← Chapters

ဖိတ်ခေါ်မှု

Vol. 2 Ch. 15

ဖိတ်ခေါ်မှု

Vol. 2 Ch. 15

ဒန်းစမစ်ရဲ့ စကားကို ကြားပြီးနောက် ကလိုင်းရဲ့ ရင်ထဲမှာ ခံစားချက်လှိုင်းကြီး အုတ်အုတ်ကျက်ကျက် လှိမ့်တက်လာပါတယ်။ ကလိုင်းဟာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ လွှတ်ခနဲ မေးမိလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

‘သာလွန်သူတွေက ဒီလောက်တောင် လျှို့ဝှက်အန္တရာယ် များတာလား... သဘာဝလွန် အမှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ ဘုရားရှိခိုးကျောင်းတွေရဲ့ အတွင်း အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ သာလွန်သူတွေက ပြဿနာဖြစ်ဖို့ လွယ်ကူလွန်းတဲ့အထိတောင် အန္တရာယ်များတာလား’

ဒန်းဟာ သူ့နေရာမှာ ဝင်ထိုင်လိုက်ပါတယ်။ သူ့မျက်နှာနဲ့ လေသံက တစ်ချက်ကလေးမှ မပြောင်းလဲသွားပါဘူး။

“ဒါက မင်း နားလည်ဖို့ မလိုဘူး... မင်း နားလည်နိုင်မဲ့ အရာလည်း မဟုတ်ဘူး... မင်း ငါတို့ထဲက တစ်ယောက် ဖြစ်လာရင်တော့ တစ်မျိုးပေါ့”

ကလိုင်းဟာ အတန်ကြာအောင် ကြောင်သွားပြီးမှ မြင်းလှည်းပေါ်မှာထိုင်ကာ ရယ်သံနှောပြီး မေးလိုက်ပါတယ်။

“ကျွန်တော်က ဘာမှ နားမလည်ဘဲနဲ့ ဘယ်လိုလုပ်ပြီး သာလွန်သူလုပ်ဖို့ ဆုံးဖြတ်ချက် ချနိုင်မှာလဲ”

သာလွန်သူ မဟုတ်ရင် ဒီအကြောင်းအရာတွေကို နားမလည်နိုင်ဘူးဆိုတော့ တစ်ခါတည်း ကိစ္စပြတ်ပါပြီ။

ဒန်းစမစ်ဟာ ဆေးတံကို ထပ်ထုတ်ပြီး တစ်ချက် ရှိုက်လိုက်ပါတယ် “မင်း နားလည်မှုလွဲနေပြီ... အရပ်ဘက် ဝန်ထမ်းကလည်း ငါတို့ထဲက တစ်ယောက်ပဲလေ”

“နားလည်လွယ်အောင် ပြောရရင် မင်း အရပ်ဘက်ဝန်ထမ်း ဖြစ်လာတာနဲ့ လျှို့ဝှက်ချက် တချို့နဲ့ သာလွန်သူတွေ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ဘေးထွက်ဆိုးကျိုးတွေ ပြဿနာတွေကို သိနိုင်လိမ့်မယ်.. ပြီးရင် မင်း သာလွန်သူ လုပ်မလား မလုပ်ဘူးလားဆိုတာကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့”

ကလိုင်းဟာ သူ့အတွေးတွေကို ပြန်စုစည်းပြီး ဒန်းစမစ် ပြောလိုက်တဲ့ စကားတွေကို သေချာစဉ်းစားပါတယ်။

ဒန်းစမစ်ဟာ ပြုံးလိုက်ပါတယ် “အင်း... တစ်ခုတော့ ရှိတယ်... မင်း သာလွန်သူ ဖြစ်ချင်တာနဲ့ သာလွန်သူ ဖြစ်လာလို့ မရဘူး... ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်းတိုင်းက ဒီကိစ္စက တော်တော်လေး တင်းကျပ်ထားတယ်”

