အပိုင်း(၁၂၃)-သူမ၏ အဖိုးတန်ပစ္စည်းများ
Vol. 002 Ch. 123
ရှီမာယူယူ စာအုပ်များကိုယူလိုက်သည်။ ထိုစာအုပ်နှစ်အုပ်အား ဖွင့်လိုက်ခြင်းသည် သူမအတွက် ကမ္ဘာအသစ်ကို တွေ့ကြုံရသကဲ့သို့ စိတ်လှုပ်ရှားသည့်ခံစားမှုမျိုး ခံစားရသည်။
“ဒီတည်ဆောက်မှုစာအုပ်တွေက ဒီကမ္ဘာမှာအရမ်းရှားတယ်၊ မင်းသေချာဂရုစိုက်သိမ်းထား” ဖန်ကျိရှင်း သူမအားထပ်သတိပေးလိုက်သည်။
“သိမ်းထားပါ့မယ် ဆရာ” ရှီမာယူယူ ခေါင်းညိတ်ကာ စာအုပ်အားဝိညာဉ်ပုလဲအတွင်းသို့ထည့််လိုက်သည်။
“အခုချိန်ကစပြီး တစ်ပတ်ကိုနှစ်ရက်လောက် ဒီကိုလာခဲ့၊ တည်ဆောက်မှုအကြောင်းတွေကို မင်းကိုသင်ပေးမယ်၊ မင်းအခုပြန်ပြီး ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီး နားမလည်ရှိရင် ငါ့ကိုလာမေး” ဖန်ကျိရှင်းပြောလိုက်သည်။
“ကောင်းပါပြီ”
“မင်းကို ငါ့တပည့်အဖြစ်လက်ခံလိုက်တော့ မင်းသေချာသင်ယူရမယ် မဟုတ်ရင် ငါမျက်နှာပျက်ရလိမ့်မယ်၊ မင်းနားလည်လား” ဖန်ကျိရှင်းလေးနက်စွာပြောသည်။
“ဟုတ်ကဲ့ပါ ဆရာ”
သူမ နှုတ်ဆက်ခြင်းနှင့် အရိုအသေပေးခြင်းကို ပိုလေးနက်စွာပြောင်းလဲလိုက်သည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် ဆရာနှင့် ကျောင်းသားမျှသာဖြစ်ခဲ့သော်လည်း အခုတော့ ဆရာနှင့် တပည့်ဆက်ဆံရေးသို့ ဝင်ရောက်လာပြီဖြစ်သည်။
“ဟုတ်သားပဲ ဆရာ၊ အခု ဆရာ့ရဲ့ နေရာချိပ်ပိတ်တဲ့ လက်ရှိအရည်အချင်းက ဘယ်လောက်လဲ”
ရှီမာယူယူ မျက်လုံးထဲမှ သိချင်စိတ်ကို ဖန်ကျိရှင်းမြင်သော် ပြုံးကာပြောလိုက်သည် “မင်းရဲ့ ဆရာက အခုလက်ရှိမှာ ဒီအိမ်တစ်လုံးစာရဲ့ တစ်ဝက်အရွယ်အစားလောက်ကို ချိပ်ပိတ်နိုင်တယ်”
ဒီအိမ်ရဲ့အရွယ်အစားတစ်ဝက်လောက်ကို ချိပ်ပိတ်နိုင်သည့်အရည်အချင်းသည် ဘယ်လောက်အဆင့်လဲဆိုသည်ကို သူမ မသိပါ၊ သို့သော် တည်ဆောက်မှုသခင်အများစုသည် လက်သီးဆုပ်အရွယ်အစားလောက်ကိုသာ ချိပ်ပိတ်နိုင်သည်ဟု ပြောခဲ့သဖြင့် သူမ ဆရာသည် သေချာပေါက် အားကြီးလိမ့်မည်ဟု တွေးလိုက်သည်။
ရှီမာယူယူအတွေးတွင် နစ်မြောနေသည်ကို ကြည့်ကာ ဖန်ကျိရှင်းတစ်ခဏတာမျှ ကြက်သေသေသွားလေသည်။ ထိုလူ၏ အမူအရာသည် ဒီနှစ်အတွင်းထပ်မြင်ရခြင်းဖြစ်သည်။
