ကြောင်ဖြူ
Vol. 77 Ch. 1006
ယွင်ချွီးရှို့သည် တုထျန်းမိစ္ဆာဘုရင်ကို ကြည့်၍ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ သူမက မေးသည်။ “အဲဒီနတ်ဘုရားစီရင်ရာစင်မြင့်အဆင့် အရုပ်ဆိုးဆိုးမိစ္ဆာဘုရင်တစ်ယောက်ကို ဘာလို့ ဒီလောက်ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာလဲ”
ချင်မူက ပြုံးလိုက်သည်။ “သူက တွေးခေါ်နိုင်စွမ်းကောင်းတယ်.... ဉာဏ်ကောင်းပြီး မာလည်း မာတယ်... အစောပိုင်းနှစ်တွေမှာ နည်းနည်းဆိုးခဲ့တာလေး တစ်ခုပါပဲ... သူက ကျွန်တော် ကြည့်ပေးသင့်တဲ့ လူထဲမှာ ပါတယ်”
ယွင်ချွီးရှို့မှာ မစပ်စုဘဲ မနေတော့ပေ။ “ဘယ်လိုလူတွေ ကျန်သေးလဲ နင် ကြည့်ပေးသင့်တဲ့လူတွေ”
“အများကြီးပေါ့”
ချင်မူက သူ့မိသားစုဝင်များကို ပြောနေသကဲ့သို့ ပြောပြနေသည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်... ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်ဧကရီနဲ့ အရှင်ယွမ်မုလို ရှေးဟောင်းနတ်ဘုရားတွေ၊ မဟာဧကရာဇ်နဲ့ ခိုင်ဧကရာဇ်လို ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေ... ပါရမီရှင်လူငယ်တွေလည်း ပါတယ်... စုစုပေါင်း အယောက်နှစ်ရာလောက် ရှိတယ်”
ယွင်ချွီးရှို့ ပြုံးလိုက်၏။ “လူနှစ်ရာက များတာလား... တမင်သက်သက် ခြောက်နေတာလား ကောင်းကင်နတ်အရှင်မူ”
ချင်မူ၏နှလုံးသားမှာ ဤအမျိုးသမီး၏ ဖမ်းစားခံလိုက်ရသကဲ့သို့ ရင်ခုန်သွားသည်။ ‘ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ကြွေသွားတာလည်း မပြောနဲ့’
နဂါးချီလင်က ရုတ်တရက် ခေါင်းထောင်ပြီး ချောင်းဟန့်လေသည်။
ချင်မူမှာ သတိဝင်သွားကာ ယွင်ချွီးရှို့ဆီမှ နတ်ဘုရင်လန်ဝူဆီ အကြည့်လွှဲလိုက်၏။ ချက်ချင်းပင် ယွင်ချွီးရှို့၏ ဆွဲဆောင်ညှို့ငင်နေမှုများ အသုံးမဝင်တော့ပေ။
တင့်တယ်ကြော့ရှင်းသော နတ်ဘုရင်လန်ဝူ၏အလှသည် သူ့စိတ်အား အေးချမ်းသွားစေ၏။ နှစ်ယောက်စလုံး ချွတ်စွပ်တူသော်လည်း နတ်ဘုရင်လန်ဝူက ယွင်ချွီးရှို့လို မဟုတ်ပေ။ ယွင်ချွီးရှို့သည် အတင်းအကြပ် လိုက်ကပ်နေသော ခံစားချက်မျိုး ပေးသော်လည်း နတ်ဘုရင်လန်ဝူကမူ တည်ငြိမ်အေးချမ်းစွာဖြင့် သိပင်မသိလိုက်ဘဲ ကြွေသွားစေနိုင်သည်။
နဂါးချီလင်က ချောင်းထပ်ဟန့်ပြန်၏။ ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ “ကဝေမလေးကို ငါ မကြည့်တော့တာတောင် ဖက်တီးနဂါးက ဘာလို့ ချောင်းဟန့်နေသေးတာလဲ”
