အခန်း (၂၄၀)
Vol. 16 Ch. 240
သတ်ဖြတ်ခြင်းအပြီးတွင် နောက်တစ်နေ့ရာသီဥတုမှာ အထူးသာယာလျှက်ရှိသည်။
နေ့သစ်စတင်ပြီဖြစ်ရာ ရေကန်ကမ်းစပ်တွင်လည်းမနက်စာစားပြီးသည့်အချိန်တွင် စတင်၍အလုပ်များလာကြတော့သည်။ ဖှေးနှင့် မန်နေဂျာတို့စကားပြောတိုင်ပင်ထားခြင်းမရှိသော်လည်း ဆိုရိုကန်သွယ်ရေးအဖွဲ့နှင့် ချမ်းဘော့ဒ်တပ်ဖွဲ့မှာ အတူတကွခရီးဆက်ကြ၏။
ချီတပ်နေသော တပ်ဖွဲ့များကြားထဲတွင် သံမဏိလှောင်အိမ်တစ်လုံးကိုဆွဲနေသည့်မြင်းလေးကောင်လည်းပါရှိသည်။
လှောင်အိမ်အတွင်းတွင်ရှိနေသည့်လူမှာ သွေးစွန်းဂိုဏ်းရှိအဓိကတိုက်ခိုက်ရေးသမားခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် မျက်စိတစ်ဖက်ကမ်းနဂါးရိုင်းပင်။ မြေပေါ်တွင်လဲနေသည့် ခွေးတစ်ကောင်ကဲ့သို့ပင် တစ်စုံတစ်ရာလှုပ်ရှားခြင်းမရှိပေ။ အရှေ့တွင်ရှိနေသည့် အမဲရောင်ခွေးကြီးပေါ်တွင် မိန်းမလှလေးတစ်ယောက်ကိုပွေ့ပိုက်လျှက်ရှိနေသည့် လူတစ်ယောက်ကို အလွန်မုန်းတီးသည့်မျက်လုံးများဖြင့်သာကြည့်နေခြင်းမရှိပါက လှောင်အိမ်အတွင်းတွင် လူသေအလောင်းတစ်ခုကို သယ်ဆောင်လာသည်ဟုပင် ထင်မက်ဖွယ်ပင်။
အိုလတ်ဂ်သည် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆေးမေးမြန်းခြင်းနည်းလမ်းများကို အသုံးပြုခဲ့သော်လည်း သတင်းအချက်လက်များများစားစားရရှိခဲ့ခြင်းမရှိပေ။
သွေးစွန်းဂိုဏ်းမှ အသတ်ရှင်လျှက်ကျန်ရှိနေသည့် စစ်သည်များမှာ အိုလတ်ဂ်အားသူတို့သိရှိသမျှအချက်လက်များကို အကုန်ပြောပြကြသော်လည်း သူတို့မှာ အောက်ခြေစစ်သည်များသာဖြစ်သဖြင့် အသုံး၀င်သည့်အချက်လက်များမဟုတ်ပေ။
ထိပ်ပြောင်၊ အသတ်လတ်ပိုင်းအရွယ်လူနှင့် နတ်သူငယ်သွေးတစ်၀က်ပါသည့်အမျိုးသမီးတို့မှာမူ အရေးပါသည့်ခေါင်းဆောင်များဖြစ်ကြသည့်အတွက် အချက်လက်များများကိုပို၍သိရှိသည်။ သို့ရာတွင် သူတို့သည် ဖှေးလက်ထဲတွင်သေဆုံးရတော့မည်ကိုလည်းသိရှိပြီးဖြစ်သည့်အတွက် သွေးအရသာနှင့်ရင်းနှီးပြီးသားဖြစ်သည့် ထိုလူများမှာ မည်မျှပင်နှိပ်စက်စစ်မေးစေကာမူတစ်စုံတစ်ရာကိုမျှပြောကြားခြင်းမရှိချေ။ ထို့ကြောင့် အဖိုးကြီးဇိုလာရစ်နှင့် ကောင်လေးလူကာတို့သည် အသက်လတ်ပိုင်းအရွယ်လူနှင့် အမျိုးသမီးတို့ကိုအသုံးမ၀င်တော့သဖြင့် လက်စားချေသည့်အနေဖြင့်သတ်ပစ်လိုက်ကြသည်။ အိုလတ်ဂ်သည်လည်း သွေးစွန်းဂိုဏ်းနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်လက်ကိုမျှ စစ်ဆေးနိုင်ခဲ့ခြင်းမရှိပေ။