ရှီမာယူယူ အတွေးများရုပ်သိမ်းလိုက်သောအခါတွင်တော့ ဖန်ကျိရှင်းသည် သူမအားလေးနက်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူမအားအပေါ်ယံကြည့်ရုံသာမက သူမအတိတ်နှင့် တခြားအကြောင်းများကို အာရုံစိုက်နေခြင်းလည်းဖြစ်သည်။ သူ့မျက်လုံးများသည် အဝေးသို့ကြည့်ကာ တစ်စုံတစ်ခုကို ပြန်တွေးနေသည်။ ရင်နာစရာ ကိစ္စများရှိခဲ့သည်။
“ဆရာ” သူ၏ လက်ရှိအတွေးများကို နှောင့်ယှက်ကာ တစ်ခုခုပြောရန်ရည်ရွယ်လိုက်သည်။
“အဟွတ် အဟွတ် မင်းဘာမှပြောစရာမရှိတော့ရင် သွားလိုက်တော့” သူအတွေးလွန်နေသည်ကို ဖုံးကွယ်ရန် ချောင်းနှစ်ချက်ဟန်ဆောင် ဟန့်လိုက်သည်။ ပြီးနောက် ရှီမာယူယူအား လက်ဝေ့ပြကာပြောလိုက်သည်။
“ဒါဆို ကျွန်တော်သွားပါတော့မယ်” သူမပြောပြီးသည်နှင့် ရှီမာယူယူထွက်သွားလေသည်။ သူမ ခြေနှစ်လှမ်းမျှလျှောက်ပြီးနောက် ရပ်လိုက်သည်။ သူမလှည့်ကာ ဖန်ကျိရှင်းအားကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ အကြည့်များသည် အမှတ်တရများတွင် နစ်ဝင်နေသကဲ့သို့ဖြစ်နေသည်။
သူမ ရုံးခန်းမှထွက်သောအခါ သူမစိတ်ထဲရှိပဟေဠိများကို တွေးရန် ကျောင်းဥယျာဉ်သို့ လျှောက်လာခဲ့သည်။
ထိုအချိန်က ရှီမာလိုင်သည် သူမအား သူမ၏ အသက်ကျောက်စိမ်းအကြောင်းကို ပြောပြခဲ့သည်။ သူမ အသက်ကျောက်တုံးပြုလုပ်သည့်နေရာတွင် ဖန်ကျိရှင်းရှိခဲ့သည်ဟု အဘိုးပြောဖူးသည်။
သာမာန်လူများသည် အသက်ကျောက်စိမ်းပြုလုပ်ရန်မဖြစ်နိုင်ပေ။ ရှီမာလိုင်ပင်လျှင် ရှီမာယူမင်နှင့် တခြားသူများအတွက် မပြုလုပ်ပေးနိုင်ပေ။ သူမ တစ်ယောက်တည်းရှိနေခြင်းနှင့် အသက်ကျောက်စိမ်းပိုင်ဆိုင်နေရခြင်းသည် ထူးဆန်းသည်။
ထိုအချိန်တွင် ဖန်ကျိရှင်း ဒီနေရာသို့ရောက်လာခဲ့သည်။ ထို့အပြင် သူသည် ဒုံချိန်းနိုင်ငံသားမဟုတ်ပေ။ ဆိုလိုသည်မှာ သူမအသက်ကျောက်တုံးပြုလုပ်စဉ်က သူမသည် ဒုံချိန်းနိုင်ငံတွင် မရှိခဲ့တာလား။
သူမက ရှီမာမျိုးနွယ်က လူမဖြစ်နိုင်ဘူးလား။
ရှီမာယူယူသည် အတွေးများကြောင့်အံ့သြသွားရာက လမ်းလျှောက်ခြင်းကို အမှတ်တမဲ့ရပ်လိုက်သည်။