‘ဘုရားကျောင်းတွေက ဒီကိစ္စကို မတင်းကျပ်ရင် ဒါ မူမမှန်တဲ့ကိစ္စပဲ’ ကလိုင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ် “အရပ်ဘက်ဝန်ထမ်းတွေကရော... သူတို့ကိုလည်း တင်းကျပ်ထားတာပဲမလား”

“မင်းဆိုရင်တော့ ဘာပြဿနာမှ မရှိလောက်ပါဘူး” ဒန်းစမစ်ဟာ ဆေးတံကို ရှိုက်ရင်း မျက်လုံးမှေးမှေးနဲ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒန်းစမစ်ဟာ ဆေးတံကို မီးမညှိပါဘူး။

“ဘာဖြစ်လို့လဲ” ကလိုင်းဟာ နားမလည်နိုင်တာကြောင့် ချက်ချင်း ပြန်မေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ စိတ်ထဲမှာ ပြက်လုံး ထုတ်လိုက်ပါတယ်။

‘ငါ့ရဲ့ ထူးခြားမှုနဲ့ ဘဝကူးပြောင်းလာတဲ့ တောက်ပမှုက ညအမှောင်ထုထဲမှာ လမင်းလိုမျိုး တောက်ပပြီး ထူးချွန်းထက်မြက်လွန်းနေတာလား’

ဒန်းစမစ်ဟာ မှေးနေရာကနေ မျက်လုံးပြန်ဖွင့်လာပါတယ် “ပထမတစ်ချက်အနေနဲ့ မင်းက ဒီလို အခြေအနေမျိုးမှာ ငါတို့ရဲ့ အကူအညီမပါဘဲ ရှင်သန်နိုင်ခဲ့တယ်... ဒီတော့ မင်းမှာ တခြားလူတွေ မရှိတဲ့ ထူးခြားအရည်အချင်း ရှိတယ်... ရှင်းအောင် ပြောရရင် ကံကောင်းတယ်ကွာ... ကံကောင်းတဲ့လူတွေကို ငါတို့က ကြိုဆိုတယ်”

ကလိုင်းရဲ့ မျက်နှာအမူအရာ ကြောင်တောင်တောင် ဖြစ်သွားတာကို ကြည့်ပြီး ဒန်းစမစ်ဟာ အသာအယာ ပြုံးလိုက်ပါတယ်။

“ထားလိုက်ပါတော့... ငါ ပြောတာကို စတယ်လို့ပဲ သဘောထားလိုက်... ဒုတိယတစ်ချက်အနေနဲ့ မင်းက ခွိုင်းတက္ကသိုလ် သမိုင်းဌာနကနေ ဘွဲ့ရထားတယ်... ဒါက ငါတို့ အရေးအကြီး လိုအပ်နေတဲ့အရာပဲ... မုန်တိုင်းအရှင် ကိုးကွယ်တဲ့ လယုမီက မိန်းမတွေကို မနှစ်မြို့ဖွယ်ကောင်းအောင် ရှုမြင်သုံးသပ်ခဲ့ပေမဲ့ လူအဖွဲ့အစည်း၊ လူ့သဘောသဘာဝ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူ့ရှုမြင် သုံးသပ်ချက်တွေကတော့ စူးရှနေတုန်းပဲ”

“လယုမီ ပြောခဲ့တာ ရှိတယ်... အရည်အချင်းရှိတဲ့လူတွေက ယှဉ်ပြိုင်မှု အားသာချက်ကို ထိန်းသိမ်းဖို့နဲ့ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲမှုအတွက် သော့ချက်ပဲတဲ့... ငါ ဒီအချက်က တော်တော်လေး သဘောတူတယ်”

