နတ်ဝင်သည်
Vol. 2 Ch. 14
‘နတ်ဝင်သည်အစစ်...’ ကလိုင်းဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပေမဲ့ ဘာမှ ထပ်မပြောတော့ပါဘူး။ အဲဒီနောက် ကလိုင်းဟာ ဒန်းစမစ်နောက်လိုက်ပြီး မြင်းလှည်းပေါ်က ဆင်းလိုက်ပါတယ်။
ထင်းဂန်မြို့မှာ ဝဲလ်ငှားနေတဲ့ နေရာက ဥယျာဉ်ပါတဲ့ လုံးချင်းတိုက်အိမ်ပါ။ သတ္တုဂိတ်အပြင်ဘက်က လမ်းမဟာ မြင်းလှည်းလေးစီး ယှဉ်မောင်းနိုင်လောက်အောင် ကျယ်ဝန်းပြီး လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ လမ်းမီးတိုင်တွေကို မီတာငါးဆယ်စီခြားပြီး စိုက်ထူထားပါတယ်။
ဒီလမ်းမီးတိုင်တွေဟာ ကလိုင်း ဘဝဟောင်းမှာ မြင်ခဲ့တာတွေနဲ့ မတူပါဘူး။ ဒီလမ်းမီးတိုင်တွေက ဓာတ်ငွေ့မီးအိမ်တွေဖြစ်ပြီး အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ အမြင့်လောက်ပဲ ရှိပါတယ်။ ဒါမှလည်း မီးထွန်းညှိဖို့ လွယ်ကူမယ် မဟုတ်ပါလား။
ဓာတ်ငွေ့မီးအိမ်တွေရဲ့ မှန်သားကို သတ္တုနက်နဲ့ ကျားကွက်ပုံ ကွပ်ထားတဲ့အတွက် ဂန္တဝင်မြောက် မီးပုံးတစ်ပုံးလို လက်ရာမြောက်လှပါတယ်။ အမှောင်ထုနဲ့ အလင်းရောင် အတူတကွ တည်ရှိနေချိန်မှာ အေးမြမှုနဲ့ နွေးထွေးမှုကလည်း ရောယှက်နေပါတယ်။
ကလိုင်းနဲ့ ဒန်းစမစ်ဟာ မြင်းလှည်းပေါ်က ဆင်းပြီးနောက် ပွင့်နေတဲ့ သတ္တုဂိတ်တံခါးကနေ ဝဲလ်ငှားနေတဲ့ခြံထဲ လှမ်းဝင်လိုက်ပါတယ်။
ခြံထဲရောက်တယ်ဆိုရင်ပဲ မြင်းလှည်းနှစ်စီး ယှဉ်သွားနိုင်တဲ့ ကွန်ကရစ်လမ်းကို နှစ်ထပ်တိုက်အိမ်လေးဆီ ဖြောင့်ဖြောင့်တန်းတန်း ခင်းထားတာ တွေ့လိုက်ရပါတယ်။ ကွန်ကရစ်လမ်းရဲ့ ဘယ်ဘက်မှာ ဥယျာဉ်ရှိပြီး ညာဘက်မှာတော့ မြက်ခင်း ရှိနေပါတယ်။
ဥယျာဉ်ထဲက ပန်းပေါင်းစုံရဲ့ သင်းရနံ့နဲ့ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်က အေးမြတဲ့ရနံ့ဟာ အတူရောယှက်ပြီး ဒီကွန်ကရစ်လမ်းမှာ လမ်းလျှောက်တဲ့ လူတိုင်းကို စိတ်ကျေနပ် လန်းဆန်းမှု ပေးစွမ်းနေပါတယ်။
ကလိုင်းဟာ အထဲကို ခြေချလိုက်တယ်ဆိုရင်ပဲ ကြက်သီးမွေးညင်းထပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်မိလိုက်ပါတယ်။
ကလိုင်းဟာ ဥယျာဉ်ထဲ ဒါမှမဟုတ် မြက်ခင်းပြင်ရဲ့ တစ်နေရာရာမှာ တိုက်အိမ်ရဲ့ ခေါင်မိုးပေါ်မှာ ဒန်းရဲ့အနောက်မှာ အမှောင်ထုရဲ့ တစ်နေရာရာမှာ မျက်လုံးတစ်စုံက သူ့ကို ချောင်းကြည့်ပြီး အကဲခတ်နေတယ်လို့ ခံစားလိုက်ရပါတယ်။
ဘယ်သူမှ မရှိတာ အသိသာကြီးဆိုပေမဲ့ ကလိုင်းဟာ လူကြိတ်ကြိတ်တိုးတဲ့ လမ်းထဲ ရောက်နေသလိုမျိုး ခံစားလိုက်ရပါတယ်။
ဒီထူးဆန်းတဲ့ ခံစားချက် သာမန်မဟုတ်တဲ့ ခံစားချက်က ကလိုင်းကို စိတ်တင်းကျပ်စေပြီး ကျောရိုးထဲ စိမ့်တက်သွားစေပါတယ်။
