားသည်။ ကောင်းကင်တာအိုပိုက်ကွန်သည် ကောင်းကင်နယ်စားမင်းအသွင်သဏ္ဍာန် ယှက်ဖွဲ့နေ၏။ ကောင်းကင်နယ်စားမင်းအနေဖြင့် သူ့အား အမိုးအဖြစ် အသုံးပြုထားသည်ကို မြင်လျှင် သေချာပေါက် အကြီးအကျယ် စိတ်တိုသွားလိမ့်မည်။
“ရထားလှည်းအောက်ကိုလည်း ကြည့်လိုက်”
ယွင်ချွီးရှို့က ရထားလှည်း၏ အောက်ခြေသို့ ငုံ့ကြည့်ပြီးနောက် သူ့ကို လက်ယပ်ခေါ်ကာ ပြောသည်။ “လာဦး… ဒီက သင်္ကေတအမှတ်အသားတွေက လိပ်နက်သင်္ကေတအမှတ်အသားတွေပဲ… နင် ဒါကို စီးတာက လိပ်နက်ကို နင်းချေနေတာနဲ့ အတူတူပဲ သိလား… မြောက်ဝင်ရိုးစွန်းက လိပ်နက်မြင်ရင် နင့်ကို သတ်ဦးမှာပဲ”
ချင်မူလည်း သူမအနားသို့ သွားကာ လှည်းအောက်ခြေသို့ ငုံ့ကြည့်လိုက်သည်။
သူမက အမှန်ပြောနေခြင်းဖြစ်ရာ ချင်မူ့မျက်နှာ ပိုမိုမည်းမှောင်သွားတော့သည်။
“ရထားလှည်းရဲ့ ရွှေဆေးရောင်မှာလည်း ကျားဖြူရဲ့ အစင်းကြောင်း သင်္ကေတအမှတ်အသားတွေ ပါနေတယ်… အဲဒီသင်္ကေတအမှတ်အသားတွေက ဘယ်အတားအဆီးကိုမဆို ဖျက်စီးပစ်နိုင်တယ်… လက်ကိုင်ပေါ်မှာလည်း အစင်းတွေနဲ့ပါလား…”
ယွင်ချွီးရှို့သည် ရထားလှည်းထဲသို့ ခုန်ဝင်၍ ထိုင်ခုံများကို စေ့စေ့စပ်စပ် ကြည့်ကာ ဝမ်းသာအားရ ပြောလေသည်။ “နင်က အနောက်နတ်မင်း ကျားဖြူပေါ်မှာ ထိုင်ပြီး သူ့ခေါင်းကို ဆုပ်ကိုင်ထားရမှာ…. သူ ဒါကို ခွင့်ပြုမယ်ထင်လား”
ချင်မူမှာ ရင်ထဲ ထိတ်သွားသည်။ “ထပ်ရှိသေးလား”
“ရထားလှည်းရဲ့ အနောက်မှ မီးငှက်သင်္ကေတအမှတ်အသားတွေ ရှိပြီး သက်တံရောင်သက်တံ့တွေအဖြစ် ဖွဲ့တည်နေတယ်… တောင်နတ်မင်း မီးငှက် သူ့ကို နင့်ရထားလှည်းဖင်မှာ သုံးထားတာ သည်းခံနိုင်ပါ့မလား”
ယွင်ချွီးရှို့သည် ရထားလှည်းမောင်းသူနေရာအပေါ် တက်၍ ကြာပွတ်ကို ယူကာ ပြုံးလျက် ပြော၏။ “မောင်းတဲ့သူက ဒီမှာ ကြာပွတ်ကို ကိုင်ထားပြီး ထိုင်နေမယ်… ယိုတုရဲ့ မဟာတာအိုကို မြှုပ်နှံထားတာဆိုတော့ ရထားလှည်းအနေနဲ့ ယိုတုထဲ တန်းတန်းဝင်သွားနိုင်တာပေါ့”
ချင်မူ စိတ်အေးလက်အေး ဖြစ်သွားသည်။ “မြေအောက်ဘုံအရှင်သခင်နဲ့ ကျွန်တော် ရင်းနှီးတယ် ကိစ္စမရှိဘူး”
