အခန်း (၂၆၂)
Vol. 18 Ch. 262
“ဒရော့ဂ်ဘာ မင်းအဆင်ပြေရဲ့လား မင်းမသေသေးဘူးမလား...” ရန်သူကိုရှင်းလင်းပြီးနောက်တွင် ပီးရာ့စ်သည် ဒရော့ဂ်ဘာထံသို့ အမြန်လမ်းလျှောက်သွားပြီး ဂရုစိုက်သည့်အနေဖြင့်မေးလိုက်သည်။
“အဟွတ် အဟွတ် သေစမ်း မင်းကအတော်အကြင်နာကင်းမဲ့တဲ့ ဆံပင်အဖြူရောင်နဲ့ခွေးသားပဲ...မင်းက အဲ့တိုက်ခိုက်မှုကိုတကယ်ကြီးအသုံးပြုလိုက်တာပဲ...မတော်လို့ မင်းဓားချက်က အနောက်မှာရှိတဲ့ငါ့ကိုပါလာထိရင်ဘယ်လိုလုပ်မလဲကွ..”ဒရော့ဂ်ဘာမှာ ဒဏ်ရာပြင်းထန်စွာရရှိထားသည်။ သူသွေးများကို ထွေးထုတ်လိုက်ရင်းဖြင့် ပြောလိုက်၏။
“သေစမ်း မင်းကဆဲတော့ဆဲနိုင်နေသေးတာပဲဆိုတော့ အဆင်ပြေသေးတဲ့ပုံပါပဲ...” ပီးရာ့စ်စိတ်အေးသွားသည်။ သူရယ်မောလိုက်ပြီး အနီရောင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ဒရော့ဂ်ဘာ၏ ပါးစပ်အတွင်းသို့လောင်းထည့်လိုက်၏။ “ဒီအကြံက မင်းရဲ့အကြံမဟုတ်ဘူးလား....မင်းပဲဒီဆံပင်အ၀ါရောင်နဲ့ခွေးသားကို ငါပိုင်းလို့ရအောင်ချုပ်ထားပေးလို့ရတယ်လို့ ပြောခဲ့တာလေ....နောက်ပြီး မင်းက အရှင်မင်းကြီးပေးထားတဲ့တောရက်စ်သူတော်စဥ်ချပ်၀တ်ကို ၀တ်ထားတာဆိုတော့ ငါ့ဓားက မင်းကိုအန္တရာယ်ပေးနိုင်မှာမဟုတ်ဘူးလေ...” ပီးရာ့စ်ပြောလိုက်သည်။
အနီရောင်ဖျော့ဖျော့ရှိသည့် ဆေးရည်များသည် ဒရော့ဂ်ဘာ၏ဗိုက်ထဲသို့ရောက်ရှိသွားသည်နှင့်တပြိုင်နက်စတင်ကာ အစွမ်းပြတော့၏။ ဒရော့ဂ်ဘာ၏ ဒဏ်ရာများသည် လျှင်မြန်စွာပင်စတင်ပျောက်ကင်းလာနေပြီဖြစ်သည်။ ဒရော့ဂ်ဘာအသက်ရှူထုတ်လိုက်ပြီး ရှားပါးသည့် လေးနက်တည်ကြည်သောအမူရာသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာတော့၏။ “ဟုတ်တယ် အရှင်မင်းကြီး ငါတို့ကို ဒီချပ်၀တ်တွေချီးမြှင့်ခဲ့တာကို ကျေးဇူးတင်ရမယ်ကွာ။ နို့မို့ဆိုရင်ငါတို့နှစ်ယောက်လုံးသေမင်းနဲ့တွေ့ဖူးတော့မလို့...။ ဒီကြယ်လေးလုံးအဆင့်စစ်သည်က အတော်အစွမ်းထက်တာပဲ။ သူသာ ငါတို့နောက်ကလိုက်ရင်းနဲ့ အတွင်းအားစွမ်းအင်တွေကိုသာ ဖြုန်းတီးမပစ်ခဲ့ဘူးဆိုရင် ငါတို့လုံး၀နိုင်နိုင်မှာ မဟုတ်ဘူး။”
“အရှင်မင်းကြီးနဲ့နှိုင်းယှဥ်မယ်ဆိုရင် ငါတို့ကောင်တွေက အားနည်းလွန်းနေသေးတယ်။ ငါတို့တွေသူ့နောက်က လိုက်နိုင်ဖို့အမြန်ကြိုးစားရဦးမယ်....” ဖှေးကြယ်လေးလုံးစစ်သည်များကို လွယ်ကူစွာသတ်ဖြတ်ခဲ့ပုံအား ပီးရာ့စ်ပြန်လည်မြင်ယောင်မိရင်းဖြင့်ပြောလိုက်၏။
“ငါတို့ကောင်တွေ မစ်စတာ ဘရွတ်ကို သွားကူညီရမယ်....” သူက ဖိအားအများဆုံးခံနေရတာပဲ...”
ဒရော့ဂ်ဘာ မတ်တက်ရပ်လိုက်ပြီး လေချွန်လိုက်သည်။ မြင်းဟီသံများထွက်ပေါ်လာပြီး အဆင့်၄မီးမှုတ်သားရဲလေးကောင်သည် မြက်ပင်ရှည်များထဲမှ ပြေးထွက်လာတော့သည်။ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့နှစ်ယောက်လုံးမြင်းပေါ်သို့ ခုန်တက်လိုက်ကြပြီး ဘရွတ်ရှိရာအရပ်သို့ ထွက်ခွာသွားကြတော့သည်။
.....
.....
“သတ်ပစ်..”
တောင်ကုန်းငယ်လေးနှင့် ၁၀မီတာခန့်၀ေးသည့်နေရာသို့ရောက်သည့်အချိန်တွင် မျက်နှာတွင် အမာရွတ်နှင့် ကြယ်လေးလုံးအဆင့်သူရဲကောင်းသည် မြင်းပြေးနေသည့်အရှိန်ကိုအသုံးပြုပြီး လေပေါ်သို့ခုန်တက်လိုက်ပြီး အရှေ့တွင်ရှိသည့် စစ်သည်များကို ပိုင်းဖြတ်ရန်အတွက်ပြင်လိုက်တော့၏။ ကြီးမားသည့် ငွေရောင်ဓားသွားစွမ်းအင်များသည် တောင်ကုန်းထံသို့ ပျံသန်းနေသည့် မြွေများကဲ့သို့ ထွက်ခွာသွားတော့၏။
“နောက်ဆုတ်ကြ...” ဘရွတ်အော်ဟစ်လိုက်ပြီး အရှေ့တွင်ချီတပ်ရန်ပြင်နေကြသည့်စစ်သည်များကို နောက်ဆုတ်ရန်အတွက် အမိန့်ပေးလိုက်၏။
တစ်ချိန်တည်းမှာပြင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့်အတွင်းအားစွမ်းအင်များကိုအသုံးပြုပြီး တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် သူ၏ဓားကို၀ှေ့ရမ်းလိုက်၏။
သို့သော် တိုက်ခိုက်မှုအများစုမှာ သူ့အားချိန်ထားသည် ဖြစ်သောကြောင့် မျက်နှာတွင်အမာရွတ်နှင့်လူထံမှ ရက်စက်သည့်တိုက်ခိုက်မှုများကို အပြည့်၀ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဓားခုန်သံများစွာထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများထွက်ပေါ်လာတော့၏။ သွေးများသည် လေပေါ်သို့ပန်းထွက်လျှက်ရှိပြီး ကျောက်မက်ဖွယ်သွေးဖြင့်ပြုလုပ်ထားသည့် ပန်းပွင့်များကို ဖန်တီးလျှက်ရှိသည်။ နှစ်ဦးကြားတွင်ရှိသည့် စွမ်းအားကွာခြားမှုမှာ ကြီးမားလှသဖြင့် ဘရွတ်သည် ပထမအကြိမ်တိုက်ခိုက်မှုမှာပင် သွေးများဖြင့်ဖုံးလွှမ်းသွားပြီဖြစ်သည်။ သို့သော် ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှာ နောက်ဆုတ်သွားခြင်းမရှိပေ။ သွားများကို အံကြိတ်လျှက် ထိုနေရာ၌ပင် ရပ်နေ၏။
အဘယ်ကြောင့်ဆိုသော် သူ၏အနောက်တွင် မဟူရာတိုင်းပြည်မှကယ်တင်လာသည့် မိုင်းတွင်းကျေးကျွန်တစ်ချို့သည့် ကျောက်တုံးတံတားအားဖြတ်သန်းနေဆဲဖြစ်သောကြောင့်ပင်။
“ဟားဟား အဲ့လိုလား...အဲ့ညစ်ပတ်နေတဲ့ကျေးကျွန်တွေက မင်းတို့ကောင်တွေအနောက်မဆုတ်ရသေးတဲ့အကြောင်းပြချက်လား....” မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှာ အလွန်လျင်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဖြစ်ပျက်နေသည်များကို နားလည်သွား၏။ သူပြောရင်းဖြင့် ရက်စက်သည့်အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ “မင်းတို့ကာကွယ်ဖိုးကြိုးစားနေတဲ့အရာတွေအကုန်လုံးမီးခိုးပြာတွေဖြစ်သွားတာကို မြင်ရအောင်လုပ်ပြမယ်ကွ....ဟားဟားဟား...”
