← Chapters

အချက်အပြုတ်

Vol. 2 Ch. 11

အချက်အပြုတ်

Vol. 2 Ch. 11

‘ပုံမှန်ဆိုရင် လူတိုင်း သေတယ်.. ငါ အသက်ရှင်နေသေးလို့ ဝမ်းသာတယ်... ငါ အသက်ရှင်နေသေးလို့ ကံကောင်းတယ်’

ကလိုင်းဟာ ခိုက်ခိုက်တုန်အောင် ကြောက်သွားပြီး တံခါးဆီ အလျင်အမြန် ပြေးသွားလိုက်ပါတယ်။ ကလိုင်းဟာ ရဲတွေကို အမီလိုက်ပြီး ကာကွယ်ပေးဖို့ တောင်းဆိုချင်တာပါ။

ဒါပေမဲ့ တံခါးလက်ကိုင်ဆီ ရောက်တယ်ဆိုရင်ပဲ ကလိုင်းဟာ ရုတ်တရက် ရပ်လိုက်ပါတယ်။

‘အဲဒီအရာရှိက ဒီလောက် ကြောက်စရာကောင်းအောင် ပြောသွားတာ... အရေးကြီး သက်သေရော အဓိကသဲလွန်စရော ဖြစ်တဲ့ ငါ့ကို ဘာဖြစ်လို့ မကာကွယ်တာလဲ’

‘ဒါက ပေါ့ဆလွန်းတယ်မလား’

‘သူတို့တွေက ငါ့က စမ်းသပ်နေတာလား... ဒါမှမဟုတ် ငါးစာလည်း ဖြစ်နိုင်တာပဲ...’

အတွေးပေါင်းမျိုးစုံဟာ ကလိုင်းရဲ့ စိတ်ထဲကို တိုးဝင်လာပါတယ်။ ကလိုင်းဟာ ရဲအရာရှိက သူ့ကို ချောင်းမြောင်း ကြည့်ရှုပြီး သူ့တုံ့ပြန်မှုကို အကဲခတ်နေတယ်လို့ ခံစားလိုက်ရပါတယ်။

ကလိုင်းဟာ ဒီလို တွေးတောပြီးနောက် ပိုပြီးတော့ တည်ငြိမ်သွားကာ ထိတ်လန့်တကြား မဖြစ်တော့ပါဘူး။ ကလိုင်းဟာ တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါတယ်။ အဲဒီနောက် အသံကို တမင်တုန်အောင်လုပ်ပြီး လှေကားဘက်လှည့်ကာ လှမ်းအော်လိုက်ပါတယ်။

“ခင်ဗျားတို့တွေ ကျွန်တော်ကို ကာကွယ်မှာမလား”

“ရှပ်... ရှပ်... ရှပ်...”

ရဲအရာရှိတွေက ဘာမှ မတုံ့ပြန်ပါဘူး။ သားရေဖိနပ်နဲ့ သစ်သားလှေကားထစ် ထိတွေ့ရာကနေ ထွက်ပေါ်လာတဲ့ စည်းချက်သံဟာ လုံးဝ ပြောင်းလဲမသွားပါဘူး။

“ကျွန်တော် သိပါတယ်... ခင်ဗျားတို့တွေ ကျွန်တော်ကို ကာကွယ်ပေးမယ်ဆိုတာ...”

ကလိုင်းဟာ အန္တရာယ်ကြားထဲ ရောက်နေတဲ့ သာမန်လူမျိုး ကြိုးစား ဟန်ဆောင်ပြီး ထပ်အော်လိုက်ပါတယ်။

ခြေသံတွေဟာ တဖြည်းဖြည်း အားပျော့သွားပြီး တိုက်ခန်းရဲ့ အောက်ဆုံးထပ်မှာ ပျောက်ကွယ်သွားပါတယ်။

ကလိုင်းဟာ ဟွန်းခနဲ နှာမှုတ်ပြီး ရယ်မောလိုက်ပါတယ် “ငါ တုံ့ပြန်တာက ဟန်ဆောင်ထားမှန်း သိသာလွန်းတယ်... ငါက တော်တော်ကို သရုပ်ဆောင် ညံ့တာပဲ”