နဂါးချီလင်မှာ မျက်မှောင်ကြုတ်သွား၏။ “ဂိုဏ်းသခင်တော့ ကယ်တင်လို့ ရပါ့ဦးမလား”
ယွင်ချွီးရှို့က နတ်ဘုရင်လန်ဝူကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း တွေးနေသည်။ ‘ဒီကဝေမလေးရဲ့ ညှို့ငင်နိုင်စွမ်းက ငါ့ထက် သာတယ်... သူ ဘယ်က ရောက်လာတာလဲ... သူ့အဟန်အထည်က ငါ့အစ်မတော်လိုပဲ ဒါပေမဲ့ ငါ့အစ်မတော်က အဲဒီကဝေမလေး လျန်းဟွာဟွန် ဖြစ်နေတာဆိုတော့ ကျွယ်ဝူချိန်နောက်တစ်ယောက် လွှတ်လိုက်မှာမဟုတ်ဘူး... သူ့ကို စမ်းသပ်နေတာလည်း ကြာပြီ... ဘာမှမသိရသေးဘူး.. ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက ဘယ်တစ်ယောက်က ကျွယ်ဝူချိန် ဖြစ်လာတာလဲ... ကောင်းကင်နတ်အရှင်ကုန်းလား... အဲဒီလိုလည်း မဟုတ်လောက်ဘူး”
ချင်မူ သူတို့နှင့် ကလူကျီစယ်၍ ဝသည့်အခါ ထပြီး တုထျန်းမိစ္ဆာဘုရင်နှင့် နဂါးချီလင်ကို ခေါ်သည်။
“နောင်ကြီးတုထျန်း၊ ကျွန်တော် ဖန်ပေါင်းချောင်ကမ္ဘာပုလင်းကို နဂါးချီလင်ဆီ ပေးထားတယ်... သူ့နောက်လို့ရတယ်”
ချင်မူက ယွင်ချွီးရှို့နှင့် နတ်ဘုရင်လန်ဝူကို ရှောင်ပြီးနောက် ပြောသည်။ “အချိန်ရရင် ဖန်ပေါင်းချောင်ကမ္ဘာပုလင်းထဲက ခင်ဗျားလူတွေကို သွားအားပေးလိုက်ဦး... ဖန်ပေါင်းချောင်ကမ္ဘာက နေရာလွတ်တွေ ရှိသေးတယ်... ခင်ဗျားတို့လူတွေ မျိုးပွားလို့လည်း ရပေမယ့် ရွှင်ပျော်ပျော်ကျေးရွာတော့ ဖြစ်မလာစေနဲ့.. ပုန်းနေတာ အရည်အချင်းကျစေတယ်.... ခင်ဗျားတို့ အပြင်ကို ပြန်ထွက်ဖို့တော့ လိုတုန်းပဲ”
တုထျန်းမိစ္ဆာဘုရင်သည် ခေါင်းညိတ်ကာ ပြော၏။ “အပြင်မှာ ကောင်းကင်ဘုံတွေ ရှိပေမယ့် ငါ့လူတွေအတွက်တော့ နေရာသိပ်မရှိလို့ပါ”
ချင်မူက ပြုံးသည်။ “ခင်ဗျားအနေနဲ့ ကောင်းကင်နတ်ဘုံမှာ အောင်မြင်မှုရဖို့တော့ ခက်လိမ့်မယ်... ဒါပေမဲ့ ကျွန်တော်နဲ့ဆို လွယ်ပါတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်ငှက်မွှေးမျိုးနွယ်စုဆိုတဲ့ မျိုးနွယ်စုတစ်စု ရှိတယ်... ကောင်းကင်နတ်ဆိုးမျိုးနွယ်စုတစ်စုက သူတို့ကမ္ဘာကို သိမ်းပိုက်ထားတာမလို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်စုခေါင်းဆောင် ယွီကျောက်ချင်းက သူတို့မြေပြန်သိမ်းပေးဖို့ တောင်းဆိုနေတာ ကြာပြီ.... ကျွန်တော် ကတိပေးထားပေမယ့် မအားဘူး... ရက်ပိုင်းလောက်နေရင် ကျွန်တော် အောက်ဆင်းမှာ.... ခင်ဗျားလည်း ယွီကျောက်ချင်းနဲ့ သွားတွေ့ပြီး ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းနိုင်အောင် ကူညီပေးလိုက်.. အဲဒီကမ္ဘာက အကြီးစားကောင်းကင်ဘုံဆိုတော့ ခင်ဗျားတို့လူတွေအတွက်လည်း ခွဲပေးလိမ့်မယ်”
