အခန်း (၂၈၉)
Vol. 20 Ch. 289
ရန်သူအားသတ်ဖြတ်ပြီးသည့်နောက်တွင် အစ်ဇာနီသည် ရန်သူစစ်သည်တစ်ယောက်၏ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မြေပေါ်တွင်ရှိနေသည့် ဦးခေါင်းပြတ်ကို ထိုးစိုက်လိုက်၏။ ဓားထိတ်မှာ ယော့ခ်၏ ဦးခေါင်းအတွင်းသို့ဖောက်၀င်နေသည့် သံဆူးချွန်ကဲ့သို့ ဦးခေါင်းတစ်ဖက်မှ ဖောက်ထွက်လာသည်။ ထို့နောက်တွင် အစ်ဇာနီသည် ဓားရိုးကို မြေကြီးအတွင်းသို့စိုက်သွင်းလိုက်တော့၏။
ဤကဲ့သို့ပြုလုပ်ပြီးသည့်နောက်တွင် အစ်ဇာနီသည် သူ၏မျက်နှာပေါ်မှသွေးများကိုသုတ်လိုက်ပြီး ဖှေး၏အနောက်တွင် ရပ်နေလိုက်၏။
ဖှေးစိတ်ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။
ရန်သူတစ်ယောက်ထဲကိုသာသတ်ဖြတ်ရန်မှာ ဖှေး အစ်ဇာနီအတွက်စမ်းသပ်မှုတစ်ခုဖြစ်သည်။
အစ်ဇာနီသည်လည်း ဖှေးကိုစိတ်မပျက်စေခဲ့ပေ။ ဤလူငယ်သည် သူ၏ဒေါသကိုထိန်းချုပ်ပြီး ဖှေး၏အမိန့်အတိုင်းပင်လူတစ်ယောက်တည်းကို သာသတ်ဖြတ်ခဲ့သည်။ ဤအချက်သည် ဖှေးအတွက်ဤလူငယ်သည် လေးစားမှုရှိပြီး ဒေါသနှင့်ရင်ဆိုင်နေရသည့်အချိန်မှာမူ ဖှေး၏အမိန့်ကို မြေ၀ယ်မကျနားထောင်သည်ဆိုသည့်အဓိပ္ပာယ်ပင်။ ဤကဲ့သို့ လူမျိုးသည်သာ ဖှေး၏အချိန်များ၊ ဖှေး၏အာရုံစိုက်ပြီးသင်ကြားပေးမှုတို့နှင့်ထိုက်တန်မည့်လူဖြစ်၏။
ဤအချက်ကြောင့် ဖှေးစိတ်ကျေနပ်လိုက်ရခြင်းဖြစ်သည်။
“ဘာလို့ သူ့ကိုရွေးပြီးသတ်လိုက်တာလဲ...” ဖှေးတည်ငြိမ်သည့်မျက်နှာအမူယာတစ်ခုဖြင့်မေးလိုက်၏။
“သူတို့နှစ်ယောက်လုံးကတော့သေသင့်တဲ့လူတွေပါ။ ဒါပေမယ့် လူလန်က တိုလီမီမိသားစုကဖြစ်ပြီးတော့ ဂုဏ်ရှိန်ရှိတဲ့လူတစ်ယောက်ပဲ။ ကျွန်တော်သူ့ကိုသတ်လိုက်မယ်ဆိုရင် သူတို့တွေကျွန်တော်တို့နောက်ကို ချက်ချင်းလက်တုန့်ပြန်ဖို့လိုက်လာကြလိမ့်မယ်။ အန်ဒရူးကတော့ တပ်ဖွဲ့က အမိန့်ပေးခေါင်းဆောင်တစ်ယောက်ပါပဲ။ အဲ့တာကြောင့် ကျွန်တော်စိတ်ဖြေဖို့တစ်ယောက်ကို သတ်ရမယ်ဆိုရင်ကျွန်တော်သူ့ကိုပဲ ရွှေးပြီးသတ်လိုက်တာ...”
ဓားဖြင့်ထိုးစိုက်ထားသည့် ဦးခေါင်းပြတ်သည် မဟာတူစခန်း၏ခေါင်းဆောင်ဖြစ်သည့် အန်ဒရူး၏ ဦးခေါင်းပင်။ ဤလူသန်ကြီးသည် ယခုအချိန်တွင် မြေပြင်ပေါ်တွင် ဦးခေါင်းမဲ့သည့်အလောင်းတစ်ခုဖြစ်နေပြီဖြစ်သည်။ သူ၏လည်ပင်းမှ သွေးများသည် မြေပြင်ပေါ်သို့စီးကျလျှက်ရှိပြီး ဤမြင်ကွင်းကိုမြင်တွေ့လိုက်ရသည့် လူလန်မှာ ခွေးတစ်ကောင်ကဲ့သို့ ကြောက်လန့်ကာ သတိလစ်မေ့မျှောသွားပြီဖြစ်သည်။
အစ်ဇာနီ၏အဖြေသည် တိုရှင်းကာတိကျသည်။
ဤသည်မှာ ဖှေးအတွက် အံ့သြစရာတစ်ခုပင်။ လွန်ခဲ့သည့်တစ်ရက်ခန့်က ရှက်ရွံ့တတ်ကာစကားပင် ကောင်းကောင်းမပြောရဲသည့်ကောင်လေးတစ်ယောက်သည် ဤကဲ့သို့သွေးအေးသည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ ဤအခိုက်တန့်တွင် အစ်ဇာနီထံတွင် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏တည်ငြိမ်မှုနှင့် ဉာဏ်ပညာတို့စတင်ကိန်းအောင်းစပြုလာပြီဖြစ်ကြောင်းကို ဖှေးပြောနိုင်၏။