ကလိုင်းဟာ ရဲအရာရှိတွေနောက် ပြေးမလိုက်ဘဲ အခန်းထဲ ပြန်ဝင်ပြီး တံခါးပိတ်လိုက်ပါတယ်။

နောက်တစ်နာရီ နှစ်နာရီမှာ ကလိုင်းဟာ ဂနာမငြိမ်ဖြစ်တာ၊ ရင်ထိတ်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ၊ ကဲ့ရဲ့ရှုတ်ချတာ၊ သူနားမလည်တဲ့ စကားလုံးတွေကို ရေရွတ်တာ... စတဲ့ ခံစားချက်မျိုးစုံ အပြုအမူမျိုးစုံကို သရုပ်ဆောင်ပါတယ်။ ကလိုင်းဟာ ဘေးနားမှာ ဘယ်သူမှ မရှိပေမဲ့ ပေါ့ပေါ့ဆဆ မလုပ်ပါဘူး။

‘ဒါက ကိုယ့်ဘာသာ သရုပ်ဆောင် လေ့ကျင့်တာပဲ’ ကလိုင်းဟာ သူ့ကိုယ်သူ စိတ်ထဲမှာ ရယ်မိလိုက်ပါတယ်။

နေမင်းက အနောက်အရပ်ကို ရွှေ့လျားပြီး မိုးကုပ်စက်ဝိုင်းမှာ လိမ္မော်နီရောင် ပေါ်ထွက်လာတဲ့အခါ အိမ်ငှားတွေဟာ တစ်ယောက်ပြီး တစ်ယောက် အိမ်ပြန်ရောက်လာကြပါတယ်။ ကလိုင်း သူ့အာရုံကို တခြားရွှေ့လိုက်ပါတယ်။

“မလီဆာလည်း ကျောင်းလွှတ်လောက်ပြီ...” ကလိုင်းဟာ မီးဖိုကိုကြည့်လိုက်ပြီး ရေနွေးအိုးကိုမ မီးသွေးတွေကို ဘေးဖယ်ကာ ခြောက်လုံးပြူးကို ထုတ်ယူလိုက်ပါတယ်။

အဲဒီနောက် ကလိုင်းဟာ တုံ့ဆိုင်းခြင်းမရှိဘဲ နှစ်ဆင့် ခုတင်အောက်က ဘုတ်ပြားနဲ့ သစ်သားချောင်းတွေ ဟနေတဲ့ နေရာမှာ ခြောက်လုံးပြူးကို ထိုးထည့်ပြီး သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ မတ်တတ်ပြန်ရပ်ကာ ရဲအရာရှိတွေက တံခါးကို တွန်းဖွင့်ပြီး သေနတ်တွေနဲ့ ဝင်လာမလားလို့ ကြောက်ကြောက်နဲ့ စောင်ကြည့်ပါတယ်။

ရေနွေးခေတ်မှာဆိုရင် သူ လုပ်နေတာတွေကို ဘယ်သူမှ မမြင်တာ သေချာပါတယ်။ ဒါပေမဲ့ ဒီနေရာမှာက ထူခြားစွမ်းအားရှင်တွေ ရှိနေပါတယ်။ ကလိုင်းဟာ ဒီအကြောင်းကို သူ့အတွေ့အကြုံတွေကနေ အတည်ပြုခဲ့ပြီးပါပြီ။

မိနစ်အနည်းငယ်လောက် စောင့်နေပေမဲ့ တံခါးမှာ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ သံကြက်ခြေခတ်လမ်းက တောရိုင်းနှလုံးသားဘားဆီ ဦးတည်သွားတဲ့ အိမ်ငှားနှစ်ယောက်ရဲ့ စကားပြောသံတွေကိုပဲ ကြားရပါတယ်။

“ဟူး...” ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်ချလက်ချ ဖြစ်သွားပါတယ်။