တုထျန်းမိစ္ဆာဘုရင်သည် တွန့်ဆုတ်စွာ ပြော၏။ “ယာယီအခြေချရုံလောက်က အဆင်မပြေဘူး... ကြင်နာမှုကနေ မကျေနပ်မှုဖြစ်လာပြီး ရန်သူတွေ ဖြစ်လာနိုင်တယ်”
ချင်မူ သူ၏အမြော်အမြင်ကို ချီးကျူးမိပြီး ပြုံးလိုက်သည်။ “အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး.. ကမ္ဘာကြီးက ဆယ်စုနှစ်နဲ့ချီ ပရမ်းပတာလည်း ဖြစ်ချင်ဖြစ်နေမယ်.... ကမ္ဘာကြီးအေးချမ်းသွားလို့ သူရဲကောင်းတွေ ထွက်ပေါ်လာတဲ့အခါ ခင်ဗျားတို့တွေ အခြေချဖို့ နေရာ ရှာနိုင်မှာပါ”
တုထျန်းမိစ္ဆာဘုရင်က မေးလေသည်။ “ကောင်းကင်နတ်ဘုံရဲ့ အာဏာက တခြားကောင်းကင်ဘုံတွေအပေါ် သက်ရောက်ပြီး ကောင်းကင်နတ်အရှင်ဆယ်ယောက်ရဲ့ အင်အားက ဘယ်ကမ္ဘာကိုမဆို ဖိနှိပ်နိုင်တဲ့အထိ အင်အားကြီးနေတာကို ဘယ်လိုမျိုး ပရမ်းပတာ ဖြစ်နိုင်မှာမလို့လဲ”
ရုတ်တရက် သူ သဘောပေါက်သွား၏။ “ဟုတ်သား... မင်း ရောက်လာမှတော့ ကောင်းကင်နတ်ဘုံ ပရမ်းပတာ မဖြစ်ဘဲ ဘယ်နေတော့မလဲ”
ချင်မူ ရယ်လိုက်မိသည်။
သူ ထိုသို့ပြောနေစဉ် နတ်ဘုရင်လန်ဝူက သူတို့ဆီသို့ လှပကြော့ရှင်းစွာ လျှောက်လာသည်။ သူမက တုထျန်းကို ကြည့်ပြီး အသိစိတ်အလျဉ်ဖြင့် လှမ်းမေးသည်။ “အထွတ်အမြတ်ကလေးငယ်၊ ငါတို့ ဘိုးဘေးနန်းတော်ကို ဘယ်တော့ရှာမှာလဲ”
ချင်မူလည်း အသိစိတ်အလျဉ်ဖြင့် ပြန်ဖြေသည်။ “ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ကျွန်တော် ခိုးလာခဲ့တယ်... ကောင်းကင်နတ်အရှင်ဆစ်ယောက်က အခု သံသယတွေများနေတာဆိုတော့ ကျွန်တော့်လည်း စောင့်ကြည့်နေမှာပဲ... အခု ကောင်းကင်နတ်ဘုံကနေ ထွက်သွားရင် ကောင်းကင်နတ်အရှင်တစ်ယောက်ယောက် လာစမ်းသပ်လိမ့်မယ်”
သူက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ဆယ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်ပြီး စိတ်ဝမ်းကွဲနေကြတယ်... မဟာဧကရာဇ် သူတို့ကြား ရှိနေတယ်လို့ ကျွန်တော် ပြောလိုက်တာတောင် မတိုက်ခိုက်ကြသေးဘူး... ကျွန်တော် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ယူတော့လည်း ငြိမ်နေကြတုန်းပဲ... သူတို့ကြည့်ရတာ စည်းလုံးနေတာမလို့ ကျွန်တော့်မှာ အခုလောလောဆယ် အင်အားမရှိဘူး”