စစ်ဆေးခြင်းရလဒ်မှာ ယခင်ကမိမိကိုယ်မိမိယုံကြည်ချက်ရှိနေခဲ့သည့် ထောင်မူးအိုလတ်ဂ်ကို စိတ်ဓာတ်ကျသွားစေသည်။ သူရှက်ရွံ့မိ၏။ သူစိတ်ဓာတ်ကျသွားပြီးနောက်တွင်ပို၍ပြင်းထန်သည့် နှိပ်စက်ခြင်းနည်းလမ်းများကိုအသုံံးပြုကာ ဘုရင်အတွက် အသုံး၀င်သည့်သတင်းအချက်လက်များရရှိရန်အတွက် ဆက်လက်၍ကြိုးစားတော့သည်။
သို့သော် ဘုရင့်အတွက်ဤအရာမှာ သိပ်ပြီးအရေးမကြီးတော့ချေ။
သူတို့ခရီးမဆက်မှီအချိန်ကတည်းကပင် ဆိုရိုအဖွဲ့မှမန်နေဂျာသည် သူ့သမီးရှယ်လီကိုစေလွှတ်ပြီးဖှေးအား သွေးစွန်းဂိုဏ်းနှင့်ပတ်သက်သည့်အချက်လက်များပါ၀င်သည့် စာအုပ်မှတ်တမ်းတစ်ခုကို ပေးပို့စေပြီးဖြစ်သည်။ ထိုစာအုပ်ထဲတွင် သွေးစွန်းဂိုဏ်းလွှမ်းမိုးမှုရှိသည့် အသိုင်း၀ိုင်းများ၊ ဂိုဏ်းအတွင်းတွင်ရှိနေသည့်သိုင်းဆရာများ၊ သူတို့၏စွမ်းအားအဆင့်များစသည်တို့ဖြစ်သည်။ ဆိုရိုအဖွဲ့စည်းအတွက် ဤကဲ့သို့သတင်းအချက်လက်များကိုရရှိရန်မှာ မခက်ခဲလှချေ။ ထို့အပြင် ဤသတင်းများသည်လည်း ကန့်သက်ထားသည့်သတင်းများလည်းမဟုတ်ပေ။ လူတိုင်းစုံစမ်းကြည့်ပါက သိရှိနိုင်သည့်အချက်လက်များပင်ဖြစ်သည်။ ထို့ကြောင့်မန်နေဂျာသည် ဖှေးအားကူညီနိုင်သည့် အခွင့်ရေးတစ်ခုအနေဖြင့်ယူလိုက်ခြင်းပင်။
နောက်ဆုံးတွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် မဟူရာတိုင်းပြည်ပိုင်နက်အတွင်းမှ ထွက်ခွာလာခဲ့ပြီးဖြစ်သည်။
"အရှင်မင်းကြီးကျွန်တော်တို့က အခုသရေ့စ်တိုင်းပြည်ရဲ့ပိုင်နက်ထဲကို၀င်ရောက်ပါတော့မယ်။ ကျွန်တော်တို့ကြားရသလောက်အရဆိုရင်တော့ အရှင်မင်းကြီးနဲ့ သရေ့စ်တိုင်းပြည်က သိပ်ပြီးအဆင်မပြေဘူးကြားတယ်။ မန်နေဂျာဟယ်ရီ သူ၏မြင်းကိုကြာပွတ်ဖြင့်ရိုက်လိုက်ပြီး ဖှေးအနားသို့ကပ်သွားကာပြောလိုက်သည်။
"ဟားဟား အဆင်မပြေတာထက်ကိုပိုပါတယ်ဗျာ။ သရေ့စ်တိုင်းပြည်ဘုရင်ကလဲ မဟူရာတိုင်းပြည်ဘက်ကဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ရန်သူတစ်ယောက်ပဲ။ ကျွန်တော့ရဲ့ ထီးနန်းတက်ပွဲတုန်းကလဲ သူတို့တိုင်းပြည်ကမင်းသားအိုဘီနာနဲ့ သိုင်းဆရာဟားရှ်ဇန်းတို့ကို ချမ်းဘော့ဒ်ကိုစေလွှတ်ပြီး ကျွန်တော့ကိုလုပ်ကြံဖို့အထိကြိုးစားခဲ့သေးတယ်လေ။ အခုတော့ အဲ့နှစ်ယောက်လုံးကျွန်တော့ဓားအောက်မှာသေကုန်ပါပြီ။ ကျွန်တော်တို့က ထာ၀ရရန်သူတော်တွေပေါ့ဗျာ..." ဖှေးရယ်မောလိုက်သည်။
"အဲ့လိုဆိုရင်တော့ ကျွန်တော်တို့သရေ့စ်တိုင်းပြည်ထဲ၀င်တဲ့အချိန်ကျရင် အရှင်မင်းကြီး ဂရုစိုက်ရတော့မှာပေါ့..."