သူသည် အကြိမ်ပေါင်းများစွာ ခံထားရသည်ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင်ရှိသည့် အမုန်းတရားမှာ အမြင့်ဆုံးအနေထားသို့ရောက်ရှိနေပြီဖြစ်သည်။
သူပြောရင်းဖြင့် သူ၏ဓားကို၀ှေ့ရမ်းလိုက်ပြီး အတွင်းအားစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် ဓားသွားတစ်ချို့ကို ထက်မံပစ်လွှတ်လိုက်သည်။ သူဘရွတ်၏ ခြေလက်များကို ပိုင်းဖြတ်ပြီးအရှင်ဖမ်းလိုသောကြောင့်ဖြစ်သည်။ သူသည် ဘရွတ်အားချမ်းဘော့ဒ်တိုင်းပြည်မီးလောင်ပြာကျသွားသည်ကို ကြည့်ရှုစေလိုသေးသောကြောင့်ဖြစ်သည်။ ထိုအပြီးမှ ချမ်းဘော့ဒ်စစ်ရေးခေါင်းဆောင်၏ ဦးခေါင်းကို ပိုင်းဖြတ်ပြီး သူ၏ဒေါသများကိုဖြေသိမ့်မည်ဖြစ်သည်။
ဘရွတ်သူ၏ ဓားကိုတင်းကြပ်စွာဖြင့် ဆုပ်ကိုင်ထားပြီးအနောက်သို့ထွက်ပြေးခြင်းမရှိပေ။ သို့သော် သူ၏ဒဏ်ရာများမှာ အနည်းငယ်ပြင်းထန်ပြီး ရွေ့လျားရန်ပင် သူ့အတွက်ခက်ခဲနေသည်။
သူ၏ဘေးတွင် သိုင်းဆရာများတစ်ယောက်မှမရှိပေ။ လမ်းပါ့ဒ်၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့ကို ကျန်ရှိနေသည့် ကြယ်လေးလုံးအဆင့်ဆရာများနှင့် ကျူးကျော်သူများကို အာရုံလွဲရန်အတွက် သူကိုယ်တိုင်စေလွှတ်လိုက်ပြီးဖြစ်သည်။ သူတို့အားလုံးပြန်လာခြင်းမရှိပြေသေးပဲ သူကိုယ်တိုင်ပင် အသက်အန္တရယ်ကျရောက်နေပြီဖြစ်သည်။
သို့သော် ဤအခိုက်တန့်တွင်...
“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”
ကြောက်မက်ဖွယ်မှော်စွမ်းအင်များပါ၀င်နေသည့် မီးဂုဏ်သတ္တိမှော်မြှားလေးချောင်း ရုတ်တရက်ထွက်ပေါ်လာပြီး ငွေရောင်အတွင်းအားစွမ်းအင်ဓားသွားများကို တိကျစွာဖြင့် ထိမှန်လိုက်သည်။ ပေါက်ကွဲသံများကောင်းကင်ပေါ်တွင် ဟိန်းသွားပြီး မီးမြှားများနှင့် ငွေအတွင်းအားဓားသွားများ ပေါက်ကွဲသွား၏။ မြင်နိုင်စွမ်းရှိသည့် စွမ်းအင်လှိုင်းများသည်လည်းဘေးပိတ်၀န်းကျင်သို့ ပြန့်နှုံ့သွားတော့၏။
“သိုင်းဆရာတစ်ယောက်လား....ဘယ်သူလဲ....” မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှာ ထိတ်လန့်အံ့သြသွား၏။
“ချမ်းဘော့ဒ်မှာ ဒီလိုဆရာတစ်ယောက်ဘာလို့ရှိနေတာလဲ...”