ယွင်ချွီးရှို့က အေးစက်စက် ပြုံးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်က ကြာပွတ်ကို သုံးတယ်… နင့် လှည်း မောင်းတဲ့သူကလည်း ဒီမှာ ထိုင်ပြီး ကြာပွတ်သုံးတယ်… မြေအောက်ဘုံအရှင်သခင် နင့်ကို အလွှတ်ပေးပါ့မလား”
ချင်မူ့မျက်နှာ မည်းခြစ်သွားပြန်ကာ ဒေါသတကြီး ပြောမိတော့သည်။ “ဒီရထားလှည်းက ခင်ဗျားတို့ ကောင်းကင်နတ်အရှင်ဆယ်ယောက် ကျုပ်ကို ပေးထားတဲ့ဟာလေ… ဒါက ကျုပ်ကိစ္စမဟုတ်ဘူး… ပြီးတော့ ခင်ဗျားလည်း တစ်ယောက်အပါအဝင် မဟုတ်လား”
သူက ဘုံလောကတိုင်းရှိ ရှေးဟောင်းနတ်ဘုရားများနှင့် တွေ့ရန် ကောင်းကင်နတ်ဘုံမှ ထွက်သွားလိုပါသည်ဟု အကြောင်းပြချက်ပေးခဲ့သောကြောင့် ကောင်းကင်နတ်ဘုံက သူ့ကို အသတ်ခံရစေရန် ဤရထားလှည်း ပေးခဲ့ခြင်းပင်။
ယွင်ချွီးရှို့က ခြေထောက်လေးကို လွှဲရင်း ပြုံးနေသည်။ “ဟုတ်တာပေါ့ … ငါက ဒီရထားလှည်းကို အဆိုပြုပေးခဲ့တာလေ.. ကျန်တဲ့သူတွေကလည်း သဘောတူတာနဲ့ နင့်ဆီ ပို့ပေးလိုက်တာ”
ချင်မူ ဒေါသတကြီး နှာခေါင်းရှုံ့လိုက်မိ၏။ နတ်ဘုရင်လန်ဝူက ချဉ်းကပ်လာပြီး ရထားလှည်းထဲ ဝင်ထိုင်လိုက်သည်။ သူမက ပင်မခုံ၏ ဘေးခုံတွင် ထိုင်လျက် လှမ်းမေးသည်။ “ဒီရထားလှည်းက မဆိုးဘူး… ကောင်းကင်နတ်အရှင်၊ ကျွန်မတို့ ဘယ်တော့ သွားမှာလဲ”
ယန်အာက ဖက်တီးနဂါး၏ ခေါင်းပေါ်တွင် ရပ်လျက် သူတို့ဆီ လာနေသည်။ တုထျန်းမိစ္ဆာဘုရင်က နဂါးချီလင်၏ ကျော၌ တင်ပျဉ်ခွေထိုင်နေပြီး အနားရောက်လာသည့်အခါ သူက ရထားလှည်း၏ မောင်းသူနေရာအပေါ် ခုန်ဆင်းလိုက်၏။
ယွင်ချွီးရှို့က စဉ်းလဲစွာ ပြုံးလိုက်ရင်း ကြာပွတ်အား သူ့လက်ထဲ ထည့်ပေးလိုက်သည်။ တုထျန်းမိစ္ဆာဘုရင်သည် ကြာပွတ်ကို ယူကာ ချီးကျူး၏။ “ဒီရထားလှည်းက ကောင်းလိုက်တယ်… သေချာပေါက် မြန်မှာပဲ”
ယွင်ချွီးရှို့က သူမလည်ပင်းသူမ ပွတ်နေလေသည်။
ချင်မူက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်ကာ ယန်အာကို မေးနေသည်။ “မမကြီးယန်အာ၊ ခေါင်းကြီးကို မြင်မိသေးလား”
ယန်အာ ပြန်ဖြေသည်။ “သူ ချီကျုံရီနဲ့အတူ သွားလေ့လာနေတာ… လူလွှတ်ပြီးတော့ ခေါ်ခိုင်းထားတယ်… မကြာခင် ရောက်တော့မှာပါ”