"မလိုပါဘူး သရေ့စ်တိုင်းပြည်ဘုရင်ကလဲ မဟူရာဘုရင်လိုသတ္တိရှိပြီး တပ်ဖွဲ့တစ်ခုခေါ်လာပြီး ငါ့ကိုအမြန်လာတွေ့ဖို့မျှော်လင့်တယ်။ အဲ့လိုဆို အလုပ်ရှုပ်ရသက်သာတာပေါ့..." သူတို့အားလုံးသည် နောက်ဆုံးတွင် တောင်တန်းများအတွင်းသို့၀င်ရောက်လာပြီဖြစ်သည်။
မန်နေဂျာမှာ စကားတစ်လုံးမှမပြောပဲပြုံးလိုက်၏။
ယနေ့မနက်မှစ၍ သူသည် ဖှေး၏ အပြုမူတစ်ခုခြင်းစီတိုင်းကို ဂရုတစိုက်အကဲခတ်ကြည့်မိနေခဲ့သည်။ သူတို့ရရှိသည့်သတင်းအချက်လက်များထဲတွင် ပါရှိသည့်ချမ်းဘော့ဒ်ဘုရင်၏အကြောင်းမှာ အကျဥ်းချုပ်မျှသာဖြစ်သည်။ သူသည် လက်စားချေရမည့်အကြောင်းကို ခေတ္တဆိုင်းငံ့ထားရန်အတွက် အထက်အား အသနားခံထားပြီးနောက်တွင် ဖှေးအားထိုကဲ့သို့သော အခွင့်ရေးပေးရန်အတွက် ထိုက်တန်မည့်သူဟုတ်မဟုတ်လေ့လာကြည့်နေခြင်းပင်။ လေ့လာချက်များအရ သူသည် ဆုံးဖြတ်ချက်တစ်စုံတစ်ရာကိုချမှတ်နိုင်ခြင်းမရှိသေးချေ။ ဤငယ်ရွယ်သည့် ဘုရင်မှာ တစ်ခါတစ်ရံတွင် ဆွေကြီးမျိုးကြီးတစ်ယောက်ကဲ့သို့ အပြောဆိုပြေပြစ်ကာယဥ်ကျေးသည်၊။ တစ်ခါတစ်ရံတွင်လည်း မာနထောင်လွှားနေသည့်ဟန်ရှိသည်။ တစ်ခါတစ်ရံတွင် ကလေးငယ်တစ်ယောက်ကဲ့သို့ဖြစ်သည်။ မန်နေဂျာသည် သူ၏ဘ၀တစ်ယောက်တွင် လူပေါင်းများစွာနှင့် ဆက်ဆံခဲ့ဖူးသူဖြစ်သော်လည်း ယခုအခေါက်တွင်မူ သူချမ်းဘော့ဒ်ဘုရင်၏စိတ်ကို အကဲ့ခတ်၍မရပဲဖြစ်နေသည်။
"ဒီဘုရင်က အ၀တ်တွေအထပ်ထပ်နဲ့ ဖုံးကာထားသလိုပဲ။ သူ့ရဲ့စိတ်ရင်းအမှန်ကိုသိရဖို့က အတော်ခက်ခဲတယ်။" မန်နေဂျာပို၍တွေးကြည့်လေလေ ပို၍ထိတ်လန့်မိလေလေပင်ဖြစ်နေ၏။
........
