အခန်း (၂၀၅)
Vol. 21 Ch. 305
စစ်သည်များစခန်းချနေသည့်နေရာတွင်ဖြစ်သည်။
ညသည် ပို၍ပင်မှောင်မှိက်လာပြီး ကြယ်လေးများသည်လည်းပို၍ပင်တောက်ပလာ၏။
ဆောင်းဦးပိုင်းတွင် ရာသီဥတုသည်ပို၍အေးစက်သော်လည်း ဤနေရာတစ်၀ိုက်တွင်ရှိနေသည့် ဆူညံစွာစကားပြောသည့်အသံများကိုမူ မဟန့်တားနိုင်ပေ။ လေစကားဘုံဆိုင်တွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စသည် လူများကိအုံအုံကြွကြွဖြစ်သွားစေသည့်ပုံရသည်။
ရထားလုံးပေါ်မှခုန်ဆင်းလိုက်ပြီး ပဲရစ်အားမင်းသားဒိုမင်ဂူ၏လက်အောက်မှ သိုင်းဆရာများအစောင့်ကြပ်များအောက်တွင် မြို့တော်စိန့်ပီတာစဘာ့တ်ထံသို့ခေါ်ဆောင်သွားသည်ကို ငေးကြည့်ရင်းဖြင့် ဖှေးစိတ်အေးစွာဖြင့်သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့အစောင့်ရှောက်များအောက်တွင် ပဲရစ်သည်အလွန်လုံခြုံသွားပြီဖြစ်ပြီး သူတို့ကြားတွင်ရှိသည့်သဘောတူညီမှုသည်လည်း ဖြစ်မြောက်သွားပြီဖြစ်သောကြောင့်ပင်။ ဘုံဆိုင်အတွင်းတွင် ကိစ္စများစွာဖြစ်ပွားခဲ့သော်လည်း သူ၏ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်သည့် တာ၀န်မှာလည်းအောင်မြင်စွာဖြင့် ပီးမြောက်သွားပြီဖြစ်သည်။
ဆူညံမှုများနှင့် လမ်းများထံမှရောက်ရှိလာသည့် အော်သံများကို ခံစားပြီးသည့်နောက်တွင် ညဘက်ပွဲစျေးများကို သဘောကျသူတစ်ယောက်ဖြစ်သည့်ဖှေးသည် ချမ်းဘော့ဒ်စခန်းသို့အမြန်ပြန်မသွားသေးပေ။ တိတ်ဆိတ်ငြိမ်သက်သည့်နေရာတစ်ခုသို့လမ်းလျှောက်သွားလိုက်ပြီးအမဲရောင်၀တ်ရုံတစ်ခုကို ထုတ်ယူလိုက်သည်။ သူ၏သရုပ်မှန်ကို ဖုံးကွယ်မှုတစ်ချို့ပြုလုပ်ပြီးသည့်နောက်တွင် သူသည် ညစျေးလမ်းတစ်ခုအတွင်းသို့၀င်ကာ လူအုပ်အတွင်းတွင် ရောထွေးသွားတော့၏။
“မဟူရာသစ်တောက အရည်သွေးမြင့်သားမွေးတွေနော်၊၊ ဒီကောင်တွေက အေးဒဏ်ခံနိုင်မှုစွမ်းအင်တစ်ချို့လဲရှိတယ်။ ၀တ်ရုံတွေနဲ့ ပေါ့ပါးတဲ့ချပ်၀တ်တွေပြုလုပ်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေရမည်။ တစ်ခုကို ငွေဒဏ်ဂါးတစ်ပြားပဲ...”
“သိုင်းဆရာတွေကိုယ်တိုင်ပြုလုပ်ထားတဲ့ အချွန်ထက်ဆုံးဓားပဲ...တစ်ချက်ကြည့်သွားပါ ဒီလိုဓားမျိုးနဲ့ဆိုရင်တော့ ခင်ဗျားတို့ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲမှာ ပြိုင်ဘက်ကင်းနေလိမ့်မယ်...”
“နတ်ဘုရားနဲ့ နတ်ဆိုးဒဏာရီလာမြေတွေက လျို့၀ှက်ဆန်းကြယ်တဲ့ပစ္စည်းတွေပဲ စျေးအမြင့်ဆုံးပေးနိုင်တဲ့လူရလိမ့်မယ်...”
ဖှေးလမ်းထဲတွင် လျှောက်နေရင်းဖြင့် အော်ဟစ်သံမျိုးစုံကိုကြားနေရသည်။ သူသည် ဤကဲ့သို့သောခံစားချက်ကို နှစ်သက်သည်။ ဖော်ပြ၍မရနိုင်သည့် ငြိမ်းချမ်းမှုမျိုးကို ဤကဲ့သို့ဆူညံသည့်ပတ်၀န်းကျင်မှ ရရှိလျှက်ရှိသည်။ အမှန်ပင် သူ၏အတိတ်ဘ၀မှအတွေကြုံအရသည် ဤကဲ့သို့လမ်းလျှောက်နေရခြင်းသည် သိပ်ပြီးပျော်ရွှင်စရာမကောင်းလှချေ။ ပျော်ရွှင်ရသည့်အပိုင်းမှ ၀ယ်ယူခြင်းပင်။
ဖှေးသည် ယခုအချိန်တွင် အလွန်ချမ်းသာသည့်လူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူ၏ခရမ်းရောင်မှော်တလင်းကဒ်ထဲတွင်ရှိနေသည့် များပြားလှသည့်ငွေများအပြင် သူ့ထံတွင် ရွှေဒင်္ဂါးပြားများနှင့် ငွေဒင်္ဂါးပြားများအချို့လဲရှိနေသေးသည်။ ထို့ကြောင့် သူသည် သူစိတ်၀င်စားသည့်ပစ္စည်းများစွာကို ၀ယ်ယူလိုက်သည်။ ပစ္စည်းတော်တော်များများမှာ သူမလိုအပ်သည့်ပစ္စည်းများပင် သို့သော် သူသည်ထိုကဲ့သို့၀ယ်ယူခြင်းဖြင့် လူချမ်းသာတစ်ယောက်ကဲ့သို့ခံစားရ၏။
ဖှေး ထိုဆိုင်မှ သားမွေးများအားလုံးကို ၀ယ်ယူပစ်လိုက်သည်။ ဤသားမွေးများသည် စိတ်၀င်စားစရာကောင်းလှသည်။ ဤအရာများကိုအသုံးပြုပြီး အန်ဂျယ်လာအတွက် ၀တ်ရုံကောင်းကောင်းတစ်ခုကို ပြုလုပ်ပေးနိုင်သောကြောင့်ပင်။ တစ်ခြားကုန်သယ်တစ်ယောက်ရောင်းနေသည့် ဓားတစ်လက်သည် အမှိုက်သရိုက်တစ်ခုသာဖြစ်သည်။ စစ်သည်တစ်ယောက်အနေဖြင့်အသုံးပြုနိုင်သော်လည်း အတွင်းအားစွမ်းအင်တစ်မျိုးစီးဆင်းစေလိုက်ရုံဖြင့် တစ်စစီကျိုးပဲ့သွားမည်သာဖြစ်သည်။
သို့သော် နတ်ဘုရားနှင့် နတ်ဆိုးများဒဏာရီလာမြေမှပစ္စည်းများရောင်းချနေသည့် ဆိုင်မှာ ဖှေးအားဆွဲဆောင်လိုက်သည်။
ဤဆိုင်ကို လူပေါင်းများစွာ၀န်းရံနေကြသည်။ နတ်ဘုရားနှင့် နတ်ဆိုးများဟူသည့်စကားလုံးသည် လူများကိုစိတ်၀င်စားစေသည်မှာ ထင်ရှားသည်။ အော်ဟစ်သံများနှင့် ဒေါသဖြင့်ဆဲဆိုသံများကြားတွင် ဖှေးထိုင်ချလိုက်ပြီးအသေးစိတ်ကြည့်ရှုလိုက်သည်။ ပစ္စည်းခြောက်မျိုးခုနှစ်မျိုးခန့်ကို အမဲရောင်သားမွေးစတစ်ခုပေါ်တွင်တင်ကာ ပြသထားသည်။ ဤအရာများအားလုံးသည်ရောင်းချရန်ဖြစ်သည်။ ပစ္စည်းများမှာ ဓားကျိုးတစ်၀က်၊ သေးငယ်သည့်အမဲရောင်အလုံးလေးနှစ်ခု၊ ကြောက်မက်ဖွယ်သင်္ကေတများစွာထွင်းထုထားသည့် နာနတ်သီးနှင့်တူသော ဘဲဥပုံကျောက်တုံးသုံးလုံးတို့ဖြစ်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သောပစ္စည်းများဖြစ်ကြသည်ကို မည်သူမှမသိကြချေ။
ဖှေး၏လေ့လာသုံးသပ်ချက်များအရ လူပေါင်းများစွာသည် ဤပစ္စည်းများကို ၀ယ်ယူရန်အတွက် ဆန္ဒရှိနေသည်ကို သတိထားလိုက်မိသည်။ ဤပစ္စည်းများကို ရောင်းချနေသူမှာ အသက်ကြီးကြီးနှင့် ပိန်ပိန်သွယ်သွယ်အဖိုးကြီးတစ်ယောက်ဖြစ်သည်။ သူသည် ဤပစ္စည်းများသည် နတ်ဘုရားနှင့် နတ်ဆိုးများဒဏာရီလာမြေများမှ ပစ္စည်းများဟူ၍သာဖြေထားပြီး မည်ကဲ့သို့သောပစ္စည်းများဖြစ်သည်ကိုမူ ပြေခြင်းမရှိပေ။ သို့သော် ဤပစ္စည်းများကိုရောင်းချသည့်စျေးမှာလည်း အလွန်မြင့်မား၏။ ပစ္စည်းတစ်ခုခြင်းစီသည် အနည်းဆုံးရွှေဒင်္ဂါးတစ်ရာခန့်တန်ဖိုးရှိသည်။ ဤအချက်သည် စိတ်၀င်စားနေသည့်လူတော်တော်များများကို လက်လျှော့သွားစေသည်။ မည်ကဲ့သို့ပစ်ဖြစ်စေကာမူ အဖိုးကြီးသည် စျေးလျှော့ခြင်းမရှိပေ။
“ငါကတော့ ဒီပစ္စည်းတွေအကုန်လုံးကို အတုတွေလို့ပဲထင်တယ်။ ခင်ဗျားက ဘယ်လိုလုပ်ပြီး နတ်ဘုရားနဲ့နတ်ဆိုးမြေကပစ္စည်းတွေကို ရနိုင်မာမို့လို့လဲ...”
“လူလိမ်အဖိုးကြီးပဲ။ ဘယ်ကမှန်းမသိတဲ့ပစ္စည်းတွေ ယူလာပြီးတော့ ငါတို့ကို လှည့်ဖျားဖို့ကြိုးစားနေတယ်...”
“အဖိုးကြီး ငါဒီပစ္စည်းတွေအကုန်လုံးကို ရွှေဒင်္ဂါးတစ်ပြားပေးပြီး ယူမယ်။ ရလား...”
လူအုပ်ထဲတွင် ဗဟုသုတများသည့်လူတစ်ချို့လဲပါရှိသည်။ အဖိုးကြီးသည်အမှန်တိုင်းပြောနေသည်မှာ မသေချာသော်လည်း ဤပစ္စည်းများထဲတွင် လျို့၀ှက်ဆန်းကြယ်သည့်အရှိန်၀ါတစ်ချို့ရှိနေသည်ကို သူတို့ငြင်းဆို၍မရချေ။ တစ်ချို့သည် အဖိုးကြီးကို စျေးဆစ်ကာ ၀ယ်နိုင်ရန်အတွက်ကြိုးစားနေကြသည်။
“မရဘူး။ ဘယ်ပစ္စည်းနေနေရွှေဒင်္ဂါးတစ်ရာရမှရောင်းမယ်။ ငါစျေးလျှော့မှာမဟုတ်ဘူး။” အဖိုးကြီးတွင် အ၀တ်စားများများစားစားသိပ်ပြီးမပါရှိလှချေ။ သူသည် အေးသဖြင့် တုန်ခါနေသည့်တိုင်အောင် ခေါင်းမာနေလျှက်ရှိသည်။
ဖှေးဒူထောက်ကာထိုင်ချလိုက်ပြီး ဓားကျိုးနှင့်အတူသည့်အရာတစ်ခုကို ကိုင်ကြည့်လိုက်သည်။ လက်ဖြင့်ကိုင်ကာအလေးချိန်ကို ခံစားကြည့်လိုက်သည်။ အမဲရောင်အလုံးလေးနှစ်လုံးကိုလည်း လက်ဖြင့်ကစားကြည့်လိုက်သည်။ ထို့နောက်တွင် သူဘဲဥပုံကျောက်တုံးလေးသုံးခုကို တစ်ချက်ထိတွေ့ခံစားကြည့်လိုက်သည်။ သူသည် ဤအရာများမည်သည့်အရာဖြစ်သည်ကို မသိရှိချေ။ သို့သော်လည်း ကျောက်တုံးကဲ့သို့ မာကျောနေစေကာမူ ဤအရာများသည် သတ္တ၀ါတစ်ကောင်ကောင်၏ ဥများဖြစ်နေသကဲ့သို့ သူခံစားနေရသည်။
“ကျွန်တော် ဒါတွေအကုန်ယူလိုက်မယ်...”
ဖှေးတစ်ချက်စဥ်းစားလိုက်ပြီးပြောလိုက်သည်။ အဖိုးကြီးသည် ချမ်းအေးကာ ဆာလောင်နေသည့်ပုံပေါက်နေသည့်အတွက် သူသနားမိသည်။ ထို့အပြင် ဖှေးသည် ချမ်းသာသူတစ်ယောက်ဖြစ်သဖြင့် ဤသည်ကို အလှူပေးသကဲ့သို့သဘောထားလိုက်ခြင်းပင်။ သူရွှေဒင်္ဂါး၆၀၀ကို ထုတ်ယူလိုက်ပြီး အထုပ်တစ်ခုထဲထည့်ကာ အဖိုးကြီးကိုပေးလိုက်၏။
“ဟီးဟီး ဗဟုသုတရှိတဲ့လူတစ်ယောက်နဲ့ငါတွေ့ရလိမ့်မယ်ဆိုတာကို ငါသိသားပဲ...” အဖိုးကြီးသည် သူ၏၀ါကျင်နေသည့် သွားများပေါ်သည့်အထိပြုံးလိုက်၏။ သွားတစ်ချောင်းမှာ ပျောက်ဆုံးနေ၏။ ရွှေဒင်္ဂါးအိပ်ကို အပြန်ကောက်ယူလိုက်ပြီး ရွှေဒင်္ဂါးတစ်ပြားကို ယူကာကိုက်ကြည့်လိုက်ပြီး အတုမဟုတ်မှန်းသိရှိပြီးသည့်နောက်တွင် ပြုံးလိုက်၏။
စျေးဆစ်ပြီး ဤငွေကြေးများကို စျေးနည်းနည်းဖြင့်ရရှိရန်အတွက်ကြိုးစားနေကြသည့်လူတစ်ချို့သည် ဖှေးကိုရန်လိုသည့်အမူရာများဖြင့်ကြည့်လိုက်ကြ၏။ သူတို့သည် ဘယ်ကမှန်းမသိသည့်လူတစ်ယောက်သည် ပစ္စည်းများအားလုံးကိုသိမ်းပိုက်သွားသည်ကို မကျေနပ်သော်လည်း ဘာမှမပြောကြချေ။ ဤလူများသည် တုံးအသည့်လူများမဟုတ်ကြချေ။ ရွှေဒင်္ဂါးခြောက်ရာကို တစ်ခနအတွင်းအသုံးပြုနိုင်သည့်လူသည် သာမန်လူတစ်ယောက်မဖြစ်နိုင်သည်ကို သူတို့အကဲ့ခတ်လိုက်မိကြသောကြောင့်ပင်။ ဤကဲ့သို့ ကစဥ့်ကယားနိုင်သည့်စခန်းချရာနေရာတွင် မည်သူမှတစ်ယောက်နောက်ကြောင်းတစ်ယောက်ကို သိရှိခြင်းမရှိကြေသောကြောင့်ပင်။
ဤပစ္စည်းများကို သူ၏လက်ထဲတွင်ကိုင်တွယ်ကာ ကစားပြီးသည့်နောက်တွင် ဤအရာများသည်အစစ်မှန်ပင် လျို၀ှက်ဆန်းကျယ်နေသလိုခံစားလိုက်ရသည်။ သူသည် အဖိုးကြီးအား ဤပစ္စည်းများကို မည်သည့်နေရာမှရရှိခဲ့ကြောင်းကို မေးလိုသဖြင့်အပေါ်သို့မော့ကြည့်လိုက်သည်။ သို့သော်လည်း ရောင်းချသည့်အဖိုးကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
“ငါ့ရဲ့လက်ရှိစွမ်းအားနဲ့တောင်အဖိုးကြီးဘယ်အချိန်တုန်းက ထွက်သွားတယ်ဆိုတာကို အာရုံမခံလိုက်နိုင်ပါလား။” ဤအခြေအနေတစ်ခုလုံးသည်အလွန်ထူးဆန်းနေသကဲ့သို့ဖှေးခံစားနေရ၏။
“ကောင်လေးမင်းတော့အလိမ်ခံလိုက်ရပြီ။ ဒီအဖိုးကြီး ဒီနေရာရောက်နေတာ ရက်ပေါင်းအနည်းငယ်လောက်ရှိပြီ။ သူက ပစ္စည်းတစ်ချို့ယူလာပြီးနတ်ဘုရားနဲ့နတ်ဆိုးဒဏာရီလာမြေကပစ္စည်းတွေလို့ပြောပြီးရောင်းနေကျ။ လူတော်တော်များများကိုလည် အရူးလုပ်ပြီးသွားပြီ....” ခင်မင်းရင်းနှီးတတ်ပုံရသည့်အသက်လတ်ပိုင်းလူတစ်ယောက်ရောက်လာပြီးဖှေးကို ပြောလိုက်၏။
ဖှေး ဤလူကို သတိပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ ပစ္စည်းများကို သူ၏ထားသိုရာအကန့်အတွင်းသို့ထည့်လိုက်ပြီး လမ်းလျှောက်လာခဲ့သည်။
သူသည် ဤဖြစ်ရပ်သည်ထင်သလောက်မရိုးရှင်းသလိုခံစားလိုက်မိသည်။
တိုင်းပြည်မျိုးစုံသည်ဤနေရာတွင်စခန်းချနေကြခြင်းဖြစ်သည်။ တိုင်းပြည်တစ်ခုနှင့်တစ်ခုကြားစခန်းချသည့်နေရာများ၏အကွာ၀ေးသည် မီတာတစ်ရာခန့်သာရှိ၏။ ဖှေးလမ်းပေါ်တွင် လမ်းလျှောက်နေရင်းဖြင့် ဘေးတွင်ရှိသည့်တိုင်းပြည်များကိုလေ့လာကြည့်နေသည်။ စခန်းချသည့်နေရာများမှာ အရွယ်စားအမျိုးမျိုးရှိပြီးအထဲတွင်လည်း စစ်သည်အမျိုးမျိုးရှိနေကြသည်။ ပို၍ကြီးသောစခန်းချရာနေရာများထံမှ ဖှေးစွမ်းအားမြင့်သည့်အရှိန်၀ါများကိုလည်းခံစားနေရသည်။ “ဒါတွေက တိုင်းပြည်အသီးသီးက အဆင့်မြင့်သိုင်းဆရာတွေဖြစ်မယ်...” ဖှေးတွေးလိုက်မိ၏။
မည်သည့်အချိန်ကတည်းကလည်းမသိချေ သို့သော်နှင်းပွင့်များသည် ကောင်းကင်ပေါ်မှကျဆင်းလာနေ၏။ ဤသည်မှာ အေဇာရုတိုက်သို့ရောက်သည့်အချိန်မှစတင်ပြီးနှင်းပွင့်များကို ပထမဆုံးအကြိမ်အနေဖြင့် ဖှေးမြင်တွေ့ရခြင်းပင်။
ဤအခိုက်တန့်တွင် နက်ရှိုင်းသည့်အော်ဟစ်သံတစ်ခုသည် ဖှေး၏အာရုံကိုဖမ်းစားသွား၏။