သူက ခေါင်းယမ်းရင်း ပြောနေ၏။ “မဟာလေဟာနယ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာအကြောင်း ပြောတော့လည်း မတုန်လှုပ်ကြဘူး.. ကျွန်တော် အခု သူတို့အချင်းချင်း ပဋိပက္ခဖြစ်အောင် လုပ်နိုင်ပါ့မလား သံသယဝင်နေပြီ... ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုလည်း သူတို့ကြားမှာ ရှိနေတယ်လို့ ပြောလိုက်ဖို့ပဲ ရှိတော့မလား မသိဘူး”
“အထွတ်အမြတ်ကလေးငယ်၊ နင် စိတ်စောလွန်းနေတယ်”
နတ်ဘုရင်လန်ဝူက ရှင်းပြသည်။ “အလျင်စလို လုပ်တာက အောင်မြင်စေမှာမဟုတ်ဘူး... အခု ကောင်းကင်နတ်ဘုံကနေ ထွက်သွားပြီး တိတ်တိတ်လေး စောင့်ကြည့်သင့်တယ်.. သူတို့ကြားက ပဋိပက္ခတွေ ၊ အမုန်းတွေ ကြီးသထက် ကြီးလာကြလိမ့်မယ်... အချိန်တိုလေးနဲ့ သူတို့ကို သွေးခွဲရင်ကတော့ သိပ်ထိရောက်မှာမဟုတ်ဘူး.. နင် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာနဲ့ သူ့ဥခွံ ခိုးခဲ့တာက အန္တရာယ်များလွန်းတယ်... ငါ အဲဒါကို သဘောမကျဘူး”
သူမသည် နူးညံ့ချိုသာစွာ ပြောနေ၏။ “မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ယောက်ကြားမှာ ပုန်းနေတာဆိုတော့ မကြာခင် နင်နဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရှာတွေ့မှာပဲ... နင် ကောင်းကင်နတ်ဘုံကနေ ထွက်သွားရင် အလွန်ဆုံးမှ လူလွှတ်ပြီး စောင့်ကြည့်နေရုံ ရှိမှာ.. ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကတော့ နင့်ကို အန္တရာယ်ပဲ ဖြစ်စေလိမ့်မယ်.. ကောင်းကင်နတ်ဧကရာဇ်အကြောင်း ငါ မသိပေမယ့် မဟာဧကရာဇ်က ပါးနပ်တာတော့ သိတယ်... သူ နင့်ကို သံသယဝင်မှာပဲ”
ချင်မူ ခေါင်းညိတ်လိုက်၏။ “ကျွန်တော် စိတ်စောသွားခဲ့တယ်... ကောင်းကင်နတ်ဧကရာဇ်က ဥကနေ မွေးဖွားလာတာမှန်း နတ်ဘုရင် သိလား”
နတ်ဘုရင်လန်ဝူက ခေါင်းယမ်းပြသည်။
‘သူက အသက်ငယ်သေးတာပဲမဟုတ်လား... နတ်ဘုရင်ရှုကျွင်းကို မေးရမယ်’
ချင်မူ စဉ်းစားကြည့်ပြီး နတ်ဘုရင်ရှုကျွင်းကို ခေါ်ခိုင်းတော့မည့်အချိန် ယန်အာ့အသံ ကြားလိုက်ရသည်။ “ဒီတောကြောင်က ဘယ်က ရောက်လာတာလဲ... ဖက်တီးနဂါး၊ လာဦး ကြောင်တစ်ကောင် အိမ်ထဲ ကျူးကျော်လာလို့”
နဂါးချီလင်လည်း ခေါင်းထောင်ကာ ပြေးသွားသည်။ “နောင်ကြီးတုထျန်း၊ ကူညီပါဦး”