အခု သူလုပ်ရမှာက မလီဆာ ပြန်လာပြီး သိုးသားကိုပဲနဲ့ ချက်တာ စောင့်ရုံပါပဲ။

ဒီအတွေး ခေါင်းထဲ ဝင်လာတဲ့အခါ ကလိုင်းရဲ့ ပါးစပ်ဟာ အရသာရှိလှတဲ့ ဟင်းအနှစ်ကို မြည်းလိုက်ရသလို ဖြစ်သွားပါတယ်။ ကလိုင်းဟာ မလီဆာက သိုးသားကို နူးအိတဲ့ပဲနဲ့ ဘယ်လိုချက်လဲဆိုတာ မှတ်မိပါတယ်။

ပထမဆုံး မလီဆာဟာ ရေဆူအောင်လုပ်ပြီး အသားကို ဆီနည်းနည်းနဲ့ မွှေကြော်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းနည်းနည်းနဲ့ ရေထည့်ပါတယ်။ အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ပဲနဲ့ အာလူးကို ထပ်ထည့်ပါတယ်။ ပြီးရင် နောက်ထပ် အဖုံးဖုံးပြီး မိနစ် လေးငါးဆယ်လောက် ချက်ပါတယ်။

‘တကယ်ကို ရိုးရှင်းပြီး သဘာဝအတိုင်းချက်တာပဲ... ဟင်းတစ်ပွဲလုံးကို အသားအရသာနဲ့ပဲ ထိန်းထားတာ’ ကလိုင်းဟာ ခေါင်းခါလိုက်ပါတယ်။

ဒါပေမဲ့ တခြားနည်းလမ်း မရှိပါဘူး။ သာမန်လူတွေအတွက် ဟင်းခတ် အမွှေးအကြိုင် အမျိုးအစား အများကြီး ရှိဖို့နဲ့ ချက်ပြုတ်နည်း အမျိုးမျိုးကို သိဖို့က ခက်ခဲပါတယ်။ အဲဒါကြောင့် သူတို့တွေဟာ ရိုးရှင်းပြီး လက်တွေ့ကျကာ အကုန်အကျ သက်သာတဲ့ နည်းလမ်းတွေနောက်ပဲ လိုက်ရပါတယ်။

အသားက ဂျိုးမတူးဘူး ပျက်စီးသွားတာ မဟုတ်ဘူးဆိုရင် တစ်ပတ်မှ နှစ်ခါပဲ အသားစားရတဲ့ မိသားစုတွေအတွက် ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။

ကလိုင်းက အချက်အပြုတ် သိပ်တော်တဲ့လူတော့ မဟုတ်ပါဘူး။ အချိန်အများစုမှာ အပြင်ကနေ မှာစားပါတယ်။ ဒါပေမဲ့ တစ်ပတ်မှာ သုံးလေးခါလောက် ချက်စားတာက အချိန်ကြာလာတဲ့အခါ နည်းနည်းတော့ ကျွမ်းလာပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ ဒီသိုးသားတစ်ပေါင်ကိုတော့ ကောင်းအောင် ချက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

“မလီဆာ ပြန်လာမှ ချက်ရင် ၇ နာရီခွဲကျော်မှ ကျက်မှာ... အဲဒီအချိန်လောက်ဆို သူ တော်တော် ဗိုက်ဆာသွားလောက်ပြီ... မလီဆာကို အချက်အပြုတ်က ဘာလဲဆိုတာ ပြပေးရမယ်”

ကလိုင်းဟာ သူ့ဘာသာ ဆင်ခြေ ရှာလိုက်ပါတယ်။

ပထမဆုံး ကလိုင်းဟာ မီးထပ်မွှေးပါတယ်။ အဲဒီနောက် ဘုံရေချိုးခန်းဆီသွာပြီး ရေယူကာ သိုးသားကို ဆေးကြာပါတယ်။ ပြီးတဲ့အခါမှာတော့ ဓားနဲ့ စဉ်းတီးတုံး ထုတ်ပြီး သိုးသားကို အတုံးသေးသေးလေးတွေ လှီးလိုက်ပါတယ်။