သူမ၏ ကိုယ်ပိုင်အတွေးများသည် မတွေးတတ်အောင်ပင်ဖြစ်နေသည်။ သို့သော် ရှီမာလိုင်နှင့် တခြားသူများ သူမအပေါ်ဆက်ဆံနေခြင်းများသည် ထူးဆန်းသော အပိုင်းများရှိခဲ့သည်။ ဥပမာအနေဖြင့် သူမ အဖေသို့မဟုတ် အမေသည် လူသားမျိုးနွယ်မဟုတ်ပေ။ သူတို့သည် အမှောင်လောကမှဖြစ်ကြသည်။ ထိုအရာသည် သူမအား နတ်ဆိုးခန္ဓာကိုယ်အားပိုင်ဆိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမသိရသလောက်ဆိုလျှင် ရှီမာယူမင်နှင့် တခြားသူများ၏ အမေသည် သံသယဝင်စရာမရှိလောက်အောင် လူသားမျိုးနွယ်ဖြစ်သည်။
ထို့အပြင် သူမအဖေဆီမှ သေတ္တာကို သူမအား ရှီမာလိုင်ပေးခဲ့သည်။ သူမအတွက် တစ်ခုခုအားချန်ထားခဲ့သည်ကို ပြောခဲ့သည်။ ထိုအချိန်တွင် ပုံမှန် မျိုးဆက် အမွေပစ္စည်းပေးသည်နှင့် မတူပေ။ သူမအတွက် သူမအဖေသည် ထိုသေတ္တာအား သေချာစောင့်ရှောက်ခဲ့ပုံရသည်။
အထူးသဖြင့် သူမတွင် ထူးခြားသော ခန္ဓာကိုယ်ရှိသည့်အချက်သည် သူမသည် ရှီမာမျိုးနွယ်မှ လူမဟုတ်သည်ကို ခန့်မှန်းလို့ရနေသည်။ အရင်ကတော့ သူမထိုအကြောင်းအားမတွေးမိခဲ့ပေ။ သို့သော် အခုတော့ ဖြစ်ပျက်ခဲ့သမျှကို နည်းနည်းစီဆက်စပ်ကြည့်လိုက်ရာတွင် သူမ သရုပ်မှန်နှင့်ပတ်သတ်၍ ချက်ချင်းပင် သံသယဝင်လာသည်။
သို့သော် သူမ ခန့်မှန်းမိသော်လည်း ရှီမာလိုင်နှင့် တခြားသူမအားကို ထိုအကြောင်းအားမေးရန် အစီအစဉ်မရှိပေ။ သူမ မူရင်းသရုပ်မှန်ကို စိတ်ဝင်မစားလို့မဟုတ်ပဲ ရှီမာမျိုးနွယ်၏ နွေးထွေးမှုကိုခံစားရခြင်းကြောင့်ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် တစ်နေ့နေ့တော့ သေချာပေါက်ဖော်ထုတ်နိုင်မည်ကို သူမယုံကြည်သည်။ ထိုအချိန်ရောက်လာလျှင် ရှီမာလိုင်နှင့်တခြားသူများသည် အလိုလို သူမအားပြောပြကြလိမ့်မည်။
သူမ အတွေးများအားရုပ်သိမ်းကာ ရှီမာယူယူ သက်ပြင်းရှည်ချကာ အဆောင်သို့ပြန်လာခဲ့လိုက်သည်။
လာမည့်အပတ်တွင် အတန်းများပြန်စတော့မည်ဖြစ်သဖြင့် ဝေကျိရွှီနှင့် တခြားသူများသည် ကိုယ့်အခန်းထဲတွင် ကိုယ် နောက်တစ်နေ့အတန်းအတွက်ပြင်ဆင်နေကြသည်။
သူမ ကိုယ့်အိမ်သို့ပြန်လာကာ ဖန်ကျိရှင်းပေးလိုက်သောစာအုပ်များကိုစားပွဲပေါ်သို့တင်လိုက်သည်။
“တည်ဆောက်မှုသခင်…” သူမ စာအုပ်မျက်နှာဖုံးအားထိတွေ့လိုက်ကာ အမှန်တကယ်ဖြစ်နေသည်ဟု မခံစားရပေ။
အရင်က တည်ဆောက်မှုများကို သင်ယူချင်ခဲ့သော်လည်း မဖြစ်နိုင်ဘူးဟု ထင်ခဲ့သည်။ ဖန်ကျိရှင်းသည် တည်ဆောက်မှုသခင်ဖြစ်လိမ့်မည်ကို မထင်ထားခဲ့ပါ။ ထို့အပြင် သူမအား တစ်ခဏအတွင်း သင်ယူရန်အခွင့်အရေးပေးခဲ့သေးသည်။