“တစ်ခုခု မှားနေသလိုပဲ” ကလိုင်းဟာ မနေနိုင်ဘဲ ဒန်းစမစ်ကို ပြောလိုက်ပါတယ်။
ဒန်းစမစ်ဟာ အမူအရာမပျက် ကလိုင်းဘေးကနေ လမ်းလျှောက်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ် “သူတို့ကို ဂရုမစိုက်နဲ့... လျစ်လျူရှုထားလိုက်”
ညသိမ်းငှက်က ဒီလိုပြောမှတော့ ကလိုင်းလည်း မုဆိုး ဘယ်နားမှာမှန်းမသိလို့ ကြက်သီးမွေးညင်း ထတဲ့ ခံစားချက်ကို သည်းခံသိမ်းဆည်းပြီး ခြံထဲကို လျှောက်ကြည့် အကဲခတ်ရင်း ဒန်းစမစ်နောက် လိုက်ပါတယ်။ တစ်လှမ်းချင်း တစ်လှမ်းချင်းနဲ့ သူတို့နှစ်ယောက်ဟာ နှစ်ထပ်တိုက်ရဲ့ တံခါးဝဆီ ရောက်သွားပါတယ်။
‘ဒီလိုသာ အချိန်ကြာကြာ ဆက်ဖြစ်နေရင် ငါ ရူးသွားမှာ သေချာတယ်’
ဒန်းစမစ်ဟာ တံခါးခေါက်လိုက်ပါတယ်။ ဒီအချိန်မှာ ကလိုင်းဟာ တစ်ယောက်ယောက် စိုက်ကြည့်နေသလိုမျိုး ထပ်ခံစားရတဲ့အတွက် ချက်ချင်း နောက်လှည့်ကြည့်လိုက်ပါတယ်။ လေပြည်ကြောင့် ပန်းပင်တွေ ယိမ်းယိုင်နေပေမဲ့ ဘယ်သူမှ မရှိပါဘူး။
“ဝင်လာခဲ့ပါ လူကြီးမင်းတို့” သိမ်မွေ့နက်နဲတဲ့ အသံတစ်သံဟာ နှစ်ထပ်တိုက်အိမ်လေးထဲကနေ ထွက်ပေါ်လာပါတယ်။
ဒန်းစမစ်ဟာ တံခါးဘုကို လှည့်ပြီး တံခါးကို တွန်းဖွင့်ကာ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးကို ပြောလိုက်ပါတယ် “ဒေလီ... ဘာရထားလဲ”
ဧည့်ခန်းဟာ မီးမထွန်းထားပါဘူး။ သားရေဆိုဖာနှစ်လုံးဟာ စကျင်ကျောက်နဲ့ လုပ်ထားတဲ့ ကော်ဖီစားပွဲဘေးမှာ ရှိနေပါတယ်။
စားပွဲပေါ်မှာ ဖယောင်းတိုင် တစ်တိုင် ထွန်းထားပါတယ်။ ထူးဆန်းတာက ဒီဖယောင်းတိုင်ရဲ့ အလင်းရောင်ဟာ သာမန်ဖယောင်းတိုင်တွေရဲ့ အလင်းရောင်နဲ့ မတူဘဲ ကိုဘော့ပြာရောင် ဖြစ်နေပါတယ်။ ပိုပြီးတော့ ထူးဆန်းတာက ဒီအလင်းရောင်ဟာ ဧည့်ခန်းတစ်ဝက်၊ ထမင်းစားခန်းနဲ့ မီးဖိုချောင်ကိုပါ ပြာလဲ့စေနေတာပါ။
ဆိုဖာရဲ့အလယ်မှာတော့ ဝတ်ရုံနက် ခေါင်းစွပ်နဲ့ အမျိုးသမီးတစ်ဦး ထိုင်နေပါတယ်။ သူမရဲ့ လက်ကောက်ဝတ်မှာတော့ အဖြူရောင် သလင်းကျောက် လည်စွဲကို ဝတ်ထားပါတယ်။
မြင်မြင်ချင်းပဲ ကလိုင်းဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်တစ်မျိုးကို ခံစားလိုက်ရပါတယ်။ ဒီအမျိုးသမီးက တကယ့် နတ်ဝင်သည်လို ဝတ်စားထားပါတယ်။
‘သူက သရုပ်ဆောင်တဲ့အတိုင်း နေထိုင်တာလား’
တစ်မျိုးလှတဲ့ နတ်ဝင်သည် ဒေလီဟာ သူမရဲ့ မြရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ ကလိုင်းကို တစ်ချက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဒေလီဟာ ဒန်းစမစ်ကို ပြန်ကြည့်ပြီး “မူလစိတ်ဝိညာဉ်တွေ အကုန်လုံး ပျောက်ကွယ်သွားပြီ... ဝဲလ်နဲ့ နာယာရဲ့ စိတ်ဝိညာဉ်တွေလည်း မရှိတော့ဘူး... အခုအချိန်မှာ ဒီကောင်လေးတွေလည်း ဘာမှ မသိတော့ဘူး” လို့ ပြောလိုက်ပါတယ်။