နဂါးချီလင်သည် ရထားလှည်းထဲ ဝင်၍ ကော်ဇေါတွင် အိပ်နေ၏။ ယန်အာက သူ့ခေါင်းပေါ်မှ ပျံဆင်းလာကာ ရထားလှည်း၏ ရွက်တိုင်ပေါ် နားလိုက်သည်။
မကြာမီ ရှုကျွင်း ရောက်လာသည်။ သူက ရထားလှည်းကို မြင်သည်နှင့် တန်းချီးကျူးတော့သည်။ “ကောင်းလိုက်တဲ့ ရထားလှည်း… သိပ်ခမ်းနားတာပဲဟ” ထိုသို့ပြောပြီးနောက် သူက လှည်းပေါ် တက်လာကာ ပင်မခုံ၏ ညာဖက်တွင် ထိုင်လိုက်၏။
ချင်မူမှာလည်း မတတ်နိုင်တော့ဘဲ ပင်မခုံအပေါ်တွင် ထိုင်လိုက်ရသည်။
ယွင်ချွီးရှို့လည်း တက်လာ၏။ ခုံတစ်ခုံမှ မကျန်တော့သည်ကို မြင်လျှင် သူမက ချင်မူ့ပေါင်ပေါ် တက်ထိုင်သည်။ ချင်မူ တွန်းချတော့မည့်အချိန် နတ်ဘုရင်လန်ဝူက ပြုံးလျက် လှမ်းပြောသည်။ “ဒီမှာ ထိုင်လို့ ရတယ်နော်… ဒီခုံက အကျယ်ကြီးပဲ”
ယွင်ချွီးရှို့လည်း သူမနှင့်အတူ ထိုင်ရင်း တခစ်ခစ် ရယ်နေသည်။ “မမလန်ဝူ၊ ကျွန်မတို့က အမြွှာညီအစ်မတွေလိုပဲနော်… အဲဒါကြောင့် ရုပ်ချင်းဆင်နေတာ နေမှာ”
နတ်ဘုရင်လန်ဝူက ပြုံး၍ ပြောသည်။ “ဟုတ်မယ်”
ယွင်ချွီးရှို့သည် မျက်တောင်ပုတ်ခတ်ရင်း သူမနဖူးပေါ်ရှိ မိုးမခသစ်ရွက်အား ကြည့်၏။ ထို့နောက် စပ်စပ်စုစု မေးလေသည်။ “အဲဒီသစ်ရွက်အောက်မှာ ဘာရှိလဲ မမ”
“နင် မသိချင်လောက်ပါဘူး” နတ်ဘုရင်လန်ဝူက နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။
အပြင်တွင် တုထျန်းမိစ္ဆာဘုရင်က ကြာပွင့် ဝှေ့ယမ်းလိုက်ကာ နဂါးများ လေပေါ် တက်သွားပြီး ရထားလှည်းကို ဆွဲသွားကြသည်။ လှည်းဘီးများ ရွေ့လာသည့်အခါ လိပ်နက်၏ဆန်းပြားသော သင်္ကေတအမှတ်အသားများ ဖြစ်ပေါ်လာပြီး ကောင်းကင်နတ်မြစ်ကို ဖြတ်ကျော်သွားသယောင် ထင်ရ၏။
“ဘယ်ကို သွားမှာလဲ ဂိုဏ်းသခင်”
တုထျန်းမိစ္ဆာဘုရင်၏ အသံက အပြင်မှ ထွက်လာသည်။ “ကောင်းကင်နတ်ဘုံရဲ့ စွမ်းအင်အကူးအပြောင်းတံတားတွေကနေ ကမ္ဘာပေါင်းများစွာဆီ သွားနိုင်တယ်… အဲဒီက သွားရင် အချိန်ကုန်သက်သာမယ်”
ချင်မူ စကားပြောတော့မည့်အချိန် ယွင်ချွီးရှို့က စိတ်လှုပ်တရှား ကြားဖြတ်ပြောသည်။ “အရှင့်ဝင်ရိုးစွန်းကို အရင်သွားမယ်”