ကလိုင်းရဲ့ မျက်မှောင်က နည်းနည်း ကြုတ်နေသေးတာကို သတိထားမိတဲ့အတွက် ဒန်းစမစ်က ဆက်ပြီးတော့ ရှင်းပြပါတယ် “မင်းက ငါတို့တွေ ဒီစတုတ္ထယုဂ်နဲ့ ဒီထက်စောတဲ့ယုဂ်က စာရွက်စာတမ်းတွေ အရာဝတ္ထုတွေကို မကြာခဏ တွေ့ကြုံရတယ်လို့ ထင်နေတာမလား... ဘာသာရေးဂိုဏ်းတွေနဲ့ မိစ္ဆာဒိဌိတွေပဲ ဒီပစ္စည်းတွေကနေ စွမ်းအားရဖို့ ကြိုးစားကြတယ်... တစ်ခါတစ်လေကျရင် သူတို့ကိုယ်တိုင် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်သွားတတ်ကြတယ်”

“တချို့နယ်ပယ်က သာလွန်သူတွေကလွဲရင် ငါတို့တွေက ဒီလိုမျိုးရှေးယုဂ်က ပစ္စည်းတွေကို လေ့လာတဲ့နေရာမှာ သိပ်ကျွမ်းကျင်တာ မဟုတ်ဘူး”

ဒန်းစမစ်ဟာ နှုတ်ခမ်းထောင့်တွန်းရင်း သူ့ခေါင်းကို လက်ညှိုးထိုးပြပါတယ်။ သူ့အမူအရာက သူ့ကိုယ်သူ ပြန်လှောင်နေတာပါ။ ဒန်းစမစ်ဟာ ဆက်ပြောပါတယ်။

“အဲဒီခြောက်ကပ်ပြီး ပျင်းစရာကောင်းတဲ့ အသိပညာတွေကို လေ့လာတိုင်း ငါတို့တွေ အိပ်ပျော်တယ်... အရင်တုန်းက ငါတို့တွေ သမိုင်းပညာရှင်တွေ ရှေးဟောင်း သုတေသန ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်... ဒါပေမဲ့ ဒီလိုလုပ်တာက လျှို့ဝှက်ချက်တွေ ပေါ်လွယ်ပြီး ဒီပါမောက္ခနဲ့ တွဲဖက်ပါမောက္ခတွေကို ကံခေစေကောင်း ကံခေစေနိုင်တယ်... ဒီတော့ ဒီလိုနယ်ပယ်မျိုးမှာ ကျွမ်းကျင်တဲ့လူတစ်ယောက် ငါတို့အဖွဲ့ထဲမှာ ရှိသင့်တယ်မလား”

ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး ဒန်းစမစ်ရဲ့ ရှင်းပြချက်ကို လက်ခံလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မရှင်းတဲ့တစ်ချက်ကို မေးလိုက်ပါတယ် “အဲဒါဆို ဘာဖြစ်လို့ တိုက်ရိုက်မခေါ်တာလဲ”

“ဒီကိစ္စက တတိယအချက်... နောက်ဆုံးအချက်နဲ့ အရေးကြီးဆုံးအချက်ပဲ... မင်းက ဒီလိုကိစ္စမျိုးကို ကြုံတွေ့ပြီးပြီဆိုတော့ မင်းကို ဖိတ်ခေါ်တာက လျှို့ဝှက်ရေး သဘောတူညီချက်ကို ဖောက်ဖျက်ရာ မရောက်ဘူး”

“မင်းနဲ့ပတ်သက်ပြီး တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ငါ တာဝန်ခံမယ်... ငါတို့အဖွဲ့ဝင် အများစုနဲ့ အရပ်ဘက် ဝန်ထမ်းတွေက ဘုရားကျောင်းထဲကနေ လာတာ”

ကလိုင်းဟာ တိတ်တဆိတ် နားထောင်ပြီးနောက် စပ်စုလိုက်ပါတယ် “ဘာဖြစ်လို့ ဒီလောက်တောင် တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားတာလဲ... လူတွေ ပိုသိရင် ဒီလိုကိစ္စမျိုးတွေ လျော့နည်းသွားမယ် မဟုတ်ဘူးလား... လူတွေရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုက ဘာမှမသိတာကို ကြောက်တဲ့ ကြောက်ရွံ့မှုပဲ... ကျွန်တော်တို့တွေ မသိတာကို သိအောင် လုပ်လို့ရနေတာပဲ”