ဘယ်လို ချက်ပြုတ်တတ်သွားလဲ မေးလာရင်တော့ ကလိုင်းဟာ သေသွားတဲ့ ဝဲလ်မက်ဂါဗန်အပေါ် ပုံချမှာပါ။ ဝဲလ်က မစ်ဆီရှာအရသာ ချက်တတ်တဲ့ စားဖိုးမှုးကောင်းကို ငှားထားရုံသမာက ကိုယ်တိုင်လည်း စားကောင်းသောက်ဖွယ်တွေ ဖန်တီးပြီး ဧည့်သည်တွေ ဖိတ်ခေါ်ကာ မြည်းစမ်းကြည့်ခိုင်းလေ့ ရှိပါတယ်။

‘အင်း... လူသေက ငါ့ကို ငြင်းနိုင်မှာမှ မဟုတ်တာ...’

‘အဲဒီလိုဆိုပေမဲ့... ကျွတ်... ဒါက သာလွန်သူတွေရှိတဲ့ ကမ္ဘာ... လူသေက စကားမပြောနိုင်ဘူးလို့ အတပ်ပြောလို့ မရဘူး...’ ဒီအတွေးကြောင့် ကလိုင်းဟာ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရပါတယ်။

ကလိုင်းဟာ သူ့ရဲ့ စိတ်ရှုပ်စရာကောင်းတဲ့ အတွေးတွေကို ဘေးဖယ်ပြီး အသားကို စွပ်ပြုတ်ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဟင်းခတ်အမွှေးအကြိုင် သေတ္တာ ထုတ်ပြီး တစ်ဝက်လောက် ဝါနေတဲ့ ဆားကြမ်းတစ်စွန်းကို အသားပေါ် ဖြူးလိုက်ပါတယ်။

ကလိုင်းဟာ ဆားကြမ်းအပြင် ပုလင်းသေးလေးထဲက ငရုတ်ကောင်း နည်းနည်းကိုပါ ထပ်ထည့်ပြီး သမအောင် နယ်ပါတယ်။

အဲဒီနောက် ကလိုင်းဟာ မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဒယ်အိုး ပူလာအောင်စောင့်ရင်း မနေ့ကကျန်တဲ့ မုန်လာဥနီတွေကို လှန်လှောရှာဖွေကာ ဒီနေ့ သူ ဝယ်လာတဲ့ ကြက်သွန်နီနဲ့အတူ လှီးလိုက်ပါတယ်။

ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ ဗီရိုထဲက ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်ပါတယ်။ ဘူးထဲမှာ ဝက်ဆီက သိပ်မကျန်တော့ပါဘူး။

ကလိုင်းဟာ ဝက်ဆီတစ်ဇွန်းကို ဒယ်အိုးထဲ ထည့်လိုက်ပါတယ်။ အပူရှိန်ကြောင့် ဝက်ဆီ အရည်ပျော်သွားတဲ့အခါ ကလိုင်းဟာ မုန်လာဥနီနဲ့ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါတယ်။

အနံ့လေး သင်းလာတဲ့အခါ ကလိုင်းဟာ သိုးသားအကုန်လုံးကို ဒယ်အိုးထဲထည့်ပြီး ဂရုတစိုက် မွှေပါတယ်။

ကလိုင်းဟာ ဟင်းထဲကို ဟင်းချက်ဝိုင် ဒါမှမဟုတ် အနည်းဆုံး ဝိုင်နီတော့ ထည့်လိုက်သင့်ပါတယ်။ ဒါပေမဲ့ မိုရက်တီ မိသားစုက ဒီဇိမ်ခံပစ္စည်းတွေကို မသုံးစွဲနိုင်ပါဘူး။ တစ်ပတ်မှ ဘီယာတစ်ခွက်ပဲ သောက်နိုင်ကြပါတယ်။ ကလိုင်းဟာ ရှိတာနဲ့ပဲ ဖြစ်အောင် ချက်ရမှာမလို့ ရေနွေးတချို့ လောင်းထည့်လိုက်ပါတယ်။