ချင်မူ သူမအား သည်းမခံနိုင်တော့ပေ။ သူက သူမကို လက်ညှိုးထိုးရင်း ဒေါသများဖြင့် ရယ်လိုက်၏။ “ယွမ်မု၊ နင်က အိုးစုတ်အိုးပဲ့လို ပျက်စီးပြီး အရင်တုန်းက အရှိန်အဝါတွေ မရှိတော့ဘူး… နင့်သား ကောင်းကင်နတ်အရှင်ဟောင်ဆိုတဲ့ ခွေးမသားကို နှစ်တစ်ထောင် မထနိုင်အောင် ငါ ဘယ်လို ရိုက်ခဲ့လဲ မမေ့နဲ့.. အဲဒါတွေအားလုံး နင့်ရှေ့မှာ ဖြစ်ပျက်ခဲ့တာတောင် နင် ဘာလုပ်နိုင်ခဲ့လဲ”
ယွင်ချွီးရှို့သည် သူ့ပေါ် ခုန်တက်ပြီး သူ့ပေါင်ကို ဂရုတစိုက် နှိပ်ပေးနေ၏။ သူမက စိတ်မကောင်းဖြစ်နေသော အမူအရာလေးဖြင့် သူ့ကို မော့ကြည့်ကာ ပြောလေသည်။ “စိတ်မဆိုးပါနဲ့ ကောင်းကင်နတ်အရှင်မူကလည်း …. ငါက ယွမ်မုမှန်း ဘယ်လိုသိလဲ… မဟာလေဟာနယ်မှာ တစ်ယောက်ယောက်က တစ်ခုခု ပြောခဲ့လို့လား.. ဒါပေမဲ့ နင့်ရဲ့ ဒေါသထွက်နေတဲ့ ပုံစံလေးကို ငါ သဘောကျတယ်”
ချင်မူမှာ ဒေါသကို ဖွင့်ထုတ်ရန် နည်းလမ်းမရှိတော့သောကြောင့် နှာခေါင်းရှုံ့လိုက်ရသည်။
ယွင်ချွီးရှို့က ပြုံး၍ ပြောသည်။ “ဟောင်အာလေးကလည်း မကောင်းဘူးလေ.. သူက သူ့အဖေနဲ့ ငါ့ကို အကောက်ကြံခဲ့တယ်… သူ့တစ်ယောက်ထဲလည်း မလုပ်နိုင်လို့ ကောင်းကင်နတ်အရှင်လင်ကို အားကိုးပြီး ငါ့ကို တိုက်ခိုက်ခိုင်းခဲ့တယ်… ကံကောင်းစွာနဲ့ ငါက ညဏ်ကောင်းတော့ ကောင်းကင်နတ်အရှင်လင်ထဲမှာ သေချင်ယောင်ဆောင်ခဲ့တာပေါ့… အစတုန်းကတော့ နင် သူ့ကို ရိုက်ခဲ့လို့ ငါ စိတ်ဆိုးပေမယ့် အခုတော့ ပျော်တောင်ပျော်သေး”
သူမသည် ချင်မူ့ကို ပေါင်ကို ညုတုတုလေး ထုကာ စိတ်လှုပ်တရှား ပြော၏။ “ဒီခရီးစဉ်မှာ ကောင်းကင်နတ်အရှင်တွေအများကြီး နင့်ကို တိုက်ခိုက်ကြလိမ့်မယ်… ဟောင်အာအပါအဝင်ပေါ့… နင် သူ့ကို လုပ်ခဲ့တာ အများကြီးလေ… သူကိုယ်တိုင် နင့်ကို ပြန်ရိုက်မှာ မြင်ချင်နေတဲ့သူတွေလညး် အများကြီးပဲ”
ချင်မူမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြောမိသည်။ “ကောင်းကင်နတ်အရှင်ဟောင် ငါ့ကို သေအောင် ရိုက်သတ်ရင် အဆင်မပြေဘူး… သွားစမ်းပါ ကိုယ့်ခုံကို ပြန်သွားထိုင်နေ… ပေါင်ကိုလည်း နှိပ်ပေးစရာမလိုဘူး.. တုထျန်း၊ ငါတို့ အရင်ဆုံး အရှေ့ဝင်ရိုးစွန်းအား ကမ္ဘာဦးဘုံဆီ သွားမယ်… အဲဒီကို မရောက်တာ ကြာပြီ.. ငါ့မိတ်ဆွေတွေနဲ့ မိသားစုတွေကို အရင်တွေ့ချင်တယ်”
