အခန်း (၃၁၉)
Vol. 22 Ch. 319
တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင်ဖြစ်သည်။
အမဲရောင်စွမ်းအင်မီးတောက်များ ပျောက်ကွယ်သွားပြီး အရာအားလုံးကို ပြန်လည်ကာရှင်းရှင်းလင်းလင်းဖြင့် မြင်နိုင်နေပြီဖြစ်၏။
ရွှေရောင်ယက်တောင်၊ ရွှေရောင်၀ိုင်ခွက် နှင့် ရွှေရောင်၀တ်ရုံတို့ဖြင့် မတ်-ရာဇီသည် စင်မြင့်လည်တွင်ရပ်လျှက်ရှိ၏။
“ကောင်လေး ဒီကောင်တွေကို မင်းဒေါသဖြေဖို့စိတ်ရှိတိုင်းရိုက်လို့ရပါတယ်။ ဒါပေမယ့် သိပ်ပြီးတော့ မလွန်စေနဲ့။ ဒီနေ့ဒီနေရာမှာ တစ်ယောက်ယောက်သေသွားရင်မကောင်းဘူးလေ။” မတ်-ရာဇီသည် ဖှေးကို ကြည့်ရင်းဖြင့် ပြုံးလိုက်၏။
“သူတို့တွေက ကျွန်တော့ကိုအရင်လာစတဲ့ကောင်တွေပဲ...” ဖှေးသည် သူအမှားမဟုတ်သည့်အတွက် မကျေနပ်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ သို့သော် သူသည်အမှန်တကယ်တွင် အလွန့်အံ့သြမိနေ၏။
ဤလူသည် သိုင်းဆရာတစ်ယောက်ဖြစ်မှန်းသူရိပ်မိပြီးဖြစ်သော်လည်း အထင်ကြီးလောက်ဖွယ်စွမ်းအားများရှိနေလိမ့်မည်ဟု သူထင်မထားမိခဲ့သောကြောင့်ပင်။ တကယ်တန်းတွင် မတ်-ရာဇီ၏စွမ်းအားများသည် ဖှေးမျှော်မှန်းထားသည်ထက်အဆပေါင်းများစွာပင် သာလွန်နေ၏။ ဖှေးကိုယ်တိုင်ပင် အဆင့်၂ပါးကွပ်သားသူရဲကောင်း၏သိုင်းကွက်ကို တားဆီးပြီး အဆင့်၅ပါးကွပ်သားသူရဲကောင်းကို ကယ်တင်ခြင်းကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် မတ်-ရာဇီသည် အလွန်လွယ်ကူစွာဖြင့် လုပ်ပြသွားခဲ့၏။ မတ်-ရာဇီ၏ခေါင်းပေါ်မှ ဆံပင်တစ်ချောင်းမျှပင် လှုပ်ခါသွားခြင်းမရှိပေ။
“အမ် အမှန်တိုင်းပြောရရင်တော့ ငါလဲသူတို့ကို သိပ်ပြီးသဘောမကျပါးဘူး။ ဒါပေမယ့် ကောင်လေး မင်းသူတို့ကို သတ်လို့မရဘူးလေ။ ကြယ်ခြောက်လုံးအဆင့် စစ်သည်တစ်ယောက်ဆိုတာ ရှားပါးတာပဲ။ သူတို့က မင်းနေရာတိုင်းမှာ စိုက်ပျိုးလို့ရတဲ့ ကောက်ပင်တွေမဟုတ်ဘူးလေ...” မတ်-ရာဇီသည် သူ၏၀ိုင်ခွက်ကို မော့သောက်ရင်းဖြင့်ဖှေးကို