မိနစ် နှစ်ဆယ်လောက် ချက်ပြီးတဲ့အခါ ကလိုင်းဟာ အဖုံးဖွင့်ပြီး ပဲတွေနဲ့ လှီးထားတဲ့ အာလူးတွေကို ဒယ်အိုးထဲ ထည့်လိုက်ပါတယ်။ ရေနွေးနှစ်ခွက်နဲ့ ဆားနှစ်ဇွန်းကိုလည်း ထည့်လိုက်ပါတယ်။

ကလိုင်းဟာ အဖုံးပြန်ပိတ်ပြီး မီးလျှော့ကာ ကျေကျေနပ်နပ် ပြုံးလိုက်ပါတယ်။ ပြီးတဲ့အခါမှတော့ သူ့ညီ အိမ်ပြန်ရောက်လာမဲ့အချိန်ကို စောင့်ဆိုင်းပါတယ်။

စက္ကန့်ကနေ မိနစ်တွေ ပြောင်းသွားတဲ့အခါ အခန်းထဲက ဟင်းရနံ့ဟာ ပိုအားကောင်းလာပါတယ်။ အသားနံ့ အာလူးနံ့နဲ့ ကြက်သွန်နီ လတ်လတ်ဆတ်အနံ့က ဆွဲဆောင်မှု အားကောင်းလှပါတယ်။

အနံ့တွေ တဖြည်းဖြည်း ရောနှောပြီး သင်းကြိုင်သွားတဲ့အခါ ကလိုင်းဟာ တံတွေးကို မကြာမကြာ မျိုချရလာပါတယ်။ ကလိုင်းဟာ အချိန်မှတ်ဖို့ အိတ်ဆောင်နာရီကို သုံးပါတယ်။

မိနစ်လေးဆယ်ကျော် ကြာသွားတဲ့အခါမှာတော့ သိပ်မသွက်လက်ပေမဲ့ စည်းချက်ကျတဲ့ ခြေသံတွေ ချဉ်းကပ်လာပါတယ်။ သော့ထိုးထည့်သံ ကြားလိုက်ရပြီး တံခါးဘုလည်သွားကာ တံခါးပွင့်လာပါတယ်။

မလီဆာဟာ အခန်းထဲ မဝင်ခင်မှာပဲ သံသယနဲ့ တီးတိုး ပြောလိုက်ပါတယ် “မွှေးလိုက်တာ...”

လက်ထဲမှာ အိတ်ကိုင်ထားတဲ့ မလီဆာဟာ အခန်းထဲဝင်ပြီး မီးဖိုကို လှမ်းကြည့်လိုက်ပါတယ်။

“အစ်ကို ချက်ထားတာလား” မလီဆာဟာ ဇာဦးထုပ်ကို ချွတ်ပြီး လေထဲမှာ ကိုင်ထားရင်း ကလိုင်းကို အံ့ဩတကြီး ကြည့်လိုက်ပါတယ်။

မလီဆာဟာ နှာခေါင်းရှုံ့ပြီး ဟင်းရနံ့ကို ထပ်ရှူရှိုက်လိုက်ပါတယ်။ မလီဆာရဲ့ မျက်လုံးတွေဟာ လျင်လျင်မြန်မြန် ပျော့‌ပျောင်းသွားပြီး ယုံကြည်ချက်တချို့ ရှိသွားပါတယ်။

“အစ်ကို ချက်ထားတာလား” မလီဆာဟာ ထပ်မေးလိုက်ပါတယ်။

“အစ်ကို သိုးသားကို ဖြုန်းတီးပစ်မှာ ကြောက်နေတာလား” ကလိုင်းဟာ ပြုံးပြီး မေးခွန်းကို မေးခွန်းနဲ့ ပြန်တုံ့ပြန်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ မလီဆာဆီက အဖြေကိုမစောင့်ဘဲ သူ့ဘာသာ ပြောလိုက်ပါတယ်။