တုထျန်းမိစ္ဆာဘုရင်လည်း တဟားဟား ရယ်ရင်း ပြေးသွား၏။ “မိန်းကလေးယန်အာက သိုင်းပညာရှင်တစ်ယောက်ပဲဟာ... ကြောင်တစ်ကောင်ကို ဘယ်လိုလုပ် မဖမ်းမိတာလဲ”
ချင်မူ ရင်ထဲ တင်းကြပ်သွား၏။ ‘ယန်အာက နတ်ကောင်းကင်ခန်းမအဆင့်.... ကောင်းကင်နတ်အရှင်ယွဲ့က သူ့ကို ငယ်ငယ်ကတည်းက သင်ပေးထားတာကို တောကြောင်တစ်ကောင်ကို မဖမ်းနိုင်ဘူးလား... ကောင်းကင်နတ်ဘုံမှာက နတ်ဘုရားတွေ၊ မိစ္ဆာတွေပဲ ရှိတာပါ... ဘယ်လိုလုပ် ကြောင်ရောက်လာတာလဲ... ကြောင်နဲ့ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူး”
သူ ထိုသို့တွေးနေစဉ် အိမ်တော်တစ်လုံးစလုံး ပွက်လောရိုက်သွားသည်။ ယန်အာသည် အစိမ်းရောင်စာကလေးအသွင်ဖြင့် ပျံသန်းနေပြီး တုထျန်းမိစ္ဆာဘုရင်၊ နဂါးချီလင်နှင့် နန်းတွင်းသူများက ကြောင်ကို ဝိုင်းထားကြ၏ သို့သော် မမိကြပေ။
ချင်မူ လှမ်းကြည့်လိုက်သည့်အခါ အဖြူရောင်ကြောင်သည် လူများကို ရှောင်တိမ်းရင်း သွားနေကြောင်း မြင်လိုက်ရသည်။ ယန်အာနှင့် တုထျန်းနှစ်ယောက် ဖမ်းသည်ကိုပင် ဖမ်းမမိပေ။
ယန်အာက အော်သည်။ “ဒီကြောင်က မဆိုးဘူး... ဘယ်လိုရှောင်ရမလဲ သိတယ်.. စားကောင်းမယ့်ပုံပဲ”
‘ကောင်းကင်နတ်အရှင်ယန်ရဲ့ ကြောင်ဖြစ်မယ် ထင်တယ်”
ချင်မူမှာ ထိတ်လန့်သွားပြီး နတ်ဘုရင်လန်ဝူကို ကြည့်လိုက်မိသည်။
နတ်ဘုရင်လန်ဝူက ခပ်တိုးတိုး မေး၏။ “အသေလိုချင်လား၊ အရှင်ထားမလား”
ချင်မူ ဖြေတော့မည့်အချိန် နတ်ဘုရင်လန်ဝူ၏ အမူအရာ ပြောင်းလဲသွားသည်။ “ကောင်းကင်နတ်အရှင်တစ်ယောက် ရောက်လာပြီ”
ချင်မူလည်း သွားကြိုရန် ပြင်နေစဉ် ကောင်းကင်နတ်အရှင်ယန်၏ရယ်သံ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်မူ ထုံးစံတွေ မလိုပါဘူး... ရှင့်အိမ်တော်က တော်တော်လေး ခမ်းနားလိုက်တာ... ဧကရာဇ်က ရှင့်ကို နေရာကောင်း ပေးထားတာပဲနော်”
ချင်မူ ရှေ့သို့ လျှောက်သွားပြီး ပြုံးလိုက်သည်။ “ဘာကိစ္စရှိလို့ ရောက်လာတာလဲ နတ်အရှင်မ”
နတ်အရှင်မယန်က ပြုံးကာ ပြောသည်။ “ရှင့်အိမ်ဘေးက ဖြတ်သွားတုန်း ကျွန်မကြောင်လေး ထွက်ပြေးသွားနဲ့ ရှင့်အိမ်ထဲ ဝင်သွားမလားလို့ တွေးမိတာပါ... ဒါပေမဲ့ ရှင့်အိမ်ထဲက လူတွေ ကျွန်မကြောင်ကို တိုက်ခိုက်နေတာ ကြားလိုက်ရတော့ စိတ်ပူသွားပြီး ဝင်လာမိပါတယ်... ခွင့်လွှတ်ပါ၊ ကောင်းကင်နတ်အရှင်မူ”