ပို၍အံ့သြဖွယ်ကောင်းစွာပင် သရေ့စ်တိုင်းပြည်ဘုရင်သည် ချမ်းဘော့ဒ်တပ်ဖွဲ့ချီတပ်လာသည်ကိုသတင်းရထားပြီးဖြစ်သော်လည်း လှုပ်ရှားမှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိသေးပေ။ ကင်းထောက်ရန်အတွက် တစ်စုံတစ်ယောက်ကိုပင် စေလွှတ်ခြင်းမရှိပေ။ သူသည်မည်သည့်အရာမှ ပြုလုပ်ခြင်းမရှိတော့ပဲ ချမ်းဘော့ဒ်တပ်ဖွဲ့ကိုငြိမ်းချမ်းစွာဖြင့်ဖြတ်သန်းခွင့်ပေးတော့မည်ဟုပင် ထင်မှတ်ရ၏။
ညနေခင်းသို့ရောက်သည့်အခါတွင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့တို့သည့် ရေတံခွန်တစ်ခု၏ဘေးတွင် စခန်းချလိုက်ကြသည်။
"ဒီနေရာက သားရဲတွေအမဲလိုက်နေကျနေရာဆိုပြီးလူသိများတယ်။ အဆင့်၃မှော်သားရဲတွေဖြစ်တဲ့ လေ၀ံပုလွေတွေကဒီနေရာမှာ အမဲလိုက်လေ့ရှိကြတယ်လို့ပြောကြတယ်..." အဖိုးကြီးဇိုလာရစ်မှာ ဖှေးအား စခန်းချမည့်နေရာကိုပြောင်းလဲရန်အတွက် အကြံပြုလိုက်သည်။ သို့သော်လည်း ပေးပို့ထားသည့်သတင်းအချက်လက်များအရ ဤနေရာသည်သာ အကောင်းဆုံးဖြစ်နေသည့်ပုံရှိသောကြောင့် ဤနေရာတွင်သာစခန်းချရန်အတွက်ဆုံးဖြတ်လိုက်၏။ သူတို့ပြုလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ မှော်သားရဲများရန်မှ ကာကွယ်ရန်အတွက် ပိုပြီးသတိကြီးကြီးထားရန်ဖြစ်သည်။
ညအချိန်သို့ရောက်သောအခါ အဖိုးကြီးဇိုလာရစ်သတိပေးထားသည့်အန္တရာယ်မှာ စတင်၍ဖြစ်ပွားတော့သည်။ သန်းခေါင်ရံအချိန်သို့ရောက်သည့် အချိန်တွင် စခန်းပတ်လည်မှ ၀ံပုလွေအူသံများကိုစတင်၍ကြားလာရတော့သည်။
"သေစမ်း ဒါလေ၀ံပုလွေအုပ်ပဲကွ..." မန်နေဂျာဟယ်ရီမှာ တစ်စုံတစ်ခုကိုကြားလိုက်ရပြီး လျှင်မြန်စွာပင်အ၀တ်စား၀တ်ကာ တဲအတွင်းမှပြေးထွက်သွားတော့ပြီး ကျောက်တုံးတစ်တုံးပေါ်သို့ခုန်တက်ကာ ပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။ မန်နေဂျာမှာ မျက်ကလူးဆန်ပြာဖြစ်သွားပြီး ပြောလိုက်၏။ "သေစမ်း တကယ်၀ံပုလွေတွေပဲ...အနည်းဆုံးတော့အကောင်၆၀၀ ၇၀၀လောက်ရှိမယ်။ ဘာလို့များဒီလောက်များနေရတာလဲ။"
ဇီးနစ်အင်ပါယာတွင် အဆင့်၃လေ၀ံပုလွေများမှာ အဆင့်နှိမ့်မှော်သားရဲများသာဖြစ်ကြသည်။ ၀ံပုလွေတစ်ကောင်ခြင်းစီ၏ စွမ်းအားမှာစိုးရိမ်ဖွယ်မရှိသော်လည်း ကြောက်စရာကောင်းသည်မှာ သူတို့သည် အုပ်စုဖြင့်အမဲလိုက်တတ်သည့် သားရဲများပင်။ ၀ံပုလွေအုပ်တစ်ခုသည် သူတို့မျက်စိကျသည့် သားကောင်ကိုတွေ့ရှိပါက အချက်ပေးအသံများပြုလုပ်ပြီးအနီးပတ်၀န်းကျင်တွင်ရှိနေသည့် တစ်ခြား၀ံပုလွေအုပ်များကိုလည်း ဆင့်ခေါ်မည်ဖြစ်သည်။ ထိုသားရဲများသည် ရဲစွမ်းသတ္တိရှိပြီး ရူးသွပ်ကြသည်။ တစ်ဖက်မှရန်သူများမကျရှုံးမခြင်းရပ်တံ့မည်မဟုတ်ပေ။ ဤကဲ့သို့၀ံပုလွေအုပ်ကို စစ်သည်တပ်ဖွဲ့များကပင် ကြောက်လန့်ကြသည်။ အမှားတစ်စုံတစ်ရာကိုပြုလုပ်မိပါက တစ်ဖွဲ့လုံးသေဆုံးကုန်နိုင်သောကြောင့်ပင်။
"တစ်ခုခုတော့လွဲနေပြီ ဘာလို့ဒီလောက်များတဲ့၀ံပုလွေတွေကရုတ်တရက်ရောက်ရှိလာတာလဲ..." မန်နေဂျာမှာ တစ်စုံတစ်ခုကိုတွေးမိသွားပုံရသည်။ ရှယ်လီနှင့် ဓားသမားတို့လဲရောက်ရှိလာကြသည်။
"အသင့်ပြင်ထား အမြန်လုပ်ကြ။ လေးသည်တော်တွေ သူတို့ကို အနားကပ်မလာစေနဲ့နော်..."