“မဟုတ်ဘူး... လူသားတွေရဲ့ တုံးအမှုက မင်း ထင်ထားတာထက် ပိုတယ်... လူတွေ ပိုသိလေလေ သူတို့တွေ ဒီလိုမျိုး ပိုလုပ်လေလေပဲ... ဒီလိုဆိုရင် ဝရုန်းသုန်းကား ပိုဖြစ်ပြီး အကျိုးဆက်က ပိုပြင်းထန်လိမ့်မယ်” ဒန်းစမစ်ဟာ ခေါင်းခါပြီး ကလိုင်းရဲ့ မေးခွန်းကို ပြန်ဖြေလိုက်ပါတယ်။

ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “လူသားတွေ သမိုင်းကနေ လေ့လာနိုင်တဲ့ တစ်ခုတည်းသော သင်ခန်းစာက... လူသားတွေ သမိုင်းကနေ ဘာသင်ခန်းစာမှ မရဘဲ အမှားတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေတာပဲ”

“ဧကရာဇ်ရစ်ဆဲလ်ရဲ့ စကားက တော်တော်လေးကို ဒဿနတွေ ပါတယ်” ဒန်းစမစ်ဟာ ကလိုင်းရဲ့ စကားကို ထောက်ခံလိုက်ပါတယ်။

‘ဧကရာဇ်ရစ်ဆဲလ်က ပြောခဲ့တာလား... ဒီဘဝကူးပြောင်းလာတဲ့ စီနီယာက တကယ်ကို ဂျူနီယာတွေအတွက် ဘာအခွင့်အရေးမှ ချန်မထားခဲ့ဘူးပဲ...’ ကလိုင်းဟာ ဒန်းစမစ်ရဲ့ စကားကို ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပါဘူး။

ဒန်းစမစ်ဟာ ခေါင်းလှည့်ပြီး မြင်းလှည်းအပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ လမ်းမီးတိုင်တွေရဲ့ မလင်းတလင်း အဝါရောင် အလင်းရောင်ဟာ လူ့အဖွဲ့အစည်းရဲ့ ခန့်ညားထည်ဝါမှုကို ဖော်ပြနေပါတယ်။

“အဓိက ဘုရားကျောင်းတွေရဲ့ အာဏာပိုင်အဖွဲ့တွေထဲမှာ ဒါနဲ့ အလားတူ လေးလေးနက်နက် ရေးသားထားတာ တစ်ခု ရှိတယ်... အဲဒီအကြောင်းကြောင့် သာမန်လူတွေ မသိအောင် တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားတာ ဖြစ်နိုင်တယ်”

“အဲဒီမှာ ဘာရေးထားလို့လဲ” ကလိုင်းဟာ စိတ်ဝင်စားသွားပြီး စပ်စုလိုက်ပါတယ်။

ဒန်းစမစ်ဟာ ခေါင်းပြန်လှည့်လာပါတယ် “ယုံကြည်မှုနဲ့ ကြောက်ရွံ့မှုက ပြဿနာတွေကို သယ်ဆောင်လာတယ်... ပိုယုံကြည်လေလေ ပိုကြောက်လေလေ ပြဿနာတွေကို ပိုသယ်ဆောင်လာလေလေပဲ... နောက်ဆုံး အရာအားလုံး ပျက်သုန်းသွားလိမ့်မယ်”

ဒီစကားဆုံးတဲ့အခါမှာတော့ ဒန်းစမစ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... နတ်ဘုရားတွေဆီက ကောင်းချီးပေးဖို့နဲ့ အကူအညီတောင်းတာကလွဲရင် လူသားတွေက သူတို့ရဲ့ ပြဿနာကြီးတွေကို မဖြေရှင်းနိုင်သေးဘူး”