တုထျန်းမိစ္ဆာဘုရင်က ခေါင်းညိတ်ပြီး နဂါးများကို စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းဆီ ဦးတည်သွားစေသည်။
ယွင်ချွီးရှို့သည် ရထားလှည်းထဲမှ စိတ်လှုပ်ရှားစွာ ထွက်ပြီး ရွက်တိုင်ကို ကိုင်လျက် ပတ်ဝန်းကျင်အား ရှုစားနေ၏။
နတ်ဘုရင်လန်ဝူက ချင်မူ့ကို ကြည့်သည်။ ချင်မူလည်း အသိစိတ်အလျဉ်ဖြင့် အသံပေးပို့လိုက်၏။ “သူက ကောင်းကင်နတ်အရှင်ဆယ်ဦးထဲက အရှင်မယွမ်မုပဲ … ဘယ်တစ်ယောက်လည်းတော့ ကျွန်တော် မသိဘူး.. အရှင်မယွမ်မုဆိုတာ အဆုံးသတ်မြို့ပျက်ကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရား… သူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မယားငယ်၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ညီမတော်ပဲ”
“သူ့စိတ်က ထူးဆန်းတယ်”
နတ်ဘုရင်လန်ဝူက မေးသည်။ “အဆုံးသတ်မြို့ပျက်ရဲ့ အရှင်မယွမ်မုအနေနဲ့ ဣန္ဒြေသိက္ခာရှိရှိ ပြုမူသင့်တာမဟုတ်လား … ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ”
ချင်မူလည်း သက်ပြင်းချမိသည်။ ဤအရှင်မယွမ်မု၏ အကျင့်စရိုက်မှာ ကျွယ်ဝူချိန်ပုံစံ ပြောင်းပြီးကတည်းက ထူးဆန်းသွားခြင်း ဖြစ်၏။
ရှုကျွင်းက အသိစိတ်အလျဉ်သုံးကာ ကြားဖြတ်ဝင်ပြောသည်။ “ရှေးဟောင်းနတ်ဘုရားယွမ်မုက ဘယ်အရာကို ဖျက်စီးပစ်တတ်တယ်… ကမ္ဘာဦးခေတ်တုန်းက သူက ဒီအတိုင်းပဲ… စိတ်ကုန်စရာကောင်းပေမယ့် ချစ်စရာလည်း ဖြစ်နေတာမျိုးပေါ့”
ချင်မူ သူ့ကို ကြည့်ကာ မေးလိုက်မိသည်။ “နတ်ဘုရင်ရှုကျွင်း၊ ရှေးဟောင်းနတ်ဧကရာဇ်က ဥကနေ ပေါက်လာမှန်း သိလား”
ရှုကျွင်းက ခေါင်းညိတ်သည်။ “သိတယ်”
ချင်မူ နားမလည်နိုင်စွာ မေးလိုက်မိသည်။ “ဒါဖြင့် ဥက ဘယ်က လာတာလဲ”
“ငါ မသိဘူး”
ရှုကျွင်းသည် ခေါင်းယမ်းကာ ပြော၏။ “မဟာကမ္ဘာဦးအစ မူလကျောက်တုံးနဲ့ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး ဘယ်က ဆင်းသက်လာလဲ မသိသလို၊ ကမ္ဘာဦးရေကြည်ရဲ့ မူလအစနဲ့ ကမ္ဘာခေတ်ဦးသားရဲတွေရဲ့ မူလအစကိုလည်း မသိဘူး… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥကို မဟာဧကရာဇ်ရဲ့ လူတွေက ဘိုးဘေးနန်းတော်မှာ ကောက်ရခဲ့တာ… ငါလည်း ဒီလောက်နည်းနည်းလေးပဲ သိတယ်”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။
ရှုကျွင်းက ဆက်ပြော၏။ “မဟာဧကရာဇ်ရဲ့ မျိုးနွယ်စုက ဥက ကြီးပြီး အထဲမှာအသက်ရှိနေတာ တွေ့သွားခဲ့တယ်… အဲဒါကြောင့် အဲဒီသတ္တဝါက ငါတို့ထက် ပိုရှေးကျတယ်ဆိုပြီး အထွတ်အမြတ်ရတနာလို ကိုးတောင် ကိုးကွယ်ခဲ့ကြသေးတယ်… မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးကို တွေ့လို့ နတ်ဘုရားတွေ ဖြစ်လာတော့မှ ဥကို လွှင့်ပစ်ခဲ့ကြတာ… တစ်ရက်မှာ တစ်ယောက်က အဲဒါကို ယူသွားပြီး ဆက်ကိုးကွယ်တယ်… အဲဒီအချိန် ကောင်းကင်နတ်ဧကရာဇ် မွေးဖွားလာတာပဲ… ပြောရတာ သူတို့ရဲ့ ကပ်ဘေးကို သူတို့ ဖန်တီးလိုက်သလိုပေါ့ကွာ”
ရှုကျွင်းက ခေါင်းယမ်းကာ သက်ပြင်းချသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဥမှ ပေါက်ဖွားလာခြင်းက ဖန်ဆင်းရှင်တို့ပျက်စီးရခြင်း၏ အစဖြစ်သည်။
“နင့်အမြင်အရ ဘယ်ကောင်းကင်နတ်အရှင် နင့်ကို တိုက်ခိုက်မယ်ထင်လဲ…”
နတ်ဘုရင်လန်ဝူက မေးသည်။ “စောစောက ကောင်းကင်နတ်အရှင်ဟောင် တိုက်ခိုက်လိမ့်မယ်လို့ ယွမ်မု ပြောသွားတယ်.. သူ့အပြင် ဘယ်သူဖြစ်နိုင်သေးလဲ”
ယွင်ချွီးရှို့က ခေါင်းပြူထွက်လာကာ လှမ်းပြောသည်။ “ကျွန်မတို့ စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်တော့မယ်နော်…. အားလုံး ဘာတွေပြောနေကြတာလဲ”
ချင်မူ စိတ်ကို ငြိမ်အောင် ထိန်းကာ အပြင်၌ ဖြတ်ပြေးနေသော အလင်းရောင်ကို ကြည့်လိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ အပြင်ထွက်တဲ့ ဒီခရီးမှာ ဘယ်သူ ငါ့ကို တိုက်ခိုက်မှာလဲ ပြောနေကြတာ… အရှင်မယွမ်မု၊ တစ်ယောက်ယောက်တော့ ငါ့ကို သတ်မယ်လို့ နင် ထင်တယ်မလား…”
“ငါ့ကို ယွမ်မုလို့ မခေါ်နဲ့… ငါက ယွင်ကျန်းလီရဲ့ ညီမဖြစ်နေပြီ… အခု နင်နဲ့အတူ လိုက်လာတာလည်း ငါ့အစ်ကိုကို ရှာဖို့”
ယွင်ချွီးရှို့က တွေးကြည့်ရင်း ပြောလေသည်။ “ကောင်းကင်နတ်အရှင်တိုင်းမှာ အဲဒီလိုလုပ်ဖို့ အကြောင်းရင်းတွေ ရှိကြတယ်လေ…. ငါ့မှာတောင် ၇ှိတယ်… ဒါပေမဲ့ ကောင်းကင်နတ်ဘုံမှာ နင် မသိသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီးပဲ… နင့်ကို အပြင်းထန်ဆုံး ထိခိုက်စေမယ့် တစ်ယောက်ကတော့ ဟောင်အာမဟုတ်ဘူး… မဟာဧကရာဇ်… သူ ကောင်းကောင်းပုန်းနေတာကို နင်က ဖော်ထုတ်ခဲ့တာ မဟုတ်လား… သူ နင့်ကို ထိုင်ကြည့်နေမယ်တော့ မထင်ဘူး”
ချင်မူ မေးလိုက်မိသည်။ “ခင်ဗျားလည်း ခန့်မှန်းမိတယ်ဆိုတော့ ကောင်းကင်နတ်အရှင်တွေလည်း ခန့်မှန်းမိလောက်မှာပဲလေ… သူ တိုက်ခိုက်ဦးမယ်ထင်လား”
ယွင်ချွီးရှို့သည် မျက်တောင်ပုတ်ခတ်လိုက်ရင်း အေးအေးလူလူ ပြော၏။ “ကောင်းကင်နတ်ဘုံမှာ ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင်တစ်ယောက် ရှိသေးတယ်… သူ သေသွားတာ နှစ်ပေါင်းလေးသောင်း ကြာပြီ… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာ သုံးပြီး ကောင်းကင်နတ်အရှင်လင်ကို တိုက်ခိုက်ခဲ့တဲ့တစ်ယောက် သူပေါ့… သူက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေတာ… သူ့ရုပ်ခန္ဓာကတော့ အကောင်းအတိုင်း ရှိလောက်သေးတယ်… သူသာ မဟာဧကရာဇ်ဖြစ်ပြီး အသက်ရှင်နေသေးတယ်ဆို သူ့ရုပ်ခန္ဓာ လှုပ်ရှားလာလိမ့်မယ်”
သူမက ပြုံးသည်။ “သူ အဲဒါသုံးပြီး နင့်ကို သတ်ရင်တော့ ဘယ်သူမှ သူ့ကို ဖော်ထုတ်နိုင်တော့မှာ မဟုတ်ဘူး”
ချင်မူ ရင်ထဲ ထိတ်သွားပြီး ယိုင်ယိုင်နဲ့နဲ့ အသက်ရှူလိုက်ရသည်။ “ဘယ်လောက် ဉာဏ်ကောင်းလိုက်သလဲ… သူ့ရုပ်ခန္ဓာ ကောင်းကင်နတ်ဘုံကနေ ထွက်သွားရင် သူ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး… ဒါဆို ခင်ဗျားတို့တွေ….”
ယွင်ချွီးရှို့က ခေါင်းယမ်းကာ ပြော၏။ “အဲဒါက ကောင်းကင်နတ်ဘုံမှာ မဟုတ်ဘူး”
ချင်မူ အနည်းငယ် မှင်သက်သွား၏။
ယွင်ချွီးရှို့က တခစ်ခစ် ရယ်ကာ ပြောလေသည်။ “သူ့ကို ကမ္ဘာဦးဘုံမှာ မြှုပ်ထားတာ… ငါ နင့်ကို အရှေ့ဝင်ရိုးစွန်းဆီ သွားခိုင်းခဲ့ပေမယ့် နင်က ကမ္ဘာဦးဘုံဆီ အရင်သွားတယ်လေ…. နင် သေချင်နေတာမဟုတ်လား”
ချင်မူ အကြီးအကျယ် တုန်လှုပ်သွားသည်။ ရုတ်တရက် ရထားလှည်း ရပ်သွားပြီး တုထျန်းမိစ္ဆာဘုရင်က ပြောသည်။ “ဂိုဏ်းသခင်၊ ကမ္ဘာဦးဘုံဆီ ရောက်ပြီ”