အခန်း (၂၆၅)
Vol. 18 Ch. 265
သူ၏ ခန္ဓာကိုယ်သည် ဟော့ခ်ဆေးပုလင်းသောက်သုံးထားသည့်အတွက် အစွမ်းများမြင့်တက်နေသည်ဖြစ်သော်ကြောင့် သူ၏ ကုသနိုင်စွမ်းမှာလည်း သာမန်အဆင့်ထက်ပိုသည့်အဆင့်တစ်ခုသို့ရောက်ရှိနေ၏။ သူသည် အချိန်အနည်းငယ်အနားယူလိုက်ရုံဖြင့်ပင် ဒဏ်ရအပြင်းထန်ရရှိနေရာမှ သူ၏စွမ်းအားတစ်၀က်ခန့်ကို ပြန်လည်ကာ ရရှိလာပြီဖြစ်သည်။ ဤသည်မှာ မျက်နှာတွင်အမာရွတ်နှင့်သူရဲကောင်းကို ရင်ဆိုင်သည့်အချိန်တွင် အဓိပ္ပါယ်မဲ့နိုင်သော်လည်း သာမန်စစ်သည်များနှင့်တိုက်ခိုက်သည့်အချိန်တွင်မူသူသည် နတ်ဘုရားတစ်ယောက်ကဲ့သိုဖြစ်နေလိမ့်မည်ဖြစ်သည်။ သူရန်သူစစ်သည်နှစ်ယောက်၏ ဦးခေါင်းကို ပြိုင်တူပိုင်းဖြတ်လိုက်ပြီး ဓားသွေးလိုက်သည်။ ထိုစစ်သည်များ၏ သွေးများသည် နေရာအနှံ့တွင်ပြန့်ကျဲသွားတော့၏။
“ချီတပ်...”
“ရန်သူတွေကို ဖျက်ဆီးပစ်ကြ...တစ်ယောက်မှအရှင်မထားနဲ့....”
ဘရွတ်၏ သူရဲကောင်းဆန်သည့်စိတ်ဓာတ်မှာ ဥပဒေပြုအရာရှိအယောက်၂၀ထံသို့ ပြန့်နှံ့သွား၏။ သူတို့တစ်ယောက်ခြင်းစီသည် လက်နက်အနေဖြင့်ရော ဒိုင်းကာအနေဖြင့်ပါ ကြီးမားသည့်ကြီးတစ်လက်ကိုကိုင်ထားပြီး အရှေ့သို့တွန်းလိုက်ကြသည်။ ရန်သူသည် ပို၍လူအင်အားသာလွန်သော်လည်း သူတို့သည်လေကဲ့သို့ပင် ရန်သူများကို စိတ်အားထက်သန်စွာတိုက်ခိုက်နေကြ၏။
ရုတ်တရက်ပင် တောင်ကုန်းပေါ်တွင် သွေးမိုးများရွာကျလာပြီး မြေပြင်ပေါ်တွင်လက်နက်အကျိုးပဲ့များအလောင်းများဖြင့် ပြည့်နှက်သွားတော့၏။
ဤဥပဒေပြုအရာရှိများသည် ဤကဲ့သို့ရက်စက်လှသည့်တိုက်ပွဲမျိုးနှင့်ပတ်သက်ပြီး အတွေ့ကြုံမရှိသေးပေ။ သို့သော် သူတို့သည် ယခင်က တိုက်ပွဲတစ်ပွဲတိုက်ခိုက်ဖူးသည့် အတွေ့ကြုံရှိနေသောကြောင့် ဤကဲ့သို့ မရဏဖုံးလွှမ်းလျှက်ရှိသောလေထုနှင့် အသားကျနေပြီဖြစ်သည်။ ထို့အပြင်ဖှေးသည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းထဲတွင်ရှိသည့် သူရဲကောင်းမြို့တော်ထဲတွင် လေ့ကျင့်ရေးကွင်းတစ်ခုကိုဆောက်လုပ်ထားပြီး ထိုလေ့ကျင့်ရေးကွင်းထဲတွင် သာမန်အစွမ်းရှိသော ဒိုင်ယာဘလိုကမ္ဘာမှ နတ်ဆိုးများ၊ မကောင်းဆိုး၀ါးများကို ဆင့်ခေါ်ထားသည်။ ဟော့ခ်ဆေးပုလင်းမသိမသာ နည်းနည်းခြင်းတိုက်ကျွေးခြင်းကို ခံထားရသည့် ဥပဒေပြုအရာရှိများသည် ထိုလေ့ကျင့်ရေးကွင်းထဲတွင် မကောင်းဆိုး၀ါးများနှင့်တိုက်ခိုက်ကာ လေ့ကျင့်မှုများကို ပြုလုပ်ရ၏။ ရလဒ်အနေဖြင့် သူတို့အားလုံးတကယ့်တိုက်ပွဲပေါ်သို့ရောက်ရှိသည့််အချိန်တွင် အကြောက်တရားကင်းမဲ့ပြီး သန်မာကြံ့ခိုင်နေကြခြင်းပင်။
ပုဆိန်များကို၀ှေ့ရမ်းနေခဲ့ကြသည့် ယောက်ျား၂၃ယောက်မှာ သူတို့လမ်းတစ်လျှောက်တွင်ရှိသည့် အရာအားလုံးကိုသတ်ဖြတ်ပစ်သည့် ငါးမန်းရိုင်းများဖြစ်လာကြတော့သည်။
အမဲရောင်ချပ်၀တ်နှင့် စစ်သည်အယောက်၄၀၀ခန့်မှာ ဤငါးမန်းရိုင်း၂၃ကောင်အား အချိန်တိုအတွင်းတွင် မရှင်းလင်းနိုင်ကြပေ။ ထို့ကြောင့်အခြေအနေသည်အနိုင်အရှုံးမသဲကွဲသည့်အခြေအနေတစ်ခုဖြစ်လာတော့၏။
“ချီတပ် ချီတပ်ကွာ ချမ်းဘော့ဒ်တိုင်းပြည်ကို သိမ်းပိုက်ကြ...” သူ၏ကိုယ်ရံတော်၏ ကာကွယ်မှုအောက်တွင် ခေါင်းဆောင်ဟုယူဆရသူတစ်ဦးသည်အော်ဟစ်လိုက်သည်။
“သေလိုက်...” သွေးများဖုံးလွှမ်းနေသည့် ဥပဒေပြုအရာရှိတစ်ယောက်သည် သူ၏ ပုဆိန်ကို၀ှေ့ရမ်းလိုက်ပြီး ခေါင်းဆောင်အားကာကွယ်နေသည့်ကိုယ်ရံတော်များကို နှစ်ခြမ်းပိုင်းပစ်လိုက်၏။
“ကောင်းတယ်...” ခန္ဓာကိုယ်တွင် မြှားတစ်ချောင်းစိုက်၀င်နေသည့် ဥပဒေပြုအရာရှိတစ်ယောက်မှာ တစ်ဖက်သို့လှည့်ပြီး သူ၏ ပုဆိန်ဖြင့်အမဲရောင်ချပ်၀တ်စစ်သည်များကို ၀ှေ့ရမ်းကာခုတ်ပိုင်းလိုက်သည်။ သူ့စီလာနေသည့် စစ်သည်နှစ်ယောက်နှင့် သူတို့၏ မြင်းနှစ်ကောင်မှာ အပိုင်း၈ပိုင်းဖြစ်သွားတော့၏။
ဘရွတ်သည် တိုက်ပွဲ၏ရှေ့တန်းတွင်ရှိနေဆဲပင်။ သူသည် ဖှေးပေးအပ်ထားသည်ဓားကို အဆက်မပြတ်၀ှေ့ရမ်းကာတိုက်ခိုက်လျှက်ရှိသည်။ သူဓားကို၀ှေ့ရမ်းလိုက်သည့်အချိန်တိုင်းတွင် ရန်သူတစ်ယောက်သေဆုံးသွား၏။ သူသည် သူ၏ဓား၀ှ့ရမ်းနိုင်သည့်အကွာ၀ေးတွင်ရှိနေသည့် ရန်သူများအားလုံးမသေဆုံးမခြင်းရပ်တန့်လိမ့်မည်မဟုတ်ပေ။ ပြန်သူမှသူ့ကို ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိပေ။ သူသည်အတွင်းအားစွမ်းအင်များကို ဆက်တိုက်အသုံးပြုနေရင်းဖြင့် သူ၏စွမ်းအင်များသည် ကြယ်နှစ်လုံးအဆင့်ကိုပင်ကျော်လွန်သွားတော့မည့် အရိပ်ယောင်များကို ပြသနေ၏။
“ချမ်းဘော့ဒ်ကစစ်သည်တွေ ငါနဲ့အတူရန်သူတွေကိုဖျက်ဆီးပစ်ကြ...ငါတို့တွေကအရှုံးပေးမယ့်အစားအသေပဲခံလိုက်မယ်ကွ....” ဘရွတ်ရူးသွပ်စွာဖြင့်အော်ဟစ်လိုက်သည်။
“အရှုံးပေးမယ့်အစား အသေပဲခံမယ်....” ဥပေဒပြုအရာရှိများသည် တိုက်ပွဲအလည်မှာပင် သူတို့၏ ခေါင်းဆောင်နှင့်အတူလိုက်ပါအော်ဟစ်ကာ သူတို့၏ဆုံးဖြတ်ချက်ခိုင်မာပြန်သားပုံံကို ပြသလိုက်၏။