‘ယုံကြည်မှုနဲ့ ကြောက်ရွံ့မှုက ပြဿနာတွေကို သယ်ဆောင်လာတယ်... ပိုယုံကြည်လေလေ ပိုကြောက်လေလေ ပြဿနာတွေကို ပိုသယ်ဆောင်လာလေလေပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ တိတ်တဆိတ် ရွတ်ကြည့်လိုက်ပေမဲ့ ဒီစကားရဲ့ ဆိုလိုရင်းကို အပြည့်အဝ နားမလည်နိုင်ပါဘူး။

ဒီစကားထဲမှာပါတဲ့ ကြောက်ရွံ့မှုက မသိမှုကလာတဲ့ မရေရာ မတိကျတဲ့ ကြောက်ရွံ့မှုပါ။ ဒီဟာက လမ်းမီးတိုင်တွေရဲ့ အလင်းရောင် အပြင်ဘက်က အမှောင်ထုလိုပါပဲ။ အလင်းရောင်မရှိတဲ့ အမှောင်ထုဟာ အကြင်နာတရား ကင်းမဲ့တဲ့ မျက်လုံးတွေ၊ ဟထားတဲ့ ပါးစပ်တွေလိုပါပဲ။

မြင်းလှည်းဟာ အရှိန်အဟုန်နဲ့ မောင်းနှင်နေပြီး သံကြက်ခြေခတ်လမ်းက မြင်ကွင်းထဲကို ဝင်လာပါတယ်။ ဒန်းစမစ်ဟာ တိတ်ဆိတ်မှုကို အရင်ဆုံး စဖြိုခွဲပြီး ကလိုင်းကို တရားဝင် ဖိတ်ခေါ်ပါတယ်။

“မင်း ညသိမ်းငှက်ထဲကို အရပ်ဘက် ဝန်ထမ်းအနေနဲ့ ဝင်ချင်လား”

ကလိုင်းရဲ့ စိတ်ထဲမှာ အတွေးမျိုးစုံ ပေါ်လာပါတယ်။ ဒီအတွေးတွေကြောင့် ကလိုင်းဟာ ချင့်ချိန်စဉ်းစားပြီး မပြတ်မသား ဖြစ်သွားပါတယ် “ကျွန်တော့်ကို စဉ်းစားဖို့ အချိန်နည်းနည်း ပေးပါလား”

ဒီကိစ္စက အကျိုးသက်ရောက်မှု များတဲ့အတွက် ကလိုင်းဟာ အလျင်စလို ဆုံးဖြတ်ချက် မချချင်ပါဘူး။

“ရတယ်... တနင်္ဂနွေနေ့ မတိုင်ခင်သာ ငါ့ကို အကြောင်းပြန်...” ဒန်းစမစ်ဟာ ခေါင်းညိတ်ပြီး ထပ်ပြောလိုက်ပါတယ် “ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ မပြောနဲ့... ဝဲလ်ရဲ့ကိစ္စကိုလည်း ဘယ်သူကိုမှ မပြောနဲ့... မင်းအစ်ကိုနဲ့ ညီမကိုလည်း မပြောနဲ့... မင်း ဒီစည်းကိုဖျက်ရင် သူတို့တွေ ပြဿနာတက်ရုံတင် မဟုတ်ဘူး... မင်းလည်း သီးခြားတရားရုံး ရောက်လိမ့်မယ်”

“ကျွန်တော် နားလည်ပါတယ်” ကလိုင်းဟာ လေးလေးနက်နက် အဖြေပေးလိုက်ပါတယ်။

မြင်းလှည်းဟာ တိတ်ဆိတ်မှုထဲကို ထပ်ပြီးတော့ တိုးဝင်သွားပါတယ်။

သံကြက်ခြေခတ်လမ်းနဲ့ နီးလာပြီ ဖြစ်တဲ့အတွက် ကလိုင်းရဲ့ အိမ်နဲ့လည်း နီးလာပါပြီ။ ဒီအချိန်မှာပဲ ကလိုင်းဟာ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ ကလိုင်းဟာ တစ်စက္ကန့် နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာတော့ မေးဖြစ်အောင် မေးလိုက်ပါတယ်။