“နေရာကို ဖောက်ထွင်းမြင်ရမယ်….. ဒီလိုနေရာမျိုးကို သတိထားမိရတယ်ဆိုတာကဘယ်လိုလဲ” သူမသည် ပတ်ပတ်လည်အား လှည့်ပတ်ကြည့်သော်လည်း ထူးခြားမှုတစ်ခုမှ မခံစားရပေ။ သူမ တစ်ခုခုကို သတိထားမိတာက ဘယ်လိုလဲ။
“ဆရာက အိမ်တစ်ဝက်စာလောက်ကို ချိပ်ပိတ်နိုင်တယ်လို့ပြောတော့… အဲဒါက အားကောင်းတာပဲ၊ သူတကယ် အားကောင်းတာက အံ့သြစရာပဲ”
“နေရာ ထိန်းချုပ်ခြင်း၊ နေရာပြိုကွဲခြင်း…. ဆရာတောင် ဒီလိုမျိုးတွေလုပ်တာကို မသိရင် အဲဒါတွေက တကယ်ခက်တာပဲ၊ ငါသာသင်ရရင်တော့ စွမ်းအင်က သေချာပေါက်မိုက်လာမှာပဲ”
“ထားလိုက်ပါဦး၊ အခုဒါတွေကို မစဉ်းစားနိုင်သေးဘူး၊ ငါဒီစာအုပ်ကို သေချာဖန်ပြီးမှ ဆရာပြောတဲ့ နေရာတွေအကြောင်းကို တွေးရမယ်…”
ရှီမာယူယူ နေ့လည်ခင်းတစ်ခင်းလုံးကို စာအုပ်ဖတ်သည်နှင့်ပင် အချိန်ကုန်ကာ နေရာကိုဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားလေသည်။ သို့သော် ညာရောက်လာသည် သူမတစ်ခုမှ ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။
သို့သော် သူမစိတ်မပျက်ပါ။ ဖောက်ထွင်းမြင်နိုင်ရန် လွယ်ကူပါက တည်ဆောက်မှုသခင်များသည် အဂ္ဂိရတ်ပညာရှင်များထက် ရှားပါးလိမ့်မည်မဟုတ်ပေ။
နောက်တစ်နေ့တွင် အတန်းတက်ရန်အချိန်ကျလာသည်။ အားလုံး၏ နေထိုင်မှုသည် သာမာန်အေးချမ်းသော နေ့ရက်များအဖြစ်ပြန်ရောက်လာသည်။ သူတို့သည် အတန်းနေ့စဉ်တက်ကာ သင်ယူသည်၊ ကျင့်ကြံကြသည်။ ရှီမာယူယူပြောင်းလဲခြင်း အကျိုးသက်ရောက်မှုကို ဝေကျိရွှီနှင့် တခြားသူများခံစားရသဖြင့် တခြားသူများထက်ပိုကြိုးစားကြလေသည်။ သူမထက်နောက်ကောက်ကျနေသည်ကို အမှီလိုက်နေချင်ခဲ့ကြသည်။
လတစ်ဝက်သည် မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားပြီး ရှီမာယူယူအတွက်တော့ တစ်ရက်ချင်းစီသည် ဖြည်းဖြည်းချင်းကုန်ဆုံးသွားသည်ဟု ခံစားရသည်။ သို့သော် နောက်မှသူမ သတိပြုမိသည်မှာ သူမသည် ညတွင် ဝိညာဉ်ပုလဲအတွင်းဝင်ကာ နေရာအားဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားခဲ့သည်။ ထိုအရာသည် သူမအချိန်များအား တိုးသွားသကဲ့သို့ခံစားရခြင်းဖြစ်သည်။