‘နတ်ဝင်သည်... စိတ်ဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့လူ... ခုနက ငါ့ကို ချောင်းကြည့်နေတာက ဒီမမြင်နိုင်တဲ့ စိတ်ဝိညာဉ်တွေလား... ဒီစိတ်ဝိညာဉ်တွေက အများကြီး ရှိတာလား’
ကလိုင်းဟာ ဦးထုတ်ချွတ်ပြီး ရင်ဘတ်ပေါ် တင်ကာ မသိမသာ ဦးညွှတ်လိုက်ပါတယ် “မင်္ဂလာ ညချမ်းပါ မဒမ်”
ဒန်းစမစ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အဲဒါဆိုရင်တော့ ခက်ပြီ”
“ဒေလီ... ဒါက ကလိုင်းမိုရက်တီပဲ... သူ့ဆီကနေ တစ်ခုခုများ ရမလား ကြည့်ရအောင်”
နတ်ဝင်သည်ဒေလီရဲ့ အကြည့်ဟာ ကလိုင်းဆီ ချက်ချင်း ရောက်သွားပါတယ်။ ဒေလီဟာ လက်တန်းပါတဲ့ ကုလားထိုင်တစ်လုံးကို လက်ညှိုးထိုးပြီး ကလိုင်းကို “ထိုင်ပါ” လို့ ပြောလိုက်ပါတယ်။
“ကျေးဇူးပါပဲ” ကလိုင်းဟာ ခေါင်းညိတ်ပြီး တစ်လှမ်းနှစ်လှမ်း လျှောက်ကာ ထိုင်ခုံမှာ ဝင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရင်ထဲမှာလည်း တဒိတ်ဒိတ် ခုန်သွားပါတယ်။
‘ငါ ဆက်ပြီးတော့ ရှင်သန်နိုင်မလား... ငါ ဒီကိစ္စကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မလား... ဒါမှမဟုတ် ငါရဲ့ လျှို့ဝှက်ချက်တွေ အကုန် ပေါ်သွားမလားဆိုတာက နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာ ဒါအပေါ် မူတည်တယ်’
ကလိုင်းကို ကူကယ်ရာ အမဲ့စေဆုံးကတော့ သူ့မှာ ဘာအားကိုးမှ မရှိတာပါ။ အဲဒါကြောင့် ကလိုင်းဟာ ဘဝကူးပြောင်းလာလို့ ရရှိထားကောင်း ရရှိထားနိုင်တဲ့ ထူးခြားစွမ်းအားကိုပဲ မျှော်လင့်ချက် ထားရပါတယ်။
‘ဒီခံစားချက်က တကယ်ကို ဆိုးရွားတာပဲ’ ကလိုင်းဟာ စိတ်ထဲမှာ မချိတွေး တွေးလိုက်ပါတယ်။
အဲဒီနောက် ဒန်းစမစ်ဟာ ကလိုင်းနဲ့ မျက်နှာချင်းဆိုင် နှစ်ယောက်ထိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်ပါတယ်။ ဒေလီကလည်း ခါးမှာချိတ်ထားတဲ့ အိတ်ထဲကနေ လက်နှစ်သစ်စာလောက်ရှိတဲ့ ဖန်ပုလင်းလေးတွေကို ထုတ်ယူလိုက်ပါတယ်။
ဒေလီဟာ မြရောင်မျက်လုံးတွေနဲ့ ကလိုင်းကို စိုက်ကြည့်ပြီး “ငါ ဒီနေရာမှာ အကူနည်းနည်း လိုတယ်... နင်က ရန်သူမဟုတ်တော့ ငါ နင့်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလို့ မဖြစ်ဘူး... နည်းနည်း နေရထိုင်ရခက်တာ ဒါမှမဟုတ် နာကျင်တာလည်း ဖြစ်နိုင်တယ်... ဘေးထွက်ဆိုးကျိုးလည်း ခံစားရကောင်း ခံစားရနိုင်တယ်... ငါ နင့်ကို အမွေးနံ့ နည်းနည်းပေးမယ်... အဲဒါမှ နင် နုရွချောမွေ့တဲ့ အထိအတွေ့ကို ခံစားနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် လွတ်သွားလိမ့်မယ်... ပြီးရင် နင် အဲဒီခံစားချက်တွေကို ပျော်ပျော်မွေ့မွေ့ကြီး ခံစားနိုင်လိမ့်မယ်”