သူမ ထိုသို့ပြောနေစဉ် အဖြူရောင်အလင်းတန်းတစ်တန်း လက်သွားပြီး ကြောင်က သူမရင်ခွင်ထဲ ခုန်ဝင်လိုက်သည်။ ၎င်းက သူမလက်ထဲတွင် အကျအနနေရာယူပြီးနောက် လာနေသော အစိမ်းရောင်စာကလေးနှင့် နဂါးချီလင်ကို ရန်လိုစွာ ကြည့်ရင်း အမွှေးများ ထောင်နေသည်။
နတ်အရှင်မယန်က သူ့ခေါင်းကို ပွတ်သပ်ပေးနေသည်။ ထို့နောက် ကြောင်သည် မာန်ဖီသံများ ပြုလျက် အစိမ်းရောင်စာကလေးနှင့် တုထျန်းမိစ္ဆာဘုရင်ကို အကဲခတ်နေ၏။
ချင်မူက ချိူချိုသာသာ ပြောလိုက်သည်။ “ခင်ဗျားကြောင်က အစွမ်းထက်တယ်... နတ်ကောင်းကင်ခန်းမအဆင့်တောင် မဖမ်းနိုင်ဘူး”
နတ်အရှင်ယန်သည် နတ်ဘုရင်လန်ဝူနှင့် ဆူဆူညံညံ ကြား၍ ရောက်လာသော ယွင်ချွီးရှို့ထံ ကြည့်လိုက်၏။ သူမမှာ သိသိသာသာ တုန်လှုပ်သွားသော်လည်း ပြုံးလျက် မေးသည်။ “ဒီနှစ်ယောက်က”
နတ်ဘုရင်လန်ဝူ ဆိတ်ဆိတ်သာ နေ,နေစဉ် ယွင်ချွီးရှို့က နတ်အရှင်မယန်ကို အရိုအသေပေး၏။ သူမက ပြုံးကာ ပြောသည်။ “ကျွန်မက ယွင်မိသားစုက ယွင်ချွီးရှို့ပါ ... နတ်အရှင်မကို ဂါဝရပြုပါတယ်... နင်အရှင်မအနေနဲ့ မိဖုရားဆောင်မှာ နေမယ့်အစား ကောင်းကင်နတ်အရှင်မူရဲ့ အိမ်တော်ဆီ လာတာ မသင့်တော်ရာ မကျဘူးလားရှင်”
နတ်အရှင်မယန်၏ မျက်ဝန်းများ လင်းလက်သွားသည်။ သူမသည် နူးညံ့ပျော့ပျောင်းစွာ ပြန်ဖြေ၏။ “ကျွန်မက နတ်အရှင်မအပြင် ကောင်းကင်နတ်အရှင်တစ်ယောက်လည်း ဖြစ်နေတာ မသိဘူးထင်တယ်.... ကောင်းကင်နတ်အရှင်မူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲတစ်ယောက်ဆိုတော့ ကျွန်မရဲ့ ဝါစဉ်အကြီးပါ... ဝါစဉ်ကြီးတဲ့သူတစ်ယောက်ဆီ လာတွေ့တာ မသင့်တော်ရာ မကျပါဘူး... ဒါပေမဲ့ အိမ်တောင် မပြန်ဘဲ နေ့တိုင်း သီးသန့်တွေ့တာကတော့ မသင့်တော်ရာကျတာပေါ့ရှင်”
ယွင်ချွီးရှို့ သူမကို သံသယဝင်နေသည်။ ‘ဒီကောင်းကင်နတ်အရှင်က အပြောအဆိုတတ်တယ်.... အစ်မတော်များ ဖြစ်နေမလား”
လျန်းဟွာဟွန်က ကောင်းကင်နတ်ဧကရီမှန်း သိပြီးကတည်းက သူမမှာ မည်သည့်အရာကိုမဆို သံသယဝင်နေခဲ့လေသည်။
နတ်အရှင်မယန်က ပြုံးပြီး ပြောသည်။ “အခု ကြောင်လေး တွေ့ပြီဆိုတော့ စိတ်အေးသွားပါပြီ... ကောင်းကင်နတ်အရှင်မူ ကျင့်ကြံနေတာကို မနှောင့်ယှက်တော့ပါဘူး... ကျွန်မက မိဖုရားတစ်ယောက်မဟုတ်လား.. ဒီမှာ ကြာကြာနေရင် အတင်းတုပ်စရာ ဖြစ်လာလိမ့်မယ်... နောက်ရက်ကျမှ ဖိတ်စာပို့လိုက်ပါ့မယ်နော်”
