အခန်း (၂၅၅)
Vol. 17 Ch. 255
တစ်ချိန်တည်းမှာပင် လေးသည်တော်အယောက်၂၀ခန့်မှာ သူတို့၏အနောက်တွင်ပေါ်လာပြန်၏။ သူတို့စီးနှင်းနေသည့်မြင်းများမှာ အရည်သွေးမြင့်စစ်မြင်းများဖြစ်သည့်အတွက် ထိုလေးသည်တော်များမှာ မြန်ဆန်လှသည်။ သူတို့သည် တိုက်ခိုက်ပြီးသည်နှင့်တပြိုင်နက်အမြန်ပြန်လည်ဆုတ်ခွာသည့် ဗျူဟာကိုအသုံးပြုနေကြသည်။ အခြေအနေကောင်းသည်ဟု ထင်ပါကအနီးသို့ကပ်လာပြီးမြှားဖြင့်ပစ်ကာ တိုက်ခိုက်ကြပြန်သည်။ ထိုလေးသည်တော်များသည် ကျူးကျော်လာသည့်တပ်ဖွဲ့၏ အမြှီးကဲ့သို့ပင် အနောက်မှကပ်ပါလျှက်ရှိပြီး ခွာချ၍မရနိုင်ပေ။
ဤကဲ့သို့တိုက်ခိုက်မှုအောက်တွင် မြင့်မားနေသည့်စိတ်ဓာတ်များနှင့် စနစ်ကျသည့်ဖွဲ့စည်းပုံတို့မှာ အနည်းငယ်ယိမ်းယိုင်စပြုလာတော့သည်။
“မစ်စတာ ကျွန်တော်တို့ဘယ်လိုလုပ်သင့်လဲ...” ရွှေရောင်သရဖူ၀တ်ဆင်ထားသည့်ဘုရင်တစ်ပါး၏ မျက်နှာမှာအရောင်ပြောင်းသွားသည်။ သူသည်ရှေ့တွင် စွမ်းအားမီးတောက်များလွှမ်းခြုံလျှက်ချီတပ်နေသည့် စစ်သည်တစ်ယောက်ကိုလှမ်းမေးလိုက်၏။
“ဒစ်ခ် အလန် မင်းတို့နှစ်ယောက် ချမ်းဘော့ဒ်တိုင်းပြည်က လေးသည်တော်တွေကိုရှင်းဖို့အတွက် တစ်ယောက်ကိုစစ်သည်၄၀၀လောက်ခေါ်သွားကွာ။ တစ်ယောက်မှအရှင်မထားနဲ့။ ဂူလို မင်းက မြင်းစစ်သည်၁၀၀လောက်ခေါ်သွားပြီး ငါတို့ကိုအနောက်ကနေကာကွယ်ပေးထား။ ဟိုကောင်တွေငါတို့ကို အနောက်ကနေထပ်ပြီးလာမပစ်စေနဲ့တော့။ ကျန်တဲ့ကောင်တွေက ဘေးမှာရှိတဲ့လေးသည်တော်တွေကို မစိုးရိမ်နေတော့ပဲရှေ့ကိုသာမြန်မြန်ချီတပ်ကြ။ တစ်ခုခုဖြစ်နေလို့ထင်တယ်။ ဒါကြောင့်မို့ဒီကောင်တွေက ငါတို့ကိုချောင်းမြောင်းတိုက်ပြီး အချိန်ဆွဲဖို့လုပ်နေကြတာ။ အချက်ပေးခရာမှုတ်လိုက်တော့။ အရှိန်မြှင့်ပြီးချီတပ်တော့။” တပ်ဖွဲ့အားဦးဆောင်နေသည့် စစ်သည်သိုင်းဆရာလေးယောက်ထဲမှတစ်ယောက်သည် သူသည်ခေါင်းဆောင်ဖြစ်သကဲ့သို့အော်ဟစ်ခါအမိန့်ပေးလိုက်သည်။
သူ၏ဘေးတွင်ချီတပ်နေကြသည့်စစ်သည်သုံးယောက်မှာ ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့နှစ်ယောက်ဓားများကို၀ှေ့ရမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်ကြသည်။ သူတို့၏အသံများသည် မိုးချိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသည်။ သူတို့တစ်ယောက်ခြင်းစီသည် စစ်သည်၄၀၀ခန့်ကိုဦးဆောင်ပြီး ချမ်းဘော့ဒ်မှ လေးသည်တော်များကို တိုက်ခိုက်ရန်အတွက် ထွက်ခွာသွားကြတော့သည်။
လျို့၀ှက်ထူးဆန်းသည့် သိုင်းဆရာစစ်သည်နှစ်ယောက်ဦးဆောင်ကာချီတပ်လာသည့်အတွက် ပစ်လွှတ်လိုက်သည့်မြှားအများစုမှာ ဤစစ်သည်နှစ်ယောက်၏အတွင်းအားမီးတောက်များကြောင့် တစ်စစီကျိုးကြေကုန်၏။ သေဆုံးမှုလျှော့ကျသွားသည့်အတွက် သူတို့သည် တောင်တန်းများနှင့် မြက်ပင်များအကြားတွင် ပုန်းအောင်းနေကြသည့်ချမ်းဘော့ဒ်လေးသည်တော်များနှင့် နီးကပ်လာပြီဖြစ်သည်။
ကျန်စစ်သည်တစ်ယောက်မှာ စစ်သည်တစ်ရာခန့်ကိုဦးဆောင်ပြီး ပင်မှတပ်ဖွဲ့ထံမှ ဘယ်ဘက်သို့ခွဲထွက်သွား၏။ ထို့နောက်တွင် အရှိန်လျှော့လိုက်ပြီး အနောက်မှကပ်လိုက်ပြီးတိုက်ခိုက်နေသည့် ချမ်းဘော့ဒ်လေးသည်တော်များနှင့် ရင်ဆိုင်ရန်အတွက် တပ်ဖွဲ့၏အနောက်တွင် နေခဲ့လိုက်သည်။ ထိုသိုင်းဆရာစစ်သည်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အနောက်မီတာတစ်ရာခန့်တွင်ရှိသည့် ချမ်းဘော့ဒ်လေးသည်တော်များကို အနီးသို့ကပ်မလာနိုင်စေရန်အတွက် အမြန်ပင် တားဆီးနိုင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကျူးကျော်တပ်ဖွဲ့တစ်ခုလုံး၏ခေါင်းဆောင်ဟုယူဆရသောလူသည် မြင်းစစ်သည်တစ်ထောင်ကျော်ကို ဦးဆောင်လျှက်ချမ်းဘောာ့ဒ်တိုင်းပြည်ထံသို့ ရူးလောက်သည့်အမြန်နှုန်းဖြင့် ချီတပ်သွားတော့၏။
တပ်ဖွဲ့၏ခေါင်းဆောင်မှာ ဦးဆောင်းတစ်ခုကိုပင် ၀တ်ဆင်ထားခြင်းမရှိသည့် အစွမ်းထက်သော သူရဲကောင်းတစ်ယောက်ပင်။ သူ၏ကွေးကောက်နေသည့်အမဲရောင်ဆံပင်များသည် လေထဲတွင် လွှင့်မြောနေပြီး သူသည် တစ်ခြမ်းပုံပျက်နေသည့်မျက်နှာကြောင့် ငရဲပြည်မှရောက်ရှိလာသည့်နတ်ဆိုးတစ်ပါးကဲ့သို့ပင်။ သူ၏နှာခေါင်းနှင့် ပါးစပ်ကိုခွဲခြား၍ ပြောနိုင်မည်မဟုတ်ပေ။ သူ၏မျက်နှာပေါ်တွင်ရှိနေသည့်အရာအားလုံးသည် စိုစွတ်နေသည့်ရွံ့စေးများကဲ့သို့ပင်။ သူ၏မျက်နှာမှာ ပြင်းထန်စွာမီးလောင်ခြင်းခံထားရပုံရ၏။ သူ၏အကျည်းထန်သော မျက်နှာအပြင်သူ၏မျက်လုံးများသည် မဲနက်နေပြီး ရက်စက်မှုအရိပ်ယောင်များဖြင့်ပြည့်နှက်နေသည်။
ဤလူ၏ မျက်နှာမှာ ချမ်းဘော့ဒ်တပ်ဖွဲ့၏ ရည်ရွယ်ချက်ကိုသိရှိသွားသည့်အတွက် အလွန်တည်ငြိမ်သွား၏။ သူအထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်ရင်းဖြင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။ သူရဲကောင်းနန်းတော်မှာ ကျွမ်းကျင်စစ်သည်တစ်ယောက်အနေဖြင့် သူသည် တိုက်ပွဲပေါင်းရာနှင့်ချီကာတိုက်ခိုက်ဖူးပြီး ခေါင်းဆောင်မှုအတွေ့ကြုံများစွာရှိ၏။ သူသည် ဇီးနစ်အင်ပါယာတွင်ရှိသည့်နာမည်ကြီးသည့်ခေါင်းဆောင်များနှင့် နှိုင်းယှဥ်စေကာမူနိမ့်ကျခြင်းမရှိဟုယုံကြည်ချက်ရှိ၏။ ထို့ကြောင့် ဤကဲ့သို့၀ေးလှံခေါင်ဖျားသည့်တိုင်းပြည်မှ နိမ့်ကျသည့်လူများသည် သူ့အားတုံးအသည့်လှည့်ကွက်များဖြင့်လှည့်စားနိုင်လိမ့်မည်ဟုလည်းမထင်ပေ။
“အင်းစက်ကောင်တွေရဲ့ခုခံမှုပဲ...သရုပ်ဆောင်တာညံ့လိုက်တာ...”
မျက်နှာတွင် အမာရွတ်နှင့်စစ်သည်မှာ သူ၏ဓားပေါ်တွင် မကြာခင်တွင်ရောက်ရှိလာတော့မည့် ပူနွေးသည့်သွေးစက်များ၏ အထိတွေ့ကိုပင် ကြိုတင်ကာခံစားနေရပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် သိပ်မ၀ေးသည့်တောင်ကုန်းတစ်ခုပေါ်တွင် ကျူးကျော်သူများကို ဂရုတစိုက်အကဲခက်ကြည့်နေခဲ့သည့်ခေါင်းဆောင်ဘရွတ်မှာ အံ့သြသွား၏။ သူတွေးလိုက်မိသည်။ “ရန်သူတွေထဲမှာ စစ်ရေးဗျူဟာကျွမ်းကျင်တဲ့လူတစ်ယောက်ပါနေတာပဲ။ အခြေအနေမကောင်းဘူး။ အစီစဥ်ကိုပြောင်းလဲမှဖြစ်တော့မယ်”
ဘရွတ်ပတ်၀န်းကျင်တွင်ရှိနေသည့် မြေမျက်နှာသွင်ပြင်များကိုတစ်ချက်ပတ်ကြည့်လိုက်ပြီး ပြောင်းလဲရမည့်အစီစဥ်များကိုအသေချာစဥ်းစားကြည့်နေ၏။ ကျူးကျော်လာသည့်တပ်ဖွဲ့နှင့် ချမ်းဘော့ဒ်တပ်ဖွဲ့တို့ကြာတွင် ကွာခြားနေသည့်စစ်သည်အင်အားနှင့် ကြယ်အဆင့်သိုင်းဆရာအရေတွက် ကွာခြားမှုတို့ကိုစဥ်းစားလိုက်မိသည့်အချိန်တွင် သူအကူညီကင်းမဲ့သကဲ့သို့ခံစားလိုက်ရ၏။ ချမ်းဘော့ဒ်မှမည်သူသည်ရှေ့ဆုံးမှ ချီတပ်လာသည့် ကြယ်လေးလုံးအဆင့်စစ်သည်ကို ရင်ဆိုင်နိုင်မည်မှန်းသူမသိချေ။ ဤကြယ်လေးလုံးအဆင့်စစ်သည်များကို ရှင်းလင်းနိုင်ခြင်းမရှိပါက တိုက်ပွဲကိုအနိုင်ယူရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။ အေဇာရုတိုက်ပေါ်တွင် ကြယ်အဆင့်သိုင်းဆရာများ၏အစွမ်းကိုလျစ်လျူရှု၍ မရချေ။ အဖွဲ့နှစ်ဖက်တွင် စစ်သည်အင်အားများစွာကွာခြားနေစေကာမူ အစွမ်းထက်သည့်ကြယ်အဆင့်စစ်သည်များပါ၀င်နေပါက စစ်သည်အင်အားနည်းသည့်အဖွဲ့ကပင် အနိုင်ရှိသွားနိုင်သောကြောင့်ပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ ခံတပ်နံရံများမှာ ရှည်လျားခိုင်မာသော်လည်း ကြယ်လေးလုံးအဆင့်စစ်သည်များ၏ကျူးကျော်တိုက်ခိုက်လာမှုကို ကာကွယ်ရန်မာမူမလုံလောက်သေးပေ။
“လက်ရှိအတွက် တစ်ခုတည်းသော ဗျူဟာကတော့ အကုန်လုံးကိုရင်းပြီးတော့ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လိုက်ဖို့ပဲရှိတော့တယ်။”
ဘရွတ်အံ့ကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။ စစ်ဘက်ဆိုင်ရာကိစ္စများအတွက် တာ၀န်ရှိသူတစ်ယောက်အနေဖြင့် သူသည် အစွမ်းထက်ဆုံးစစ်သည်တစ်ယောက်မဟုတ်ပေ။ သို့သော် သူသည်တိုက်ပွဲအတွင်းတွင် ခေါင်းဆောင်နိုင်စွမ်းနှင့် ရဲစွမ်းသတ္တိပြည့်၀သူတစ်ယောက်ဖြစ်သည်။ သူ့တွင် အခွင့်အာဏာရှိပြီး သူသည်ဆုံးဖြတ်ဆင်ခြင်ကာ လုပ်တတ်သည့်လူတစ်ယောက်လဲဖြစ်၏။
ဤသည်မှာ ဖှေးဘရွတ်ကို အရေးကြီးသည့်ရာထူးတစ်ခုကိုတာ၀န်ပေးခဲ့ခြင်း၏ အကြောင်းပြချက်များထဲမှ တစ်ခုပင်။
အန္တရာယ်နှင့် ကြုံတွေ့နေရသည့်ဤအခိုက်တန့်တွင် ဘရွတ်သည်ချမ်းဘော့ဒ်အားကာကွယ်ရန်အတွက် မဖြစ်နိုင်သည့်အရာတစ်ခုကို လုပ်ရမည်ဖြစ်ပြီး ဘုရင်သည်လူမှားပြီးမရွေးချယ်ခဲ့ကြောင်းကို သက်သေပြရမည်ဖြစ်သည်။
....
....
“ချီတပ်ကြ အကုန်သတ်ပစ်...”
ဒစ်ခ်ဟုအမည်ရသည့်ပိန်ပိန်နှင့် အရပ်ပုပုစစ်သည်သည် သူ၏ဓားကိုကိုင်မြှောက်ပြီးအရှေ့ဆုံးမှချီတပ်နေလျှက်ရှိသည်။ သူသည်အလွန်ရူသွပ်နေသည်။ ကျွမ်းကျင်မြင်းစစ်သည်လေးရာခန့်ကို ဦးဆောင်ပြီးချမ်းဘော့ဒ်မှ လေးသည်တော်၃၀ခန့်ကိုရှင်းလင်းရန်မှာ အလွန်လွယ်ကူသည့်အလုပ်ဟု သူ၏စိတ်ထဲတွင်မြင်နေမိသည်။ သို့သော် သူ၏ရန်သူများသည် ဤကဲ့သို့ဉာဏ်များလိမ့်မည်ဟုထင်မထားခဲ့ချေ။ သူတို့စီးနှင်းနေသည့် မြင်းများသည် မြန်ဆန်လှပြီး သူတို့၏လေးအစွမ်းမှာလည်း ကောင်းမွန်လှသည်။ ဤကဲ့သို့ချီတပ်နေသည့်အချိန်တွင် သူတို့သည် လေးသည်တော်များ၏အနီးသို့ကပ်နိုင်ခြင်းမရှိသည့်အပြင် သူ၏စစ်သည်တစ်ရာခန့်မှာ မြှားမှန်ပြီးကျဆုံးကုန်ပြီဖြစ်သည်။ ဤသည်ကပင် သူ့အတွက်များစွာအရှက်ရဖွယ်ပင်။
ခနတာကြာသည့်အချိန်တွင် ချမ်းဘော့ဒ်မှလေးသည်တော်များတွင်မြှားများကုန်ခမ်းသွားတော့၏။
မြှားမရှိတော့သည့်ချမ်းဘော့ဒ်မှလေးသည်တော်များသည် အစွယ်ကျိုးနေသည့်ကျားများကဲ့သို့ပင်။
“ဟားဟား ဒီကောင်တွေမြှားကုန်သွားပြီ ချီတပ်ကြကွာ...”