“မစ္စတာစမစ်... အရပ်ဘက်ဝန်ထမ်းက ဘယ်လို လစာမျိုးနဲ့ အကျိုးခံစားခွင့်တွေ ရှိလဲ”

ဒီမေးခွန်းက ကလိုင်းအတွက် တော်တော်လေး အရေးပါပါတယ်။

ဒန်းစမစ်ဟာ တစ်ခဏ အံ့အားသင့်သွားပြီးနောက် ချက်ချင်း ပြုံးယောင် သမ်းသွားပါတယ် “ဒီကိစ္စကို မင်းစိုးရိမ်စရာ မလိုဘူး... ငါတို့ရန်ပုံငွေကို ဘုရားကျောင်းနဲ့ ရဲဌာနက အာမခံပေးထားတယ်... အသစ်ဝင်ခါစ အရပ်ဘက်ဝန်ထမ်းရဲ့ အပတ်စဉ်လစာက နှစ်ပေါင်နဲ့ ၁၀ ဆိုလီပဲ... စွန့်စားမှုနဲ့ လျှို့ဝှက်ကြေးအတွက် ၁၀ ဆိုလီ ထပ်ပေးတယ်... အကုန်လုံးပေါင်းလိုက်ရင် သုံးပေါင်ရမယ်... ဒါက တက္ကသိုလ်ကထိက လစာထက် ဘယ်မှာဆိုးလို့လဲ”

“ပြီးရင်း မင်းရဲ့ လစာက မင်းရဲ့ အတွေ့အကြုံနဲ့ အကျိုးဆောင်မှုပေါ် မူတည်ပြီး တဖြည်းဖြည်း တိုးသွားလိမ့်မယ်”

“အရပ်ဘက်ဝန်ထမ်းတွေအတွက် စာချုပ်သက်တမ်းက ယေဘုယျအားဖြင့် ငါးနှစ်ပဲ... ငါးနှစ်နေပြီးလို့ မင်း ထွက်ချင်တယ် ညသိမ်းငှက်မှာ ဆက်ပြီးတော့ မနေချင်တော့ဘူးဆိုရင် တစ်သက်တာ လျှို့ဝှက်ရေး သဘာတူညီချက်ကို လက်မှတ်ထိုးရမယ်... ခွင့်ပြုချက်မရဘဲ ထင်းဂန်မြို့ကနေ ထွက်သွားလို့ မရဘူး... တခြားမြို့ကို ရွှေ့ပြောင်းချင်တယ်ဆိုရင်လည်း ပထမဆုံး နယ်ခံညသိမ်းငှက်ဆီမှာ စာရင်းသွင်းရမယ်”

“ဒါနဲ့ ငါတို့ဆီမှာ အားလပ်ရက် မရှိဘူး... အဆိုင်းပဲ ရှိတယ်... ဘယ်အချိန်ပဲဖြစ်ဖြစ် အရပ်ဘက်ဝန်ထမ်း သုံးယောက် တာဝန်ကျနေရမယ်... မင်း တောင်ပိုင်းပဲဖြစ်ဖြစ် ဒေစီဆိပ်ကမ်းကိုပဲဖြစ်ဖြစ် အပန်းဖြေခရီး ထွက်ချင်တယ်ဆိုရင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြိုစီစဉ်ဖို့ လိုလိမ့်မယ်”

ဒန်းစမစ် စကားပြောလို့ ဆုံးတယ်ဆိုရင်ပဲ မြင်းလှည်းမောင်းသမားဟာ မြင်းဇက်ကြိုးကို ဆွဲပြီး မြင်းလှည်း ရပ်လိုက်ပါတယ်။ ကလိုင်းတို့ မောင်နှမတွေ ငှားနေတဲ့ တိုက်ခန်းတည်ရှိရာ အဆောက်အဦးက ဘေးတစ်ဖက်မှာ ပေါ်လာပါတယ်။