ဤလူနှစ်ဆယ့်သုံးယောက်မှာ ရန်သူထက်ပင် ပို၍အစွမ်းထက်သည့်ပုံပေါက်နေသည်။ ကမ္ဘာတစ်ခုလုံးသည်သွေးများဖြင့် စိုရွှဲနေ၏။ နေမင်းကြီးသည် သွေးထွက်သံယိုသတ်ဖြတ်ခြင်းများကို ဆက်လက်၍မကြည့်ရှုလိုတော့သကဲ့သို့ပင်။ အောက်သို့ကျဆင်းကာ ပျောက်ကွယ်သွားတော့သည်။ အမှောင်ညအချိန်မှာ စတင်တော့မည်ဖြစ်သည်။
အမဲရောင်ချပ်၀တ်နှင့်မြင်းစစ်သည်များသည် တကွဲတပြားဖြင့်စတင်ပြီးဆုတ်ခွာစပြုလာကြတော့သည်။
ရန်သူများ၏ ရူးသွပ်မှုကြောင့်ထိတ်လန့်သွားရသဖြင့် သူတို့သတ္တိမရှိနိုင်ကြတော့ပေ။ ချမ်းဘော့ဒ်မှလူများသည် ရူးသွပ်လွန်းလှသည်။ သူတို့သည် ဒဏ်ရာရသည့်အချိန်မှာလည်းနာကျင်မှုကို ခံစားရသည့်ပုံမပေါ်ချေ။ ထိုအစား ကျယ်လောင်စွာရယ်မောပြီး ပုဆိန်များကို ဆက်လက်၀ှေ့ရမ်းနေမည်ဖြစ်သည်။ သူတို့အားလုံးတစ်ကိုယ်လုံးတွင် သွေးများ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေစေကာမူ အသတ်ရှင်လျှက်ရှိသေးပါက လုံး၀နောက်ဆုတ်မည့်ပုံမပေါ်ချေ။
ဤကဲ့သို့ရန်သူမျိုးကို တိုက်ခိုက်ရသည်မှာ နတ်ဆိုးများဖြင့်တိုက်ခိုက်ရသည်ထက်သိပ်ပြီးကွာခြားလှမည်မဟုတ်ပေ။
ဘုရင်သုံးပါးသည် သူတို့၏ကိုယ်ရံတော်များမှကာကွယ်ပေးထားသော်လည်း ကြီးမားသည့်ဖိအားအောက်တွင် ရောက်ရှိနေကြသည်။ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်နှာအရောင်များဖျော့နေကြ၏။ သူတို့အားလုံးကြောက်လန့်နေကြပြီး ချမ်းဘော့ဒ်အားရန်မစခဲ့လျှင်ကောင်းမည်ဟုပင် စတင်တွေးမိနေကြပြီဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်နှင့် ချမ်းဘော့ဒ်စစ်သည်များသည် လူရိုင်းများကဲ့သို့ပင်။
ရုတ်တရက် ဒေါသဖြင့်အော်ဟစ်သံတစ်ခုထွက်ပေါ်လာ၏။
“အရှုံးပေးမယ့်အစားအသေခံမယ်ဟုတ်လား....မင်းတို့ကောင်တွေဒီနေရာမှာ အကုန်သေစေရမယ်....”
အသံနှင့်အတူရောက်ရှိလာသူမှာ မီးတောက်အကြွင်းကျန်များထဲမှ ထွက်လာသည့် တစ်စုံတစ်ယောက်ပင်။
သူသည်လိမ္မော်ရောင်အတွင်းအားစွမ်းအင်မီးတောက်များ လွှမ်းခြုံထားပြီး တိုက်ပွဲထံသို့ပျံသန်းလာနေ၏။ သူမတိုင်ခင်ရောက်ရှိလာသည်မှာ သူ၏ဓားမှပစ်လွှတ်လိုက်သည့် ဓားသွားစွမ်းအင်များပင်။ ကမ္ဘာကြီးတစ်ခုလုံးကွဲအက်သွားသကဲ့သို့ လေထုထဲတွင် မီးခိုးများ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားတော့၏။ တိုက်ပွဲ့အရှေ့တန်းတွင်ရောက်ရှိနေသည့်ဘရွတ်မှာ ဤစွမ်းအားနှင့်ထိတ်တိုက်ရင်ဆိုင်လိုက်ရ၏။ ဘရွတ်သည်တောင်ကြီးတစ်ခုသည်သူ၏ မျက်နှာသို့၀င်တိုက်တော့မည်သကဲ့သို့ခံစားလိုက်ရ၏။ သူဤလူ၏ စွမ်းအားကြောင့်လွှမ်းမိုးမှုကို ခံစားလိုက်ရ၏။