‘ဒီစကားလုံးတွေက တစ်ခုခု မဟုတ်သလိုပဲ...’ ကလိုင်းဟာ ဒေလီရဲ့ စကားတွေကို နားထောင်ပြီး ချွေးပြန်သွားပါတယ်။
မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဒန်းစမစ်ဟာ ရယ်ပြီး ပြောလိုက်ပါတယ် “ဘာမှမဖြစ်ပါနဲ့... ငါတို့တွေက မုန်တိုင်းအရှင် ဘုရားကျောင်းက လူတွေလို မဟုတ်ဘူး... ဒီမှာက မိန်းမတွေလည်း ယောက်ျားတွေကို စကားနဲ့ စနောက်လို့ရတယ်... အဲဒါကို မင်းလည်း နားလည်မှာပါ... မင်းအမေက နတ်ဘုရားမကို ရိုသေကိုင်းရှိုင်းတဲ့လူပဲ... နောက်ပြီး မင်းနဲ့ မင်းအစ်ကိုလည်း ဘုရားရှိခိုးကျောင်းရဲ့ တနင်္ဂနွေကျောင်းကို တက်ခဲ့တာပဲ”
“ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော် သူ ဒီလောက်ထိ...” ကလိုင်းဟာ စကားလုံး ရှာမရတဲ့အတွက် လန်ဟန်ခြေဟန် ပြလိုက်ပါတယ် ‘ဝါရင့်နေပြီနဲ့ တူတယ်’
ဒန်းစမစ်ရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ် “မစိုးရိမ်ပါနဲ့... တကယ်တော့ ဒေလီက အဲဒီလို လုပ်ခဲပါတယ်... သူက စိတ်ထဲ တင်းကျပ်နေမှာစိုးတဲ့အတွက် တမင်စတာပါ... သူက ယောက်ျားတွေထက် အလောင်းတွေကို ပိုသဘောကျတယ်”
“ရှင့်စကားက ကျွန်မကို အထင်လွဲအောင် လုပ်နေတာပဲ” ဒေလီက အပြုံးနဲ့ ဝင်ပြောလိုက်ပါတယ်။
အဲဒီနောက် ဒေလီဟာ ပုလင်းသေးလေးတစ်လုံးကို ဖွင့်ပြီး အပြာရောင် ဖယောင်း မီးတောက်ထဲကို သုံးလေးစက် ချလိုက်ပါတယ်။
“ဒီပန်းဆီရအောင် ညသစ်ခွ၊ ညအိပ်ပန်းနဲ့ ကပ်မိုမိုင်တွေကို ပေါင်းခံပြီး အဆီအနှစ် ထုတ်ယူထားတာ... ငါ ဒီဟာကို အမန်သာလို့ နာမည်ပေးထားတယ်... ဟာမီးဘာသာစကားမှာ ငြိမ်သက်မှုလို့ အဓိပ္ပာယ်ရတယ်... သူ့ရနံ့က တကယ်ကို အံ့ဩဖို့ကောင်းတယ်”
သူတို့တွေ စကားပြောဆိုနေတုန်းမှာပဲ ဖယောင်းမီးတောက်ဟာ တဖျစ်ဖျစ် မြည်သွားပြီး ပန်းဆီတွေ အငွေ့ပျံ့ကာ တစ်ခန်းလုံး သူ့ရနံ့နဲ့ ပြည့်သွားပါတယ်။
သင်းပျံ့မွှေးကြိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့ဟာ ကလိုင်းရဲ့ နှာခေါင်းထဲကို တိုးဝင်လာပါတယ်။ ကလိုင်းဟာ စိတ်ဖိစီးမှုတွေ လျော့ကျသွားပြီး ချက်ချင်း ငြိမ်ကျသွားပါတယ်။ တိတ်ဆိတ်တဲ့ ညအမှောင်ထုထဲကို ငေးကြည်နေတဲ့ လူတစ်ယောက်လိုပါပဲ။
“ဒီပုလင်းကိုကျတော့ စိတ်ဝိညာဉ်မျက်လုံးလို့ ခေါ်တယ်... ဒရက်ဂိုအပင်နဲ့ ပေါ့ပလာပင်ရဲ့ အခေါက်နဲ့ အရွက်တွေကို နေပူထဲမှာ ခုနစ်ရက်ကြာအောင် လှန်းပြီး သုံးခွက်တစ်ခွက်ကျန်အောင် ပြုတ်တယ်... ပြီးရင် သူတို့ကို လန်တီဝိုင်နဲ့ စိမ်တယ်... မန္တန်တချို့တော့ ရွတ်ရတာပေါ့...”
ဒေလီဟာ ပြောဆိုရင်းနဲ့ ပယင်းရောင် အရည်ကို ကိုဘော့ပြာရောင် ဖယောင်းမီးတောက်ထဲ အစက်ချလိုက်ပါတယ်။
သင်းပျံ့တဲ့ ဝိုင်ရနံ့ကို ရှူရှိုက်ပြီးနောက် ဖယောင်းမီးတောက်က ကခုန်လာတာကို ကလိုင်း သတိထားမိလိုက်ပါတယ်။
“ဒါက ဆက်သွယ်ဖို့အတွက် တော်တော်လေး အကူအညီပေးနိုင်တယ်... ပန်းဆီနှစ်ဆိုတော့ စိတ်နှလုံးကို ဖမ်းစားဖို့ လုံလောက်တယ်”
ဒေလီဟာ ဆက်ပြီးတော့ ရှင်းပြပါတယ်။
ကလိုင်းဟာ ဒေလီရဲ့ အသံက ဘက်ပေါင်းစုံကနေ လာနေတယ်လို့ ခံစားလိုက်ရပါတယ်။ ညှို့ယူဖမ်းစားခံရတဲ့ ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အရာအားလုံးက ယိမ်းယိုင်ပြီး ဝေဝါးသွားတာကို တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ မြူခိုးအထပ်ထပ် ကာဆီးထားသလိုမျိုး ခံစားလိုက်ရပါတယ်။ သူ့ခန္ဓာကိုယ်တောင် ယိမ်းယိုင်ပြီး ဟန်ချက်ပျက်ကာ လေထဲမျောပါသွားတယ်လို့ ခံစားလိုက်ရပါတယ်။
အရောင်တွေဟာ အကြမ်းဖျင်း ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လိုမျိုး ရောစပ်သွားပါတယ်။ အနီရောင်တွေက ပိုနီလာပြီး အပြာရောင်တွေက ပိုပြာလာပါတယ်။ အနက်ရောင်တွေက ပိုနက်လာပါတယ်။ ပုံမှန်ထက်လည်း ပိုပြီးတော့ ထင်ရှားပေါ်လွင်လာပါတယ်။
ဒါက ထင်ယောင်ထင်မှားဖြစ်နေတဲ့ ဝိုးတိုးဝါးတား အိပ်မက်တစ်ခုလိုပါပဲ။ ဘေးနားပတ်ဝန်းကျင်က ထွက်ပေါ်လာတဲ့ တီးတိုးသံတွေ ညည်းသံတွေ ရေရွတ်သံတွေဟာ မမြင်ရတဲ့ လူပေါင်းထောင်သောင်းချီ စကားနိုင်လုနေသလိုပါပဲ။
‘ဒီခံစားချက်က ငါ ကံကောင်းစေတဲ့ အစီအရင်ကို လုပ်တုန်းကနဲ့ ဆင်တယ်... ဒါပေမဲ့ ဒီမှာက ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် မခံစားရဘူး’ ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ကြည့်ရင်း စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဒီအချိန်မှာပဲ ကလိုင်းရဲ့ အမြင်အာရုံဟာ မြကျောက်လို ကြည်လင်လှတဲ့ မျက်လုံးတစ်စုံဆီ ရောက်ရှိသွားပါတယ်။ ဝိုးတိုးဝါးတား ဆိုဖာပေါ်မှာ ဝတ်ရုံနက် ခေါင်းစွပ်နဲ့ ဒေလီ ထိုင်နေပါတယ်။ သူမရဲ့ အကြည့်ဟာ ကလိုင်းရဲ့ ခေါင်းထိပ်ကို အာရုံစိုက်ထားပါတယ်။ အဲဒီနောက် ဒေလီဟာ တစ်ချက်ပြုံးပြီး အသံချိုချိုလေးနဲ့ “ငါကိုယ့်ငါ မိတ်ဆက်ပေးမယ်... ငါက နတ်ဝင်သည် ဒေလီပဲ” လို့ ပြောလိုက်ပါတယ်။
‘ငါ... ကျိုးကြောင်းကျကျ တွေးခေါ်နိုင်သေးတယ်... အဲဒီ ကံကောင်းစေတဲ့ အစီအရင်နဲ့ တွေ့ဆုံမှုမှာလိုမျိုးပဲ’ ကလိုင်းဟာ ဒီလိုတွေးလိုက်ပေမဲ့ ညှို့ခံထားရတဲ့လူလိုမျိုး ပြုမူပါတယ် “မ..င်္ဂ..လာ..ပါ...”
“လူသားတွေရဲ့ စိတ်ကမ္ဘာက တော်တော်လေးကိုမှ ကျယ်ပြန့်လွန်းတယ်... လျှို့ဝှက်ချက်အများကြီးက စိတ်ထဲမှာ ပုန်းကွယ်နေကြတယ်... သမုဒ္ဒရာကို ကြည့်လိုက်... ငါတို့သိတာ အကုန်လုံးက အပေါ်ယံလောက်ပဲ... သမုဒ္ဒရာနက်ထဲမှာ ငါတို့ တစ်ခါမှ မမြင်ဖူးတာတွေ အများကြီး ရှိတယ်... ကျွန်းတွေကိုတောင် အကုန်အစင် မသိနိုင်တာ သမုဒ္ဒရာတစ်ခုလုံးကို သိဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါက စိတ်ဝိညာဉ်ကမ္ဘာကို ကိုယ်စားပြုတဲ့ အကန့်အသတ်မဲ့ ကောင်းကင်ပဲ”
“နင်က နင့်ခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ်ပဲ... နင်က ဒီသမုဒ္ဒရာထက်က ကျွန်းတွေကို သိရုံတင် မဟုတ်ဘူး... ဟိုးအောက်ခြေမှာ ပုန်းကွယ်နေတဲ့ အရာတွေကိုလည်း သိတယ်... ဟောဒီသမုဒ္ဒရာတစ်ခုလုံးကိုလည်း သိတယ်”
“တည်ရှိသမျှ အရာအားလုံးဟာ သဲလွန်စတော့ ချန်ထားခဲ့တယ်... ကျွန်းနဲ့တူတဲ့ အပေါ်ယံ မှတ်ဉာဏ်တွေက ပျက်သွားကောင်း ပျက်သွားနိုင်တယ်... ဒါပေမဲ့ အောက်ခြေမှာတော့ သေချာပေါက် တစ်ခုခု ကျန်နေခဲ့လိမ့်မယ်”
ဒေလီဟာ ကလိုင်းကို အဆက်မပြတ် ညှို့ယူပါတယ်။ ဘေးနားပတ်ဝန်းကျင်က လေထုနဲ့အရိပ်ဟာ ဒေလီရဲ့ စကားအတိုင်း တဖြည်းဖြည်း အသွင်ယူလာပါတယ်။ ကလိုင်းရဲ့ စိတ်ဝိညာဉ်ဟာ သမုဒ္ဒရာပုံစံနဲ့ လုံးဝ ပေါ်ထွက်လာပြီး စူးစမ်းရှာဖွေခံရဖို့ စောင့်မျှော်နေပါတယ်။
ကလိုင်းဟာ သမုဒ္ဒရာကို ချာလပတ်လည်အောင် မွှေနှောက်ရင်း စိတ်ရှည်လက်ရှည် စောင့်ကြည့်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ပေါ့ပါးညင်သာတဲ့ အသံနဲ့ “မဟုတ်ဘူး... ငါ မမှတ်မိဘူး... ငါ မေ့သွားပြီ..” လို့ ပြောလိုက်ပါတယ်။
ကလိုင်းဟာ မချိတင်ကဲ ခံစားရတာကို သင့်တင်လျောက်ပတ်ရုံ ဟန်ဆောင်ပြပါတယ်။
ဒေလီဟာ ကလိုင်းကို ထပ်ပြီးတော့ လမ်းညွှန်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ခေါင်းရှင်းနေတဲ့ ကလိုင်းဟာ ဘာလွှမ်းမိုးမှုမှ မခံရပါဘူး။
“ကောင်းပြီ... ငါတို့တွေ ဒီမှာ အဆုံးသတ်သင့်ပြီ... နင် သွားလို့ရပြီ”
“သွားတော့”
“သွားတော့”
ပေါ့ပါးတဲ့အသံဟာ ရစ်ဝဲကျန်နေခဲ့ပြီး ဒေလီ ပျောက်ကွယ်သွားပါတယ်။ လေထုနဲ့အရိပ်ဟာလည်း စတင် တည်ငြိမ်လာပြီး သိမ်မွေ့ညင်သာလှတဲ့ ပန်းဆီရနံ့လည်း တစ်ဖန်ပြန်ပြီးတော့ ထင်ရှားလာပါတယ်။
အရောင်တွေလည်း နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ဇဝေဇဝါ ခံစားချက်ဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။ ကလိုင်းရဲ့ ခန္ဓာကိုယ်ဟာ တသိမ့်သိမ့် တုန်သွားပြီး ဟန်ချက် ပြန်ညီသွားပါတယ်။
ဘယ်တုန်းက မျက်လုံးမှိတ်လိုက်မှန်း မသိတဲ့ ကလိုင်းဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အပြာရောင် မီးတောက်နဲ့ ဖယောင်းတိုင်က သူ့ရှေ့မှာ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒန်းစမစ်ဟာ ဆိုဖာပေါ်မှာ သက်သောင့်သက်သာ ထိုင်နေတုန်းဖြစ်ပြီး ဒေလီကလည်း ခေါင်းစွပ်နဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားတုန်းပါ။