“ကျွန်တော် နားလည်ပါပြီ” ကလိုင်းဟာ တစ်ဖက်လှည့်ပြီး မြင်းလှည်းပေါ်က ဆင်းသွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ ခြေလှမ်းရပ်သွားပြီး ဒန်းစမစ်ဘက်လှည့်ကာ မေးလိုက်ပါတယ် “ဒါနဲ့ မစ္စတာစမစ်... ကျွန်တော် ဆုံးဖြတ်ချက်ချပြီးရင် မစ္စတာစမစ်ကို ဘယ်မှာ လာရှာရမလဲ”

ဒန်းစမစ်ဟာ တစ်ချက်ရယ်လိုက်ပါတယ် “ဘက်ဆစ်လမ်းက ဟောင်းအရက်ဆိုင်ဆီ သွားပြီး သူဌေးရိုက်ကိုရှာ... ပြီးရင် တာဝန်တစ်ခုအတွက် ကြေးစားစစ်သား အဖွဲ့လေးတစ်ဖွဲ့ ငှားချင်တယ်လို့ ပြောလိုက်”

“ဟင်...” ကလိုင်းဟာ ခေါင်းရှုပ်သွားပါတယ်။

“ငါတို့ရဲ့နေရာကလည်း လျှို့ဝှက်ရတဲ့အထဲမှာ ပါတယ်... မင်း ငါတို့ထဲက တစ်ယောက် မဖြစ်မချင်း ငါတို့ရဲ့နေရာကို တိုက်ရိုက်ပြောလို့မရဘူး... မစ္စတာ ကလိုင်းမိုရက်တီ... ဒီည အိပ်မက်လှလှ မက်ပါစေ...” ဒန်းစမစ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။

ကလိုင်းဟာ ဦးထုတ်ချွတ်ပြီး အရိုအသေပေးကာ ထွက်ခွာသွားတဲ့ မြင်းလှည် တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကြည့်ရင်း ကျန်နေခဲ့ပါတယ်။

အဲဒီနောက် ကလိုင်းဟာ အိတ်ဆောင်နာရီကို ထုတ်လိုက်ပါတယ်။

ကလစ်ဆိုတဲ့ အသံနဲ့အတူ အိတ်ဆောင်နာရီ ပွင့်သွားပါတယ်။ ကလိုင်း အိတ်ဆောင်နာရီကို ကြည့်လိုက်တဲ့အခါ လေးနာရီ ကျော်သွားတာ တွေ့လိုက်ရပါတယ်။

လမ်းတစ်ခုလုံး စိတ်ပန်းပြေစေတဲ့ လေအေးတွေ တသုန်သုန် တိုက်ခိုက်နေပါတယ်။ လမ်းမီးအိမ်တွေက ထုတ်လွှတ်နေတဲ့ မှေးမှိန်တဲ့ အဝါရောင် အလင်းရောင်ဟာ ပတ်ဝန်းကျင်ကို အလင်းရောင် ပေးနေပါတယ်။

ကလိုင်းဟာ အသက်အရှည်ကြီး ရှူရှိုက်ပြီး ဘေးနား ပတ်ဝန်းကျင်က တိတ်ဆိတ်တဲ့ ညချမ်းရဲ့ အေးချမ်းမှုကို ခံစားပါတယ်။

နေ့ခင်းဘက်မှာ လူအရှုပ်ဆုံး အဆူညံဆုံးလမ်းဟာ ညအချိန်အခါမှာတော့ အသက်မဲ့ပြီး တိတ်ဆိတ်နေပါတယ်။ ဒီတိတ်ဆိတ်မှုက ဝဲလ်ရဲ့နေရာက တိတ်ဆိတ်မှုနဲ့ မီးနဲ့ရေလို ကွာခြားပါတယ်။

ဒီတော့မှာပဲ ကလိုင်းဟာ သူ့ရှပ်အင်္ကျီ နောက်ကျောက ချွေးတွေစိုရွှဲပြီး အေးစက်နေတာကို သတိထားမိလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters