အခန်း (၃၀၆)
Vol. 21 Ch. 306
“ဘိုင်ဇန်တိုင်းဘုရင် ခင်ဗျားက သွေးစွန်းဂိုဏ်းကအလိုရှိနေတဲ့လူကို ပေးဖို့အတွက် ငြင်းဆန်ရဲတယ်ပေါ့....”
သြဇာညောင်းသည့်အော်သံတစ်ခုသည် ချမ်းဘော့ဒ်စခန်းထက်တစ်၀က်ခန့်ပို၍သေးငယ်သည့် စခန်းချရာနေရာတစ်ခုမှ ထွက်ပေါ်လာ၏။ ဖှေးမော့ကြည့်လိုက်သည့်အချိန်တွင် လူများစွာ၀န်းရံနေလျှက်ရှိသည့် စခန်းချရာနေရာတစ်ခုကို မြင်လိုက်ရသည်။ သို့သော်ဖှေးသည် လူအုပ်ကို ကျော်လွန်ကာ အထိကရုန်းတစ်ခုဖြစ်ပွားနေသည်ကို သတိထားလိုက်မိ။ အားသာနေသည့်အဖွဲ့တွင် လူဦးရေ၁၂ဘောက်ခန့်ရှိပြီး အမဲရောင်၀တ်ရုံများနှင့် လယ်သာချပ်၀တ်များကို ၀တ်ဆင်ထားသည်။ လယ်သာချပ်၀တ်များပေါ်တွင် သွေးစွန်းနေသည့်ဓားမြောင်တစ်လက်ပုံသင်္ကေတများပါရှီနေသည်။
ဤသည်မှာ သွေးစွန်းဂိုဏ်း၏ အမှတ်သားသင်္ကေတပင်။
ဖှေးလိုက်ရှာနေသည့် လူများပင်။
ဖှေးတိတ်ဆိတ်စွာဖြင့် လူအများကြားမှအရှေ့သို့ရောက်သည့်ထိတိုး၀င်သွားလိုက်သည်။ ခြံစည်းရိုးများကို ကျော်လွန်၍ သေးငယ်သောစခန်း၏အလည်တွင်ရှိသည့် ကျောက်တိုင်တွင် ဘိုင်ဇန်တိုင်းတိုင်းပြည်ဟု ရေးထိုးထားသည်ကို ဖှေးမြင်တွေ့လိုက်ရသည်။
ဖှေးဤတိုင်းပြည်ကို တစ်ခါမှပင်ကြားခဲ့ဖူးခြင်းမရှိချေ။ သို့သော် အနည်းငယ်မေးမြန်းကြည့်ပြီးသည့်နောက်တွင် ဤတိုင်းပြည်သည် ချမ်းဘော့ဒ်နှင့် ဆန့်ကျင်ဘက်အင်ပါယာ၏တောင်ဘက်ဖျားတွင်တည်ရှိသည့် အားနည်းသည့်အဆင့်၆တိုင်းပြည်ငယ်လေးတစ်ခုဖြစ်ကြောင်းကို သိရှိလိုက်ရသည်။ ဤတိုင်းပြည်သည် ပင်လယ်ဘက်တွင်တည်ရှိနေသဖြင့် ရာသီဥတုမှာသာယာပြီးချမ်းဘော့ဒ်တိုင်းပြည်ထက်နေရထိုင်ရပိုကောင်းသည့်တိုင်းပြည်တစ်ခုဖြစ်သည်။
ဤဘိုင်ဇန်တိုင်းတိုင်းပြည်သည် အားနည်းသော်လည်း အရေးကြီးပင်လယ်ဆိပ်ကမ်းနေရာတွင်တည်ရှိသည်။ ထို့ကြောင့် သူတို့အား ဘေးပတ်၀န်းကျင်တွင်ရှိသည့်တိုင်းပြည်များမှ အကျိုးမြတ်ထုတ်စရာတိုင်းပြည်တစ်ခုအဖြစ်ဆက်ဆံခြင်းခံရ၏။ အခြေအနေသည် ဘုရင်ဟောင်းနတ်ရွာဆံသွားပြီးတစ်ဦးတည်းသောသားတော်တစ်ယောက်ထီးနန်းဆက်ဆံခဲ့သော်လည်း အဓိက၀န်းကြီးတော်တော်များများသည် တိုင်းပြည်၏အာဏာများကို ချုုပ်ကိုင်ထားရာမှအခြေအနေသည်စတင်၍ ဆိုး၀ါးလာခဲ့ခြင်းဖြစ်သည်။ ဤတိုင်းပြည်သည် ပြည်တွင်းနှင့် ပြည်ပရန်စွယ်များများစွာအောက်တွင် ကျရောက်နေခဲ့ခြင်းဖြစ်သည်။ ဘိုင်ဇန်တိုင်းတိုင်းပြည်၏ ငယ်ရွယ်သည့်ဘုရင်မှာ ဤနေရာသို့အတိုင်းပြည်၏လက်ရှိနံပါတ်၆အဆင့်ကို ထိန်းထားနိုင်ရန်အတွက် လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူတို့သည် တစ်နည်းအားဖြင့်နာမည်ဆိုးဖြင့်ကျော်ကြားသော သွေးစွန်းဂိုဏ်းဖြင့် သွားရောက်ထိတွေ့လိုက်မိပုံရ၏။
သွေးစွန်းဂိုဏ်းသည် ဇီးနစ်အင်ပါယာအတွင်းတွင်ရှိသော ထိပ်သီးကြေးစားစစ်သည်အဖွဲ့လေးခုထဲမှတစ်ခုဖြစ်သည်။ သူတို့တွင် ဂိုဏ်းခွဲများစွာရှိပြီး ဇီးနစ်၏နေရာစုံတွင် ဖြန့်ကျက်ကျက်စားနေကြပြီး အဖွဲ့ထဲတွင် ကျွမ်းကျင်သိုင်းဆရာများစွာလည်းရှိနေသည်။ ပို၍အရေးကြီးသည်မှာ ဂိုဏ်း၏နောက်ကွယ်တွင် ကျောထောက်နောက်ခံအနေဖြင့် ကြီးမားသည့်ဆွေကြီးမျိုးကြီးမိသားစုတစ်ခုရှိနေခြင်းပင်။ ဤနေရာတွင် စခန်းချနေသည့်တိုင်းပြည်များအနက် အဆင့်၁အဖွဲ့၀င်နိုင်ငံများနှင့် စွမ်းအားကြီးသောအဆင့်၂တိုင်းပြည်တစ်ချို့မှလွဲ၍ ကျန်ရှိနေသည့်တိုင်းပြည်များကို သွေးစွန်းဂိုဏ်းမှာ သောက်ဂရုစိုက်ခြင်းမရှိပေ။ ထို့ကြောင့် ဤပြိုင်ပွဲအပြီးတွင် အဆင့်၆တိုင်းပြည်နေရာမှပင် ပြုတ်ရန်အတွက် အန္တရာယ်ရှိနေသည့် ဘိုင်ဇန်တိုင်းတိုင်းပြည်ကို သွေးစွန်းဂိုဏ်းမှာ နည်းနည်းမှပင် လေးစားခြင်းမရှိပေ။ ထို့ကြောင့်ပင် သူတို့သည် ဘိုင်ဇန်တိုင်းစခန်းချထားရာနေရာအတွင်းသို့ ရိုင်းပြစွာပင်၀င်ရောက်လာခဲ့ကြခြင်းဖြစ်သည်။
“ငါတို့အဖွဲ့ခေါင်းဆောင်က မစ်အစ်ဇာဘယ်လာကို တကယ်လေးစားလို့စိန့်ပီတာစဘာ့တ်မှာရှိတဲ့ ငါတို့ရဲ့၎ာနချုပ်ကို ပါတီတက်ဖို့ဖိတ်လိုက်တာလေ။ ဘန်ဇန်တိုင်းဘုရင်ခင်ဗျားက ကျွန်တော်တို့ကိုတားရဲတယ်ပေါ့။” ခန္ဓာကိုယ်ထက်ပင်ကြီးမားသည့် တူကြီးနှစ်လက်ကို ကိုင်ဆောင်ထားသည့်လူတစ်ယောက်သည် ဘုရင်ငယ်ကို ခြိမ်းခြောက်လိုက်ရင်းဖြင့် နှာခေါင်းရှုံ့လိုက်၏။
ဘိုင်ဇန်တိုင်းဘုရင်သည် ပိန်ပိန်ပါးပါးဖြင့် ရုပ်ဖြောင့်သည့်လူငယ်တစ်ဦးဖြစ်သည်။ သူသည် သာယာသည့်ဘ၀တွင်သာကြီးပြင်းလာသူတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့အခြေအနေမျိုးကို တစ်ခါမှပင်ကြုံတွေ့ဖူးခြင်းမရှိခဲ့သည်မှာ ထင်ရှားလှသည်။ သူသည် အလွန်ဒေါသဖြစ်နေသည်။ သို့သော်တစ်ချိန်တည်းမှာပင် အကူညီကင်းမဲ့ကာ စိုးရိမ်နေသည့်ပုံလဲရှိနေ၏။ ခန္ဓာကိုယ်ပေါ်တွင် ခြုံထားသည့်အဖြူရောင်၀တ်ရုံတစ်ခုနှင့် သူသည် ဖိအားများအောက်တွင် တုန်ခါနေ၏။ သို့သော်သူသည် လှပသည့်မိန်းမငယ်လေးတစ်ယောက်ကို သူ၏လက်တစ်ဖက်ဖြင့်ပွေ့ပိုက်ကာ ကာကွယ်ပေးထားဆဲပင်။ သူ အသနားခံသည့်အသံတစ်ခုဖြင့် အော်ဟစ်လိုက်သည်။ “ကပ္ပတိန်ဟယ်ရီ..အစ်ဇဘယ်လာက နေမကောင်းပါဘူး။ သူမကို ချမ်းသာပေးလိုက်ပါ....”
ဘုရင်တစ်ပါးအနေဖြင့် သူသည် ဤကဲ့သို့သောလေသံဖြင့်ပြောရမည်ဖြစ်သည်။ သို့သော် သူသည် အလွန်အားနည်းသောလူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
“ဟီးဟီး နေမကောင်းဘူး ဟုတ်လား။ သွေစွန်းဂိုဏ်းက ဌာနချုပ်မှာ အကောင်းဆုံးသမားတော်တွေနဲ့ မှော်ဆရာတွေအများကြီးရှိတယ်။ သူမပိုပြီးတော့တောင်လိုက်လာသင့်သေးတယ်။ ငါတို့အခုပဲသွားရမယ်...” ကျောပေါ်တွင် တူကြီးနှစ်ချောင်းလွယ်ထားသည့်လူမှာ ဘုရင်အသနားခံသည်ကို လုံး၀ပင်ဂရုမစိုက်ချေ။ ဆာလောင်နေသည့်အမူရာတစ်ခုဖြင့် အမျိုးသမီးကိုသာသူ၏မျက်လုံးများဖြင့်စိုက်ကြည့်လျှက်ရှိသည်။ သူသည် ဤနေရာ၌ပင် ချက်ချင်း၀ါးမြိုချင်သည့်ဟန်ပင်။
“ခင်ဗျားတို့တွေက ရဲတင်းလွန်းနေတယ်။ အစ်ဇဘယ်လာက ကျွန်တော်တို့တိုင်းပြည်ရဲ့မိဘုရားလောင်းပဲ။ အရှင်မင်းကြီးရဲ့ချစ်သူ။ မင်းတို့လို ရိုင်းပြတဲ့ရာဇ၀က်ကောင်တွေက ငါတို့ဘုရင်ကို ဘာလို့အခုလိုဖိအားလာပေးရဲတာလဲ။” ဘုရင်၏ဘေးတွင်ရှိနေသည့် သစ္စာရှိကိုယ်ရံတော်တစ်ယောက်သည် သည်းမခံနိုင်တော့သဖြင့် သူ၏ပါးစပ်ကိုဖွင့်ကာ အော်ဟစ်လိုက်သည်။
“ဖုန်း...”
တူတစ်လက်သည် လေထဲတွင် ၀ှေ့ရမ်းသွားသည်။
သစ္စာရှိကိုယ်ရံတော်၏ ဦးခေါင်းသည်တစ်စစီချေမွခြင်းကို ခံလိုက်ရပြီးသွေးများသည် နေရာအနှံ့သို့ပြန့်ကျဲသွား၏။
ဟယ်ရီဟုအမည်ရသည့်လူမှာ ရက်စက်စွာဖြင့်ရယ်မောလိုက်ရင်းဖြင့် သွေးများစွန်းထင်းနေသည့် သူ၏တူကိုပွတ်လိုက်သည်။ တူတွင် ပေကျံနေသည့်သွေးများကို သန့်ရှင်းပြီးသည့်နောက်တွင် ထိုတူကို သူ၏နောက်ကြောတွင် ပြန်ထားလိုက်ပြီး သူ၏အပြုမူကိုရှင်းပြခြင်းမပြုပေ။ သူ၏ပုံစံမှာ သူသတ်လိုက်သည်မှာ ဘိုင်ဇန်တိုင်းဘုရင်၏ကိုယ်ရံတော်တစ်ယောက်မဟုတ်ပဲ ယင်ကောင်တစ်ကောင်ကိုသတ်လိုက်သကဲ့သို့ပင်။
“မင်း....” ဘုရင်သည် ကြောက်လန့်သွားပြီး ဒေါသဖြစ်သွား၏။
“အရှင်မင်းကြီး ဘာတွေတွေ၀ေနေတာလဲ။ ကပ္ပတိန်ဟယ်ရီရဲ့တောင်းဆိုမှုကို အမြန်လက်ခံလိုက်ပါတော့။ အရှင်က မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့မျှော်လင့်ချက်ကို အရှုံးပေးလိုက်တော့မလို့လား။ ကျွန်တော်တို့ရဲ့တိုင်းပြည်က သွေးစွန်းဂိုဏ်းရဲ့အကူညီကို ရမှ ဒီပြိုင်ပွဲကိုကျော်ဖြတ်နိုင်ပြီး လက်ရှိအဆင့်၆ကို ထိန်းထားနိုင်မယ်ဆိုတာကို မမေ့ပါနဲ့။” ခရမ်းရောင်၀တ်ရုံ၀တ်ဆင်ထားသည့် ခပ်၀၀နှင့်အရပ်ပုပု အသတ်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် ပြောလိုက်သည်။ ကြည့်ရသည်အရသူသည် တိုင်းပြည်၏၀န်ကြီးချုပ်တစ်ယောက်ဖြစ်ပုံရသည်။ သို့သော် သူသည် ဘုရင်ကိုမူအော်ဟစ်နေပြီး ဟယ်ရီအား ကပ်ဖားလိုသည့်အမူရာတစ်ချို့ကို ပြသလျှက်ရှိသည်။ ဤမြင်ကွင်းမှာ အလွန်ရင်နာဖွယ်ပင်။
“အဲရစ် ခင်ဗျား...ခင်ဗျားက ဘိုင်ဇန်တိုင်းရဲ့၀န်ကြီးချုပ်တစ်ယောက်လုပ်နေပြီးတော့...” ဘုရင်ငယ်သည် ဤဖတ်တီး၏မျက်နှာကို လက်ညိုးဖြင့်ထိုးလိုက်ပြီး စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ သူသည် အလွန်ခံပြင်းနေသဖြင့် သူဘာပြောလိုသည်ကိုပင် သူမမှတ်မိတော့ချေ။
“အရှင်မင်းကြီး အမြန်ဆုံးဖြတ်ချက်ချပါ။ အရင်ဘုရင်ဟောင်းတွေရဲ့ကြိုးစားအားထုတ်မှုတွေကို ဖျက်ဆီးပစ်မယ့်လူတစ်ယောက်မလုပ်ပါနဲ့။” ဖတ်တီးသည် သူ၏အင်္ကျီပေါ်တွင် တင်ကျန်နေသည့် နှင်းပွင့်များကို လက်ဖြင့်ပုတ်ခါလိုက်ပြီးအေးစက်သည့်အသံဖြင့် ပြောလိုက်၏။
“အရှင်မင်းကြီး ကျွန်မကို ကယ်ပါဦး...” ကောင်မလေးသည် ဘုရင်ငယ်ကို တင်းကြပ်စွာဖက်တွယ်ထားရင်းဖြင့် ပါးပြင်တွင် မျက်ရည်များကျဆင်းလာကာ အသနားခံလိုက်၏။
လေပြင်းတစ်ခုတိုက်ခက်လာပြီး ဘုရင်ငယ်၏ဦးခေါင်းပေါ်သို့ နှင်းများကျဆင်းလာသည်။
သူ၏သစ္စာရှိကိုယ်ရံတော်သည် သူ၏မျက်စိရှေ့မှာပင် တူတစ်ချောင်းဖြင့်သတ်ဖြတ်ခြင်းခံလိုက်ရသည်။ အလောင်းမှကျဆင်းလာသည့်သွေးများသည် နှင်းများကိုအနီရောင်ခြယ်သနေ၏။ သွေးများသည် အေးစက်သည့်လေထုထဲတွင် အငွေ့များတထောင်းထောင်းထနေဆဲပင်။
သူ၏ရန်သူမှာ သူ့အားသြဇာညောင်းသည့်အမူရာဖြင့် ဖိအားများအဆက်မပြတ်ပေးလျှက်ရှိပြီး သူ၏ချစ်သူကို ပေးရန်အတွက် တောင်းဆိုနေသည်။
သူ၏၀န်ကြီးချုပ်မှာ ရန်သူကို ကူညီလျှက်ရှိပြီး သူ့အားစကားလုံးများဖြင့် တိုက်ခိုက်လျှက်ရှိသည်။
ဤအခိုက်တန့်တွင် ဘိုင်ဇန်တိုင်းတိုင်းပြည်ဘုရင်မှာ ကြီးမားသည့်အလေးတစ်ခုကို သယ်ဆောင်ထားနေရသကဲ့သို့ခံစားနေရပြီး သူ၏ခန္ဓကိုယ်သည် အချိန်မရွေးပင် ပြိုလဲသွားနိုင်သကဲ့သို့ခံစားနေရသည်။ သူ၏လက်ထဲတွင် ရှိသည့်ကောင်မလေးကိုလဲ စိုးရိမ်ပြီး ချစ်ခင်သည့်အမူယာဖြင့် စိုက်ကြည့်နေ၏။ သူသည်ယခုအချိန်တွင် ဘုရင်တစ်ပါးထက် အကူညီကင်းမဲ့နေသည့်လူငယ်တစ်ယောက်ခဲ့သို့ပင်။
“အရှင်မင်းကြီး ဘာတွေစောင့်နေတာလဲ။ အရှင်တကယ်ပဲ ကပ္ပတိန်ဟယ်ရီကို စိတ်ဆိုးအောင်လုပ်တော့မလို့လား။ တိုင်းပြည်ကိုကျော်ပြီး မိန်းမတစ်ယောက်ကို ရွေးချယ်တော့မလို့လား။” ခရမ်းရောင်၀တ်ရုံနှင့်ဖတ်တီးသည် ဘုရင်ကို ဒေါသဖြင့်စိုက်ကြည့်လျှက်ရှိပြီးအော်ဟစ်နေ၏။
“ငါ...” ဘုရင်ငယ်၏မျက်နှာပေါ်တွင် နာကျင်သည့်အမူရာတစ်ခုပေါ်လာသည်။
“အရှင်မင်းကြီး အစ်ဇဘယ်လာကအရှင့်ကို အပြစ်ရှိသူတစ်ယောက်လိုခံစားရစေမှာမဟုတ်ပါဘူး။ အရှင့်အတွက် ကျွန်မအရာအားလုံးကို စွန့်လွှတ်ရဲပါတယ်။ ကျွန်မ...မစ်စတာဟယ်ရီ ကျွန်မရှင်နဲ့ ပါတီကိုလိုက်ခဲ့ပါမယ်။ ကျေးဇူးပြုပြီးတော့အရှင်မင်းကြီးကို ဒီပြိုင်ပွဲမှာနိုင်အောင်ကူညီပေးဖို့မမေ့ဖို့တော့ တောင်းဆိုပါရစေ။”
ဘုရင်ငယ်၏မျက်လုံးများထဲမှ နာကျင်မှုများနှင့် ရုန်းကန်မှုများကို မြင်တွေ့လိုက်ရပြီးနောက်တွင် ကောင်မလေးသည် တစ်စုံတစ်ခုကိုနားလည်သွားပုံရသည်။ သူမသည် သက်ပြင်းချလိုက်ပြီး သူမချစ်သူ၏လက်များအတွင်းမှ ရုန်းထွက်လိုက်သည်။ ကြည်လင်သည့်မျက်ရည်စက်များသည် သူမှ၏ပါးပြင်ပေါ်မှတဆင့်နှင်းများပေါ်သို့စီးကျကုန်၏။ သူမ၏သွယ်လျသောခန္ဓာကိုယ်သည် နှင်းများအောက်တွင် ရပ်ရင်းဖြင့် သားရဲကဲ့သို့သော ကြေးစားစစ်သည်များ၏ရှေ့တွင် တုန်ခါလျှက်ရှိသည်။ သူမ၏အမူရာသည် မျှော်လင့်ချက်မဲ့ကာ ကြေကွဲလျှက်ရှိပြီး သူမသည် အားနည်းသည့်အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ပင်။
“မဟုတ်ဘူး...” ဘုရင်ငယ်သည် နာကြင်မှုများဖြင့်အော်ဟစ်လိုက်သည်။ သူအရှေ့သို့ပြေးသွားသော်လည်း ခရမ်းရောင်၀တ်ရုံနှင့်ဖတ်တီးသည် သူ့အားပြန်ဆွဲထားလိုက်သည်။
“ဟားဟားဟား...” ကြေးစားစစ်သည်များသည် ဂုဏ်ယူစွာဖြင့်ရယ်မောလိုက်၏။
“အာ ဒီခွေးသားတွေကွာ။ ဒီရက်ပိုင်းအတွင်းမှာ ဒီကောင်တွေက တိုင်းပြည်အသီးသီးက မိန်းကလေးတွေကို လိုက်ပြီးဖမ်းခေါ်နေကြတာ။ စုစုပေါင်းဆို ဒီလိုဖြစ်တာအခါ၅၀လောက်ရှိနေပြီ။” ရပ်ကြည့်နေကြသည့်လူအုပ်များထဲတွင် ရှိနေသည့်လူတစ်ယောက်မှ သက်ပြင်းချလိုက်သည်။ သွေးစွန်းဂိုဏ်းမှလူများသည် မိန်းမလှလေးများကို လိုက်သိမ်းကာ သူတို့အားကြောထောက်နောက်ခံပြုနေသည့်အဖွဲ့စည်းတစ်ခုကို လက်ဆောင်အဖြစ်ဆက်သနေကြခြင်းဖြစ်သည်။ သို့သော်ဤအဖွဲ့၀င်တိုင်းပြည်များသည် ဤသွေးစွန်းဂိုဏ်း၏နောက်ကွယ်တွင်ရှိနေသည့် မိသားစုမှာအရှိန်၀ါကြီးသည့်မိသားစုတစ်ခုဖြစ်သည်ကို သိရှိသဖြင့် ပြန်လည်ကာမရင်ဆိုင်ရဲကြချေ။
သို့သော် ဖှေး၏နှလုံးသားမှာ ဤအချက်ကြောင့်ခံစားလိုက်ရသည်။
အထူးသဖြင့် သူသည် ဘုရင်ငယ်၏မျက်လုံးများအတွင်းတွင်ရှိသည့် နာကြင်မှုတို့နှင့် ကောင်မလေး၏မျှော်လင့်ချက်မဲ့သည့်အမူယာတို့ကို မြင်တွေ့ပြီး ဘိုင်ဇန်တိုင်းဘုရင်နှင့် သူ၏ချစ်သူတို့သည် သူ၏အရင်ကအခြေအနေနှင့်အလွန်တူညီနေသည်ကို သတိထားလိုက်ချိန်တွင်ဖြစ်သည်။ သူဤကမ္ဘာသို့ရောက်စဥ်က သူလည်း ၀န်ကြီးချုပ်ဘစ်ဇား၏ဖိအားများနှင့် အမဲရောင်ချပ်၀တ်နှင့် ရန်သူများ၏ ခြိမ်းခြောက်မှုတို့ကို ခံစားခဲ့ရသည်။ ဒိုင်ယာဘလိုကမ္ဘာသာမရှိပါက သူ၏အဖြစ်သည်လည်း ဤဘုရင်ငယ်နှင့် သိပ်ပြီးခြားနားလှမည်မဟုတ်ပေ။
သူထိုကဲ့သို့တွေးမိလိုက်ပြီးတွင် သူသည် ခြုံထားသည့်၀တ်ရုံကိုဖယ်လိုက်သည်။
“သွေးစွန်းဂိုဏ်းက ခွေးသားတွေကို သတ်ပစ်မယ်။ မဆိုင်တဲ့ကောင်တွေအမြန်ဘေးရှောင်ကြတော့......”
အော်သံတစ်ခုသည် လူအုပ်အတွင်းမှာ ရုတ်တရက်ထွက်ပေါ်လာသည်။
အသံနှင့်အတူထွက်ပေါ်လာသည်မှာ ၁၀စင်တီမီတာခန့်အချင်းရှိသည့်မီးလုံးများပင်။
“ဖုန်း ဖုန်း ဖုန်း...”
ပေါက်ကွဲမှုများနှင့် အတူမြင့်မားသည့်အပူချိန်များထွက်ပေါ်လာသည်။ တစ်ခနအတွင်းမှာပင် ကောင်းကင်ကြီးတစ်ခုလုံးနီရဲသွားတော့သည်။ စွမ်းအားမြင့်မှော်စွမ်းအင်များသည် လူအများကို ရုတ်တရက်ထိတ်လန့်အံ့သြသွားစေသည်။ ကြေးစားစစ်သည်များသည် ဤအရာကိုမျှော်လင့်မထားကြသဖြင့်အကုန်လုံးထိမှန်ကုန်ကြ၏။
“အား...”
ထိမှန်ကုန်ကြသည့် သွေးစွန်းဂိုဏ်းသားများသည် နာကြင်စွာအော်ဟစ်ရင်းဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်ကုန်ကြသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် စွဲလောင်နေကြသည့်မီးများသည် သူတို့မည်မျှပင် ကြိုးစားစေကာမူ ငြိမ်းသပ်သွားခြင်းမရှိပေ။ မကြာမှီတွင် သူတို့အားလုံးပြာကျသည်အထိလောင်ကျွမ်းကုန်ကြပြီး သူတို့၏ချပ်၀တ်များလက်နက်များသည်လည်း အပူချိန်ကြောင့်အရည်ပျော်ကျကုန်၏။
မြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။
“မင်းဘယ်သူလဲ...” ဟယ်ရီသည် သူ၏တူကို ကိုင်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အော်မေးလိုက်၏။
“မင်းကို သတ်မယ့်ကောင်...” ဖှေးသည် မှော်ဆရာဇာတ်ကောင်အဖြစ်မှ လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ရယ်မောကာ လူအုပ်အတွင်းမှထွက်လာ၏။ သတ်ဖြတ်လိုသည့်အရိပ်ယောက်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်မှထွက်ပေါ်နေရင်းဖြင့် သူသည် စခန်းအတွင်းသို့၀င်လာ၏။ သူသည် ဟယ်ရီ၏ မျက်လုံးများထဲတွင် နတ်ဆိုးတစ်ပါးကဲ့သို့ပင်။