“မစိုးရိမ်ပါနဲ့... အစ်ကို ဒီဟင်းပွဲကို ဘယ်လို ချက်ရမလဲဆိုတာ ဝဲလ်ကို အထူးတလည် သင်ခိုင်းထားတာ... ဝဲလ်ဆီမှာ စားဖိုမှူးရှိတာ ညီမလည်း အသိပဲ”

“ပထမဆုံးအကြိမ်လား” မလီဆာဟာ မသိမသာ မျက်မှောင်ကြုတ်သွားပေမဲ့ ဟင်းရနံ့ကြောင့် ပြန်ပြေလျော့သွားပါတယ်။

“ကြည့်ရတာ အစ်ကိုက အရည်အချင်း ရှိပုံပဲ” ကလိုင်းဟာ ရယ်မောလိုက်ပါတယ် “ဟင်းကျက်တော့မယ်... စာအုပ်နဲ့ ဦးထုပ်ကို တစ်နေရာရာမှ ချထားလိုက်... ပြီးရင် ရေချိုးခန်းဆီသွားပြီး လက်ဆေးချည်... ပြီးရင်တော့ စားဖို့ပြင်တော့... အစ်ကို့ရဲ့ဟင်းကို အစ်ကိုယုံတယ်”

မလီဆာဟာ သူ့အစ်ကိုရဲ့ စနစ်ကျနတဲ့ စီစဉ်မှုကို ကြားလိုက်ရပြီး သူ့အစ်ကိုရဲ့ တည်ငြိမ် ညင်သာတဲ့ အပြုံးကို မြင်လိုက်ရတာကြောင့် တံခါးဝမှာ အမြစ်တွယ်သွားသလို ငေးကြောင်ကြောင်နဲ့ ရပ်မိသွားပါတယ်။

“ညီမက သိုးသားကို ကြာကြာ ချက်စေချင်လို့လား” ကလိုင်းက ရယ်သံနဲ့ ပြောလိုက်ပါတယ်။

“အား... အင်း..အင်း...” မလီဆာဟာ ဆတ်ခနဲ သတိပြန်ဝင်လာပြီး လက်ကိုင်အိတ်နဲ့ ဇာဦးထုပ်ကို လက်တစ်ဖက်စီမှာ ကိုင်ကာ အခန်းထဲ ခပ်သုတ်သုတ် ပြေးဝင်သွားပါတယ်။

ဒယ်အိုးအဖုံးကို ဖွင့်လိုက်တဲ့အခါ အရင်ဆုံး ရေနွေးငွေ့တွေ ထောင်းခနဲ ထွက်လာပါတယ်။

ကလိုင်းဟာ ဂျုံပေါင်မုန့်နှစ်လုံးကို သိုးသားနဲ့ နူးညံတဲ့ ပဲဘေးမှာ ထားပြီး သင်းပျံ့တဲ့ရနံ့နဲ့ အပူဓာတ်ကို စုပ်ယူစေပါတယ်။ ဒီလိုစုပ်ယူမှုကြောင့်ပဲ ဂျုံပေါင်မုန့် နှစ်လုံးဟာ ပျော့ပျောင်းသွားပါတယ်။

မလီဆာ သူမပစ္စည်းတွေ သိမ်းပြီး ခြေလက်ဆေးကြောပြီးလို့ ပြန်လာတဲ့အခါ နူးညံ့တဲ့ပဲ အာလူး မုန်လာဥနီ ကြက်သွန်နီတို့နဲ့ ချက်ထားတဲ့ သိုးသားဟင်းကို စားပွဲပေါ်မှာ တွေ့လိုက်ရပါတယ်။ ဟင်းနှစ် နည်းနည်းပေနေတဲ့ ဂျုံပေါင်မုန့်နှစ်လုံးကတော့ သူတို့ရဲ့ ပန်းကန်ထဲမှာ ရှိနေပါတယ်။