“ဒေလီ... နင် ဘာဖြစ်လို့ အဲဒီ စိတ်ပညာ အဂ္ဂိရတ်ဆရာ အရူးတွေ သုံးတဲ့ သီအိုရီကို သုံးရတာလဲ” ဒန်းစမစ်ဟာ မျက်မှောင်ကြုတ်ပြီး ဒေလီကို စိုက်ကြည့်လိုက်ပါတယ်။
ဒေလီဟာ သူ့ရဲ့ ပုလင်းသေးသေးလေး နှစ်ပုလင်းကို ပြန်သိမ်းပြီး “ပိုပြီး တိကျတယ်ထင်လို့... အနည်းဆုံး ငါ ရှာတွေ့ထားတဲ့ အရာတွေနဲ့ ကိုက်တယ်” လို့ ပြောကာ ဒန်းစမစ်ဆီက စကားပြန်ကို မစောင့်ဘဲ ပုခုံးတွန့်ပြီး “ဒီကောင်စုတ်လေးမှာ သဲလွန်စဆိုလို့ မြူတစ်မှုန်တောင် မကျန်ဘူး” လို့ ပြောလိုက်ပါတယ်။
ဒါကို ကြားလိုက်ရတဲ့ ကလိုင်းဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ “အို... ပြီးသွားပြီလား... ဘာဖြစ်သွားတာလဲ... တစ်ရေးအိပ်ပျော်သွားသလိုပဲ...” လို့ ဟန်ဆောင်ပန်ဆောင် ပြောလိုက်ပါတယ်။
‘ဒီလိုဆို ငါ ဒီစာမေးပွဲကို အောင်သွားလောက်ပါပြီ’
‘တော်သေးတယ်... ငါ ကံကောင်းစေတဲ့ အစီအရင်ကို စမ်းကြည့်ထားလို့’
“အင်း... အဲဒီလို ပြောလို့ရတယ်” ဒန်းစမစ်ဟာ ကလိုင်းစကားကို ဖြတ်ပြောပြီး ဒေလီကို ကြည့်လိုက်ပါတယ် “နင် ဝဲလ်နဲ့ နာယာရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးကြည့်ပြီးပြီလား”
“အလောင်းက နင် ထင်ထားတာထက် အများကြီး ငါတို့ကို ပြောနိုင်တယ်... ဒါပေမဲ့ ဝဲလ်နဲ့ နာယာက တကယ်ကို သတ်သေသွားတာ... သူတို့နှစ်ယောက်ကို ဒီလိုလုပ်အောင် တွန်းအားပေးနိုင်တဲ့ အင်အားက တကယ် ကြောက်စရာကောင်းတဲ့ အင်အားပဲ... ဘာသဲလွန်စမှ ကျန်မနေခဲ့ဘူး”
ဒေလီဟာ မတ်တတ်ရပ်ပြီး ဖယောင်းတိုင်ကို လက်ညှိုးထိုးလိုက်ပါတယ် “ငါ အနားယူဖို့ လိုတယ်”
တောက်ပတဲ့ ကိုဘော့ပြာရောင် အလင်းရောင်ဟာ ပျောက်ကွယ်သွားပါတယ်။ တစ်အိမ်လုံးလည်း ကြက်သွေးရောင် ပြန်ပြီးတော့ လွှမ်းခြုံသွားပါတယ်။
“ဂုဏ်ယူပါတယ်... မင်း အခု အိမ်ပြန်လို့ရပြီ... ဒါပေမဲ့ မင်းချစ်ခင်ရတဲ့လူတွေကို ဒီကိစ္စအကြောင်း ဖွင့်ပြောလို့တော့ မရဘူး... ဒါကိုတော့ မင်း ကတိပေးဖို့လိုတယ်” ဒန်းစမစ်ဟာ ကလိုင်းကို တံခါးဆီ ဦးဆောင်ခေါ်သွားရင်း ပြောလိုက်ပါတယ်။
ကလိုင်းဟာ အံ့အားသင့်သွားပါတယ် “ကျိန်စာတို့ မိစ္ဆာစိတ်ဝိညာဉ်တွေ ချန်ထားခဲ့တဲ့ သဲလွန်စတို့ စစ်ဆေးစရာ မလိုတော့ဘူးလား”
“ဒေလီက ဘာမှမပြောဘူးဆိုတော့ မလိုတော့ဘူး”
ဒန်းစမစ်ရဲ့ အဖြေကြောင့် ကလိုင်းဟာ တည်ငြိမ်သွားပါတယ်။ အဲဒီနောက် အရင်တုန်းက စိုးရိမ်ခဲ့တာတွေကို ပြန်တွေးမိပြီး အလျင်စလို မေးလိုက်ပါတယ် “ကျွန်တော် အခုအချိန်ကစပြီး ပြဿနာတွေ လုံးဝ ကင်းရှင်းသွားပြီဆိုတာကို တိတိကျကျ ဘယ်လိုသိနိုင်မလဲ”
“မစိုးရိမ်ပါနဲ့” ဒန်းစမစ်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ကိန်းဂဏန်း အချက်အလက်တွေအရ အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒီလိုအလားတူ ကိစ္စမျိုးတွေမှာ ၈၀ ရာခိုင်နှုန်းသော ရှင်သန်သူတွေက ဘာမှ ထပ်မဖြစ်တော့ဘူး... ဒါက ငါ သိထားတာအပေါ် အခြေခံထားတာဆိုတော့... အကြမ်းဖျင်းပဲ... နည်းတာ များတာတော့ ရှိနိုင်တယ်...”