"ဟေ့ကောင် ငပျင်းအမြန်ထပြီး ဓားသွားယူတော့ မင်းက ၀ံပုလွေအစာဖြစ်သွားချင်လို့လား..."
"သေစမ်း ဘာလို့ဒီလောက်အများကြီးဖြစ်နေတာလဲကွာ..."
"မီးကိုပိုတောက်အောင်လုပ်ကြကွ...ဒီကောင်တွေက မီးကြောက်တယ်..."
ဆိုရိုအဖွဲ့မှ အစောင့်စစ်သည်များသည် အတွေ့ကြုံရှိသူများဖြစ်ကြသည်။ သူတို့သည် အချိန်သုံးမိနစ်ခန့်ပင် မကြာလိုက်ပဲ အခြေအနေကို လျှင်မြန်စွာပင်တုန့်ပြန်ကြ၏။ မကြာမှီတွင် အစောင့်စစ်သည်၄၀ခန့်မှာ အကောင်းဆုံးခံတပ်နေရာအသီးသီးကို ယူကာအသင့်ပြင်ထားပြီးဖြစ်သည်။ စခန်းမှာ မီးတောက်အလင်းရောင်များကြောင့်လင်းထိန်သွားကာ ညကောင်းကင်ကြီးပင်တောက်ပလာသည်။ လူတိုင်းသည် သူတို့၏လက်နက်များကို ကိုင်မြောက်ကာ တိုက်ပွဲကြီးတစ်ခုအတွက်အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် ချမ်းဘော့ဒ်စခန်းချနေသည့်ဘက်ခြမ်းသို့ကြည့်လိုက်မိသည့်အချိန်တွင်မူ ချမ်းဘော့ဒ်တပ်ဖွဲ့မှာ တိတ်ဆိတ်နေသည်ကိုတွေရသည်။
ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်မှာထွက်လာခြင်းမရှိပေ။ သို့ရာတွင် သူ၏တပ်ဖွဲ့မှာ ပုံမှန်လုပ်ဆောင်နေကြအရာများကိုသာလုပ်ဆောင်ရန်အတွက် အမိန့်ရထားကြပုံရသည်။ ၀ံပုလွေအူသံများကို ဂရုစိုက်ခြင်းမရှိချေ။
တစ်ချိန်တည်းမှာပင် ရေတံခွန်ပေးတွင်ရှိနေသည့် ကျောက်တုံးကြီးတစ်ခုပေါ်တွင် လူနှစ်ယောက်၏အရိပ်ကိုတွေ့လိုက်ရသည်။
တစ်ယောက်မှာ အရပ်ရှည်ရှည်နှင့် ခပ်၀၀လူတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာပေါ်တွင်အမာရွတ်ကြီးတစ်ခုပါရှိသည်။ သူသည် ထုံထိုင်းသေဆုံးစေသည့် လေထုတစ်ခုကိုယူဆောင်လာပြီး အလွန်ကြောက်မက်ဖွယ်ပင်။ ကျန်တစ်ယောက်မှာ အရပ်ရှည်ရှည်၊ ဆံပင်ရွှေရောင်နှင့် ခန့်ညားသောလူငယ်တစ်ယောက်ဖြစ်ပြီး လေးရှည်တစ်လက်ကို လက်ထဲတွင်ကိုင်တွယ်ထားသည်။ သူ၏အနောက်တွင်ရှိနေသည့် မြှားကျည်တောက်ထဲတွင် မြှားအချောင်းတစ်ရာခန့်ပါရှိပြီး နတ်သူငယ်လေးသည်တော်တစ်ယောက်ကဲ့သို့ပင်။
မန်နေဂျာသူတို့နှစ်ယောက်လုံးကို သိရှိသည်။
တစ်ယောက်မှာ ချမ်းဘော့ဒ်ထောင်မှူးဖြစ်ပြီး ကျန်တစ်ယောက်မှာ ဘုရင့်၏ကိုယ်ရံတော်ဖြစ်၏။
မန်နေဂျာမှာ ဤကဲ့သို့သောအရေးပေါ်ကိစ္စတစ်ခုတွင် ဘုရင်ကိုယ်တိုင်လာရောက်ခြင်းမရှိပဲ သူတို့နှစ်ယောက်ကိုသာပို့လိုက်သည့်အတွက်နားမလည်နိုင်ဖြစ်နေ၏။ သူက သူ့လူနှစ်ယောက်ရဲ့အစွမ်းကိုယုံကြည်ပြီး သူ့လူနှစ်ယောက်ထဲနဲ့ပြီးမယ့်ကိစ္စလို့များယုံကြည်လို့လား။ ဒါမှမဟုတ်ချမ်းဘော့ဒ်ဘုရင်က မိမိကိုယ်မိမိအထင်ကြီးလွန်းနေပြီးတော့၀ံပုလွေအုပ်က ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို မသိလို့များလား။
မန်နေဂျာတွေးလိုက်မိသည်။
သူသည်ကိစ္စအများပြားကိုကျော်ဖြတ်ခဲ့ဖူးပြီး အတွေ့ကြုံများသည့်လူတစ်ယောက်ဖြစ်သည်။ ၀ံပုလွေများရုတ်တရက်ရောက်ရှိနေခြင်းနှင့် ပတ်သတ်၍ တစ်စုံတစ်ရာလွဲမှားနေသည်ကိုလည်းသတိထားလိုက်မိသည်။ သူ၏မသိစိတ်အရ ဤကိစ္စသည်ထင်သလောက်မရိုးရှင်းလှပေ။ တစ်စုံတစ်ယောက်သည် ၀ံပုလွေများဤနေရာသို့စုပြုံလာရန်အတွက် တမင်ပြုလုပ်ခဲ့သည်ဟု သူခံစားရသည်။
သူ့အားစဥ်းစားရန်အတွက် အချိန်များစွာမပေးပဲ ရှည်လျားစွာအူပြီးချိန်တွင် ၀ံပုလွေအုပ်ကြီးသည် သူတို့ထံသို့ပြေး၀င်လာတော့၏။ နီရဲနေသည့်မျက်လုံးများသည် ညအမှောင်ထဲတွင် ထွက်ပေါ်လာပြီး နတ်ဆိုးမျက်လုံးများကဲ့သို့ပင် ကြောက်မက်ဖွယ်ပင်။
မန်နေဂျာမှာ ကျောက်တုံးကြီးတစ်ခုပေါ်တွင်ရပ်နေပြီး မှော်မန္တာန်များကိုစတင်ရွတ်ဖတ်တော့သည်။
ဆိုရိုအဖွဲ့ထဲတွင်ရှိနေသည့် သိုင်းဆရာများနှင့်စစ်သည်များသည်လည်း ဟယ်ရီ၏ဘေးတွင်ရပ်နေကာ တိုက်ခိုက်ရန်အတွက်အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ၏ချွေးပျံနေသောလက်များဖြင့် လက်နက်ကိုဆုပ်ကိုင်ရင်းတုန်ခါနေသည်။
တစ်ချိန်တည်းမှာပင် ၀ေးလံသောနေရာတစ်နေရာတွင်ရှိနေသည့် ကျောက်တုံးကြီးတစ်ခုသည် မြေပြင်ပေါ်သို့ ကွဲကြေသွားသည်။
အိုလတ်ဂ်၏ပါးစပ်ထဲတွင် မြက်ရိုးတစ်ခုကိုကိုက်ထားပြီး ထိုင်လျှက်ရှိနေသည်။ သူသည် ဖြစ်လာမည့်အရာများကို ထိုင်ကြည့်ရန်အတွက်ပြင်နေသည့်ဟန်ပင်။ သူ၏လက်များကိုလည်း ပိုက်ထားရာတစ်စုံတစ်ရာ၀င်ရောက်ကူညီမည့်ပုံမရှိချေ။ ထိုလူ၀ကြီး၏ဘေးတွင်ရှိနေသည့် ဆံပင်ရွှေရောင်နှင့်လူငယ်မှာ နောက်ဆုံးတွင် သူ၏မြှားကျည်တောက်အတွင်းမှ မြှားတစ်ချောင်းကိုဆွဲထုတ်လိုက်သည်။