“လာ... စားကြည့်ချည်...” ကလိုင်းဟာ ပန်းကန်ပြားဘေးက သစ်သား ဇွန်းနဲ့ခက်ရင်း ပြလိုက်ပါတယ်။

မလီဆာဟာ နည်းနည်း ဝေခွဲမရ ဖြစ်နေတုန်း ဆိုပေမဲ့ မငြင်းပါဘူး။ မလီဆာဟာ သူမရဲ့ ခက်ရင်းနဲ့ အာလူးတစ်ဖက်ကို ‌ထိုးစိုက်ပြီး ပါးစပ်ထဲထည့်ကာ အသာစားကြည့်ပါတယ်။

စေးကပ်တဲ့ အာလူးရဲ့ အရသာနဲ့ ဟင်းနှစ်ရဲ့ ရနံ့က ပါးစပ်ထဲမှာ လျှံထွက်သွားပါတယ်။ အဲဒီနောက် မလီဆာဟာ အာလူးကို အလုတ်ကြီးကြီးနဲ့ ခေါင်းမဖော်ဘဲ စားပစ်ပါတယ်။

“သိုးသားကို စားကြည့်ဦး” ကလိုင်းဟာ ပန်ကန်ပြားကို မေးငေါ့ပြလိုက်ပါတယ်။

ကလိုင်းဟာ ခုနက သိုးသားကို မြည်းကြည့်ပြီး စားကောင်းရုံပဲ ရှိတယ်လို့ ကေက်ချက်ချထားပါတယ်။ ဒါပေမဲ့ ဘာမှမစားဖူးသေးတဲ့ မလီဆာလေးအတွက်တော့ ဒီဟာက လုံလောက်တာထက် ပိုပါတယ်။ မလီဆာက အသားကို သုံးလေးရက်နေမှ တစ်ခါပဲ စားရတာ မဟုတ်ပလား။

မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ မလီဆာဟာ သိုးသားတချို့ကို ခက်ရင်းနဲ့ ဂရုတစိုက် ထိုးလိုက်ပါတယ်။

သိုးသားက နူးညံ့လွန်းတဲ့အတွက် မလီဆာရဲ့ ပါးစပ်ထဲကို ရောက်တယ်ဆိုရင်ပဲ ပျော်ကျလုနီး ဖြစ်သွားပါတယ်။ အသားရနံ့ဟာ ကုန်စင်အောင် ထွက်ပေါ်လာပြီး ပါးစပ်ထဲမှာ အရသာရှိလှတဲ့ အသားရည်တွေ ပြည့်သွားပါတယ်။

ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ခံစားချက်ကြောင့် မလီဆာဟာ စားတာကို မရပ်နိုင်ပါဘူး။ သူ ပြန်ပြီး သတိထားမိလိုက်ချိန်မှာတော့ သိုးသား ခုနစ်ဖတ်ရှစ်ဖတ်ကို စားပြီးသွားပါပြီ။

“ညီမ... ညီမ... ကလိုင်း... ဒါက အစ်ကိုအတွက် ဖြစ်ရမှာလေ...” မလီဆာဟာ ရှက်ရွံ့သွားပြီး စကားထစ်သွားပါတယ်။

“အစ်ကို ခုနက မြည်းထားတယ်၊ ဒါက စားဖိုမှူးရဲ့ အခွင့်အရေးပဲလေ” ကလိုင်းဟာ ပြုံးပြီး သူ့ညီမကို ဖြေသိမ့်ပေးလိုက်ပါတယ်။

အဲဒီနောက် ကလိုင်းဟာ ဇွန်းနဲ့ ခက်ရင်းကို ကောက်ယူလိုက်ပါတယ်။ ကလိုင်းဟာ တစ်ခါတစ်လေမှာ အသားတစ်ဖတ် စားပြီး တစ်ခါတစ်လေမှာတော့ ပါးစပ်ထဲကို ပဲတွေအပြည့် ထည့်ပါတယ်။ တခြားအချိန်တွေမှာတော့ ကလိုင်းဟာ ဇွန်းနဲ့ခက်ရင်းကိုကြည့်ပြီး ဂျုံပေါင်မုန့်ကို ဟင်းနှစ်နဲ့ တို့စားပါတယ်။

မလီဆာဟာ ကလိုင်းရဲ့ ပုံမှန်အမူအရာကြောင့် စိတ်လျော့သွားပြီး သိုးသားဟင်းကို ပြန်စားပါတယ်။

“တကယ်ကို အရသာရှိတယ်... အစ်ကို ပထမဆုံးချက်တာ မဟုတ်သလိုပဲ” မလီဆာဟာ တက်တက်ပြောင်နေတဲ့ ပန်းကန်ကို ကြည့်ပြီး သူ့အစ်ကိုကို ရင်ထဲက ချီးကျူးလိုက်ပါတယ်။ မလီဆာ စားလိုက်တာ ဟင်းနှစ်တောင် မကျန်ပါဘူး။

“ဝဲလ်ရဲ့ စားဖိုမှူးကို မီဖို့ အများကြီး လိုပါသေးတယ်... အစ်ကိုသာ ချမ်းသာရင် ညီမနဲ့ ဘန်ဆင်ကို စားသောက်ဆိုင်ခေါ်သွားပြီး ဒီထက်ပိုကောင်းတာ စားကြမယ်” ကလိုင်းဟာ အဲဒီလိုမျိုး ဖြစ်လာမဲ့အချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။

“အစ်ကိုရဲ့ အင်တာဗျူး... အေ့...” မလီဆာဟာ စကားဆုံးအောင် မပြောလိုက်နိုင်ပါဘူး။ ရုတ်တရက် လေချဉ်တက်လာတာကြောင့်ပါ။

မလီဆာဟာ ရှက်ရှက်နဲ့ သူမပါးစပ်ကို လက်နဲ့အမြန်ကာလိုက်ပါတယ်။

‘ဒါ ဒီသိုးသားဟင်းကြောင်းပဲ... ဒီဟင်းက ကောင်းလွန်းတာကိုး’

ကလိုင်းဟာ စိတ်ထဲမှာ ရယ်လိုက်ပေမဲ့ သူ့ညီမကိုတော့ မစနောက်ပါဘူး။ ကလိုင်းဟာ စားပွဲပေါ်က ပန်းကန်တွေကို လက်ညှိုးထိုးပြပြီး “ဒါက ညီမရဲ့ တာဝန်ပဲ”

“ရပါတယ်” မလီဆာဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ရေဇလုံကိုယူကာ အခန်းထဲက ထွက်သွားပါတယ်။

မလီဆာဟာ အခန်းထဲ ပြန်ရောက်လာတဲ့အခါ ဗီရိုဖွင့်ပြီး ဟင်းခတ်အမွှေးအကြိုင် သေတ္တာနဲ့ တခြားပစ္စည်းတွေကို ထုံးစံအတိုင်း စစ်ဆေးပါတယ်။

“အစ်ကို သုံးလိုက်တာလား” မလီဆာဟာ ငရုတ်ကောင်းပုလင်းနဲ့ ဝက်ဆီဘူးကို ကိုင်ပြီး ကလိုင်းဘက် လှည့်မေးလိုက်ပါတယ်။

ကလိုင်းဟာ ပုခုံးတွန့်ပြီး ရယ်လိုက်ပါတယ် “နည်းနည်းလေးပါ... အရသာရှိဖို့ နည်းနည်းတော့ သုံးရမယ်လေ”

မလီဆာရဲ့ မျက်လုံးတွေဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး မျက်နှာအမူအရာ တစ်ခဏ ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာတော့ “နောက်ကျရင် ညီမပဲ ချက်မယ်”

“အင်း... အစ်ကိုရဲ့ အင်တာဗျူးအတွက် မြန်မြန် ပြင်ဆင်တော့... အစ်ကိုရဲ့ အလုပ်အကြောင်းပဲ အာရုံစိုက်...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters