အခန်း (၂၈၈)
Vol. 20 Ch. 288
သူ၏အကောင်းဆုံးသိုင်းကွက်မှာ ချမ်းဘော့ဒ်ဘုရင်၏ရှေ့တွင် ကလေးကစားကွက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဟု သူထင်ထားခြင်းမရှိပေ။ သူ့အားအချိန်အနည်းငယ်ပင် ပေးလိုက်ခြင်းမရှိချေ။ တစ်ခနအတွင်းမှာပင် လက်သီးရာသည် သူ၏မျက်နှာအရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။ အားကောင်းသည့်လေသည် သူ၏ခန္ဓာကိုယ်ကိုဦးတည်ကာတိုက်ခတ်နေပြီး သူ၏စိတ်ထဲတွင် မြေငလျင်တစ်ခုလှုပ်ခါနေသကဲ့သို့ပင်။ သူ၏သိုင်းပညာအတွေ့ကြုံများမှာ သူ့အားရှိသမျှအတွင်းအားများအား လက်မောင်းအတွင်းသို့ စီးဆင်းစေပြီး လက်များကိုအရှေ့တွင် ကြက်ခြေခတ်သဏန်ပြုလုပ်ကာ ကာကွယ်ထားရန်အတွက် တိုက်တွန်းနေလျှက်ရှီသည်။
“အား...”
ကြည်လင်သည့်လက်သီးရာမှာ သူ၏ခန္ဓာကိုယ်ကိုကာကွယ်ထားသည့်မီးစွမ်းအင်အလွှာကို ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်သည်။ သူ၏လက်များထဲတွင်ရှိသည့် အရိုးများထဲလည်း ချက်ချငး်ပင် အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကျိုးကြေသွားတော့သည်။ ဆူးရှသည့်လက်သီးစွမ်းအင်မှာ သူ့အားချက်ချင်းပင် သေခြင်းတရား၏အငွေ့သက်ကိုခံစားရစေလိုက်သည်။ သူ၏ခန္ဓာကိုယ်သည့် ဤမျှလယ်ဗယ်ရှိသည့်စွမ်းအားအောက်တွင် အကာကွယ်လုံး၀ပင်မရှိတော့ချေ။ သံမဏိတူအောက်မှာ ကြက်ဥတစ်လုံးကဲ့သို့ပင်။ အကာကွယ်နည်းလွန်းလှ၏။
ဒါလီသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီးသေဖို့အတွက်စောင့်စားရန်သာတတ်နိင်တော့သည်။
သို့သော် ထိုလက်သီးချက်စွမ်းအားသည် သူနှင့်ရင်ဘက်အနီးသို့ရောက်လာသည့်အချိန်တွင် ခြေရာလက်ရာလုံး၀မကျန်ရှိတော့ပဲ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။
ဒါလီသူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် သူ၏လက်များကို၀ှေ့ရမ်းလိုက်ပြီး လက်သီးချက်ကို ပြန်လည်ကာရုတ်သိမ်းလိုက်သည်ကို အချိန်မှီတွေ့ရှိလိုက်ရ၏။ သူ၏နှလုံးသားထဲတွင်ရှိနေသည့် ထိတ်လန့်ခြင်းမှာ မဖော်ပြနိုင်လောက်အောင်ပင်။ ဤကဲ့သို့ စွမ်းအားကြီးလှသည့် တိုက်ခိုက်မှုကို ချမ်းဘော့ဒ်ဘုရင်မှ လွယ်ကူစွာပင် ပြန်လည်ရုတ်သိမ်းနိုင်ခဲ့ခြင်းပင်။ ဤအချက်၏အဓိပ္ပာယ်မှာ ဤအရာသည်ဖှေး၏အစွမ်းကုန်သုံးတိုက်ခိုက်ခြင်းမဟုတ်သေးဆိုသည့်သဘောပင်။ သူသည် ဖှေး၏ပြိုင်ဘက်ဖြစ်ရန်အတွက် များစွာပင်လိုအပ်နေသေး၏။
ဤကဲ့သို့သိလိုက်ရခြင်းသည် ဒါလီ၏နှလုံးသားကို ပြာများကဲ့သို့ပင် သေဆုံးသွားစေ၏။ လက်သီးအောက်တွင် သေဆုံးရသည်ထက်ပင် ပို၍ခံစားရခက်နေသည်။
“မင်းငါ့ကို ဘာလို့မသတ်တာလဲ...” ဒါလီသည် သွေးများကိုထွေးထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့သူငယ်ချင်းတွေကို သတ်ခဲ့တဲ့ကောင်က မင်းမဟုတ်ဘူး။ ငါက လူသတ်သမားမဟုတ်ဘူးကွ...” ဖှေးပြောလိုက်ပြီး လူလန်၊ အန်ဒရူးနှင့် ကျန်ရှိနေသည့်စစ်သည်များကို ညွှန်ပြလိုက်သည်။ “ဒါပေမယ့် အဲ့ကောင်တွေကိုတော့ ဒီနေ့ဒီနေရာကနေ အသက်ရှင်လျှက်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး။”
“မလုပ်ပါနဲ့...မလုပ်ပါနဲ့...ကယ်ပါဦး...” လူလန်နှင့် အန်ဒရူးတို့နှစ်ယောက်လုံးသည်ချမ်းဘော့ဒ်ဘုရင်၏ စကားများအတွင်းမှာ သတ်ဖြတ်လိုသည့်အရိပ်ယောက်များကို ခံစားလိုက်ရသည်။ သူတို့၏မျက်နှာများသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး ကြောက်လန့်သွားကြ၏။
ဖှေးစကားထက်မံပြောခြင်းမရှိတော့ပဲ သူ၏လက်များကို ဆန့်တန်းလိုက်ရာ ကြီးမားသည့် ဆွဲအားတစ်ခုပေါ်ပေါက်လာ၏။ သူတို့နှစ်ယောက်လုံးအသဲသန်ရုန်းကန်နေကြသော်လည်း သိပ်ပြီးအသုံးမ၀င်လှချေ။ လေပေါ်တွင်လွှင့်မြောလျှက် ဖှေးအရှေ့သို့ရောက်ရှိလာတော့သည်။ သူတို့မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျလိုက်ကြသည်။ ဒါလီမှာ ဤအရာကိုတားဆီးလိုသော်လည်း သူ၏ခန္ဓာကိုယ်တွင်ရရှိထားသည့်ဒဏ်ရာများကြောင့်အတွင်းအားစွမ်းအင်များကို လက်ရှိတွင် အသုံးပြုနိုင်ခြင်းမရှိတော့ချေ။ သူလှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် ပြင်းထန်သည့်နာကျင်မှုကို ခံစားရမည်ဖြစ်သည်။
“ချမ်းဘော့ဒ်ဘုရင် အန်ဒရူးက လေမြန်တပ်ရဲ့ သံမဏိတူစခန်းက ခေါင်းဆောင်နော်၊ လူလန်က တိုလီမီမိသားစုရဲ့မျိုးနွယ်တစ်ယောက်။ နှစ်ယောက်လုံးက ဆွေကြီးမျိုးကြီးတွေ။ မင်းလိုချမ်းဘော့ဒ်ဘုရင်တိုက်ခိုက်နိုင်တဲ့လူတွေမဟုတ်ဘူး။ အဲ့တာကြောင့် မင်းကိုယ်မင်းဒုက္ခမရှာဖို့ ငါအကြံပေးချင်တယ်။” ဒါလီသည် သူ၏နာကျဥ်မှုများကို အံ့ကြိတ်ခံလျှက် ဆုံးဖြတ်ချက်ခိုင်မာသည့်လေသံဖြင့်ပြောလိုက်သည်။
ဖှေး ပြန်လည်ကာ ဖြေကြားခြင်းမရှိချေ။
“မင်းသတ်ရဲလား။” ဖှေးတစ်ဖက်သို့လှည့်လိုက်ပြီး အသားမဲမဲနှင့်ကောင်လေးဖီးလစ်ကို ကြည့်လိုက်သည်။
“ဟုတ်ကဲ့...” အစ်ဇာနီသည် ဖှေးဆိုလိုသည်ကို ချက်ချင်းပင်နားလည်သွားသည်။ သူ၏မျက်လုံးများသည် ဖှေး၏စွမ်းအားများကြောင့်တစ်စက်မှပင် လှုပ်ရှား၍မရနိုင်သည့်အန်ဒရူးနှင့် လူလန်တို့ထံသို့ကျရောက်သွားသည်။ သူ၏မျက်လုံးများထဲတွင် အမုန်းတရာမီးတောက်များ တောက်ပနေ၏။
“ငါလက်ဆောင်ပေးထားတဲ့ ဓားတွေရော...”
အစ်ဇာနီကြားလိုက်သည့်အချိန်တွင် သူ၏ဖိနပ်များထဲတွင်၀ှက်ထားသည့် လေးခေါက်သေခြင်းနှင့် မရဏမြွေဓားမြောင်နှစ်လက်ကိုဆွဲထုတ်လိုက်သည်။
“ဒီလူနှစ်ယောက်ထဲက မင်းကြိုက်တဲ့လူတစ်ယောက်ကိုသတ်လို့ရတယ်။ မင်ဘယ်သူ့ကိုရွေးမလဲ...” ဖှေးအမုန်းတရားများကြီးထွားနေသည့်ကောင်လေးကို ကြည့်လိုက်ပြီး ဖြေးညင်းစွာဖြင့်ပြောလိုက်သည်။
အစ်ဇာနီသည် ခနတာခန့်တိတ်ဆိတ်သွားသည်။ ထို့နောက်တွင် သူထိုလူနှစ်ယောက်ထံသို့ ဖြေးညင်းစွာဖြင့်လမ်းလျှောက်သွား၏။
ထိုလူနှစ်ယောက်မှာ မျက်နှာများတွင် အရောင်ကင်းမဲ့သည့်အထိကြောက်လန့်နေကြပြီဖြစ်သည်။ အထူးသဖြင့် အလိုလိုက်၍ပျက်စီးနေခဲ့သည့် သခင်လေးလူလန်ပင်။ သူသည် လုံး၀ပင် လှုပ်ရှားနိုင်ခြင်းမရှိသော်လည်း သူ၏မျက်နှာပေါ်တွင် အသနားခံသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။ သူဖြစ်နိုင်ပါက အစ်ဇာနီ၏ခြေထောက်များကိုပင် ပွေ့ဖက်ကာ အသနားခံလိုနေသည်။
“ရွှတ်...”
သွေးရေပန်းတစ်ခုပန်းထွက်လာပြီး ကမ္ဘာမြေပြင်ကိုအနီရောင်ဆိုးလိုက်၏။
မြေပြင်ပေါ်သို့ ဦးခေါင်းပြတ်တစ်လုံးလိမ့်ဆင်းလာပြီး ဦးခေါင်းကင်းမဲ့နေသည့်ရုပ်အလောင်းမှသွေးများသည် ဆက်တိုက်ပန်းထွက်လျှက်ရှိသည်။
အစ်ဇာနီသည် ရှောင်လိုက်ခြင်းမရှိချေ။ သူ၏မျက်နှာ၊ လက်များနှင့် ခန္ဓာကိုယ်တို့သည်သွေးများဖြင့်ရွှဲစိုကုန်၏။ ရှက်ရွံ့တတ်ပြီးအမြဲပြုံးနေတတ်သည့်ဤကောင်လေးသည်ယခုအချိန်တွင် ပြောင်းလဲသွားပြီဖြစ်သည်။ တိရိစ္ဆာန်လေးတစ်ကောင်ကိုပင်နာကြင်အောင်မပြုလုပ်လိုသည့် သူ၏စိတ်ထားသည်လည်းကွယ်ပျောက်သွားပြီဖြစ်၏။ ဤအခိုက်တန့်တွင် သူသည် သတ်ဖြတ်ခြင်းနတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။ သူ၏မျက်လုံးများထဲတွင် တွန့်ဆုတ်ခြင်းတစ်စက်မှမရှိချေ။ လေးခေါက်သေခြင်းတရားကိုကိုင်ဆွဲထားသည့်လက်များမှာလဲ မြဲမြံနေ၏။