“အဲဒါဆိုရင်... သနားစရာကောင်းတဲ့ ဝိညာဉ်တွေက ငါးပုံတစ်ပုံ ရှိနေသေးတာပဲ” ကလိုင်းဟာ ဒီလိုကိစ္စမျိုးမှာ ကံမစမ်းရဲပါဘူး။
“အဲဒါဆိုရင်လည်း မင်း ညသိမ်းငှက်ထဲကို အရပ်ဘက် ဝန်ထမ်းအနေနဲ့ ဝင်လို့ရတယ်... အဲဒီလိုဆိုရင် လက္ခဏာတွေ ပေါ်လာတာနဲ့ ငါတို့တွေ အချိန်မီ ရှာတွေ့နိုင်တယ်” ဒန်းစမစ်ဟာ မြင်းလှည်းဆီ ချဉ်းကပ်ရင်း သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
“ဒါမှမဟုတ်လည်း သာလွန်သူလုပ်ပေါ့ကွာ... ငါတို့က ကလေးထိန်းတွေ မဟုတ်တော့ မင်းကို တစ်ချိန်လုံး ထိုင်ကြည့်မနေနိုင်ဘူး”
“ကျွန်တော် သာလွန်သူလုပ်လို့ ရတာလား”
တကယ်တော့ ကလိုင်းဟာ အများကြီး မမျှော်လင့်ထားပါဘူး။ ညသိမ်းငှက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သာလွန်သူစွမ်းအား ရဖို့က ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်ကူနိုင်မှာလဲ။ သာလွန်သူဆိုတာက သာမန်လူတွေထက် ထူးကဲသာလွန်တယ် မဟုတ်ပါလား။
ဒန်းစမစ်ဟာ ခဏရပ်ပြီး ကလိုင်းကို ဘေးစောင်းကြည့်လိုက်ပါတယ် “ဝင်လို့မရတာတော့ မဟုတ်ပါဘူး... အခြေအနေအရပဲ...”
‘ဟင်...’ ဒန်းစမစ်ရဲ့ စကားက ကလိုင်းကို လန့်သွားစေပါတယ်။ ကလိုင်းဟာ မြင်းလှည်းဘေးမှာ ကြောင်တောင်တောင် စိုက်ကြည့်ရင်း “တကယ်ကြီးလား”
‘ငါ့ကို လာနောက်နေတာလား... သာလွန်သူဖြစ်ဖို့က အဲဒီလောက် လွယ်တာလား’
ဒန်းစမစ်ဟာ အသာရယ်လိုက်ပါတယ်။ သူ့ရဲ့ မီးခိုးရောင်မျက်လုံးတွေကတော့ မြင်းလှည်းရဲ့ အရိပ်ထဲမှာ ပုန်းကွယ်နေပါတယ်။
“မင်းက ငါ့ကို မယုံဘူးလား... ဟင်း... တကယ်တော့ မင်း ညသိမ်းငှက် ဖြစ်လာရင် တော်တော်များများကို ဆုံးရှုံးရလိမ့်မယ်... မင်း ညသိမ်းငှက်ထဲ ဝင်လိုက်တာနဲ့ ချက်ချင်း လွတ်လပ်မှုကို ဆုံးရှုံးသွားလိမ့်မယ်”
“ငါတို့တွေ ဒီကိစ္စကို အခု မပြောရင်တောင် နောက်ကိစ္စတစ်ခု ရှိသေးတယ်... မင်းက ဘာသာရေးအဖွဲ့ဝင် မဟုတ်သလို နတ်ဘုရားကို ယုံကြည်ကိုင်းရှိုင်းသူလည်း မဟုတ်ဘူး... ဒီတော့ မင်းလိုချင်တာပဲဖြစ်ဖြစ် အလုံခြုံဆုံး နည်းလမ်းပဲဖြစ်ဖြစ် ရွေးချယ်လို့ မရနိုင်ဘူး”
“နောက်ပြီး...” ဒန်းစမစ်ဟာ လက်ရန်းကိုကိုင်ပြီး မြင်းလှည်းပေါ် တက်လိုက်ပါတယ် “.ငါတို့ ညသိမ်းငှက်၊ ဒဏ်ခတ်သမား၊ မက္ကန်းနစ်ဟိုက်မိုင်းနဲ့ တခြား အဖွဲ့အစည်းတွေ ကိုင်တွယ်ရတဲ့ အမှုတွေထဲမှာ လေးပုံတစ်ပုံက သာလွန်သူတွေ စိတ်လွတ်သွားတာ”
‘လေးပုံတစ်ပုံ... သာလွန်သူတွေ စိတ်လွတ်သွားတာ...’ ကလိုင်းဟာ ကြက်သေသေသွားပါတယ်။
အဲဒီအချိန်မှာပဲ ဒန်းစမစ်ဟာ အသာလှည့်ကြည့်ပြီး ပြုံးရယ်ခြင်းမရှိ နက်နဲတဲ့မျက်လုံးတွေနဲ့ “အဲဒီ လေးပုံတစ်ပုံ အမှုတွေထဲမှာ အများစုက ငါတို့ရဲ့ အဖွဲ့သားတွေပဲ” လို့ ဆက်ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။