ချင်မူလည်း သူမကို လိုက်ပို့ပေးရင်း ပြောလိုက်၏။ “ရက်ပိုင်းလောက်နေရင် ကျွန်တော် ကောင်းကင်နတ်ဘုံကတော့ ထွက်သွားဖို့ လုပ်နေတာဆိုတော့ နတ်အရှင်မ ကျွန်တော့်ကို မတွေ့ရလောက်ဘူး”
နတ်အရှင်မယန်က တအံ့တဩ မေးလေသည်။ “တလောကမှ မဟာလေဟာနယ်က ပြန်လာတယ်... နားတောင်မနားဘဲ ထွက်သွားဖို့ လုပ်နေတာလား... ဘယ်သွားမလဲ တွေးထားလဲ ကောင်းကင်နတ်အရှင်... ဘယ်တော့ ပြန်လာမှာလဲ”
ချင်မူ စဉ်းစားကာ ပြောလိုက်၏။ “ကျွန်တော် ဒီကို ရောက်တုန်းက ကောင်းကင်နဲ့မြေပြင် ဘယ်လောက်တောင် ကျယ်ပြောလဲ မြင်လိုက်ရတော့ လျှောက်သွားကြည့်ချင်ခဲ့တယ်... ဝင်ရိုးစွန်းလေးခုက နတ်မင်းလေးပါးနဲ့လည်း သွားတွေ့ချင်တယ်... ကောင်းကင်နယ်စားမင်းဆီလည်း အလည်သွားချင်တယ်... မြေအောက်ဘုံအရှင်သခင်နဲ့ ဆုံချင်တယ်... ဘယ်တော့ပြန်လာမလဲ အသေအချာ မပြောတတ်ဘူး”
နတ်အရှင်ယန်သည် အားကျသွားဟန်ဖြင့် သက်ပြင်းချ၏။ “ကျွန်မလည်း ရှင်လို့ လွတ်လွတ်လပ်လပ် နေချင်လိုက်တာ ကောင်းကင်နတ်အရှင်မူရယ်.... ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်ကို လက်ထပ်လိုက်ရကတည်းက ဒီနန်းတော်ကြီးမှာ ခြေချုပ်မိသွားတော့တာပဲ... အဝေးဆုံးဆိုလို့ ကျောက်စိမ်းမြို့တော်အထိပဲ သွားနိုင်တယ်.... ပြောစရာတော့ မကောင်းပေမယ့် ကျွန်မတော့ ရှင် ခရီးတွေ ထွက်နိုင်တာကို အားကျမိပါတယ်... ကဲ အခု ကျွန်မပြန်တော့မယ် လိုက်ပို့စရာမလိုပါဘူး”
ချင်မူက သူမကို တံခါးဝအထိ လိုက်ပို့လိုက်ပြီး အပြင်တွင် တော်ဝင်ရထားလှည်းတစ်စင်းအား မြင်လိုက်ရသည်။ နန်းတွင်းသူလေးများက ရထားလှည်းဘေး၌ စောင့်နေကြ၏။ နှစ်ယောက်က ကန့်လန့်ကာကို ဖွင့်ပေးလိုက်ရာ နတ်အရှင်မယန်နှင့် သူ၏ကြောင်ဖြူလေး ဝင်သွားသည်။ သူမက ထိုင်ပြီးနောက် ချင်မူ့ထံ ခေါင်းညိတ်ပြသည်။
ချင်မူလည်း ခေါင်းညိတ်ပြလိုက်သည်။
ကန့်လန့်ကာ ပြန်ပိတ်သွားပြီး ရထားလှည်းသည် သူ့အိမ်နှင့်အဝေးသို့ မောင်းနှင်သွား၏။
ချင်မူလည်း အခန်းထဲ ပြန်ဝင်ပြီး နန်းတွင်းသို့ ပေးပို့ရန် စာတစ်စောင် ရေးသည်။ ထိုစာက သူ၏ခရီးများအကြောင်း ကောင်းကင်နတ်ဧကရာဇ်ဆီ အကြောင်းကြားရန် ဖြစ်လေသည်။
“ငါလည်း လိုက်ချင်တယ်” ယွင်ချွီးရှို့က ဝမ်းသာအားရ ပြော၏။
ချင်မူမှာ မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။ ‘အရှင်မယွမ်မု မသိအောင် ငါ သူ့ကို မဟာလေဟာနယ်မှာ သတ်ခဲ့ရတယ်... ကောင်းကင်ဓားမလော့ သတ်ပေးခဲ့လို့ တော်သေးတာ... ဒါပေမဲ့ ဒီတစ်ခေါက် ဘယ်လိုသတ်ရမလဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ အရင်သွားပြီး အဲဒီနှလုံးသားမရှိတဲ့ ကောင်းကင်ဓားမလော့ကိုပဲ ဒီကဝေမလေးကို သတ်ခိုင်းရမလား’
ရထားလှည်းပေါ်တွင် နတ်အရှင်မယန်သည် ကြောင်လေး၏ ခေါင်းကို ပွတ်ပေးနေ၏။ ကြောင်လေးက သူ့လက်ဖဝါးများကို လျက်ရင်း ဖြည်းဖြည်းချင်း ပြောသည်။ “နတ်အရှင်မ မှန်တယ်.. ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာသုံးပြီး ဥခွံခိုးသွားတာက ကောင်းကင်နတ်အရှင်မူပဲ... ကျန်တဲ့သူတွေကို သူ လိမ်လို့ရရင် ရမယ် ကျွန်တော့်ကိုတော့ လိမ်မရဘူး”
နတ်အရှင်မယန်က ၎င်းအမြှီးကို ပွတ်သပ်ပေးသည့်အခါ အမြှီးလေးသည် မြောက်တက်လာ၏။
“စိတ်ဝင်စားစရာ ကောင်းလာပြီ”
နတ်အရှင်မယန်သည် နူးညံ့စွာ ပြုံးနေ၏။ “သူက သိုင်းအဆင့်မမြင့်ပေမယ့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်တယ်... နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်ရင်တောင် ထိန်းချုပ်နိုင်မှာ မဟုတ်တာကို ဘယ်လိုများ လုပ်နိုင်သွားတာလဲ.... မဟာဧကရာဇ်က အသိစိတ်အလျဉ်အားကောင်းတဲ့အတွက် အဲဒီလိုလုပ်နိုင်တယ်... သူက ချီစွမ်းအင်အစား အသိစိတ်အလျဉ်ကို သုံးတာ.. ဒါဆို ကောင်းကင်နတ်အရှင်မူ မဟာလေဟာနယ်မှာ ဖန်ဆင်းရှင်တွေနဲ့ တွေ့ခဲ့လိမ့်မယ်... အဲဒါကြောင့် သူ့အသိစိတ်အလျဉ် အားကောင်းလာတာ နေမှာ”
ကြောင်ဖြူက ပြောသည်။ “ဒါဖြင့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံက....”
နတ်အရှင်မယန်သည် ပြုံးလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ခမ်းနားတင့်တယ်နေသော ကျောက်စိမ်းမြို့တော်ကို ကြာည့်လိုက်၏။ “မဟာဧကရာဇ်ကို သူ့ကို တိုက်ခိုက်ပါလိမ့်မယ်... ကောင်းကင်နတ်အရှင်မူ ဖန်ဆင်းရှင်တွေနဲ့ တွေ့ခဲ့မှန်း ငါ ခန့်မှန်းနိုင်ရင် သူလည်း ခန့်မှန်းမိမှာပဲ... သူ့အသိစိတ်အလျဉ်က အားအကောင်းဆုံးမဟုတ်လား... ငါလည်း ဘယ်သူက မဟာဧကရာဇ်လည်း သိချင်တယ်”
သူမသည် ဉာဏ်များသောအမူအရာဖြင့် ကြောင်၏ မေးစေ့ကို ပွတ်သပ်ပေးလိုက်၏။ “မဟာဧကရာဇ် အသက်ရှင်နေသေးတာ စိုးရိမ်စရာကောင်းတယ်.... သူ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ကောင်းကင်နတ်အရှင်လင်ကို သတ်လိုက်တဲ့ မြင်ကွင်းက ငါ့ကို ကြက်သီးထမိစေတုန်းပဲ”