ညတွင် ရှီမာယူယူနှင့် မိုရှားသည် ရွှေမြွေအပင်အောက်တွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သူတို့စာချုပ်ကြောင့်ပင် သူတို့နှစ်ယောက်လုံးသည် မမြင်နိုင်သော ယုံကြည့်မှုတစ်ခုကို တည်ဆောက်ပြီးဖြစ်သည်။ သူတို့အား နှောက်ယှက်မည့်သူမရှိသဖြင့် စိုးရိမ်မှုမရှိပဲ ကျင့်ကြံခြင်းအဆင့်သို့ ဝင်ရောက်လိုက်သည်။
ထိုညတွင် မိုရှားသည် ကျင့်ကြံခြင်းမပြုခဲ့ပေ။ နောက်တစ်နေ့မနက်တွင် ရှီမာယူယူအား ကူညီပြီး ဆေးဖော်ပေးရဦးမည်၊ ပြီးတော့ သူ ဝိညာဉ်ပုလဲအတွင်းတွင် ပြန်အားဖြည့်ပြီးဖြစ်သည်။ သူသည် ခဏတာမျှ သူ့ကိုယ်သူအား အနားပေးခဲ့သည်။
သူသည် တရားထိုင်ဖျာတွင်ထိုင်ကာ နေရာအားဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသော ရှီမာယူယူအားကြည့်နေသည်။ သူမ ကံကောင်းလွန်းသည်ဟုတွေးမိပြန်သည်။ တခြားသူများသည် ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ အဖိုးတန်ပစ္စည်းတစ်ခုမျှပိုင်ဆိုင်ရခြင်းမရှိပေ။ သူတို့သည် ဝိညာဉ်ပုလဲအတွင်းမှ ဂေါ်ဖီထုပ်သဖွယ်ပင်။ အင်ပါယာသားရဲကျမ်းနှင့် ဝိညာဉ်မွန်းမံခြင်းကျမ်းတို့နှင့်သာ သူ့အရင်ဘဝတွင် ကျေနပ်ခဲ့ရသည်။ ထိုအရာများနှင့် နာကျင်မှုများ ရုန်းကန်လှုပ်ရှားမှုများ ဖြတ်သန်းခဲ့ရသည်။ သို့သော် သူတို့၏ဆက်နွယ်မှုကြောင့် သူမသည် လွယ်လွယ်နှင့်ပင် ကျော်ဖြတ်နိုင်ခဲ့သည်။ တည်ဆောက်မှုသခင်များအတွက် စာအုပ်သည် ဒီကမ္ဘာတွင် ရှားပါးလွန်းသည် သို့သော် သူမသည် တည်ဆောက်မှုသခင်နှင့် ဆုံတွေ့ကာ သူမဆရာဖြစ်လာသည်။ ဘဝတစ်ခုတည်ထောင်နိုင်သော ဝိညာဉ်ပုလဲ၊ သူ့အရင်ဘဝကျကြားရုံမျှကြားဖူးသော ရှေးအကျဆုံး လက်နက် လင်းလုံလည်းရှိသေးသည်။
ထိုအဖိုးတန်းပစ္စည်းအားလုံးကို သူမပိုင်ဆိုင်နေသည်ကို စဉ်းစားရာ သူမသည် ထိန့်လန်စရာကောင်းလောက်အောင် ပြောင်းလဲပြစ်နိုင်သည်။ သူတို့အားလုံးကို စာချုပ်ချုပ်ခဲ့ခြင်းမဟုတ်၊ သူ့ဘာသာသူ ရောက်လာခြင်းဖြစ်သည်။
သူမအား သူစိုက်ကြည့်နေသည်ကို ရှီမာယူယူခံစားရသော်လည်း မျက်စိဖွင့်မကြည့်မိပေ။ အဘယ့်ကြောင့်ဆိုသော် သူလက်ရှိအဆင့်သည် လုံးဝမတူညီသော ကမ္ဘာသို့ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။