အစ်ဇာနီခေါင်းထဲတွင်ရှိနေသည့်အတွေးခေါ်နှင့် ပတ်သက်၍လည်း ဖှေးစိတ်ကျေနပ်မိလိုက်၏။
သူလက်စားချေလိုသည့်အချိန်မှာပင် ဤလူငယ်လေးသည်ဖှေးအတွက်စဥ်းစားပေးနေသည်မှာ ထင်ရှားလှသည်။ ဤလူငယ်သည် သေရမည်ကိုကြောက်သည့်လူမျိုးမဟုတ်ပေ။ ယော့ခ်နှင့်တီနာတို့အတွက် လက်စားခြေနိုင်သည်ဆိုပါက သူသည်အသက်ပါအသေခံပြီးလက်စားချေမည့်လူမျိုးပင်။ သို့သော် သူသည် အန်ဒရူးကိုသာသတ်ဖြတ်လိုက်ရသည့်အကြောင်းမှာ ဖှေးအတွက်ဒုက္ခများစွာမဖြစ်စေလိုသောကြောင့်ပင်ဖြစ်သည်။ သေချာစွာစဥ်းစားကြည့်ပါက လူလန်အားသတ်ဖြတ်ခြင်းဖြင့် ဒုက္ခများစွာသာရရှိလာမည်ဖြစ်သည်။
“ကောင်လေးမင်းက ငါ့အတွက်အနှောင့်ယှက်ဖြစ်မှာကိုစိုးနေတာလား...” ဖှေးသူ၏ခေါင်းကို ညင်သာစွာဖြင့်ရမ်းလိုက်သည်။ “ဖီးလစ် မင်းမှတ်ထားလိုက်ပါ...ငါမင်းကို တစ်ယောက်ကိုပဲသတ်ခိုင်းရတဲ့အကြောင်းရင်းက ငါကတစ်ခြားလူတွေကို ကြောက်နေလို့မဟုတ်ပါဘူး။ တကယ့်အကြောင်းရင်းက ကျန်တဲ့တစ်ယောက်ကို မင်းကိုယ်တိုင်သန်မာလာတဲ့အချိန်ကျရင် ငါ့အကူညီမပါပဲနဲ့ မင်းကိုယ်တိုင်ပြန်လာပြီးလက်စားချေနိုင်အောင်လို့ပဲ။”
အစ်ဇာနီမှာ အနည်းငယ်အံ့သြသွား၏။ သူ့မျက်နှာပေါ်တွင် ကျေးဇူးတင်သည့်အမူယာတစ်ခုပေါ်လာပြီးဖှေး၏အရှေ့တွင် ဒူးထောက်ထိုင်ချလိုက်တော့သည်။
“ထတော့ မင်းအနားယူဖို့လိုအပ်နေတယ်။ တိုးရိစ်သူ့ကိုအနားယူဖို့ခေါ်သွားလိုက်ဦး...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” တိုးရိစ်အစ်ဇာနီကိုအရိုသေပေးလိုက်ပြီး။ “ကျွန်တော်နဲ့လိုက်ခဲ့ပါအရှင့်သား....”
အစ်ဇာနီသည် ဘုရင်၏တပည့်ဖြစ်သည့်အတွက် သူသည်ချမ်းဘော့ဒ်တိုင်းပြည်တွင် မင်းသားတစ်ပါးနဲ့ရာထူးတူညီသည်ဟုဆိုနိုင်၏။ ဤအတွက်ကြောင့် တိုးရိစ်သည်သူ့အားဤကဲ့သို့ဆက်ဆံခြင်းဖြစ်သည်။
“အရှင်မင်းကြီး..ဦးလေးယော့ခ်ရဲ့ရုပ်အလောင်းကိုရော....” အစ်ဇာနီအ၀ေးတွင်ရှိသော အလောင်းများစွာပါရှိနေသည့် ထောင်ရထားတစ်လုံးကိုလှမ်းကြည့်ရင်းဖြင့် ဖှေးကို ပြောလိုက်သည်။
ဖှေးခေါင်းငြိမ့်လိုက်၏။
သူမှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ရာ ပြင်းထန်သည့်မှော်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို၀န်းရံလိုက်၏။ လယ်ဗယ်၃၆မှော်ဆရာ၏ထိန်းချုပ်မှုအောင်တွင် သူသည် ပတ်၀န်းကျင်တွင်ရှိနေသည့်မီးဂုဏ်သတ္တိစွမ်းအင်များကို သူ၏လက်အတွင်းသို့စုစည်းလိုက်သည်။ ထို့နောက်တွင် သူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ မီးတောက်များသည် ထောင်လှည်းထံသို့ ပျံသန်းသွားပြီး မီးနဂါးကြီးတစ်ကောင်ကဲ့သို့ ၀ါးမျိုလိုက်တော့၏။
မှော်ဆရာဇာတ်ကောင်၏အစွမ်းဖြစ်သည့် [ငရဲမီးတောက်ပင်]
ထိုအစွမ်းသည် မီးတိမ်စိုင်တစ်ခုကိုဖန်တီးလိုက်မည်ဖြစ်ပြီး ဖှေးလောင်ကျွမ်းစေလိုသည့်အရာအားလုံးကိုအရည်ပျော်သည်အထိလောင်ကျွမ်းပစ်မည်ဖြစ်သည်။
ဤသည်မှာ [မီးဖြင့်ပစ်ခတ်ခြင်း]အစွမ်းထက်ပို၍အဆင့်မြင့်သည့်အစွမ်းတစ်ခုဖြစ်ပြီး ဖှေးမှော်ဆရာဇာတ်ကောင်အနေဖြင့်သင်ကြားခဲ့သည့် သုံးခုမြောက်အစွမ်းလဲဖြစ်သည်။