ဖျောင်းဖျနိုင်ရန်အတွက် ကြိုးစားနေ၏။ “လက်ရှိမှာ အင်ပါယာရဲ့အခြေအနေက အတော်လေးရှုပ်ထွေးနေတယ်။ သူတို့ကို ငါတို့အင်ပါယာအတွက် လိုအပ်နေသေးတယ်။ မင်းလဲဒီနေ့ လုံလောက်တဲ့လေးစားမှုတွေရရှိသွားပါပြီ။ ငါ့အကြံကိုနားထောင်ပြီးတော့ ဒီလောက်နဲ့ရပ်လိုက်ပါ။”
“ပြသနာမရှိပါဘူး။ ကျွန်တော် ခင်ဗျားပြောတာကို လက်ခံပါတယ်။ ဒါပေမယ့် သူတို့ကရော...” ဖှေးကိုယ်တိုင်သည်လည်းပါးကွပ်သားသူရဲကောင်းများကို သတ်ဖြတ်ခြင်းမပြုလိုချေ။ သို့သော် ပါးကွပ်သားသူရဲကောင်းသုံးယောက်ကို ကြည့်ရင်းဖြင့် တွန့်ဆုတ်စွာပြောလိုက်၏။
“ဒီနေ့ ချမ်းဘော့ဒ်ဘုရင် သေကိုသေရမယ်...” သိုင်းကွက်အားရုတ်သိမ်းလိုက်သည့်အတွက် အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ပါးစပ်မှ သွေးများစီးကျလာလျှက်ရှိသည်။ သို့သော် သူသည် မတ်-ရာဇီကို လုံး၀ပင်လေးစမှုမပေးပဲ စကားလုံးများကို တစ်လုံးခြင်းအော်ဟစ်လိုက်၏။
သူ၏ထားသိုရာအကန့်အတွင်းမှ အပြာရောင်ဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်ပြီး အဆင့်၄ပါးကွပ်သားသူရဲကောင်းနှင့်အဆင့်၅ပါးကွပ်သားသူရဲကောင်းတို့ကို တစ်လုံးစီပစ်ပေးလိုက်သည်။ သူတို့အားလုံး ဆေးလုံးများကို သောက်လိုက်ကြရာ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်ဒဏ်ရာများသည် လျှင်မြန်စွာပင်ပျောက်ကင်းသွား၏။ သူတို့သည် ကြယ်ခြောက်လုံးအဆင့်စစ်သည်များဖြစ်သည့်အတွက် ဆေးအာနိသင်သည် သူတို့၏အတွင်းအားစွမ်းအင်များအကူညီဖြင့် ပို၍ကောင်းမွန်စွာသက်ရောက်မှုရှိသည်။ ၁၀စက္ကန့်အတွင်းမှာပင် သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာအများစုမှာ ပျောက်ကင်းကုန်ပြီဖြစ်သည်။
ဤအပြာရောင်ဆေးများမှာ အာနိသင်ကောင်းသလိုအလွန်အဖိုးတန်သည့် ဆေးလုံးများလည်းဖြစ်သည်။ စစ်သည်အများစုအတွက် ဤဆေးလုံးတစ်ခုခြင်းစီသည် နောက်ထပ်အသက်တစ်ချောင်းကဲ့သို့ပင်။ အဆင့်၂သူရဲကောင်းသည် အင်ပါယာထဲတွင် အလွန်မြင့်မားသည့်ရာထူးတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူ့ထံတွင်ဆေးလုံး၅လုံးခန့်သာရှိ၏။ ထိုဆေးလုံးများသည် သူ့အတွက် ရတနာတစ်ပါးကဲ့သို့ပင်။ ထိုဆေးလုံးများကို တစ်ခြားလူများကြည့်ခြင်းကိုပင် သူမနှစ်သက်လှချေ။ သို့သော် သူသည် ယနေ့တွင်ဖှေးအားအလွန်ဒေါသဖြစ်နေသဖြင့်ဆေးလုံးများကို တစ်ခြားပါးကွပ်သားသူရဲကောင်းများကိုပင် ၀ေမျှလိုက်၏။
ယနေ့တွင်သူသည် ဖှေးအားဖမ်းဆီးပြီး သူရဲကောင်းနန်းတော်မှ အကျဥ်းထောင်ထဲသို့ပို့ဆောင်ရန်အတွက် ဆုံးဖြတ်ပြီးပြီဖြစ်သည်။
အဆင့်၂ပါးကွပ်သာသူရဲကောင်း၏အမြင်အရာ သူတို့သည် တိုက်ပွဲစဥ်ကဖှေးကို လျှော့တွက်ခဲ့မိကြသဖြင့် အငိုက်မိကာ ဖှေးမှအသာစီးရရှိသွားခြင်းကြောင့်ရှုံးနိမ့်ခဲ့သည်ဟုမြင်နေမိသည်။ ဒုတိယအကြိမ်တိုက်ခိုက်ပါက သူတို့ဖှေးကို သေချာပေါက်အနိုင်ယူနိုင်မည်ဟုလည်း ယုံကြည်၏။
ဤအရာကို မြင်သည့်အချိန်တွင် ဖှေး၏သတ်ဖြတ်လိုသည့်ဆန္ဒများသည်လည်း မြင့်မားလာတော့သည်။
ပြသနာ၏ရေသောက်မြစ်ကို မဖြတ်ထုတ်ပါက ပြသနာများတစ်ခုပြီးတစ်ခုထက်မံ၍ပေါ်ပေါက်လာမည်ဖြစ်သည်။
သူ၏ရန်သူများ၏တကယ့်စိတ်ရင်းမှန်ကို မြင်ရပြီးသည့်နောက်တွင် ဖှေးသည်လည်းအလျှော့ပေးတော့မည်မဟုတ်ပေ။
သူသည် ပါးကွပ်သားသူရဲကောင်းသုံးယောက်ကို သတ်ဖြတ်မိစေကာမူ အပြစ်ပေးခြင်းမခံရပဲ လွတ်မြောက်နိုင်သည့်နည်းလမ်းတစ်ခုရှာတွေ့နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။
ဖှေးသည် မတ်-ရာဇီကို သူအပြစ်ကင်းကြောင်းသက်သေပြသည့်အနေဖြင့် ပခုံးတွန့်ပြလိုက်သည်။
ဤအရာကိုမြင်ပြီးသည့်နောက်တွင် မတ်-ရာဇီသည်လည်း ဖှေးကို တားဆီးခြင်းမပြုတော့ပေ။ ၀ိုင်များကို မော့သောက်ကာ ရယ်မောလိုက်၏။
နောက်ထပ်အသေအကြေတိုက်ခိုက်တော့မည့်တိုက်ပွဲမှာ ထက်မံစတင်တော့မည့်အချိန်တွင် တည်ငြိမ်သော်လည်း ခန့်ညားထည်၀ါသည့်အသံတစ်ခုထွက်ပေါ်လာ၏။
“ဒီလောက်ပဲ ပြန်ခဲ့ကြတော့...”
ဤအသံကိုကြားလိုက်သည့်နောက်တွင် အဆင့်၂၊ အဆင့်၄နှင့်အဆင့်၅ပါးကွပ်သားတို့၏ခန္ဓာကိုယ်များသည်လည်း တုန့်ဆိုင်းသွား၏။ အံ့သြခြင်းနှင့် မလိုလားမှုတို့မှဦ သူတို့မျက်လုံးများထဲတွင်ရှိနေသော်လည်း သူတို့သည်မဆိုင်းမတွပင် ပြန်လည်ဆုတ်ခွာရန်ပြင်ကြတော့သည်။ သူတို့သည် ကြုံး၀ါးကာဖှေးအားရက်စက်စွာကြည့်ပြီးသည့်နောက်တွင် အလင်းတန်းသုံးခုအဖြစ်သို့ပြောင်းလဲသွားပြီး သူရဲကောင်းနန်းတော်တည်ရှိရာအရပ်ထံသို့ထွက်ခွာသွားကြတော့၏။
ဤမြင်ကွင်းသည် လူအများကို အံ့သြသွားစေသည်။
“မြို့တော်က အရှိန်အ၀ါကြီးပုဂ္ဂိုလ်နောက်တစ်ယောက်ပါ၀င်လာတာလား...” လူအများတွေးလိုက်မိကြသည်။
ဘယ်သူများဖြစ်နိုင်လဲ။ စကားတစ်ခွန်းထဲဖြင့်ပင် ဖှေးအားတစ်စစီဆုတ်ဖြဲပစ်လိုနေသည့် ပါးကွပ်သားသူရဲကောင်းများကို ပြန်ခေါ်လိုက်နိုင်သည်မှာ မည်သူဖြစ်နိင်မည်နည်း။
“အရှင်မင်းကြီး သူတို့ဒီနေရာမှတင်ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဂရုစိုက်ပါ။”
စင်ဘေးတွင်ရပ်နေသည့် အဆင့်၃၊ အဆင့်၆နှင့် အဆင့်၈ပါးကွပ်သားသူရဲကောင်းတို့သည် ဖှေးထံသို့လမ်းလျှာက်လာကာ နှုတ်ဆက်စကားပြောလိုက်သည်။ ဖှေးသူတို့ကိုထိတ်လန့်အံ့သြခြင်းများဖြင့် ကြည့်နေသည့်အချိန်တွင် သူတို့သည် သတိလစ်မေ့မြောနေဆဲဖြစ်သည့် ကူလတ်ကိုသယ်ဆောင်က သူရဲကောင်းနန်းတော်ထံသို့အမြန်ပြန်သွားကြတော့၏။
ချက်ချင်းပင်တင်းမားနေသည့် လေထုသည် ထိုလျို့၀ှက်ထူးဆန်းသည့်အသံထွက်လာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားပြီဖြစ်၏။
ခနတာခန့်စင်ပတ်လည်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
လူများသည် ဤဘုရင်ကိုသာစိုက်ကြည့်နေကြသည်။ မည်သူမှဤကဲ့သို့အခြေအနေကို ကြိုတင်ကာမျှော်လင့်ထားခြင်းမရှိပေ။ သို့သော် ချမ်းဘော့ဒ်ဘုရင်သည် ပါးကွပ်သားသူရဲကောင်းလေးဦးကိုပင်ရိုက်နှက်ကာ လူများကို အံ့သြသွားစေခဲ့သည်။ ဤလျို့၀ှက်ထူးဆန်းသည့်အသံသာထွက်ပေါ်မလာခဲ့ပါက အခြေအနေသည် မည်ကဲ့သို့အဆုံးသတ်သွားနိုင်မှန်းမည်သူမျှပင်မသိရှိကြချေ။
ဤအခိုက်တန့်တွင် မျှော်လင့်မထားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။
“ဖုန်း...”
ခုခံ၍မရနိုင်သည့်စွမ်းအင်တစ်ခုသည် မြို့တော်တည်ရှိရာအရပ်ထံမှ ဥက္ကာပျံကြီးတစ်ခုကဲ့သို့ပျံသန်းလာ၏။ ဤသည်မှာ သိုင်းကွက်များအသုံးပြုထားခြင်းမဟုတ်ပေ။ အ၀ါရောင်မြေဂုဏ်သတ္တိအတွင်းအားစွမ်းအင်များသာဖြစ်သည်။ ၄ကီလိုမီတာခန့်ကွာ၀ေးသည့်နေရာမှ ထိုစွမ်းအင်သည် နံပါတ်၁ဓားကွင်းထံသို့ပျံသန်းလာ၏။
ဤခုခံ၍မရနိုင်သည့်စွမ်းအင်၏ ပစ်မှတ်မှာ ချမ်းဘော့ဒ်ဘုရင်ဖှေးထံသို့ပင်။
ဖှေး၏မျက်နှာသည် အရောင်ပြောင်းလဲသွားသည်။
ဤစွမ်းအားသည့် သူ၏လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်ခံနိုင်ရည်ရှိသည့်စွမ်းအားမျိုးမဟုတ်ပေ။
ဖှေးအားပို၍ကြောက်လန့်စေသည်မှာ သူ၏ခန္ဓာကိုယ်သည် ဤစွမ်းအား၏ပစ်မှတ်ထားခြင်းခံရပြီးသည့်နောက်တွင် လုံး၀ရှောင်နိုင်ခြင်းမရှိတော့သလိုခံစားနေရခြင်းပင်။ သူ့တွင် တစ်ခုတည်းရှိတော့သည့်ရွေးချယ်မှုမှာ ထိပ်တိုက်ရင်ဆိုင်ရန်သာဖြစ်သည်။
“၀ှစ်...”
လေထဲတွင် ရှေးကျသည့်မီးတောက်များတောက်လောင်လာသည်။
ဖှေးလေကိုကိုင်ဆွဲလိုက်ပြီး သူ၏လက်ထဲတွင် ဓားနစ်လက်ပေါ်လာတော့၏။ ဘူးလ်-ခရေးတို့စ်၏ကလေးငယ်များ စုံတွဲပစ္စည်းပင်။ ဤဓားနှစ်လက်ရောက်ရှိလာသည်နှင့်အမျှ ဖှေး၏ခန္ဓာကိုယ်အတွင်းသို့မှော်စွမ်းအင်များစွာစီး၀င်သွားသည်။ ဖှေး၏စွမ်းအားများသည်လည်း များစွာမြင့်တက်လာပြီဖြစ်သည်။
“ချွင် ချွင်...”
ဓားနစ်လက်သည် လေထဲတွင်ကခုန်လိုက်ပြီး လေပေါ်တွင် ဓားရာများပင်ကျန်ရှိခဲ့သည်။
ဓားကိုယ်သည် ကြုံး၀ါးလျှက်ရှိပြီး ဓားသွားသံများမှာကောင်းကင်ပေါ်တွင် ပဲ့တင်နေ၏။
ရှေးကျသည့် အနီရောင်မီးတောက်တစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာပြီး မီးတောက်စွမ်းအင်ဓားသွားများစွာကို ဖန်တီးလိုက်သည်။ လေးသည်တော်များစုံရုံးကာ ပစ်လွှတ်လိုက်သည့် လေးများကဲ့သို့ပင် ထိုဓားသွားများသည် မြို့တော်စိန့်ပီတာစဘာ့တ်ရှိရာအရပ်ထံမှ ပျံသန်းလာသည့် စွမ်းအားထံသို့ပျံသန်းသွားကြတော့သည်။
ဖှေးချက်ချင်းပင် နှစ်ချက်ခုတ်ပိုင်းခြင်းအစွမ်းကိုလည်းအသုံးပြုလိုက်သည်။
သူ၏ဓားသွားများသည် ပစ်မှတ်နှစ်ခုသို့မဟုတ် ပစ်မှတ်တစ်ခုတည်းကိုပင် တစ်ခါတည်းဖြင့် နှစ်ကြိမ်တိုက်ခိုက်နိုင်စွမ်းရှိ၏။
ဤအစွမ်းသည်ဖှေးအား လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်နှစ်ယောက်တည်ရှိနေသကဲ့သို့တိုက်ခိုက်မှုမျိုးကို ဖန်တီးပေးနိုင်သည်။ တစ်နည်းအားဖြင့် ဆိုပါက ဖှေးသည် သာမန်အခြေအနေထက်နှစ်ဆမြင့်မားသည့်တိုက်ခိုက်မှုမျိုးကို ဖန်တီးနိုင်သည်ဟူသည့်သဘောပင်။
စုံလိုက်ပစ္စည်းများ၏အကူညီဖြင့် ဖှေးသည် ဓားသွားစွမ်းအင်မီးတောက်များကို တစ်ခုပြီးတစ်ခုထုတ်လွှတ်ကာ ပစ်ခတ်နေ၏။
“ဖုန်း ဖုန်း ဖုန်း ဖုန်း...”
မီးတောက်ဓားသွားများသည် အရပ်မျက်နှာမျိုးစုံသို့ပျံသန်းသွားကြသော်လည်း သူတို့သည် ပျံသန်းလာနေသည့်အ၀ါရောင်အတွင်းအားစွမ်းအင်ကိုသာထိမှန်ကုန်ကြသည်။ သို့သော် ကျောက်ဆောင်နှင့်တိုက်မိသည့် ကြက်ဥများကဲ့သို့ပင်။ ဖှေး၏ဓားသွားစွမ်းအင်မီးတောက်များပင် ပျက်စီးကုန်ပြီး အ၀ါရောင်စွမ်းအင်အစု၀ေးသည် အနည်းငယ်ခန့်တုန့်နှေးသွားသော်လည်း ဖှေးထံသို့ပျံသန်းလာနေဆဲပင်။
“သေစမ်း ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...”
ဖိအားအောက်တွင် ဖှေးသည် ပို၍ပင်ပစ်မှတ်ထားခံနေရသည်ကို အာရုံခံလိုက်မိသည့်အတွက် ဆဲဆိုလိုက်မိသည်။ စွမ်းအင်သည်သူနှင့်နီးကပ်လာသည်နှင့်အမျှ ဖှေး၏မျက်လုံးများ၊ နားများနှင့်နှာပေါက်များအတွင်းမှ သွေးများစီးကျလာတော့သည်။ ဤစွမ်းအားသည် ဖှေး၏အကန့်သက်ထက်ကျော်လွန်လျှက်ရှိသည်။ ကြယ်အဆင့်ထက်ပင် ကျော်လွန်နေလျှက်ရှိပြီး လအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
သူစွမ်းအင်ကို မကိုင်တွယ်နိုင်ကြောင်းသိလိုက်သည်နှင့်တပြိုင်နက် ဖှေးသည် အံ့ကြိတ်ကာ လူရိုင်းဇာတ်ကောင်အဖြစ်မှစွန့်ခွာလိုက်သည်။ သူချက်ချင်းပင် မှော်ဆရဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး [တယ်လီပေါ့တ်]အစွမ်းကိုအသုံးပြုလိုက်၏။
တယ်လီပေါ့အစွမ်းသည် အတားဆီးများကို ဂရုမစိုက်ပဲဖှေးအားမြင်နိုင်သည့်နေရာများထဲမှ တစ်နေရာသို့ချက်ချင်းရောက်ရှိနိုင်စေသည့်အစွမ်းဖြစ်သည်။
“ချွင်...”
ဤသည်မှာ ညင်သာသည့် အသံလေးတစ်ခုပင်။
ဤစွမ်းအားဖြင့် ထိမှန်ခြင်းမပြုမှီ ၀.၀၀၀၁စက္ကန့်ခန့်အလိုတွင် ဖှေး၏ခန္ဓာကိုယ်သည် ရုတ်တရက်၀ေ၀ါးသွားပြီး မူလရပ်နေသည့်နေရာမှ ပျောက်ကွယ်ကာ မတ်-ရာဇီ၏အနောက်သို့ရောက်ရှိသွား၏။
“ဖုန်း...”
မြို့တော် စိန့်ပီတာစဘာ့တ်ထံမှ ပျံသန်းလာနေသည့် ကြောက်မက်ဖွယ်စွမ်းအာားသည် တိုက်ပွဲစင်မြင့်၏ ကြမ်းပြင်ပေါ်သို့ထိမှန်သွားတော့၏။